Search This Blog

Tuesday, January 11, 2011

ဂိုးရှိုး

၂၀၁၀ ခုနှစ် ခရစ်စမတ် နယူးရီးယား ရုံးပိတ်ရက်တွေက စနေနေ့မှာ ကျတဲ့အတွက် တပတ် ၅ ရက် အလုပ်လုပ်တဲ့ ရုံးတွေက ဟောလီးဒေး ပြီးတော့ နောက်တစ်ပတ် တနင်္လာနေ့ ရုံးပိတ်ပေး ပါတယ်။ ကျွန်တော်တို့ ရုံးကတော့ တနင်္လာနေ့ ပိတ်မပေးပဲ ခွင့် ၃ရက် ပေါင်းပေးပြီး ကြိုက်တဲ့နေ့ ကိုယ့်ဘာသာကိုယ် ပိတ်လိုက်လို့ ခွင့်ပေးပါတယ်။ ဒီတော့လည်း ရန်ကုန် ပြန်ဖို့ စီစဉ်ထားတာနဲ့ အတော်ပဲ ဖြစ်သွားပါတယ်။

ဒါပေမယ့်လည်း ကုမ္ပဏီက စောစောစီးစီး ကြိုမပြောတော့ ခွင့် ၂ရက်နဲ့ တွက်ပြီး လေယာဉ်ပျံ လက်မှတ် ဝယ်ထားတာမို့ တစ်ရက်က ပိုနေပါတယ်။ လေယာဉ်ပြန်လက်မှတ် အတွက် ရက် သွားပြောင်းတော့လည်း ဘွတ်ကင် ပြည့်နေတယ်။ ရှေ့ရော နောက်ရော ရွှေ့မရပါလို့ လက်မှတ်ရောင်းတဲ့ အေးဂျင့်က အကြောင်းပြန်ပါတယ်။ ရန်ကုန်မှာ တစ်ရက် ပိုနေရလည်း မနည်းဘူး ဆိုပြီးတော့ အကြံအဖန်လုပ် ကြုတ်ကြက်လိ ရပါတယ်။

အကြံအဖန်ဆိုတာ တခြားတော့ မဟုတ်ပါဘူး။ ဂိုးရှိုးနဲ့ လေဆိပ်ကို တစ်ရက်ကြိုဆင်းတာပါ။ ခွင့်ကို တစ်ရက် စောယူပြီး လေဆိပ်ကို တစ်ရက်ကြို ဆင်းသွားပါတယ်။ လေဆိပ်ရောက်မှ ကောင်တာကို ပြောပြီး မနက်ဖြန် လက်မှတ် ဝယ်ထားတယ်။ ဒါပေမယ့်လည်း ဒီနေ့ ပြန်ချင်တယ်။ ခုံရှိရင် ထည့်ပေးပါ ဆိုတော့ ကံကောင်းထောက်မစွာနဲ့ ခုံတစ်ခုံ ရလိုက် ပါတယ်။ လက်မှတ်တစ်စောင်ကို နှစ်ခုံတော့လည်း သူတို့က မပေးပါ။ ဒီလိုနဲ့ပဲ ပျော်ရွှင်မြူးထူးစွာနဲ့Check in ဝင်လိုက်ပါတယ်။

လေဆိပ်ကို မနက် ၄ နာရီ ဆင်းသွားတာမို့ ညက တရေးမှ မအိပ်လိုက်ရပါဘူး။ အင်မီဂရေးရှင်း ဖြတ်ပြီးတော့ ဖလမ်းဖလမ်း ထပြီး ဖေ့စ်ဘွတ်ခ်ဝင် စတေးတပ် အပ်ဒိတ် လုပ်လိုက် ပါသေးတယ်။ မနက်ခင်း အစောကြီးမို့ ဂိတ်တောင် မဖွင့်သေးတာကြောင့် ဂိတ်ရှေ့က တစ်ယောက် ထိုင်ခုံ နှစ်ခုံကို ကန့်လန့်ဖြတ်ပြီး ဒန်းလော့ မွေ့ရာ အမှတ်နဲ့ စန့်စန့်ကြီး တစ်နာရီလောက် အိပ်ပစ်လိုက် ပါတယ်။

လေယာဉ်ပျံပေါ်ရောက်တာနဲ့ ဘာမှစဉ်းစားမနေပဲ အိပ်ဖို့ ကြံပါတယ်။ စင်ကာပူလို ကိုယ့်နိုင်ငံ မဟုတ်တဲ့ နိုင်ငံမှာ ဝှိုက်ကဒ် ဖြည့်စရာ မလိုပေမယ့် အမိမြေ ဖြစ်တဲ့ မြန်မာနိုင်ငံ ပြန်တဲ့အခါမှာတော့ ဝှိုက်ကဒ် ဖြည့်ရ ပါတယ်။ ကျွန်တော်ကတော့ ဝှိုက်ကတ်ဒ်ကို လေယာဉ်ပေါ် တက်မလာခင် ကတည်းက ဖြည့်ပြီးသားမို့ ဖြည့်စရာ မလိုတော့ပါဘူး။ ဘေးနားမှာ ထိုင်တဲ့ နည်းနည်း အသက် ခပ်လတ်လတ် မဒီ တစ်ယောက်ကတော့ အိုင်ဖုန်းတစ်လုံး ဝှိုက်ကဒ် တစ်ကဒ်နဲ့ အလုပ်တွေ ရှုပ်နေပါတယ်။

