Search This Blog
Sunday, January 30, 2011
ပြဒါးတစ်လမ်း သံတစ်လမ်း
လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရားပေါင်း ဆိုတဲ့ စကားက မြန်မာလူမျိုးတိုင်းနဲ့ မစိမ်းလှပါဘူး။ ကျွန်တော်တို့ မူလတန်းမှာ သင်ခဲ့ရတဲ့ ဖတ်စာအုပ်ထဲမှာတော့ အဲဒီစကားကို ကိုးကားပြီး ပုဂံမှာ ဘုရားပေါင်း ၄၄၄၆,၇၃၃ ဆူရှိခဲ့တယ်လို့ ရေးထားပါတယ်။ ဒါပေမယ့်လည်း အဲဒီ ကိန်းဂဏန်းက ဘယ်လိုမှကို မဖြစ်နိုင်တဲ့ ကိန်းဂဏန်းပါ။ အရိုးဆုံး အရှင်းဆုံးနည်း နဲ့ပဲ ဘုရားတစ်ဆူကို ဘေးက လူသွားလမ်းအပါအဝင် လျော့လျော့ပေါ့ပေါ့ ၁၅ ပေ ပတ်လည် ထားပြီး တွက်ကြည့်ပါ။ ပုဂံလို မြို့နေရာ မှာတင်မက အထက်အညာ ဒေသတစ်ခုလုံး မှာတောင် ဒီလောက်များတဲ့ ဘုရားတွေ ဆောက်စရာ မြေနေရာ မရှိဘူး ဆိုတာ အလွယ်တကူ တွက်ကြည့်လို့ ရပါတယ်။ နောက်ပိုင်းတော့ သမိုင်းပညာရှင်တွေက ဖြစ်နိုင်ခြေ ရှိတာ လှည်းဝင်ရိုးသံ (၄၄၄၆) ပဲ ဖြစ်နိုင်ပြီး နောက်က တညံညံက ကာရန် ကိုက်အောင် ထည့်ထားတာလို့ ဆိုကြပါတယ်။ သုတေသန ပညာရှင်တွေ မှတ်တမ်းပြုတော့ ပုဂံမှာ ရှိတဲ့ ဘုရား အရေအတွက်ကို ဂူကြီးအုတ်နီ (၂၂၁၇ ဆူ) ရှိတယ်လို့ ရေတွက် ခဲ့ကြပါတယ်။
ပုဂံမှာ မုဆိုးမက အစ ဘုရားတည်နိုင်တဲ့ ခေတ်တစ်ခေတ် ရှိခဲ့ဖူးတယ်လို့ ဆိုကြပါတယ်။ အဲဒီအကြောင်းကို ပြောရရင် ရှင်အဇ္ဇဂေါဏ အကြောင်းပါ တွဲပြီး ပါလာတတ် ပါတယ်။ ရှင်အဇ္ဇဂေါဏက ထေရဝါဒ ဘုန်းတော်ကြီး မဟုတ်ပါဘူး။ တစ်ချို့ကတော့ ရှင်အဇ္ဇဂေါဏတို့၊ ဘားမဲ့ တို့ဟာ သမထီးလို့ ခေါ်တဲ့ အရည်းကြီးတွေ ဖြစ်တယ်လို့ ပြောကြပါတယ်။ ရှင်အဇ္ဇဂေါဏက မင်းသိင်္ခ ဝတ္ထုတွေထဲမှာ ပါတတ်တဲ့ ဂမ္ဘီရ လမ်းစဉ်လိုက်တဲ့ သူပါ။ အဂ္ဂိရတ်ထိုးရင်း သံကို သေအောင် သတ်ဖို့ ကြိုးစားပါတယ်။
