Search This Blog

Friday, October 22, 2010

တောက်တဲ့ ကပ်တဲ့ သီအိုရီ

ကောင်မလေးတစ်ယောက် ကိုယ့်ကို ကြိုက်နေသလား ကြိုက်မနေဘူးလား မသေချာရင် သိပ္ပံနည်းကျ ဆန်းစစ်ကြည့်လို့ ရပါတယ်။ ပထမဆုံးအနေနဲ့ ကောင်မလေးက ကိုယ့်ကို ကြိုက်နေတယ်လို့ ယူဆလိုက်ပါမယ်။ အဲဒီ အယူအဆ မှန်မမှန် သိရအောင် စမ်းသပ်ကြည့်တဲ့ အနေနဲ့ ကောင်မလေးကို ရည်းစား စကား ပြောကြည့်ပါမယ်။ အဲဒီမှာ ကောင်မလေးက "ဟင့်အင်း" ဆိုပြီး ငြင်းလိုက်တယ် ဆိုပါစို့။ စမ်းသပ်ချက်တစ်ခု လွဲသွားပါပြီ။

ဒါဆိုရင် ကောင်မလေးက ငါ့ကို ကြိုက်တော့ကြိုက်တယ်။ ဒါပေမယ့် တစ်ခါတည်းနဲ့ အဖြေပြန်ပေးရင် သူ့ဘက်က ဈေးကျတယ် ထင်လို့ နေလိမ့်မယ်လို့ ယူဆကြည့်ပါမယ်။ အဲဒီ အယူအဆကို မှန်မမှန် သိအောင်လို့ စမ်းသပ်တဲ့ အနေနဲ့ နောက်တစ်ခေါက် ရည်းစားစကား ပြောကြည့်ပါမယ်။ ကောင်မလေးက နောက်တစ်ခေါက် "ဟင့်အင်း" ထပ်ပြောတယ်ပဲ ထားပါ။ ဒီစမ်းသပ်ချက်လည်း လွဲသွားပြန်ပါပြီ။

ဒီတစ်ခါတော့ နောက်တစ်မျိုး ယူဆကြည့်ပါမယ်။ သူငါ့ကို ကြိုက်တော့ ကြိုက်မယ်။ ရှက်နေလို့ နေလိမ့်မယ်။ ပွဲကြမ်းလိုက်ရင်တော့ အဖြေရကောင်းပါတယ်လို့ ယူဆကြည့်ပါမယ်။ အဲဒီ အယူအဆကို စမ်းသပ်တဲ့ အနေနဲ့ ဒီတစ်ခါတော့ ပါးစပ်ကတင် မဟုတ်ဘူး။ လက်ပါဆွဲပြီး ရည်းစားစကား ပြောကြည့်ပါမယ်။ အဲဒီမှာ ကောင်မလေးက ဖြန်းကနဲ ပါးရိုက်လိုက်တယ် ဆိုရင်တော့ ကိုယ့်အယူအဆ မှားနေတယ် ဆိုတာ သေချာပါပြီ။ (ရဲစခန်း မတိုင်သေးလို့ ငါ့ကို မမုန်းသေးပါဘူးလို့ ယူဆပြီး ထပ်စမ်းကြည့်ချင်တယ် ဆိုရင်လည်း သဘောပါပဲ။ :D ) အဲဒါဟာ သိပ္ပံပညာရှင်တွေ သီအိုရီတစ်ခုကို ဘယ်လို ချဉ်းကပ်ဖော်ထုတ်သလဲ ဆိုတာနဲ့ ပုံသဏ္ဌန် အတူတူပါပဲ။

