Search This Blog

Sunday, November 21, 2010

ကေပိုး

ကေပိုး (Kay Poh) ဆိုတာ စင်းဂလစ်ရှ်စကားပါ။ အင်္ဂလိပ်လို တိုက်ရိုက် ဘာသာပြန်မယ် ဆိုရင်တော့ busybody လို့ အဓိပ္ပာယ် ရပါတယ်။ ကိုယ့်အလုပ်ကိုယ် မလုပ်ဘဲဟိုနေရာ စပ်စပ် ဒီနေရာစပ်စပ် ဝင်ပါ တတ်တာမျိုးကို ခေါ်ပါတယ်။ ကျွန်တော်လည်း တခါတလေ နည်းနည်း ကေပိုး လုပ်တတ် ပါတယ်။  အိမ်အောက်မှာ မီးသတ်ကား လူနာတင်ကား တတီတီ တတော်တော် နဲ့ လာရင် ဆင်းကြည့်တတ်သလို အိမ်နားမှာ ခုနစ်အိမ်ကြား ရှစ်အိမ်ကြား ရန်ဖြစ်နေရင်လည်း ပြတင်းပေါက်က ထွက်နားထောင်တတ် ပါတယ်။ ကျွန်တော်တို့ အိမ်နားမှာ တစ်ရပ်ကွက်လုံး ကြားအောင် ရန်ဖြစ်တတ်တဲ့ မြန်မာမတွေ ရှိပါတယ်။ သူတို့ အော်သမျှ ဟစ်သမျှတွေက စလုံးတွေ ဘယ်လိုနေမယ် မသိပေမယ့် မြန်မာစကား နားလည်တဲ့ ကျွန်တော်တို့ အတွက်တော့ အတော် ရယ်စရာ ကောင်းတာတွေ ပါတတ် ပါတယ်။

ဒီနေ့တော့ အိမ်ပြန်လာကတည်းက ဖေ့စ်ဘွတ်ခ် ဝင်လိုက်၊ ဝီကီထဲမှာ ဟိုဟိုဒီဒီ လျှောက်ကြည့်လိုက် လုပ်နေတာ ည ၁၀ နာရီခွဲ နီးပါး ဖြစ်သွားပါတယ်။ ဘလော့ခ်ရေးဖို့တော့ အာရုံမရှိပါဘူး။ အဲဒီအချိန်မှာ အစ်ကိုက ဖုန်းဆက်ပြီး ဆိုင်ကို ခဏ သွားပေးပါ ဆိုတာနဲ့ ဆိုင်ဖက်ကို ထွက်လာ ခဲ့ပါတယ်။ ဆိုင်ကနေ အိမ်ကို ပြန်လာတော့ ၁၁ နာရီ ကျော်ပါပြီ။ အမ်အာရ်တီ နားက ဖြတ်ပြီး အိမ်ဖက်ကို လမ်းလျှောက်လာတဲ့ အချိန်မှာတော့ ထူးထူးခြားခြား ဖြစ်နေတာ စတွေ့လိုက် ရပါတယ်။

အမ်အာရ်တီက အထွက် လူသွားလမ်းနဲ့ ယှဉ်ရက် တိုက်တစ်လုံးဘေးမှာ လူတွေ ၄-၅ ယောက် အော်ဟစ်ပြီး ပြေးလွှားနေတာ လှမ်းတွေ့ရ တာပါ။ အတွင်းဘက် အခြမ်းမှာ ၃ ယောက်လောက် ပြေးနေပြီး အပြင်ဖက် အခြမ်းမှာ ၃ယောက်လောက် ပြေးနေကြ ပါတယ်။ ရန်ဖြစ်နေတာလား မသိမသာ လှမ်းကြည့်မိ ပါတယ်။ ရန်ဖြစ်တာ ဆိုရင်တော့ ကေပိုး လုပ်ပြီး ရဲကို ဖုန်းဆက်ခေါ် မလို့ပါ။ ဒါပေမယ့် လူသွားလမ်း အဆုံးကို ရောက်တော့ ရဲကားတစ်စီး ကို တွေ့လိုက် ရပါတယ်။ အဲဒီတော့ မြန်မာ ရုပ်ရှင်တွေ ထဲကလို့ ဇာတ်လမ်းပြီးလို့ ပြည်သူ့ရဲတွေ ရောက်လာပြီလား မသိဘူးလို့  တွေးလိုက်မိပါတယ်။