ပြဒါးသေ တဆွေဝ၊ သံသေ တပြည်ဝ လို့ ရှေးက ဆိုရိုး ရှိခဲ့ဖူးပါတယ်။ ပြဒါးကို သေအောင် သတ်နိုင်ရင် တစ်ဆွေလုံး တစ်မျိုးလုံးစာ ချမ်းသာမယ်။ သံကို သေအောင် သတ်နိုင်ရင်တော့ တပြည်လုံး ချမ်းသာမယ်လို့ ဆိုကြတာပါ။ ဒီနေရာမှာ ကတ်သီးကတ်သတ် စဉ်းစားမိတာကတော့ အဂ္ဂိရတ် ထိုးတဲ့သူတွေမှာ တခြား ဘိုးတော်တွေလို မုတ်ဆိတ်မွေး အရှည်ကြီး မရှိလောက်ဘူး ဆိုတာပါ။ မဟုတ်ရင် မတော်တဆ အဂ္ဂိရတ်ထိုးရင်း မုတ်ဆိတ်မွေး မီးလောင်လို့ ရှမ်ဘဲလား မရောက်ခင် ကွိုင်တက် သွားနိုင်ပါတယ်။ ရှင်အဇ္ဇဂေါဏ ဆီမှာ ရှိတဲ့ အဂ္ဂိရတ် ကျမ်းထဲမှာ ဓာတ်လုံးကို xစင် ကျွေးရမယ်လို့ ပါနေပြီး စင်ရဲ့ ရှေ့က စာလုံးကို ပျက်နေပါတယ်။ အဲဒီပျက်နေတဲ့ စာလုံးကို သူက ရွှေ လို့ ထင်ပြီး ဓာတ်လုံးကို ရွှေကျွေး ပါတယ်။  ကျွေးတယ် ဆိုတာက ဓာတ်လုံးရေ စားစား အားမနာနဲ့ ဆိုပြီး ကျွေးတာမျိုး မဟုတ်ပါဘူး။ ရွှေနဲ့ အတူရောပြီး ဖိုထိုးတာကို ပြောတာပါ။ အဲဒီလို ရွှေကျွေး ပေမယ့်လည်း ဓာတ်လုံးက မအောင်မြင် ပါဘူး။
ဒါနဲ့ ရှင်အဇ္ဇဂေါဏက ဘုရင်ကို အကူအညီ တောင်းပါတယ်။ ဘုရင်က သူ့ကို ဘတ်ကီး လာရိုက်နေတယ်လို့ ထင်တာမို့ ရွှေ ကျွေးလို့ ဓာတ်လုံးမအောင်ရင် ဘယ်နယ့်လုပ်မလဲ မေးပါတယ်။ အဲဒီတော့ ရှင်အဇ္ဇဂေါဏက ဓာတ်လုံး မအောင်ရင် သူ့မျက်လုံး နှစ်လုံး စလုံးကို ဖောက်ပစ်မယ်လို့ အာမခံပါတယ်။ ဘုရင်ရဲ့ စပွန်ဆာနဲ့ ရွှေကျွေးပေမယ့်လည်း ဓာတ်လုံးက မအောင်ပါဘူး။ အဲဒါနဲ့ ရှင်အဇ္ဇဂေါဏက သူ့ကတိအတိုင်း သူ့မျက်လုံး နှစ်လုံး စလုံးကို ဖောက်ပစ်လိုက် ပါတယ်။ အဲဒီလို ဖောက်ပစ်ပြီးတဲ့နောက်မှာတော့ ဓာတ်လုံးကို အတော် စိတ်နာသွားဟန် တူပါတယ်။ သူ့တပည့် တစ်ယောက်ကို ဓာတ်လုံး ပေးပြီး အိမ်သာတွင်းထဲကို ပစ်ချခိုင်းလိုက် ပါတယ်။
ဓာတ်လုံးဟာ အညစ်အကြေးတွေနဲ့ တွေ့တဲ့ အခါမှာ အရောင် တစ်လက်လက် ထွက်လာ ပါတယ်။ ရှင်အဇ္ဇဂေါဏ ဆီမှာရှိတဲ့ အဂ္ဂိရတ်ကျမ်းထဲမှာ ရေးထားတာက အမှန်တကယ်ကတော့ မစင်ပါ။ ရွှေစင် မဟုတ်ပါဘူး။ သူ့တပည့်က ဓာတ်လုံး အရောင်ထွက်နေတဲ့ အကြောင်းကို ပြန်ပြောတော့ သူ့တပည့်ကို တွင်းထဲက ဓာတ်လုံးကို သွားပြန် ကောက်ခိုင်းလိုက် ပါတယ်။ နောက်တော့ ဈေးထဲသွားပြီး ရတဲ့ မျက်လုံး နှစ်လုံး ဝယ်လာခဲ့လို့ မှာလိုက် ပါတယ်။ အချိန်က ဈေးကွဲချိန် ဖြစ်တော့ ဆိတ်မျက်လုံး တစ်လုံး နွားမျက်လုံး