သိပ္ပံပညာမှာ သီအိုရီတစ်ခုကို ဖော်ထုတ်မယ် ဆိုရင် ပထမဆုံး အတည်မပြုရသေးတဲ့ အယူအဆ(Hypothesis) တွေ စဉ်းစားရပါတယ်။ နောက်ပြီးတော့မှ စမ်းသပ်မှု (Experiment) တွေ ပြုလုပ်ပြီး အယူအဆတွေ ထဲက မှားနေတဲ့ ယူဆချက်တွေကို တစ်ချက်ချင်း ပယ်ထုတ်ရပါတယ်။ အဲဒီမှာမှ နောက်ဆုံးကျန်နေတဲ့ ယူဆချက်ကို မှားကြောင်း မပြနိုင်မချင်း ဖြစ်နိုင်တဲ့ သီအိုရီ အဖြစ် ယူဆကြပါတယ်။ သိပ္ပံပညာရှင်တွေ သစ်ရွက် ဘာလို့ ကြွေသလဲ လေ့လာကြပါတယ်။ ငါးဘယ်လို အသက်ရှူသလဲ လေ့လာကြပါတယ်။ အဲဒီလိုပဲ တောက်တဲ့ နံရံမှာ ဘယ်လို ကပ်နေသလဲ ဆိုတာကို လေ့လာတဲ့သူလည်း ရှိပါတယ်။

တောက်တဲ့ ဘာလို့ နံရံမှာ ကပ်သလဲ ဆိုရင် သာမန်လူ အများစုက သူတို့ ခြေထောက်မှာ ရှိတဲ့ စုပ်ခွက်တွေကြောင့် ကပ်ရတယ်လို့ ပဲ ယူဆကြ ပါတယ်။ သိပ္ပံပညာရှင်တွေက တောက်တဲ့ နံရံမှာ စုပ်ခွက်ကြောင့် ကပ်ရတယ် ဆိုတဲ့ အယူအဆကို ဒီအတိုင်း လက်မခံပါဘူး။ အဲဒီ အယူအဆ မှန်မမှန် အတည်ပြုဖို့ သူတို့ စမ်းသပ်မှု လုပ်ကြပါတယ်။ အကယ်၍ တောက်တဲ့ဟာ စုပ်ခွက်ကြောင့် ကပ်နေတယ်ဆိုရင် လေ ရှိနေဖို့ လိုအပ်ပါတယ်။ လေဟာနယ်ထဲမှာဆိုရင် စုပ်ခွက်က အသုံးမဝင်ပါဘူး။ အဲဒီတော့ သူတို့ လေဟာနယ် တစ်ခု ဖန်တီးပြီး တောက်တဲ့ ကပ်မကပ် လေ့လာကြည့် ကြပါတယ်။ လေဟာနယ် စမ်းသပ်ခန်းထဲမှာ တောက်တဲ့နဲ့ ပုတ်သင်ညိုကို နံရံမှာ ကပ်ခိုင်းကြည့်တော့ ပုတ်သင်ညိုက နားကားသွားပေမယ့် တောက်တဲ့ကတော့ အေးအေးဆေးဆေးပါပဲ။ အဲဒီတော့ သူတို့အနေနဲ့ တောက်တဲ့ဟာ စုပ်ခွက်ကြောင့် နံရံမှာကပ်တယ် ဆိုတဲ့ အယူအဆ မှားနေကြောင်း အတည်ပြုနိုင် ပါတယ်။