"Last Name, First Name, Middle Name တဲ့။ နာမည်ကို ပြောင်းပြန် ပြန်ရေးရမှာလား။"
"ယောက်ျား။ ပြောဦး။ ဒီမှာ ဗီဇာ နံပါတ်တဲ့။ ဘာဖြည့်ရမှာတုန်း။"
"မလိုဘူးပေါ့နော်။ အင်းအင်း။ ဟုတ်ပြီ။"
"ဘာကိစ္စနဲ့ သွားတာလဲတဲ့။ အိမ်ပြန်တာလေ။ အဲဒါ ဒီအထဲမှာမှ မပါတာ။ ဘယ်လို လုပ်ရမလဲ။"
"Other ပေါ့နော်။"
"အလုပ်အကိုင်တဲ့။ ဘာလုပ်သလဲ ရေးရမှာပေါ့့နော်။"
"အန်အာရ်စီနံပါတ်တဲ့။ အဲဒါက ဘာကြီးတုန်း။"
"မှတ်ပုံတင် နံပါတ်လား။ အော်အော်။ ဟုတ်ပြီ။"
"မြန်မာပြည်လိပ်စာတဲ့။ အဲဒါက ဘယ်လို ဖြည့်ရမှာတုန်း"
"ရန်ကုန်က အိမ်လိပ်စာလား။ အမှတ် xxx ----လမ်း အဲဒါဆို ရပြီပေါ့နော်။"
တော်ပါသေးရဲ့။ အဖေနာမည် ဘယ်သူလို့ ဖြည့်ရမလဲ မမေးပေလို့။ ကျွန်တော်တင် မကဘူး။ ဘေးနားက ပုဂ္ဂိုလ်လည်း သူဖုန်းပြောတာကို နားထောင်ပြီး ပြုံးစိစိ ဖြစ်နေပါတယ်။

ခဏနေတော့ လေယာဉ်ပျံလုံခြုံရေး သရုပ်ပြတာရော လေယာဉ်ပျံတက်တာရော ဘာမှ မသိလိုက်တော့ ပါဘူး။ တစ်ရာကို တစ်ဆယ်တိုးနဲ့ ကောင်းကောင်း ယူပစ်လိုက်တာ ထမင်းလာကျွေးမှပဲ နိုးပါတော့တယ်။ ထမင်းစားပြီး ပြန်အိပ် လိုက်တာလည်း မင်္ဂလာဒုံ လေယာဉ်ကွင်းကို လေယာဉ်ပျံ ဆင်းမှပဲ နိုးပါတော့တယ်။

ရန်ကုန်ရောက်တော့ အေးဂျင့်မှာလိုက်တဲ့ အတိုင်း ဆာကူရာ တာဝါက ပိုးသားလေကြောင်း ရုံးကို ပြေးရပါတယ်။ သူတို့ကို ဂိုးရှိုးနဲ့ တစ်ရက် ကြိုဆင်းလာတဲ့အကြောင်း ပြောတော့ System ထဲမှာ ထည့်ပေး ပါတယ်။ အဲဒီလို မပြောရင် နောက်တစ်နေ့မှာ No Show အနေနဲ့ သူတို့ System မှာ ပေါ်ပြီး အပြန်အတွက် ဘွတ်ကင်ပါ အလိုလို Cancel ဖြစ်သွားတယ်လို့ ကောင်တာမှ လုံမပျိုကြီးက ရှင်းပြလိုက်ပါတယ်။ အဲဒီအတွက် No Show Fee လည်း ပေးရတယ် လို့ ပြောပါတယ်။ လေဆိပ်ကောင်တာမှာ တစ်ခါတည်း လုပ်ခိုင်းလိုက်ရင်လည်း ရတယ်လို့လည်း လုံမပျိုကြီးက ရှင်းပြလိုက်ပါတယ်။ System က တစ်ရက် ကြိုဆင်းသွားတာ သူ့အလိုလို မသိဘူးလားလို့ ဆော့ဖ်ဝဲလ် အင်ဂျင်နီယာ ပီပီ စဉ်းစားပါတယ်။ Requirement ရေးတဲ့သူ လိုသွားလို့လား ဆော့ဖ်ဝဲလ်ရေးတဲ့သူက အဆစ် ကလေးတောင် ရေးထည့် မပေးလိုက်တာလား စတဲ့ လား ၂ ကောင် စိတ်ထဲမှာ ပေါ်လာ ပါတယ်။ Check in လုပ်တဲ့ ကောင်တာက အမျိုးသမီးကလည်း သူ့ဆီမှာ ပြင်လို့ ရရင် ဘာလို့ ပြင်မပေးလိုက်တာလည်း ဆိုတဲ့ လားတစ်ကောင်လည်း ပါပါသေးတယ်။