ဒါပေမယ့် ဒီတစ်ခါ နည်းနည်း ထူးခြားပါတယ်။ ဇာတ်လမ်းက ပြီးတဲ့ပုံ မပေါ်သေးပါဘူး။ ကျွန်တော် ရဲကားဘေးက ဖြတ်သွားတဲ့ အချိန်မှာ နောက်ထပ် ရဲကား ၂ စင်း လောက် ထပ်ပြီး ဝင်လာတာကို တွေ့ရပါတယ်။ စလုံးမှာ ပုံမှန် အမှု သေးသေးမွှားမွှားဆိုရင် ရဲကား ၂ စင်းလောက် ဒါမှ မဟုတ် ရဲ ၄-၅ ယောက်လောက်နဲ့ ကိစ္စ ပြတ်ပါတယ်။  နောက်ပြီး လူနာတင်ကားလည်း ပါလာတတ် ပါတယ်။ ဒီတစ်ခါတော့ ရဲတွေက နည်းနည်းနောနော မဟုတ်တဲ့ အပြင် လူနာတင်ကားလည်း မတွေ့ရတော့ နည်းနည်း ထူးခြားနေ ပါတယ်။ နောက်ထပ် ရောက်လာတဲ့ ရဲကားတွေက ဟိုင်းအေ့စ်လို ပုံစံ ပေါင်မုန့်ကားတွေပါ။ ကားတစ်စင်းကို ရဲ ၇ ယောက် ၈ ယောက်လောက် ပါပါတယ်။ ရဲဝတ်စုံနဲ့ ရဲတွေ ပါသလို အရပ်ဝတ် အရပ်စားနဲ့ ရဲတွေလည်း ပါပါတယ်။ အရပ်ဝတ်အရပ်စားနဲ့ ရဲတွေကို ရဲကားပေါ်မှာ စတွေ့တော့ ရဲဖမ်းလာတဲ့ တရားခံတွေ ထင်တာပါ။ ယူနီဖောင်းဝတ် ရဲတွေနဲ့ အတူတူ ကားပေါ်က ဆင်းလာမှပဲ အရပ်ဝတ်နဲ့ ရဲတွေ ဆိုတာ သိရတာပါ။

သူတို့တွေ ခုန လူ ၅ ယောက်လောက် ပြေးနေကြတဲ့ တိုက်ထဲကို ဝင်သွားကြပါတယ်။ ကျွန်တော်လှမ်းကြည့်တော့ ခုန ပြေးလွှားနေတဲ့ ထဲက အရပ်ဝတ်နဲ့ ရဲနှစ်ယောက်က ကောင်လေး ခပ်ငယ်ငယ် တစ်ယောက်ကို လက်ထိတ်ခတ်ပြီး ဖမ်းလာတာ တွေ့ရပါတယ်။ အဲဒါနဲ့ တိုက်ဘေးက ပတ်ပြီး ဆက်လျှောက်လာရင်း မလှမ်းမကမ်းကနေ ရပ်ကြည့် နေပါတယ်။ ပိုပြီး အံ့အားသင့်စရာ ကောင်းတာက အဲဒီလို ကြည့်နေတုန်းမှာ နောက်ထပ် ရဲကား ၄-၅ စင်း ထပ်ရောက်လာတာပါ။ ရဲအားလုံးပေါင်း အယောက် ၃၀ ကျော် ၄၀ နီးပါး လောက် ရှိမယ် ထင်ပါတယ်။ သူတို့တွေ အားလုံး ခုနက တိုက်ထဲကိုပဲ စုပြုံပြီး ဝင်သွားကြပါတယ်။