ဒါဆိုရင် နောက်တစ်ခု ဖြစ်နိုင်ခြေ ရှိတာက ပွတ်တိုက်အား (Friction) ကိုသုံးပြီး ကပ်တာ ဖြစ်နိုင်ပါတယ်။ ပိုးဟပ်လို သတ္တဝါ တွေက မျက်နှာပြင် မညီတဲ့ နံရံတွေမှာ သွားတဲ့အခါ သူတို့ ခြေထောက်မှာ ရှိတဲ့ ချိတ်သေးသေးကလေး တွေနဲ့ ချိတ်ပြီး လျှောက်သွားကြပါတယ်။ မျက်နှာပြင်မညီတဲ့ နံရံမှာ ပွတ်တိုက်အားကို အသုံးပြုပြီး သွားတာပါ။ အဲဒီတော့ တောက်တဲ့ကရော ပိုးဟပ်လို နံရံကို ချိတ်နဲ့ ချိတ်ပြီး သွားတာ မဖြစ်နိုင်ဘူးလားလို့ မေးခွန်းထုတ်စရာ ရှိလာပါတယ်။ တောက်တဲ့ တစ်ကောင်နဲ့ ပိုးဟပ် တစ်ကောင်ကို ပြောင်ချောနေတဲ့ နံရံ တစ်ခုမှာ သွားခိုင်းကြည့်ပါတယ်။ ပိုးဟပ်က မျက်နှာပြင် ပြောင်ချော နေလို့ မသွားနိုင်တော့ပဲ ဂိ သွားပေမယ့် တောက်တဲ့ကတော့ "ပျင်းတောင် ပျင်းသေးတယ်။" သီချင်းဆိုပြီး အေးအေးဆေးဆေး ကပ်နေတုန်းပါပဲ။ အဲဒီတော့ တောက်တဲ့ နံရံမှာ ကပ်တာ ပွတ်တိုက်အားကြောင့် မဟုတ်မှန်းလည်း သိရပါပြီ။

နောက်တစ်ခု ဖြစ်နိုင်ခြေရှိတာက အီလက်ထရို စတက်တစ်အား (Electrostatic Charge) ပါ။ တစ်ချို့ အဝတ်အထည်တွေက အချင်းချင်း ပွတ်တိုက်ရင် အီလက်ထရို စတက်တစ် အားတွေဖြစ်ပြီး အချင်းချင်း တွယ်ကပ် တတ်ကြပါတယ်။ တောက်တဲ့ ကပ်တာလည်း အဲဒီလို အီလက်ထရို စတက်တစ် အားတွေကြောင့် ဖြစ်နိုင်မလား ဆိုပြီး စဉ်းစားကြည့် ကြပါတယ်။ ဒီကိစ္စကိုလည်း စမ်းသပ်ဖို့ လွယ်ပါတယ်။ အီထက်ထရို စတက်တစ်အားက အိုင်းယွန်း (ion) တွေ ရှိမှပဲ ဖြစ်တတ်ပါတယ်။ အဲဒီတော့ အိုင်းယွန်းတွေ ဖယ်ထုတ်ထားတဲ့ အပြား တစ်ပြား (ionized sheet) ပေါ်မှာ တောက်တဲ့ကို တင်ကြည့်ပါတယ်။ တောက်တဲ့က "မောင်လေး အဖြေ မှားပါတယ်ကွယ်။" လို့ ပြောပြီး ကပ်နေတုန်းပါပဲ။ ဒီတော့ အီလက်ထရို စတက်တစ် အားကိုလည်း ပယ်လိုက်လို့ ရပါပြီ။

ဒါဆိုရင် ဘာဖြစ်နိုင်ဦးမလဲ။ တစ်ချို့ အင်းဆက်တွေက ခြေထောက်ကနေ ကော်လိုမျိုး ပျစ်ချွဲချွဲ အရည်တစ်မျိုးကို ထုတ်ပြီး ကပ်တတ်ကြပါတယ်။ အဲဒီတော့ တောက်တဲ့ ခြေထောက်ကလည်း ကော်ရှိမလားလို့ စဉ်းစားစရာ ရှိလာပါတယ်။ အဲဒီလို အင်းဆက်တွေမှာ ကော်ထုတ်တဲ့ ဂလင်းဆဲလ်တွေ ခြေထောက်မှာ ရှိတတ်ပါတယ်။ ဒါပေမယ့် တောက်တဲ့ ခြေထောက်မှာ အဲဒီလို ဆဲလ်မျိုးတွေ မရှိပါဘူး။ အဲဒါအပြင် တောက်တဲ့ သွားခဲ့တဲ့ လမ်းကြောင်းမှာလည်း ကော်နဲ့ တူတာဆိုလို့ ဘာမှ မကျန်ခဲ့ပါဘူး။ အဲဒီတော့ ကော်ကြောင့် ကပ်တာလည်း မဖြစ်နိုင်ပါဘူး။

