Search This Blog

Tuesday, January 18, 2011

ဘဝထဲက မှတ်တိုင်များ (၁)

နိုင်ငံခြားသွားလို့ စားပွဲထိုးကြတယ် ပန်းကန်ဆေးကြတယ် ဆိုတဲ့ အကြောင်း မြန်မာပြည်မှာ နေတုန်းကတော့ ဝတ္ထုတွေ ဆောင်းပါးတွေ ထဲမှာပဲ ဖတ်ဖူးပါတယ်။ တစ်ချိန်ချိန်မှာ ကိုယ်တိုင်ကြုံလိမ့်မယ်လို့ အဲဒီတုန်းက မထင်ခဲ့တာ အမှန်ပါပဲ။ ဟိုးအရင်ကတည်းက နိုင်ငံခြား ထွက်ဖို့ စိတ်ကူး ရှိပေမယ့် ဘွဲ့ရပြီးမှ နိုင်ငံခြား အတွေ့အကြုံရအောင် အလုပ် သွားလုပ်မယ် ဆိုတာမျိုး တွေးမိတာပါ။ နိုင်ငံခြားမှာ စားပွဲထိုးပြီး ဘဝကို ရုန်းကန် ရလိမ့်မယ်လို့ တစ်ခါမှ မတွေးမိခဲ့ဖူးပါဘူး။

ကျွန်တော် စင်ကာပူ စရောက်ပြီး တစ်နှစ်နီးပါးလောက် အကြာမှာ စားသောက်ဆိုင် တစ်ဆိုင်မှာ အချိန်ပိုင်း စားပွဲထိုး ဝင်လုပ်ဖြစ်ပါတယ်။ ကျွန်တော်တို့ အလုပ်လုပ်တဲ့ ဆိုင်က ကိုရီးယား စားသောက်ဆိုင်ပါ။ စားသောက်ဆိုင် ဆိုပေမယ့် ကပ်စတန်မာ ဆီက အော်ဒါယူ ဟင်းပွဲပြင် ရောင်းတဲ့ ဆိုင်မျိုး မဟုတ်ပါဘူး။ အသားအစိမ်း ဟင်းသီးဟင်းရွက် အစိမ်းတွေကို ဘူဖေးအနေနဲ့ ဘာဘီကျူး ရောင်းတဲ့ ဆိုင်မျိုးပါ။

စားပွဲထိုး အလုပ်ဝင်လုပ်တယ် ဆိုပေမယ့်လည်း စားပွဲထိုးတာ တစ်ခုတည်း လုပ်ရတာ မဟုတ်ပါဘူး။ တစ်ဆိုင်လုံးမှာ ရှိသမျှ အလုပ်ကို အလှည့်ကျ လုပ်ရပါတယ်။ စားပွဲထိုး၊ ဘူဖေးကောင်တာမှာ အစားအသောက်ပြင်၊ ငွေသိမ်းကောင်တာမှာ ထိုင် စတာတွေ လုပ်ရတတ်သလို အိုက်တိုးပဂေးဆန်လည်း ကြုံရင် ကြုံသလို လုပ်ရပါတယ်။ ပန်းကန်ဆေးတယ် ဆိုတဲ့ အလုပ်က သူများပြောတာ ကြားရရင်တော့ တော်ရုံတန်ရုံပဲ ပင်ပန်းတယ် ထင်ရပါတယ်။ ဒါပေမယ့် ကိုယ်တိုင်ဝင်လုပ်ကြည့်တော့ ထင်ထားတာထက် ပိုပင်ပန်းပါတယ်။