ဟင်းကောင်းစားရရင် မိတ်ဆွေကောင်းကို သတိရတယ် ဆိုသလို မျိုးပါပဲ။ ပွဲက ကောင်းနေပြီဆိုတော့ ဒီလိုပွဲမျိုးတွေမှာ ကျွန်တော်နဲ့ အတူ လိုက်အားပေးတတ်တဲ့ သူငယ်ချင်းကို သတိရသွား ပါတယ်။ အဲဒါကြောင့် အိမ်ပေါ်မှာ ရှိနေတဲ့ သူငယ်ချင်းကို ဖုန်းဆက်ပြီး အိမ်အောက် ဆင်းလာဖို့ လှမ်းခေါ်လိုက်ပါတယ်။ ခုန ရဲတွေ ဝင်သွားတဲ့ တိုက်က ပြင်နေတာမို့ ဘေးမှာ သွပ်ပြားတွေ ကာထားပါတယ်။ အဲဒါကြောင့်မို့ အပြင်က လှမ်းကြည့်ရင် အထဲမှာ ဘာဖြစ်နေတယ် ဆိုတာ မမြင်ရပါဘူး။  ကျွန်တော် ရပ်နေတဲ့ နေရာနားမှာ ရှိတဲ့ ထမင်းဆိုင်ထဲက တရုတ်တွေလည်း ထွက်လာပြီး ကြည့်ကြပါတယ်။ သူတို့က အဲဒီတိုက်ရဲ့ ၇ ထပ် ၈ ထပ်လောက် အမြင့်ကို မော့ပြီး ကြည့်နေတာမို့ ကျွန်တော်လည်း သူတို့ ကြည့်တဲ့နေရာ လိုက်ကြည့်ပါတယ်။ ဘာမှ မတွေ့ရပါဘူး။ အနားက တရုတ် အဖွားကြီး တစ်ယောက် ရောက်လာပြီး ရဲတွေကလည်း အများကြီးပဲ။ ဘာဖြစ်နေသလဲ ဆိုပြီး အနားက တရုတ်တွေကို မေးနေသံ ကြားရပါတယ်။ သူတို့လည်း ဘာဖြစ်နေသလဲ ဆိုတာ ရေရေရာရာ မသိကြပါဘူး။

အဲဒီအချိန်မှာပဲ ကျွန်တော့် သူငယ်ချင်း ရောက်လာပါတယ်။ သူငယ်ချင်းရောက်လာတော့ အဖော်ရပြီမို့ ဒီထက်ပိုပြီး မြင်ကွင်းကောင်းတဲ့ နေရာက သွားကြည့်ကြဖို့ တိုင်ပင်ကြ ပါတယ်။ အဲဒါနဲ့ အမ်အာရ်တီဖက်ကို ပြန်လမ်းလျှောက်ခဲ့ ကြပါတယ်။

ဒီလိုနဲ့ တိုက်ကို တစ်ပတ်ပတ်ပြီးတော့ ကျွန်တော်တို့ အဲဒီ တိုက်နေရာကို ရှင်းရှင်းလင်းလင်း မြင်ရတဲ့ လူသွားလမ်းပေါ် ရောက်လာပါတယ်။ အဲဒီအချိန်မှာတော့ တိုက်အောက်မှာ စုပြုံ နေကြတဲ့ ရဲတွေကို လှမ်းတွေ့ရပါတယ်။ တိုက်အောက်ဖက် မှာတော့ ကောင်လေး ၃-၄ယောက် ငုတ်တုတ် ထိုင်ခိုင်းထားပြီး ဘေးမှာ ရဲတွေ စောင့်နေတာ တွေ့ရပါတယ်။ အခုလတ်တလော စလုံးမှာ ဖြစ်နေတာနဲ့ ဆက်စပ်ပြီး တွေးကြည့်ရင် ရဲတွေဘာလို့ ဒီလောက်များနေသလဲ ဆိုတာ စဉ်းစားလို့ ရသွားပါပြီ။ ဖမ်းထားတဲ့ ကောင်လေးတွေကလည်း အသက်ငယ်ငယ် ရဲတွေကလည်း အများကြီး ဆိုတော့ ဂန်းစတား ကိစ္စ ဖြစ်ဖို့ များပါတယ်။