အဲဒီလိုနဲ့ သိပ္ပံပညာရှင်တွေ တောက်တဲ့ ဘာလို့ ကပ်သလဲ ဆိုတာကို နည်းမျိုးစုံနဲ့ လေ့လာရင်း သဲလွန်စ တစ်ခုကို သွားတွေ့ပါတယ်။ အဲဒါက ဘာလဲ ဆိုတော့ တောက်တဲ့က တစ်ချို့ မျက်နှာပြင်တွေမှာ တခြား မျက်နှာပြင် တွေထက်စာရင် ပိုကပ်တတ်တယ်လို့ ထင်ရပါတယ်။ စွမ်းအင်နည်းတဲ့ တက်ဖလွန် (Teflon) လို မျက်နှာပြင်မျိုးမှာဆိုရင် တောက်တဲ့က ကပ်အားနည်းတယ်လို့ ထင်ရပါတယ်။ အဲဒါကြောင့် တောက်တဲ့ဟာ သူတို့ ကပ်နေတဲ့ မျက်နှာပြင်က မော်လီကျူး အစုအဝေးကို တိုက်ရိုက်ဆက်နွယ်ပြီး ကပ်တယ်လို့ ယူဆလို့ ရပါတယ်။

အဲဒီ သဲလွန်စအပေါ် အခြေခံပြီးတော့ အမေရိကန် အော်ရီဂွန်ပြည်နယ် ပို့တ်လန်းက လူးဝစ်စ်အင်န် ကလက် ကောလိပ်မှာ ရှိတဲ့ ကယ်လာ အော်လ်တန် နဲ့ ကယ်လီဖိုးနီးယား ဘာကလေ တက္ကသိုလ်က ရောဘတ်ဖူးလ် တို့က ဆက်ပြီး လေ့လာကြပါတယ်။ တောက်တဲ့ရဲ့ ခြေထောက်မှာ ဆီတာ လို့ ခေါ်တဲ့ အမွှေးအမျှင် သေးသေးကလေးတွေ အတန်းလိုက် ရှိပါတယ်။ အဲဒီ ဆီတာတွေကို မိုက်ခရိုစကုပ်အောက်မှာ ကြည့်မယ် ဆိုရင် အဆုံးမှာ စပက်ကျူလာ လို့ခေါ်တဲ့ အမွှေးအမျှင် သေးသေးကလေး အခု ၄-၅၀၀ အဖြစ် ဖွာထွက် သွားတာကို တွေ့ရပါတယ်။ တောက်တဲ့ရဲ့ ခြေထောက် တစ်ချောင်းမှာ အဲဒီလို ဆီတာမျိုး ၅ သိန်းလောက် ရှိတတ်ပါတယ်။ ဆီတာ တစ်ချောင်းဟာ ဆံချည်မျှင်ရဲ့ ဆယ်ပုံတစ်ပုံလောက်ပဲ အချင်းဝက် ရှိပါတယ်။


 (Image: http://startswithabang.com)

အော်လ်တန်နဲ့ ဖူးလ် တို့ဟာ ဆီတာတစ်ချောင်းက ထုတ်နိုင်တဲ့အားကို တိုင်းတာဖို့အတွက် ဘက်စုံက ပညာရှင်တွေ ပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ကို စုစည်းကြပါတယ်။ အဲဒီမှာ သူတို့ အတွက် ကြီးကျယ်တဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရတော့တာပါပဲ။ ပထမ တစ်ချက်က ဆီော ငါးသိန်းထဲက တစ်ချောင်းတည်းသော ဆီတာကို ဖယ်ထုတ်ဖို့ပါ။ ကောက်ရိုးပုံထဲ ပျောက်တဲ့အပ်ကို ရှာရတာ လွယ်ပါတယ်။ (ကောက်ရိုးပုံကို မီးရှို့လိုက်ရင် ရှာလို့ လွယ်သွားပါတယ်။ ) ဒါပေမယ့် အသက်ရှင်နေတဲ့ တောက်တဲ့ရဲ့ ခြေထောက်က ဆီတာ တစ်ချောင်းကို သီးသန့်ဖယ်ထုတ်ပြီး တိုင်းဖို့ ဆိုတာ မလွယ်လှပါဘူး။ သူတို့ တောက်တဲ့ရဲ့ ခြေထောက်ကို အဏုကြည့်မှန်ပြောင်းနဲ့ ကြည့်ပြီး အဲဒီထဲက တစ်ချောင်းကို အဏုစိတ်တိုင်းတာတဲ့ ကိရိယာ အပေါ်ကို တွဲဆက် နိုင်ခဲ့ပါတယ်။