ကျွန်တော်တို့ အလုပ်လုပ်တဲ့ နေရာက ဘာဘီကျူးဆိုင် ဆိုတော့ ကပ်စတန်မာ ပြန်သွားရင် သူတို့ သုံးသွားခဲ့တဲ့ မီးဖိုပလိတ်ပြားကို ပြန်ဆေးရပါတယ်။ အသားကင်ထားတဲ့ ပလိတ်ပြားမှာ အသားတွေ တူးခြစ်ပြီး ကပ်နေတာမို့ အဲဒီမီးဖိုတွေကို ဒီအတိုင်း ဆေးလို့ မရပါဘူး။ ဓာတုဆေးရည် တွေ ထည့်ထားတဲ့ ကန်ထဲမှာ တစ်ညသိပ် စိမ်ထားရပါတယ်။ ပြီးမှ နောက်တစ်နေ့မနက် သံပြားနဲ့ တိုက်ပြီး ဆေးရပါတယ်။ ကျွန်တော်တို့ မနက်ပိုင်း အလုပ်ဝင်ရင် ညက စိမ်ထားတဲ့ မီးဖို တွေ ဆေးရတတ် ပါတယ်။ မီးဖို အလုံး သုံးလေးဆယ်ကို သံပြားနဲ့ ပြောင်အောင် ခြစ်ရတာ လက်မောင်းတော့ အတော့်ကို အောင့်တဲ့ အလုပ်ပါ။ ညနေပိုင်း အလုပ်ဝင်ရင်တော့ တခါတလေ ပန်းကန်ဆေးဖို့ အလှည့်ကျတတ်ပါတယ်။ ပန်းကန် အချပ် လေးငါးဆယ်လောက် ဆေးရတာ သိပ်မသိသာ ပေမယ့် ပန်းကန်ကို အချပ်ပေါင်း ရာနဲ့ ထောင်နဲ့ချီပြီး တစ်ညနေလုံး ဆေးရတာတော့ မသက်သာလှပါဘူး။ လက်အိတ် ဝတ်ထားပေမယ့် ရေနဲ့ တစ်ချိန်လုံး ထိနေရတာမို့ အတော်ကို ပင်ပန်းပါတယ်။ ပန်းကန်ဆေးပြီး ပြန်လာတဲ့ ညနေဆိုရင် တစ်ကိုယ်လုံး ကိုင်ရိုက်ထားသလို နုံးချိပြီး ဖလက်ပြသွားတတ်ပါတယ်။

ကျွန်တော် ထရိန်နင်ဘဝနဲ့ စားသောက်ဆိုင်မှာ အလုပ်ဝင်ခါစ တစ်ရက်မှာ ပန်းကန်ဆေးဖို့ အလှည့်ကျ ပါတယ်။ စားသောက်ဆိုင်တွေမှာ ပုံမှန်ဆိုရင် ကြားရက်တွေ လူအဝင်နည်းတတ်ပြီး စနေ တနင်္ဂနွေလို နေ့မျိုးတွေမှာပဲ လူကျတတ်ပါတယ်။ အဲဒီနေ့က ကြားရက်ပေမယ့် မားသားဒေးနဲ့ တိုက်ဆိုင်သွားတဲ့ အတွက်ကြောင့် ဆိုင်မှာ လူအဝင်များပါတယ်။ ကြားရက်ဆိုတော့ ဆိုင်မှာ စနေတနင်္ဂနွေလောက် ဝန်ထမ်း မများပါဘူး။ မီးဖိုထဲမှာ ပန်းကန်ဆေးနေတာတော့ စနေ တနင်္ဂနွေဆိုရင် ၂ယောက် ရှိတတ်ပေမယ့် အဲဒီနေ့ကတော့ ကျွန်တော် တစ်ယောက်တည်းပါ။ မီးဖိုထဲမှာ ပန်းကန်ဆေးနေရင်းနဲ့ ကိုယ့်ဘေးမှာ ပန်းကန်တွေ အပုံလိုက် အပုံလိုက် ကျလာတော့ တဖြည်းဖြည်းနဲ့ မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်လာပါတယ်။ ဘယ်လောက်မြန်အောင် ဆေးဆေး အလျင်မမီတော့ ပါဘူး။ ဘေးနားက ပန်းကန်ပုံကြီးကလည်း ကြီးသည်ထက် ကြီးလာ ပါတယ်။