ရန်ကုန်မြို့ကြီးကတော့ အရင်အတိုင်းပါပဲ။ နည်းနည်းပါးပါး ပြောင်းလဲတာလေးတွေတော့ သတိထားမိပါတယ်။ နေရာတကာ ကွန်ကရစ်လမ်း ဖြစ်နေတာရယ်၊ ဆောင်းတွင်းကြီးမှာ မိုးတွေ သည်းကြီးမည်းကြီး ရွာနေတာရယ်၊ မီးတွေ ပုံမှန်လာနေတာရယ်၊ အရင်ကထက် ပိုပြီး ဟင်းန်းဖုန်းကိုင်တဲ့သူ ပိုများလာတာရယ် က ဒီတစ်ခါတွေ့ခဲ့ရတဲ့ ထူးခြားချက် ကလေးတွေပဲ ဆိုပါတော့။ အရေးကြီးတဲ့ ကိစ္စ ထည့်မရေးဘူးလား မေးရင် မရေးသေးပါဘူး။ လောလောဆယ် ရေးဖို့ အာရုံမရသေးလို့ပါ။ ဆင်ဆာက အားလုံး လွတ်ပါတယ်။ :D

13 comments:

MrDBA said...

ငှဲငှဲ ... အဓိက အကြောင်း အရာကို ပုံများဖြင့် ဝေဝေဆာဆာ ရေးသွားမယ်ဆိုတာကို စောင့်မျှော်နေလျက်ပါ။

သဉ္ဇာ - Thinzar said...

ဒါက အင်ထရိုပေါ့နော်။ ၅ရက်လောက်ဘဲ ပြန်တာဆိုတော့ လိုရင်းတော့ မြန်မြန်ရောက်မယ် ထင်တာဘဲ။ နာမည်ကို ပြောင်းပြန် ပြန်ရေးရမှာလားလို့စဉ်းစားမိတာလေးကို သဘောကျတယ် :)

khin oo may said...

ကိုးရီးယားကားရိုက်ကြပြန်ပြီ။

ဆုမြတ်မိုး said...

ရန်ကုန်ပြန်ချင်တယ် ရန်ကုန်ပြန်ချင်တယ်
ရန်ကုန်ပြန်ချင်တယ်
ရန်ကုန်ပြန်ချင်တယ်
ရန်ကုန်ပြန်ချင်တယ်

PAUK said...

ဘန်ကောက်သွားလည်တယ်မှတ်နေတာ..

သက်ဝေ said...

အဓိက အကြောင်း အရာကို ပုံများဖြင့် ဝေဝေဆာဆာ ရေးသွားမယ်ဆိုတာကို စောင့်မျှော်နေလျက်ပါ။

Copy from Ko Ko DB... :P

ရွှေရတုမှတ်တမ်း said...

ခုမှပဲ သူ့ဆီကို ဂေါ်ဇီလာနဲ့ ဝင်လို့ရတော့တယ်..
လက်စသတ်တော့..ရန်ကုန်ပြန်တာ ဟိုကိစ္စကိုး.

မောင်လေး said...

ရီလိုက်ရတာ....၊လောကကြီးမှာ ဂလိုမျိုးလဲ ရှိသေးသကိုး..၊
ရန်ကုန်မှာ မီးတွေလာနေတယ်ဆိုလို့၊ဟမ်းဖုံးတွေ ပေါလာ
တယ်ဆိုလို့ ဝမ်းသာရပါ၏။

Anonymous said...

A ham a ham

sosegado said...

အဓိကကြောင်းကုိ ဘာဖြစ်နုိင်လဲ ဓါတ်ပုံေတွနဲ႕ဆုိေတာ့ စိတ်ဝင်စားမိပါတယ်
ရန်ကုန်မုိးထဲ ေပျာ် ေပျာ်ေနခဲ့ပါ အခဈြဟောငျးတှေဘာတှေ အလှမျးပွေလိုကျကွညျ့ပေါ့

Anonymous said...

မင်းယွန်းသစ် ဘလော့လို ဖောင့်နှစ်ခု တင်မပေးချင်ဘူးလား ။

အမာခံပိတ်သတ်တစ်ဦး

Rita said...

ဓါတ်ပုံတွေ တင်ပါဦးလား

cyber ပွကြီး said...

ဟုတ်ပါ့ ... ကိုယ့်နိုင်ငံ ကိုယ်ပြန်မှ... white card ဖြည့်ရတယ် လို့... အဲဒါ ဖြည့်ရတိုင်း တွေးပြီး ဘဝင်ကို မကျဘူး....