ဒုတိယ စိန်ခေါ်မှုကတော့ အဲဒီလောက် သေးငယ်တဲ့ အားကို ဘယ်လို တိုင်းတာ မလဲ ဆိုတဲ့ အချက်ပါ။ တောက်တဲ့ တစ်ကောင် နံရံမှာကပ်နေရင် သူ့ခြေထောက်က အားက ကမ္ဘာမြေဆွဲအားနဲ့ အတူတူ ၁၀ နယူတန် (၁ ကီလိုဂရမ်ကို သယ်နိုင်တဲ့အား) လောက် ရှိပါတယ်။ ခြေထောက် တစ်ချောင်းမှာ ဆီတာပေါင်း ၅ သိန်းလောက် ရှိတဲ့အတွက် ဆီတာ တစ်ချောင်းရဲ့ အားဟာ ၂၀ မိုက်ခရို နယူတန် လောက် ရှိမယ်လို့ မှန်းခြေအားဖြင့် တွက်ဆလို့ ရပါတယ်။ အဲဒီလောက် သေးငယ်တဲ့ အားကို တိုင်းတာဖို့ ဆိုတာကတော့ အတော်ပဲ ခက်ခဲပါတယ်။

ဆီတာရဲ့ အားကို တိုင်းတာဖို့အတွက် အော်လ်တန်နဲ့ ဖူးလ်တို့ဟာ စတန်းဖို့ဒ်က သောမတ်စ်ကင်န်နီဆိုတဲ့ မက္ကင်နီကယ် အင်ဂျင်နီယာ တစ်ယောက်ကို သူတို့ အဖွဲ့ထဲ ဆွဲသွင်းခဲ့ပါတယ်။ ကင်န်နီကတော့ အက်တမ်အဆင့်လောက်မှာ ရှိတဲ့ အားတွေကို တိုင်းတာတဲ့ ကိရိယာတွေနဲ့ ပတ်သက်တဲ့ ကျွမ်းကျင်သူပါ။ သူတို့ဟာ သူတို့ သီးသန့် ဖယ်ထုတ်ထားတဲ့ ဆီတာနဲ့ ကင်န်နီရဲ့တိုင်းတာတဲ့ ကိရိယာကို တွဲဆက်ပြီးတဲ့ အခါမှာတော့ သေပြီဆရာ အော်ရတဲ့ အခြေအနေ ရောက်သွားပါတယ်။ ၂ လ တိတိ ဆီတာက သူတို့ တိုင်းတာတဲ့ ကိရိယာကို မကပ်တဲ့ အတွက် ဘာအားကိုမှ တိုင်းတာလို့ မရလို့ပါ။ အဲဒါကြောင့် သူတို့ဟာ သူတို့ရဲ့ တိုင်းတာမှုကို ခဏ ရပ်နားပြီး ပြန်စဉ်းစား ကြပါတယ်။