အဲဒီအချိန် ဆိုင်မှာ အကြီးဆုံး တာဝန်ခံ စူပါဗိုက်ဆာ မီးဖိုခန်းထဲ ရောက်လာပါတယ်။ သူ့နာမည်က မစ္စတာတေပါ။ တေ က ကျွန်တော်နဲ့ ပန်းကန်ပုံကို တွေ့တော့ ပြုံးစိစိနဲ့ကြည့်ပြီး "ဘယ်လိုလဲ။ မလိုက်နိုင် တော့ဘူးလား။" လို့ လှမ်းနောက် ပါတယ်။ ပြီးတော့ "ဘာမှ စိတ်မပူနဲ့။ မင်းကို ငါကူမယ်။" ဆိုပြီး သူ့ရဲ့ အင်္ကျီလက်ရှည် အဖြူကို လက်ခေါက် အေပရွန်ပတ်ပြီး ပန်းကန်ဆေးတဲ့ နေရာ ဝင်လာပါတယ်။ သူဝင်လာပြီး ဆယ်မိနစ် ဆယ့်ငါးမိနစ် အတွင်းမှာ ကျွန်တော့်ဘေးက ပန်းကန်ပုံ အထပ်လိုက်ကြီး ပျောက်သွားပါတယ်။ မျက်စိရှေ့မှာတင် ဝုန်းဒိုင်းကြဲပြီး အဲဒီပန်းကန်ပုံကို ပျောက်သွားအောင် ဆေးလိုက်တာတော့ လက်ဖျားခါလောက်ပါတယ်။ သူပန်းကန် ဆေးပြီး ထွက်သွားတော့ သူ့အင်္ကျီ အဖြူလက်ရှည်မှာ ဘာအစွန်းအကွက်မှ ထင်မသွားပါဘူး။ ဒါကလည်း အလေ့အကျင့်ပဲ ဖြစ်မယ် ထင်ပါတယ်။

တစ်ဆိုင်တည်း အတူတူလုပ်တဲ့ သူငယ်ချင်း တစ်ယောက် ကတော့ ကျွန်တော်တို့ကို ပြောပါတယ်။ ငါရန်ကုန်မှာ တုန်းက ဆိုရင် ကိုယ်စားတဲ့ ထမင်းပန်းကန်တောင် ကိုယ်ဆေးတာ မဟုတ်ဘူး။ အမြဲတမ်း ဆေးပေးမယ့် အိမ်ဖော်က အသင့်။ စလုံးရောက်တော့ ကိုယ့်ပန်းကန် ကိုယ်ဆေးရတာပေါ့ကွာ။ အခုတော့လည်း ကိုယ့်ပန်းကန်တင် မကဘူး။ သူများ ပန်းကန်ပါ ဆေးနေရပြီ။ ဒါပေမယ့် ဘာကိစ္စညည်းနေရ မှာလဲ။ ဝက်ဖြစ်မှတော့လည်း မစင်ကြောက်စရာ မလိုပါဘူး။ ဆိုပြီးတော့ပါ။ သူပြောတာလည်း မှန်ပါတယ်။ ကျွန်တော်တို့ စားပွဲထိုးနေတဲ့ မြန်မာ အတော်များများ မြန်မာပြည် မှာတုန်းက ဘော်ကျော့ နေလာတဲ့ ကောင်တွေ များပါတယ်။ ဒါပေမယ့်လည်း ကိုယ့်ဘဝကိုယ် ရုန်းရတဲ့ အချိန်ကျတော့လည်း ဒေါင်ကျကျ ပြားကျကျ ကျဲကြတာပါပဲ။ ခိုတယ် ကပ်တယ် ဆိုတဲ့သူ မရှိသလောက် ရှားပါတယ်။

