Search This Blog

Monday, February 21, 2011

Farmtown ကို အလည်အပတ်

ဖေ့စ်ဘွတ်ခ်ထဲမှာ Farmtown တို့ Farmville တို့ စတဲ့ ဂိမ်းတွေ ကစားရင်း ကိုယ့်စိုက်ခင်းလေးနဲ့ကိုယ် အပင်စိုက်လိုက် နွားမွေးလိုက် လုပ်ခဲ့ဖူးပါတယ်။ လွန်ခဲ့တဲ့ အပတ်ကတော့ ပြင်ဦးလွင်ကို ပျားရည် သွားဆမ်းရင်း တကယ့် အပြင်လောကက စိုက်ခင်းကလေး တစ်ခုကို ရောက်သွားခဲ့ပါတယ်။


ပြင်ဦးလွင်မြို့အထွက် လားရှိုးမြို့ဘက်ကို သွားတဲ့ ကားလမ်းဘေးမှာပါ။ ပွဲကောက် ရေတံခွန်ကို ကျော်ပြီး ပိတ်ချင်းမြောင် လှိုဏ်ဂူရှိတဲ့ ဝက်ဝံရွာကို မရောက်ခင် နေရာမှာ ရှိပါတယ်။ အတိအကျ ပြောရရင် နောင်ချိုလွင်ပြင်ကို မဆင်းခင် လမ်းရဲ့ ဘယ်ဖက် အခြမ်းမှာပါ။ စိုက်ခင်းကလေးကို ဒီဇင်ဘာလို့ နာမည်ပေးထားပါတယ်။

စိုက်ခင်းကလေးရဲ့ အဝင်မှာ ကျေးလက်ဆန်ဆန် ဆောက်ထားတဲ့ စားသောက်ဆိုင်ကလေး ရှိပါတယ်။


စားသောက်ဆိုင်ကလေးကို ကျော်လွန်သွားရင်တော့ ယုန်ဖြူဖြူကလေးတွေ မွေးထားတဲ့ ယုန်အိမ်ကလေးနဲ့ မြက်ခင်းကလေးတစ်ခု ကို ရောက်ပါတယ်။


ယုန်အိမ်ကလေးကို ကျော်သွားပြီးတော့ ပန်းခင်းတွေ စိုက်ခင်းတွေကို လှမ်းမြင်ရပါတယ်။


စတော်ဘယ်ရီပင်အောက်မှာ ထိုင်ပြီး စိတ်ကူးယဉ်ချင်တဲ့သူတွေ အတွက် စတော်ဘယ်ရီခင်းပါ။


ဝါသနာပါရင် ကိုယ်တိုင်ကိုယ်ကျ စတော်ဘယ်ရီ ဝင်ခူးလို့ ရပါတယ်လို့ ကြော်ငြာထားပါတယ်။



စတော်ဘယ်ရီခင်းနဲ့ မလှမ်းမကမ်းမှာ အလှစိုက်ထားတဲ့ ပန်းခင်းတွေကို လှမ်းပြီး တွေ့ရပါတယ်။


စိုက်ခင်းတွေ ကျော်လာပြီးတော့ အုတ်ဖုတ်တဲ့ နေရာကို ရောက်ပါတယ်။ အနောက်မှာ မျက်စိတဆုံးမြင်ရတာကတော့ နောင်ချိုလွင်ပြင်ပါ။

  

နောက်ဆုံးမှာတော့ စိုက်ခင်းထဲမှာ ရှိတဲ့ နွားခြံကို ရောက်ပါတယ်။ နွားတော့ နွားပါပဲ။ ဖရီရှန်လား ဂျာစီလား စွပ်ကျယ်လား ဘာနွားလဲတော့ မသိပါဘူး။


အားလုံး ကြည့်ပြီးသွားတော့ စားဖို့သောက်ဖို့ အချိန်ကျပါပြီ။ အဲဒါကြောင့် အဝင်ဝက စားသောက်ဆိုင်ဖက်ကို ပြန်လှည့်ခဲ့ပါတယ်။


ကန်းထရီးဆန်အောင် မြက်ခင်းပေါ်မှာပဲ ထိုင်စားဖို့ ကြံပါတယ်။


နို့စားနွားတွေ မြင်တော့ နွားနို့သောက်ချင်စိတ် ပေါက်လာပါတယ်။ ဒါနဲ့ပဲ နို့မလိုင် မှာလိုက်ပါတယ်။


ဘလော့ဂါ ပီသသွားအောင် ဒီတစ်ခါတော့ မစားခင် ဓာတ်ပုံရိုက်လိုက်ပါတယ်။ ရှမ်းထမင်းချဉ်ပါ။