နောက်ဆုံးမှာတော့ သူတို့ အဖြေရှာလို့ တွေ့သွားပါတယ်။ တောက်တဲ့တွေဟာလည်း လူတွေလိုပါပဲ။ သူတို့ ခြေထောက်ကို အောက်ကို တွန်းပြီး လမ်းမသွားကြပါဘူး။ တောက်တဲ့တွေဟာ လမ်းသွားခါနီးရင် သူတို့ဟာ မျက်နှာပြင်ပေါ်မှာ ခြေထောက်ကို ချပါတယ်။ နောက်တော့ သူတို့ရဲ့ ခြေချောင်းတွေကို ကွေးနေရာကနေ ဆန့်ပြီး မျက်နှာပြင်ပေါ်ကို နောက်ပြန် ပွတ်တိုက်ပါတယ်။ အဲဒီလို လုပ်ခြင်းအားဖြင့် သစ်တောလို ထူထပ်နေတဲ့ သူတို့ရဲ့ ဆီတာတွေဟာ မျက်နှာပြင်ကို ဘေးတိုက် ပွတ်သပ် သွားကြပါတယ်။ တောက်တဲ့မ ယဉ်သာ လမ်းလျှောက်နည်း ဖြစ်မယ် ထင်ပါတယ်။

ဒီလိုနဲ့ သူတို့ဟာ သူတို့ရဲ့ တိုင်းတာတဲ့ လုပ်ငန်းကို ပြန်စကြပါတယ်။ ဒီတစ်ခါတော့ ဆီတာကို ရှေ့ကနေ မတိုင်းဘဲ ဘေးကနေ တိုင်းပါတယ်။ သူတို့ဟာ ဒေါင်လိုက်တည့်တည့်နဲ့ ဘေးတိုက်ကနေ တိုင်းတာဖို့ အတွက် နောက်ထပ် အာရုံခံကိရိယာ တစ်ခု ကို တည်ဆောက်ကြပါတယ်။  ဒီလို တိုင်းတာတဲ့ အခါမှာ ရလာတဲ့ အဖြေက သူတို့ အားလုံးကို အံ့အားသင့် စေပါတယ်။ ဆီတာ တစ်ချောင်းရဲ့ အားက ၂၀၀ မိုက်ခရို နယူတန် နီးပါး ရှိပါတယ်။ အဲဒီလောက်သေးတဲ့ အမွှေးအမျှင် လေးတစ်ခုက အဲဒီလောက် အားရှိတယ် ဆိုတာ အံ့သြစရာပါ။ ဆိုလိုတဲ့ သဘောကတော့ အဲဒီလို အမွှေးအမျှင်ပေါင်း ၂ သန်း ရှိတဲ့ တောက်တဲ့ တစ်ကောင်ဟာ ပေါင် ၉၀ လောက် ကို အသာလေးသယ်သွားနိုင်တယ် ဆိုတဲ့ သဘောပါပဲ။

တောက်တဲ့က ကပ်တာတော့ ဟုတ်ပါပြီ။ ဒါဆိုရင် သူ ဘယ်လို ပြန်ခွာသလဲ ဆိုတာ မေးစရာ ရှိလာပါတယ်။ ဒီတစ်ခါတော့ သူတို့ ကယ်လီဖိုးနီးယား ဘာကလေ တက္ကသိုလ်က ရော်နယ်လ်ဖီးရင်း ဆိုတဲ့ အင်ဂျင်နီယာတစ်ယောက် ဒီဇိုင်း လုပ်ထားတဲ့ ကိရိယာကို အသုံးပြုပြီး တိုင်းကြပါတယ်။ တောက်တဲ့ရဲ့ ခြေထောက်က အမွှေးဟာ ၃၀ ဒီဂရီ စောင်းလိုက်ရင် ဘာအားမှ မရှိတော့တာ တွေ့ရပါတယ်။ အဲဒီတော့ သူတို့ တွေ့ရှိချက်အရ တောက်တဲ့ဟာ ကျွန်တော်တို့ ကပ်ထားတဲ့ တိတ်တွေကို ပြန်ခွာသလိုမျိုး သူတို့ ခြေထောက်ကို ပြန်ခွာပြီး သွားတယ် ဆိုတာကို သိရပါတယ်။ ဒါကတော့ တောက်တဲ့ ဘယ်လို ကပ်သလဲ ဆိုတာကို လေ့လာတဲ့ စမ်းသပ်မှုပါပဲ။