ကျွန်တော့်ဆိုင် ဆူပါဗိုက်ဆာ မစ္စတာတေ က စားသောက်ဆိုင် လုပ်ငန်းနဲ့ ပတ်သက်ရင် အတော်ကို ကျွမ်းကျင်ပါတယ်။ သူက အနိမ့်ဆုံး စားပွဲထိုးဘဝကနေ ဆိုင်တာဝန်ခံ စူပါဗိုက်ဆာ ဖြစ်လာတဲ့သူမို့ အတော်ကို အောက်သက်ကြေတယ် ပြောလို့ ရပါတယ်။ ကျွန်တော် ထရိန်နင်ဘဝမှာ မီးဖိုဆေး ပန်းကန်ဆေးတာက စပြီး စားပွဲရှင်းတာ၊ စားပွဲဆက်တင်ပြင်တာ၊ ဘူဖေး ကောင်တာမှာ အစားအသောက်ပြင်တာ အလယ် ငွေသိမ်းကောင်တာ ကိုင်တာ ကပ်စတန်မာနဲ့ စကားပြောတာ အဆုံး အကုန်လုံးကို သူကိုယ်တိုင် အနီးကပ် သင်ပေးပါတယ်။

စားပွဲသိမ်းတာ အမှတ်တမဲ့ကြည့်ရင် ဘာမှ မခက်တဲ့ အလုပ်လို့ ထင်ရပါတယ်။ ဒါပေမယ့်လည်း စားပွဲပေါ် ရှုပ်ပွနေတာတွေကို အမြန်ရှင်းပြီး နောက်လာမယ့် ကပ်စတန်မာ အသင့်ထိုင်လို့ ရအောင် အချိန်တိုအတွင်းမှာ ပြင်ဆင်ရတာတော့ အတော် ခက်ပါတယ်။ ဆိုင်ရှေ့မှာ ကပ်စတန်မာတွေ တန်းစီ ရပ်စောင့်နေတဲ့အချိန်ဆိုရင် ဆိုင်ထဲက ကပ်စတန်မာ ထွက်သွားတာနဲ့ ကျန်ခဲ့တဲ့ စားပွဲကို ဝုန်းဒိုင်းကြဲပြီး ရှင်းရပါတယ်။

ပုံမှန်အားဖြင့် ကျွန်တော်တို့ စားပွဲ အမြန် သိမ်းတဲ့နည်းက ဒီလိုပါ။ ပထမဆုံး စားပွဲပေါ်မှာ ရှိရှိသမျှ ဇွန်းတွေ ခက်ရင်းတွေ တူတွေကို ဘယ်ညာ လက်နှစ်ဖက်နဲ့ ဆွဲသိမ်းပြီး တစ်နေရာမှာ ပုံလိုက် ပါတယ်။ ပန်းကန်ထဲမှာ ဇွန်းတွေ ခက်ရင်းတွေ မရှိတော့ရင် ကျန်တဲ့ ပန်းကန်တွေကို ရှင်းရတာ လွယ်သွားပါတယ်။ နောက်ပြီးရင် ပန်းကန်ပြား အကြီးဆုံး တစ်ချပ်ကို လက်မနဲ့ လက်သန်းကြားမှာ ညှပ်၊ လက်မကြားမှာ ပန်းကန်ပြား နောက်တစ်ချပ် ထပ်ထည့် လက်သန်းကြားမှာ ပန်းကန်ပြား တစ်ချပ်ထပ်ထည့် ပြီးတော့ ပန်းကန် သုံးချပ်ကို ကန်တော့ပုံ မျိုး ဖြစ်သွားအောင် ကိုင်လိုက် ရပါတယ်။ ပန်းကန် ထဲရှိသမျှ ကျန်တဲ့ အစားအစာတွေကို ကန်တော့ပုံ လုပ်ထားတဲ့ ပန်းကန် သုံးချပ်ထဲမှာ ပုံထည့် ပြီးမှ လွတ်သွားတဲ့ ပန်းကန်တွေကို လက်ဖနောင့် ပေါ်မှာ ပုံပြီး တင်ရပါတယ်။ ပန်းကန်ကို သိမ်းတဲ့နေရာမှာ ကြီးစဉ်ငယ်လိုက် သိမ်းရင် ပန်းကန်ပြားကို လက်ဖနောင့် ပေါ်မှာ ပုံပြီးတင်ရတာ ပိုလွယ်ပါတယ်။ အဲဒီတော့ သိမ်းရတာလည်း ပိုမြန်ပါတယ်။ ဒါပေမယ့် လက်က အလေ့အကျင့်တော့ လိုပါတယ်။ စလုပ်ခါစက လက်အတော်ညောင်းလို့ မြဲအောင် မကိုင်နိုင်ပါဘူး။ အချိန်ကြာလာတော့မှ အလေ့အကျင့်ရလို့ ပန်းကန်ပြားကို အပုံလိုက် လက်တစ်ဖက်တည်း ပေါ်မှာ ဟန်ချက်ညီအောင် ထိန်းကိုင် နိုင်လာပါတယ်။ စားပွဲထိုးတာ တစ်နှစ်လောက် ရှိတော့ လက်တွေ အတော်သန်လာတာ သတိထားမိပါတယ်။