တစ်လုံး ပဲ ရလာ ပါတယ်။ အဲဒီ မျက်လုံးတွေကို ဓာတ်လုံးနဲ့ ပွတ်ပြီး ကောက်တပ်လိုက်တော့ မျက်လုံး ပြန်မြင် သွားတယ်လို့ ဆိုပါတယ်။ မပွတ်ခင် ဓာတ်လုံးကို ရေတော့ ဆေးဦးမယ်လို့ စဉ်းစားကြည့်မိ ပါသေးတယ်။ ဆိတ်တစ်ဖက် နွားတစ်ဖက် မို့ ဆိတ် (အဇ္ဇ) နဲ့ နွား (ဂေါဏ) ကို ပေါင်းပြီး ရှင်အဇ္ဇဂေါဏ လို့တွင်တယ် ဆိုပါတယ်။
ရှင်အဇ္ဇဂေါဏက သံတွေကို သူ့ဓာတ်လုံးနဲ့ ပွတ်လိုက်ရင် ရွှေဖြစ်သွားတယ်လို့ ပြောကြပါတယ်။ အဲဒါကြောင့် မုဆိုးမက အစ ဘုရားတည်နိုင်လောက်အောင် ပုဂံမှာ ချမ်းသာသွားတယ်လို့ ဒဏ္ဍာရီ ဆန်ဆန် ပုံပြင်တွေ ရှိခဲ့ပါတယ်။ ကျွန်တော် အဓိက ဆွေးနွေးချင်တဲ့ အကြောင်းက အဲဒီကိစ္စပါ။ အဂ္ဂိရတ် ထိုးလို့ ပြဒါးကနေ ရွှေဖြစ်တယ်၊ သံကနေ ရွှေဖြစ်တယ် ဆိုတဲ့ ကိစ္စတွေကို ဓာတုဗေဒ ရှုထောင့်ကနေ လှည့်ပြီး တွေးကြည့်ချင် ပါတယ်။ ပြဒါးကနေ ရွှေဖြစ်နိုင်တယ်လို့ ယုံကြည်ခဲ့တာတော့ မြန်မာပြည် တစ်ခုတည်းတင် မဟုတ်ပါဘူး။ အပြည်ပြည်ဆိုင်ရာ အဂ္ဂိရတ် ပညာရှင်များ အစည်းအရုံး က ယုံကြည်ခဲ့ဟန် တူပါတယ်။ (ရှိခဲ့ရင် ပြောတာပါ။ :D ) တကမ္ဘာလုံးမှာ ပြဒါးကို ရွှေဖြစ်အောင် လုပ်နိုင်မယ်လို့ ယုံတဲ့ အဂ္ဂိရတ်သမား အတော်များများ ရှိပါတယ်။ အိန္ဒိယကလည်း မဆလာနည်း၊ ဥရောပကလည်း သိုးဆောင်းနည်း၊ မြန်မာကလည်း မြန်မာ့နည်းနဲ့ ချဉ်းကပ်ပုံခြင်း ကွဲတာပဲ ရှိပါတယ်။ သူတို့ကို Alchemist လို့ အင်္ဂလိပ် ဘာသာမှာ ခေါ်ကြပါတယ်။ ဒါပေမယ့်လည်း သံကို ရွှေဖြစ်မယ်လို့ ယုံတာတော့ မြန်မာပဲ ရှိမယ် ထင်ပါတယ်။
ဓာတုဗေဒ သဘောတရားနဲ့ ကြည့်မယ်ဆိုရင် ပြဒါးနဲ့ ရွှေနဲ့က ဖွဲ့စည်းပုံခြင်း အတော် နီးစပ်ပါတယ်။ အောက်ကပုံမှာ ပြဒါးအက်တမ်ရဲ့ ဖွဲ့စည်းပုံ နဲ့ရွှေအက်တမ်ရဲ့ ဖွဲ့စည်းပုံကို နှိုင်းယှဉ်ပြထားပါတယ်။