တောက်တဲ့ အကြောင်း ပြောရင်း ကျွန်တော် အခန်းထဲက တောက်တဲ့ကို သတိရသွားပါတယ်။ ရန်ကုန်မှာ ကျွန်တော်နေတဲ့ အခန်းရဲ့ မျက်နှာကြက် ထုပ်တန်းမှာ အမြဲ လျှောက်သွားနေတတ်တဲ့ တောက်တဲ့ တစ်ကောင် ရှိပါတယ်။ ညဆိုရင် ကျွန်တော် အိပ်တဲ့ ခုတင်အပေါ်တည့်တည့်ကို ရောက်လာတတ်ပါတယ်။ တောက်တဲ့တောက်တဲ့ နဲ့ အော်ရင်း နောက်ဆုံးတစ်ခါ ကျရင်တော့ တဲ့ဟဲ့ဟဲ့ နဲ့ အသံရှည်ဆွဲပြီး အော်တတ်ပါတယ်။ ဒီကောင်တော့ မြန်မာပြည်မှာ တောက်တဲ့ ဖြစ်ရတာ အတော်ကံကောင်းတယ် ပြောရမှာပါပဲ။ မတော်လို့ အမေရိကားက ပုဂ္ဂိုလ် များနဲ့ သာ တွေ့သွားရင်တော့ ခြေထောက်က အမွှေးကို ဟိုဆွဲလိုက် ဒီဆွဲလိုက်နဲ့ ယားကျိကျိ နေမှာပဲလို့ တွေးမိပါသေးတယ်။

သူတို့ရဲ့ စမ်းသပ်မှု အကြောင်းကို ဒီထက်ပိုပြီး အသေးစိတ် သိချင်ရင်တော့ အောက်က အင်တာနက်စာမျက်နှာမှာ သွားကြည့်နိုင်ပါတယ်။

http://www.mhhe.com/biosci/genbio/raven6/lab1/labs/lab1/home.html

ကိုးကား။  ။ Biology by Raven Johnson (6th Edition)

9 comments:

သဥၨာ - Thinzar said...

တော်တဲ့ကြောင့် သိပ္ပံပညာရှင်တွေ တော်တော် အလုပ်ရှုပ်သွားကြသေးသကိုး :D

Anonymous said...

စိတ်ဝင်စားစရာ တကယ်ကောင်းတယ်..။
ပညာပေးတွေ သိပ်မဖတ်ဖြစ်ဖူး။
ပျင်းလို့..။
ဒီတောက်တဲ့ကိုတော့ သိချင်ဇောနဲ့ ဖတ်မိတယ်။

ပေါက်

Heartmuseum said...

အရှုံး မပေးသေးဘူး။ နေအုံး ငါ... ဟို ကောင်မလေးကို တောက်တဲ့ကပ် ကပ်ကြည့်အုံးမယ်။

kyawhtin said...

ဖတ်ရတာအရမ်းကောင်းတယ် အလွန်ကောင်းတဲ့ ပိုစ့်

Ko Paw said...

စိတ်ဝင်စားစရာပါပဲ..ကိုဇက်တီ...။ ရည်စားကပ်နည်း နိဿရည်းက ခါတိုင်းပို့စ်တွေလို သိပ်မနိပ်ဘူး။ ကံမကောင်းရင် (စင်္ကာပူလိုနိုင်ငံမျိုးမှာ) ကြိမ်စာအကျွေးခံရကိန်းပဲ။

ကိုဇက်တီရဲ့ တောက်တဲ့ အကြောင်း ဖတ်ရတော့ အရင်က စန္ဒာမဂ္ဂဇင်းမှာပါတဲ့ ကိုပွေလီ၊ မရှပ်တေး ကဏ္ဍမှာ မရှပ်တေး ပြောပြဖူးတာ တခုကို သွားသတိရတယ်။ အဲ... မရှပ်တေးက မိန်းမတွေဖတ်ဖို့ရေးတယ် ဆိုပေမယ့် ကျနော်ကလည်း စပ်စပ်စုစု သွားဖတ်မိတယ်ပေါ့ဗျာ။ မရှပ်တေးက ယောက်ျားတွေရဲ့ အူကြောင်ကြောင်အတွေးအခေါ်တွေကို သရော်တတ်တယ်။