ညနေပိုင်း ကျရင်တော့ တစ်မျိုးပါ။ ဆိုင်ပိတ်ခါနီးရင် ရှိသမျှ စားပွဲတွေမှာ တတ်ထားတဲ့ မီးဖိုတွေကို တစစီ ဖြုတ်ဆေးရပါတယ်။ မီးဖိုကို ဖြုတ်ပြီးရင် စားပွဲကို ဆပ်ပြာရေနဲ့ တိုက်ဆေးရပါတယ်။ ပြီးမှ နောက်တစ်နေ့မနက် အတွက် ဆက်တင် အသစ်ပြန်ခင်း ရပါတယ်။ စားပွဲတွေ ရှင်းပြီးရင်တော့ တစ်ဆိုင်လုံးကို တံမြက်စည်းလှည်းပြီး ကြမ်းတိုက်ကြပါတယ်။ စလုံးမှာ စားသောက်ဆိုင်တွေ ကျန်းမာရေးနဲ့ ညီညွတ်တာတော့ မပြောပါနဲ့တော့။ ကြမ်းပြင်ဆိုရင် ဝါသနာပါရင် လှဲအိပ်လို့ ရအောင် အထိ သန့်ရှင်းအောင် ထားပါတယ်။ ဒါပေမယ့်လည်း နောက်ကွယ်ကျရင်တော့ လုပ်ချင်ရာ လုပ်ကြပါတယ်။ ကျွန်တော်မြို့ထဲက ဆိုင်ကြီး တစ်ဆိုင်ကို ပြောင်းသွားတော့ ပန်းကန် ဆေးစရာ မလိုတော့ပါဘူး။ အဲဒီဆိုင်မှာ ပန်းကန်ဆေးဖို့ တရုတ်ပြည်က အဖိုးကြီးတွေ ငှားထားပါတယ်။ အဖိုးကြီးတွေကလည်း လစ်ရင် လစ်သလိုပါပဲ။ ဇွန်းခရင်း ပုံးထဲမှာ ရေစိမ်ထားတဲ့ ဇွန်းခက်ရင်းတွေ ထိုးထိုးထောင်ထောင် ထွက်နေရင်း လည်ရှည်ဖိနပ်နဲ့ ပုံးထဲ နင်းချကြပါတယ်။ ပန်းကန်ဆိုလည်း ဆပ်ပြာရည်နည်းနည်း သုတ်ပြီး ရေနွေးငွေ့စက်ထဲ ပစ်ထည့်လိုက်တာပါပဲ။ အဲဒါမျိုးတွေ မြင်နေရတော့ တခါတလေ ဆိုင်မှာ ထမင်းစားရင် မစားချင်လောက် အောင်ပါပဲ။ဇွန်းခက်ရင်းများ အမြင်မှာတော့ ပြောင်လက်နေအောင် တိုက်ချွတ်ထားပေမယ့် စားခါနီးတိုင်း အဖိုးကြီးရဲ့ လည်ရှည်ဖိနပ်ကြီး မျက်စိထဲမှာ ပြေးပြီး မြင်လို့ စားရမှာတောင် ခပ်ရွံ့ရွံ့ပါပဲ။