ဓာတုဗေဒ အကြောင်း နည်းနည်း ပြန်ပြီး အစဖော်ပေး ပါရစေ။ အက်တမ် တစ်ခုရဲ့ အလယ်ဗဟို (nucleus) မှာ ပရိုတွန်တွေနဲ့ နျူထရွန်တွေ ရှိပါတယ်။ ပရိုတွန် အရေအတွက်နဲ့ ညီမျှတဲ့ အီလက်ထရွန်တွေဟာ ဘေးပတ်ပတ်လည်မှာ ရှိတဲ့ shell လို့ ခေါ်တဲ့ လမ်းကြောင်းတွေမှာ လှည့်ပတ်နေကြပါတယ်။ လမ်းကြောင်းတစ်ခုစီမှာ သတ်မှတ်ထားတဲ့ အီလက်ထရွန် အရေအတွက်ထက် ပိုပြီး မရှိနိုင်ပါဘူး။ ပထမလမ်းကြောင်းမှာ ၂ လုံး၊ ဒုတိယလမ်းကြောင်းမှာ ၈ လုံး၊ တတိယလမ်းကြောင်းမှာ ၁၈ လုံး၊ စတုတ္ထလမ်းကြောင်းမှာ ၃၂ လုံး၊ ပဉ္စမလမ်းကြောင်းမှာ ၃၂ လုံးအထိ ပဲ အများဆုံး ရှိနိုင်ပါတယ်။ လမ်းကြောင်းထဲမှာ အီလက်ထရွန် ပြည့်သွားရင် အီလက်ထရွန်ကို အလွယ်တကူ ဖယ်ထုတ်လို့ မရနိုင်တော့တဲ့ ဟီလီယမ်တို့ နီယွန်တို့လို့ လှုပ်ရှားမှုနည်းတဲ့ ဓာတ်ငွေ့ (inert gas) တွေ အဖြစ် ပြောင်းလဲသွား ပါတယ်။
ပြဒါးနဲ့ ရွှေရဲ့ အက်တမ် ဖွဲ့စည်းပုံကို နှိုင်းယှဉ်ကြည့်ရင် အီလက်ထရွန်တွေရဲ့ ပုံသဏ္ဌန်ဟာ စတုတ္ထမြောက်လမ်းကြောင်း အထိ အတူတူပါပဲ။ ပဉ္စမမြောက် လမ်းကြောင်းမှာတော့ ပြဒါးမှာ အီလက်ထရွန် နှစ်လုံး ရှိပေမယ့် ရွှေမှာ အီလက်ထရွန် တစ်လုံးတည်း ရှိပါတယ်။ အဲဒီတော့ ပြဒါးကနေ အီလက်ထရွန် တစ်လုံးကို ဖယ်ထုတ်နိုင်ရင် ရွှေနဲ့ ဖွဲ့စည်းပုံ တူသွားပါမယ်။ အီလက်ထရွန်ကို ဖယ်ထုတ်နိုင်ဖို့ စွမ်းအင် (Ionization Energy) လိုပါတယ်။ စွမ်းအင်ကလည်း သိပ်များများစားစား မဟုတ်ပါဘူး။
ဒါပေမယ့်လည်း ဇာတ်လမ်းက ထင်သလောက် မလွယ်ပါဘူး။ ပရိုတွန်တစ်လုံးဟာ လျှပ်စစ် ဓာတ်အားဖြင့် +1 ရှိပြီး အီလက်ထရွန် တစ်လုံးမှာ လျှပ်စစ် ဓာတ်အားဖြင့် -1 ရှိပါတယ်။ အီလက်ထရွန်နဲ့ ပရိုတွန် ညီနေရင် အဲဒီအက်တမ်ရဲ့ ဓာတ်ဟာ သုည ဖြစ်နေပါတယ်။ စွမ်းအင်သုံးပြီး ပြဒါးကနေ အီလက်ထရွန် တစ်လုံးကို ဖယ်ထုတ်နိုင်ပေမယ့် အလယ်ဗဟိုမှာ ရှိနေတဲ့ ပရိုတွန် အရေအတွက် ကတော့ ကွဲပြား နေဦးပါ။ ပြဒါးကနေ အီလက်ထရွန် တစ်လုံး ဖယ်ထုတ်လိုက်ရင် အလယ်ဗဟိုမှာ ပရိုတွန် တစ်လုံး ပိုနေတဲ့ အတွက် positive ion ပဲ ဖြစ်သွားပါမယ်။  အနီးအနားမှာ လွတ်လပ်စွာ ရွေ့လျားနေတဲ့ အီလက်ထရွန် တစ်ခုခု ရောက်လာရင် ခုနက ဖယ်ထုတ်လိုက်တဲ့ အီလက်ထရွန်နေရာကို အချိန်မရွေး ပြန်ဝင်လာနိုင်ပါတယ်။ အဲဒီအတွက် ပိုနေတဲ့ ပရိုတွန်ကိုပါ ထုတ်ဖို့ လိုလာပါမယ်။ အဲဒါအပြင် ရွှေမှာ နျူထရွန် ၁၁၈ လုံး ရှိပြီး ပြဒါးမှာ နျူထရွန် ၁၂၁ လုံး ရှိတဲ့အတွက် ပြဒါးကို ရွှေနဲ့ အလေးချိန် (atomic mass) ချင်း ညီသွားအောင်လို့ ပိုနေတဲ့ နျူထရွန် ၃လုံးကိုပါ ဖယ်ထုတ်ပစ်ရပါ့မယ်။