မရှပ်တေးက ပြောတယ်။

သူ့ယောက်ျား ကိုပွေလီရဲ့ သူငယ်ချင်းတယောက်ဟာ သုတေသန ပညာရှင်တဲ့။ အဲဒီလူရဲ့ သုတေသန လေ့လာတွေ့ရှိချက်အရ “နှံကောင် တွေဟာ အခြားသတ္တဝါတွေလို နား ကနေ အသံကြားရတာ မဟုတ်ဘူးတဲ့။ နှံကောင်ရဲ့ ရှည်လျားလှတဲ့ ပေါင်တံတွေပါတဲ့ ခြေထောက်က ကြားရတာပါတဲ့။ ဒီအချက်ကို သက်သေပြဖို့အတွက် သိပ္ပံစမ်းသပ်ချက်တွေမှာ အသုံးပြုတဲ့ အသံမြည်တဲ့ ခက်ရင်းခွကလေး (Tuning fork)ကို နှံကောင်အနားမှာ သွားချထားလိုက်တိုင်း အဲသည်နှံကောင်ဟာ ခုန်သွားတာကို တွေ့ရမယ်။ ဒါဟာ နှံကောင်ဟာ Tuning Fork က အသံကို ကြားရလို့ တုန့်ပြန်တာပေါ့။ ဒါပေမယ့် အဲသည်နှံကောင်ကို ပေါင်တံတွေ ဖြုတ်ထားလိုက်တဲ့အခါ Tuning Fork ကို အနားမှာ သွားချပေမယ့် နှံကောင်ဟာ ခုန်တာကို မတွေ့ရတော့ဘူးတဲ့။ အဲဒီနည်းနဲ့ နှံကောင်ဟာ ပေါင်တံမရှိတော့ရင် အသံမကြားရတော့ဘူးဆိုတဲ့ အချက်ကို သက်သေပြနိုင်ခဲ့တယ်...တဲ့”

အဲသည် စမ်းသပ်ချက်နဲ့ ပတ်သက်လို့ မရှပ်တေး မှတ်ချက်ချပုံက ဒီလို။

“ကြံကြံဖန်ဖန်ရှင်။ ပေါင်တံတွေ ဖြုတ်ထားမှတော့ ဖင်ကို မီးစနဲ့ ထိုးတောင် ဒီပိုးကောင် ခုန်နိုင်ပါဦးတော့မလား” တဲ့။

ကိုဇက်တီရဲ့ တောက်တဲ့လည်း ဖင်ကို မီးစနဲ့အထိုးမခံရ....အဲလေ....ပေါင်တံအဖြုတ်မခံရတာ ကံကောင်း။

AMK said...

မျှဝေတာကျေးဇူးပါဗျာ

sosegado said...

ငယ်ငယ်က တောက်တဲ့တစ်ကောင်ကို ညီအစ်ကိုစုပြီး ဖမ်းဘို့ကြိုးစားဘူးပါသည် လူကြီးတွေသိသွား၍ အစီအစဉ်ပျက်သွားပါသည်၊ သရေပင် အကြီးနဲ့ပစ်ဘူးပါသည်။ ဘယ်လိုထိထိပြုတ်မကြပါ။

ရွှေရတုမှတ်တမ်း said...

....ကိုပေါပြောသလိုပဲ..ဖင်မီးစနဲ့အထိုးမခံရတာ ကံကောင်းတယ်မှတ်ပါ..း))))

khin oo may said...

အတော်ဆိုးတဲ့သိပံပညာရှင်တွေဘဲတောက်တဲ့ခမျာကောင်းကောင်းမနေရဘူး။