ကျွန်တော်တို့ ဆက်လျှောက်လာပြီး အမ်အာရ်တီကနေ လူသွားလမ်းပေါ် ဆင်းတဲ့ တံတားပေါ်ကနေ ရပ်ကြည့်ကြ ပါတယ်။ အခုတော့ ရှင်းရှင်းလင်းလင်း မြင်နေရပါပြီ။ ရဲတွေကိုရော ဖမ်းထားတဲ့ ကောင်လေးတွေကိုရော အားလုံးကို ကွက်ကွက်ကွင်းကွင်း မြင်နေ ရပါတယ်။ ဆက်ပြီး ကြည့်နေတုန်းမှာပဲ မကြာခင် မင်္ဂလာဆောင်တော့မယ့် သူငယ်ချင်း စုံတွဲ အမ်အာရ်တီထဲကနေ ထွက်လာပါတယ်။ ကျွန်တော်တို့ကို ဘာဖြစ်တာလဲ မေးကြရင်း ပွဲကောင်းနေတယ် ဆိုတော့ သူတို့ပါ ဝင်ပြီး အားပေးကြ ပါတယ်။ ခုန ထိုင်ခိုင်းထားတဲ့ ကောင်လေးတွေ နေရာမှာ ကောင်မလေး ၃-၄ ယောက်ကိုပါ ထပ်ခေါ်လာတာ တွေ့ရပါတယ်။

မကြာခင် နောက်ထပ် သူငယ်ချင်း လင်မယား စုံတွဲတစ်တွဲ ထပ်ရောက်လာပြန်ပါတယ်။ သူတို့ကတော့ ခဏ စကားပြောပြီး ဆက်ထွက်သွားကြ ပါတယ်။ သူတို့ ထွက်သွားပြီးတော့ နောက်တစ်ခေါက် ထပ်ရောက်လာတာကတော့ ရဲပါ။ အရပ်ဝတ်နဲ့ ရဲ ၄ ယောက်လောက် ကျွန်တော်တို့ ဆီကို ရောက်လာကြပါတယ်။ ကျွန်တော်တို့ကို တွေ့တော့ ဖမ်းထားတာ မင်းတို့နဲ့ အသိတွေလားလို့ မေးပါတယ်။ ကျွန်တော်က မဟုတ်ဘူး။ ဆိုင်က ပြန်လာရင်း ရုတ်ရုတ်ယက်ယက် ဖြစ်နေတာ တွေ့ရလို့ ဘာလဲဆိုတာ ရပ်ကြည့်နေတာလို့ ဖြေလိုက်ပါတယ်။ ရဲက မစိုးရိမ်ပါနဲ့။ အားလုံး အေးဆေးပါလို့ ပြန်ပြော ပါတယ်။

နောက်တော့ သူတို့ရဲ့ ထုံးစံအတိုင်း အိုင်စီ တောင်းလို့ ကျွန်တော်တို့ အိုင်စီ ထုတ်ပေးလိုက်ပါတယ်။ အဲဒီတော့လည်း သူတို့က ထုံးစံ အတိုင်း နံပါတ်မှတ်ပါတယ်။ စလုံးမှာ အိုင်စီရကတည်းက နံပါတ်မှတ်ခံရတာ ဒီတစ်ခါတည်း မဟုတ်လို့ ရိုးနေပါပြီ။ ပထမဆုံး တစ်ခေါက်က ကလယ်မန်တီ မြောင်းဘေးမှာ သူငယ်ချင်းတွေ စာမေးပွဲပြီးတဲ့နေ့ ညသန်းခေါင် ဂစ်တာတီး သီချင်းဆိုနေတုန်း ပတ္တရောင်လှည့်တဲ့ ရဲကားနဲ့ တွေ့လို့ အိုင်စီနံပါတ် အမှတ်ခံရ ဖူးပါတယ်။ နောက်ထပ် ၂ခေါက် ကတော့ ရဲနဲ ဆိုင်တဲ့ကေ့စ် ဖြစ်နေတုန်း ဘေးမှာ ရှိနေလို့ သက်သေ အနေနဲ့ ထွက်ချက်ပေးပြီး အိုင်စီနံပါတ် အမှတ်ခံရ တာပါ။ အဲဒီလို ခဏခဏ ကြုံနေတော့လည်း အိုင်စီနံပါတ် အမှတ်ခံရတာ အဆန်း မဟုတ်တော့ပါဘူး။