အီလက်ထရွန်ကို ဖယ်ထုတ်ရတာ လွယ်ပေမယ့် ပရိုတွန်နဲ့ နျူထရွန်ကို ဖယ်ထုတ်ရတာ မလွယ်ပါဘူး။ သိပ္ပံနည်းကျ လုပ်နိုင်တယ် ဆိုရင်တောင် အချိန် အတော်ယူရပါ့မယ်။ ငွေကုန်ကြေးကျလည်း အတော်များပါလိမ့်မယ်။ အဲဒီလို ဖယ်ထုတ်တဲ့ စရိတ်က ဖြစ်အောင်လုပ်နိုင်တဲ့ ရွှေပမာဏရဲ့ တန်ဖိုးထက်တောင် ပိုများလိမ့်မယ်လို့ ခန့်မှန်း ကြပါတယ်။ ပြဒါးကို ချက်ချင်း လက်ငင်း ဓာတ်လုံးနဲ့ ပွတ်လိုက်လို့ ရွှေဖြစ်သွားတယ်ဆိုရင်တော့ ပတ်ဝန်းကျင်က လူများ အဲဒီက ထွက်လာတဲ့ စွမ်းအင်ရဲ့ ဒဏ်ကို နျူးကလီးယားဗုံး ပေါက်သလောက် ခံစားရမလား မသိပါဘူး။
ပြဒါးကတောင် ရွှေဖြစ်ဖို့ အဲဒီလောက် ခက်ခဲနေမယ် ဆိုရင် သံကတော့ ပိုဆိုးပါတယ်။ ရွှေနဲ့သံရဲ့ အက်တမ် ဖွဲ့စည်းပုံခြင်းက တခြားစီပါပဲ။ ခဲ (Lead) နဲ့မှ နည်းနည်း ပိုပြီး နီးစပ်ပါဦးမယ်။
ပုံမှာ ကြည့်ရင် တွေ့နိုင်ပါတယ်။ ရွှေနဲ့သံရဲ့ အက်တမ်ဖွဲ့စည်းပုံခြင်းကတော့ မဆီလေးရယ်တဲ့မှ အိုမဆိုင် ဆိုသလို တခြားစီပါပဲ။ လမ်းကြောင်း(shell) အရေ အတွက်ချင်းတောင် မတူပါဘူး။ အလယ်ဗဟိုမှာရှိတဲ့ ပရိုတွန်နဲ့ နျူထရွန် အရေအတွက်ကလည်း ၃ ဆလောက် ကွာပါတယ်။ သံကို ရွှေဖြစ်အောင် ပြောင်းပေးနိုင်ဖို့က စူပါနိုဗာ ကြယ်ပေါက်ကွဲမှုလို နျူကလီးယားဗုံး အများကြီး တစ်ပြိုင်နက်တည်း ပေါက်သလောက် ပြင်းတဲ့ စွမ်းအင်မျိုးနဲ့မှ ရနိုင်ပါလိမ့်မယ်။
ဒါကြောင့်လည်း ပြဒါးတစ်လမ်း သံတစ်လမ်း လို့ ပြောတာ ဖြစ်ပါလိမ့်မယ်။ ပြဒါးက ရွှေဖြစ်ဖို့ဆိုရင် ရှိပြီးသား အီလက်ထရွန်တွေ ပရိုတွန်တွေ ထုတ်ပစ်ရမယ်။ သံကနေ ရွှေဖြစ်ဖို့ အတွက်တော့ အီလက်ထရွန် ပရိုတွန်တွေ ထပ်ထည့်ရမှာမို့ပါ။ ထည့်တာနဲ့ ထုတ်တာက တစ်လမ်းစီ မဟုတ်ဘူးလား။ :D
12 comments:
Heartmuseum said...