14 comments:

ashley said...

PS က ဆူပါဗိုကျဆာမလေး ကို သတိရပြီးရေးထားတာ မဟုတ်လား မှန်မှန်ဖြေပါ

ZT said...

PS မှာတစ်ခါမှ မဆင်းဖူးဘူး။ (ထူးထူးခြားခြား ပြောရမှာပေါ့။ :D) ထရိန်နင်က BP မှာပါ။

shin said...

ကိုZT postဖတ်ပြီး ကျောင်းသားဘဝက စားပွဲထိုးခဲ့တာလေးသတိရသွားတယ်။ saturday ,sunday ဆိုရင်လူကျလွန်းလို့ တခါတလေအရှေ့မှာစားပွဲထိုးနေတဲ့မိန်းခလေးတွေထဲကလဲ ကိုယ်တာဝန်ယူထားတဲ့ areaက customerကို အမြန် serve နိုင်အောင်ပန်းကန်ဝင်ဆေးရတာပါပဲ။ (especially sauce cup and glass) အဲဒီတုံးကတော့ဘာဘာညာညာသိပ်မစဉ်းစားပါဘူး။ ဒါပေမဲ့ အဲ့ဒီတုံးကပျော်ပျော်ရွှင်ရွှင်နဲ့ စားပွဲထိုးခဲ့တာတော့အမှန်ပါပဲ။

JuneOne said...

ကျောင်းတက်တုန်းက sea food ရက်စတောရင့် ၁ ခုမှာ ၁ နှစ်နီးပါး စားပွဲထိုးလုပ်ဖူးတယ်။ပန်းကန်တော့မဆေးရဘူး။ကျန်တာတော့ ကိုzt လုပ်ခဲ့တဲ့အတိုင်းလုပ်ခဲ့ရပါတယ်။ဒါပေမယ့်ပျော်တယ်။တစ်ဆိုင်
လုံး မန်နေဂျာနဲ့စူပါ ကလွဲရင် မြန်မာတွေချည်းပဲ။staff meal ကိုkitchen ထဲက မြန်မာ part time ကျောင်းသားတွေချက်တာမလို့ မြန်မာစာတောင်စားရသေး။

P.Ti said...

ကျွန်တော်လုပ်ခဲ့တဲ့ဆိုင်က ကျတော့ အော်ဒါ လက်ခံရတဲ့ဆိုင်ပါ။ ကိုးရီးယား BBQ ဆိုင်မှာလုပ်ဖို့ပဲ လုပ်ဖူးတဲ့ သူငယ်ချင်းတယောက်က လူတွေက ဘူဖေးဆိုတော့ အရမ်းစည်းပျက်ကမ်းပျက်နဲ့စားလို့ ညစ်ပတ်တယ် သွားမလုပ်နဲ့လို့ အကြံပေးတယ်။
အဲဒါနဲ့ ဒယ်အိုးနဲ့ ပင်လယ်စာ ရောင်းတဲ့ဆိုင်မှာသွားလုပ်ခဲ့တာ။ အဲဒီတုန်းက အများဆုံးက အဲဒီနှစ်ဆိုင်မှာ မြန်မာကျောင်းသားတွေ အလုပ်လုပ်တာများတယ်။