နောက်တော့ ရဲက အခုတလော စလုံးမှာ ဖြစ်နေတာတွေ ကြားတယ် မဟုတ်လားမေးလို့ ကြားတယ်လို့ ပြန်ဖြေ လိုက်ပါတယ်။ အခုတလော ပါဆားရစ်မှာ ဖြစ်တဲ့ ဓားခုတ်လူသတ်မှု၊ ဘူကစ်ပန်ဂျန်းမှာ ဖြစ်တဲ့ ဓားခုတ်မှုတွေကြောင့် ဂန်စတား ကိစ္စ အတော် နာမည်ကြီး နေပါတယ်။ တခြားနေရာမှာဆို အံ့သြစရာ မဟုတ်ပေမယ့် စလုံးလို အမှုအခင်းနည်းတဲ့ နိုင်ငံမှာတော့ ဒီသတင်းတွေကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်နေပါတယ်။ ရဲက ကျွန်တော်တို့ကို  မသင်္ကာစရာ တစ်ခုခု တွေ့ရင် ရဲကို သတင်းပေးဖို့၊ အထူးသဖြင့် လူငယ် ဂန်းစတားတွေ ဒါမှမဟုတ် ဓားကိုင်ထားတဲ့ လူငယ်တွေ တွေ့ရင် ရဲကို ချက်ချင်း ဖုန်းဆက်ပေးဖို့ ပြောပါတယ်။ သူနဲ့ စကားပြောနေတုန်း မှာပဲ သတိထားမိတာက ခုနက ကျွန်တော်တို့ ဆီလာတဲ့ ရဲတွေ အားလုံး တစ်ယောက်မှ မရှိတော့ ပါဘူး။ ကျွန်တော်တို့ အိုင်စီတွေ ယူထားတဲ့ ရဲတစ်ယောက်ပဲ ကျန်ပါတော့တယ်။ ကျန်တဲ့သူတွေ အကုန် လစ်ကုန်ပါပြီ။ သူက ကျွန်တော်တို့ အိုင်စီတွေ ပြန်ပေးပြီးတဲ့ အခါ ခုန ကောင်လေး ကောင်မလေးတွေ ထိုင်ခိုင်းထားတဲ့ နေရာကို လှမ်းကြည့်တော့ ကောင်လေး ကောင်မလေးတွေ တစ်ယောက်မှ မရှိကြတော့သလို အဲဒီအနားမှာ စောင့်နေတဲ့ ရဲတွေလည်း တစ်ယောက်မှ မရှိတော့ပါဘူး။

အိမ်ဖက်ကို ပြန်လမ်းလျှောက်လာတော့ ခုန အိမ်နားမှာ ရပ်ထားတဲ့ ရဲကားတွေ အားလုံး လစ်သွားကြပါပြီ။ သူငယ်ချင်းကတော့ ပို့စ်အသစ် ဖတ်ရတော့မယ် လို့ နောက်ပါတယ်။ ဒီတစ်ခါ အိုင်စီနံပါတ် မှတ်ခံရလို့ နောက်တစ်ခေါက် ကြည့်ဦးမလား မေးရင်တော့ နောက်တစ်ခေါက် ကြုံရင်လည်း ကြည့်ဦးမှာပါ လို့ ဖြေရပါမယ်။
အိုင်စီနံပါတ် မှတ်ခံရတာ ကြောက်စရာ မဟုတ်ပါဘူး။ စလုံးမှာ နေရတာ တစ်နေ့လာ မဲပြာပုဆိုး ဘဝမို့ ဒါမျိုး ကြုံလို့မှ မကြည့်ရင် ပျင်းစရာ အတော် ကောင်းပါတယ်။  ဝါသနာကတော့ တားလို့ မရပါ လို့ပဲ ပြောရပါလိမ့်မယ်။

8 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

ဒီလို ကေပိုးရှိလို့လဲ မသိတဲ့သူတွေ ဖတ်ခွင့်ရတာပေါ့
ကျေးဇူးတင်ပါတယ်.. နောက်လဲ များများ ရှိပါစေး)

sosegado said...