ကzt ကတော့ လုပ်ချလိုက်ပြန်ပြီ။ :D
အတွေးလေး အတော်ကောင်းတယ်ဗျာ။ ဘယ်သူမှမတွေးဖူးတဲ့ ဝိဇ္ဖာနဲ့ သိပ္ပံ ပေါင်းစပ် အတွေးလေး...... အဲ.... အတွေးကောင်းတော့ အရေးကလဲ မိုက်ချက်....
TZA said...
ဟားဟား... ပို့စ်ရေးသွားတဲ့ ကိုZTကို လေးစားသလို ကော်မန့်ကို ဘာသာနှစ်မျိုးနဲ့ရေးသွားတဲ့ နှလုံးသားပြတိုက်ကိုလည်း လေးစားပါတယ်ဗျား..
ရွှေရတုမှတ်တမ်း said...
သံသေတာတော့ တပြည်ဝတာအမှန်ပဲဗျို့..
အမေရိကန်နိုင်ငံဟာ သံကိုအင်မတန်နိုင်နင်းတာကလား..ဗမာပြည်ကဂုတိထိတ်တံတားဟာ အမေရိကန်လက်ရာပေါ့
သံသေရင်သံမဏိဖြစ်တာပြောချင်တာနဲ့တူပါရဲ့ ရွှေဖြစ်တယ်လို့ပြောချင်သလားဆိုတာတော့ အဂ္ဂိရတ်သမားတွေမေးကြည့်မှသိမှာပဲ
Rita said...
အပေါ်ပိုင်းက ဒဏ္ဍာရီပဲ ဖတ်တယ်။ အောက်ကဟာတွေ မဖတ်ဘူး။ အီလက်ထရွန်တို့ နျူထွန်တို့ ပရိုတွန်တို့ အရမ်းမုန်းတယ်။ မကြည့်ချင်ဘူး။
=D
ကိုအောင်(ပျူနိုင်ငံ) said...
ကိုဇက်တီကတော့ လုပ်ပြီ၊ ရှင်အဇ္ဇဂေါဏကို
အရည်းကြီးစာရင်းထဲ သွင်းပြစ်တယ်၊ ရွှေတိဂုံ
စေတီပေါ်မှာ “ရှင်မထီး” တန်ဆောင်ဆိုတာ
ရှိတယ်ဗျ၊ အဲဒါ ရှင်အဇ္ဇဂေါဏ တန်ဆောင်
ပေါ့၊ ကိုဇက်တီ ရေးထားတာကို
ဝိဇ္ဇာလမ်းဖက်က သူတွေ ဖတ်မိလို့ကတော့
“တိုက်ပွဲခေါ်သံ”ဖြစ်နေအုံး မယ်၊ ဘုရား
တစ်ဆူဟာ ၁၅ ပေ ပတ်လည်ထက်
လျှော့နည်းပြီး တည်ချင်လည်း
တည်နိုင်တယ် ကိုဇက်တီ၊ “ဂူကြီးအုတ်နီ”
လား “ကျောင်းကြီးအုတ်နီ” လာတော့
မပြောတတ် ဘူး၊ မာကိုပိုလိုရဲ့ ခရီးသွား
မှတ်တမ်းထဲတော့ ဟုတ်နေတာပဲလေ။
Phyo Maw said...