အော်ဒါမှာတာလက်ခံရတာလည်း မလွယ်ဘူး... menu ကို အလွတ်ရအောင်လုပ်ထားရသလို ဘယ်လို အရသာရှိလည်းမေးရင် မစားဘူးလည်း ဖြေတတ်အောင်လုပ်ထားရတယ်။

အလုပ်ဝင်စမှာ ကြားရက်အလုပ်ပါးမှာပဲဆိုပြီး သွားလုပ်တာ ချစ်သူများနေ့ရဲ့ကြုံတာ ဒုက္ခကိုရောက်ရော။ စားပွဲတွေက နှစ်ယောက်ထိုင် အဖြစ်ပြောင်းလိုက်တော့ နံပါတ်တွေပြောင်း၊ လာလိုက်တဲ့ အတွဲတွေ ၀က်ဝက်ကွဲ...

အဲဒီကတည်းက ချစ်သူများနေ့ကို မုန်းခဲ့တာပဲ။ :P

Rita said...

အဲဒီအတွေ့အကြုံမျိုး ခုဆို ရလည်း ရချင်၊ မရလည်း မရချင်ဘူး။

ငယ်တုန်းမှာ အဲလိုအတွေ့အကြုံမျိုး ရခဲ့ဖူးတာ ကောင်းတယ်လို့တော့ ထင်တယ်။

ဆုမြတ်မိုး said...

အကုန်ပျော်ပျော်ရွှင်ရွှင်လုပ်ရရင်တော့ပျော်ဖို့ကောင်းပါတယ်...။ ဒါပေမယ့် အချင်းချင်းမတည့်ရင်စိတ်ညစ်စရာ..။ :(

shin said...

အင်း။ P.Tiနဲ့ JuneOne လုပ်ခဲ့တဲ့ဆိုင်က ကိုယ်လုပ်ခဲ့ဖူးတဲ့ဆိုင်နဲ့တူများတူနေလားမသိ။ ဗမာများတာရယ်။ seafood ဆိုင်ဖြစ်နေတာကိုပေါင်းပြီး မှန်းကြည့်လိုက်တာပါ။ ဒါပေမဲ့ outletတော့တူမယ်မထင်ပါ။ မှတ်မှတ်ရရတရက်ကြုံဖူးတယ်။ တဆိုင်လုံးမှာတာဝန်ကျတာအကုန်ဗမာ။ managerရော supervisorတွေရော kitchen staffရော,စားပွဲထိုးတွေရော။ ဗမာမဟုတ်တာဆိုလို့ ပန်းကန်ဆေးတဲ့အဖိုးကြီးတယောက်ပဲရှိတယ်။ အဲ့ဒီညနေကဗမာလိုပြောပြီး စားပွဲထိုးခဲ့တာ အရမ်းပျော်ဖို့ကောင်းခဲ့တယ်။ Table No ဘယ်လောက်လဲ။ တစ်ဆယ့်တစ်ဆိုပြီး ဗမာလိုအားရပါးရပြောရတာကို အားလုံးကသဘောကျပြီးပျော်နေခဲ့ကြတာ လွမ်းတောင်လွမ်းတယ်။

ZT said...

Fish & Co ?? I also work there before but only for a short while. :D

shin said...

ha ha...yep yep...It's Fish & Co. I worked there like 2 and a half years. I even went back there and worked on weekend sometimes even after I graduate and got the full time job....LOL...

P.Ti said...

Fish & Co... I worked at at Novena Outlet for about 6 months. Time flies so fast... about 9-10 years ago. :)

yarwanna said...

I also worked for Fish&col Suntec Outlet. I love to work there as the Kitchen Cook. Around 2001 I think!

yarwanna said...

I also worked for Fish&col Suntec Outlet. I love to work there as the Kitchen Cook. Around 2001 I think!
KT

ShwunMi-ရွှန်းမီ-ရှနျးမီ said...

ကပ်စေးကုတ်ပြီး စားသောက်ဆိုင်မသွားချင်တဲ့ ဆင်ခြေ..