စနေညက အောချာဒ်မှာ တက်တူရှိတဲ့ ကောင်လေးကောင်မလေးတွေနဲ့ မရှိတဲ့သူနဲ့ခွဲစစ်တယ်ဆိုပဲ၊ ကေပိုး
ဘော်ဒါတစ်ယောက်ကပြောတယ်၊
စကားမစပ်ဒီည CNA ၇း၃၀ ကြည့်ပါ ကြိုးစားတာလေးရှိလို့၊

T T Sweet said...

ရေးထားတာ စိတ်ဝင်စားစရာပဲဗျို့။ ပထမတော့ တစ်ယောက်ယောက် တိုက်ပေါ်ကခုန်ချဖို့လုပ်နေလို့ ရဲတွေ အများကြီးရောက်နေတယ်ထင်တာ။ ဂိုဏ်းစတားတွေ သောင်းကျန်းနေတာ။ ညဘက် သိပ်မထွက်ရင် ကောင်းမယ်။

ကိုကေပိုရေ ... နောက်တစ်ခါ ဟင်းကောင်းစားရရင်လဲ ဘလော့ဂ်လာဖတ်သူတွေ သတိရဦးနော်။

PAUK said...

ဘလော့ဂါတွေ ကေပိုနေတာကို လာကေပိုတာပါ။




ပုံ ။
ကေပို

PAUK said...

စကားမစပ် ဒီမှာတော့ gangster တွေ
မူလတန်းကျောင်းထိတောင် ပြန့်နှံ့နေတယ်ပြောကြတယ်။
အသိအမကြီးတစ်ယောက်ရဲ့သားဆို
မူလတန်းကြီး( ၆တန်း)အရောက်မှာ အဖွဲ့ဝင်ဖို့
လာမြူဆွယ်ခံရနေပြီ။
ခခ ၁တန်းတုန်းက သူ ကျောင်းက သက်သာဆိုင်မှာ
မုန့်ဝယ်စားချင်တယ်ဆိုလို့ ပိုက်ဆံတစ်ခါတည်းတောင်းဖူးတာကို ပေးမိတယ်။
ပြဿနာက အတန်းကြီးကောင်မလေးတွေ သက်သာဆိုင်ရှေ့မှာ ပိတ်ရပ်ပြီး အတင်းတောင်းယူသွားတယ်။ ပြန်လာပြောပြတော့
ကျောင်းလိုက်ပြီးပြောမယ်လိုက်တော့ မလိုက်ပြောပါနဲ့
တဲ့..။ နောက်တခါ သက်သာဆိုင်မသွားရင်ပြီးတာပါပဲတဲ့..ခခက။

cyber ပွကြီး said...

ဟီး.... ဟီး.... ဟီး..... မနေ့ကမှ နောက်မိတယ် ဒီနေ့ online ပေါ် ရောက်လာပါရောလား... မင်္ဂလာ ဆောင်ခါနီးဆိုတော့ နဲနဲတော့ တွန့်တွားဒယ်... ဌီး.... ပို့စ် တက်လာတာကတော့ မြန်ပါ့ပေ့ ဆရာရေ့ .... နောက် တစ်ခါ ကြုံရင် တော့ သတိထားပြီး ကြည့်မှပဲ (အင်း..... မကြည့်တော့ ဘူးလို့တော့ မပြောဘူး ဗျား)

သက်ဝေ said...

ဘယဖြစ်လို့ အဲဒီလူတွေကို ဖမ်းထားတာလဲ ဆိုတာ မသိလိုက်ဘူးလား.. အိုင်စီလာစစ်တဲ့ ရဲကို မေးလိုက်ရောပေါ့... ကေပိုး မစစ်သေးပါဘူးလေ...

Raymond.Kyaw Minn Naing said...

ဂန်းစတားကောင်လေးတွေ ကို အေပရယ်ကျရင် ရန်ကုန်သင်္ကြန်ကို ပို့ပေးမလို့လိုက်စုပေးနေတာလေ။ ဟိုမှာ ကင်ဒိုတွေရှိတယ်။ :P