သိတာတွေကော မသိတာတွေကော တစ်ခါတည်းဖတ်ရတာ အရသာရှိသဗျ။
ဒါနဲ့တာကိုး ဘလော့ကို scroll down လုပ်ဖတ်တာ ထစ် ထစ် ထစ် ဖြစ်တယ်။
အနော့်မော်ဇီလာကြောင့်ပဲလား page လေးနေတာကြောင့်ပဲလားတော့ မသိဘူး။ ကြည့်ကြည့်ပါဦး။
shin said...
ပုဂံမှာ ဘုရားအဆူပေါင်း ၄သန်းကျော် ရှိခဲ့တယ်ဆိုတာ ထုလုပ်ထားတဲ့ ရုပ်ပွါးတော်ချည်းပဲ ဆိုလိုတာမဟုတ်ပါ။ နံရံဆေးရေးပန်းချီမှာ ရေးဆွဲထားသောဘုရားပုံတော်များကိုပါ ထဲ့တွက်ထားကြောင်း ပုဂံသွားလည်တုံးက ဂေါပကလူကြီးတဦးကရှင်းပြတာ မှတ်သားခဲ့ဖူးပါတယ်။
Anonymous said...
ကျမအထင်လဲ ကိုကြီးကျောက်ပြောသလိုပဲ။ သံကိုလူသုံးကုန်တွေထုတ်ဖို့ ကျွမ်းကျင်ပိုင်နိုင်ရင် ပြည်ချမ်းသာအောင်လုပ်နိုင်မယ်ဆိုတာကို ရွှေနဲ့တင်စားပြောတာလို့ ထင်တာပဲ
Lionslayer said...
ရခိုင်ဘုရားက သဇင်ပန်းခိုင် တမြိုင်မြိုင်တဲ့။ ပုဂံဘုရားထက်တောင် ပိုသေးတယ်။ တညံညံတို့ တမြိုင်မြိုင်တို့က အသံသာအောင် လိုက်ထည့်ထားပုံရပါတယ်။ ပုဂံက မုဆိုးမတောင် ဘုရားတည်နိုင်တယ် ဆိုတာထက် လူတိုင်း (မိသားစုတိုင်း) ဘုရင့်အမိန့်နဲ့ ဘုရားတည်ရတယ်ဆို ပိုနီးစပ်မယ်ထင်တယ် (ဒေါက်တာသန်းထွန်း)။ အရည်းကြီးဆိုတာလည်း မဟာယာနတွေဖြစ်ပြီးတော့ ရာဇဝင်ထဲမှာ ပုံဖော်သလို မဆိုးကြပါတဲ့။ အနော်ရထာတည်ခဲ့တဲ့ အုတ်ခွက်ဘုရားတွေမှာ မဟာယာနဘုရား(ဘုရားလောင်းဘုရားတွေ) ပါနေတဲ့အတွက် အဲဒီခေတ်မှာ ထေရဝါဒရော မဟာယာနပါ ထွန်းကား ခဲ့ပုံရပါတယ်။
ကိုပေါ said...
ကျနော် မှတ်သားမိတာကတော့ သံသေ တဆွေဝ ပြဒါးသေ တပြည်ဝ တဲ့။ ရှေ့နောက်လွဲနေသလားလို့။ ပြဒါးသေ တပြည်ဝ က အမှန်ဆိုရင် မြန်မာ ဆရာတွေလည်း ပြဒါးကနေရွှေ ဖြစ်ဖို့ ကြံကြတယ်လို့ပဲ ယူရမယ်ထင်တယ်ဗျ။
sosegado said...
ကမ္ဘာမှာ ဓာတုဗေဒ ဆိုတာ အဲဒီ့ အဂၢိရ ထိုးသူေတွက စခဲ့ကြတာလို႔ဆို ကြတယ်မဟုတ်လားဗျာ
မယ္ကိုး said...
great post!