စားသောက်ပြီးတော့ အဝင်ဝမှာ ဝိုင်ရောင်းနေတာ မြင်လို့ ဝင်မြည်းကြည့်ပါတယ်။ ပိန္နဲဝိုင်ဆိုလို့ တစ်ခါမှ မသောက်ဖူးလို့ တောင်းသောက်ကြည့်တာပါ။ စိုက်ခင်းကို နှုတ်ဆက်ထွက်ခွာမယ် အကြံနဲ့ ကားဘေးကို အရောက်မှာတော့ လော့ခ်ချထားတဲ့ ဗင်ကားထဲမှာ ကျန်ခဲ့တဲ့ သော့တန်းလန်းကိုမြင်ပြီး ချွေးပျံသွားပါတယ်။ သွားပြီဟလို့ လိုက်ပို့ပေးတဲ့ သူငယ်ချင်းက အာမေဋိတ်သံ ပေးပါတယ်။ ဆိုင်ထဲသွားပြီး တစ်ခြား ဗင်ကား တစ်စီးက သော့ကို ငှားပြီး ဖွင့်ကြည့်ပေမယ့် မအောင်မြင်ပါဘူး။ ဆိုးလက်စ်သော့ ဆိုတော့ ဖွင့်မရပါဘူး။

ကျွန်တော်တို့ မြန်မာတွေ ကူညီချင်စိတ် ရှိကြပါတယ်။ ချက်ချင်းပဲ ဘေးနားမှာ ရှိနေတဲ့ တစ်ယောက်က သူဖွင့်ပေးမယ်လို့ ကမ်းလှမ်းပါတယ်။ နောက်တော့ ဆိုင်ထဲကို တူယူလာခဲ့ဟေ့ လို့ လှမ်းပြောသံ ကြားရတော့ မျက်လုံးပြူးသွား ပါတယ်။ သော့ကို တူနဲ့ပဲ ထုတော့မလား မှန်ပဲ ရိုက်ခွဲတော့မလား စဉ်းစားနေတုန်းမှာပဲ နောက်တစ်ယောက်က ဝါးတူတစ်စုံကို ယူပြီး ထွက်လာတာ မြင်မှ သူပြောတဲ့ တူဆိုတာ chopstick ကို ပြောမှန်း သဘောပေါက်သွားပါတယ်။ ဝါးတူတစ်စုံကို သူတို့ နှစ်ယောက် တစ်ယောက် တစ်ချောင်းခွဲပြီး တစ်ယောက်က ဒရိုင်ဘာဖက် အခြမ်း နောက်တစ်ယောက်က ခရီးသည် ထိုင်ခုံဖက် အခြမ်း ကနေ ဖွင့်ကြပါတယ်။ တံခါး လက်ကိုင်ကို ဆွဲမပြီး အောက်ကနေ လော့ခ်ကို တူနဲ့ ထိုးပြီး တင်တာပါ။ မိနစ်ပိုင်းလောက် ကြိုးစားအပြီးမှာတော့ ခရီးသည် ထိုင်ခုံဘက် အခြမ်းက တံခါးလော့ခ်ကို အောင်မြင်စွာ ဖွင့်နိုင်လိုက်ပါတယ်။

ဒီလိုနဲ့ပဲ စိုက်ခင်း အလည်အပတ် ခရီးစဉ် ချွေးပျံရင်း ပြီးဆုံးသွားပါတယ်။

12 comments:

Unknown said...

Congratulation, happy married life!!

Your sis, Dubai

nyimuyar said...

Congratttttsssss :D welcome on-board...

Anonymous said...

ဒီဇင်ဘာ နွားနို့ဆိုင် မှာ နာမည်ကြီးတာက နွားနို့ပါ။ အခု ဆိုရင် ပြင်ဦးလွင်မှာ ဒီဇင်ဘာနွားနို့ဆိုင်ခွဲ ၃ဆိုင်နဲ့ မန္တလေးမှာဆိုင်ခွဲ ၄ဆိုင်ရှိတယ်လို့ ပြောပါတယ်။ နွားခြံ စတော်ဘယ်ရီ ခင်းနဲ့ တွဲထားတာတော့ ဒီဆိုင်တစ်ဆိုင်ပဲရှိတာပါ။ခြံ အကျယ်ကြီးထဲ မှာ နွားမွေးပြီး(နွားကြွေးဖို့ စိုက်ထားတဲ့ နိုင်ငံခြားမြက် ခင်းလည် ရှိပါတယ်) ကိုယ့်ခြံက ထွက်တဲ့ နွားနို့ စစ် စစ်ေ၇ာင်းတဲ့သဘောပါ ပဲ။ ဒါပေမယ့် နို့ထွက်အားနဲ့ ၀ယ်အားမမျှတော့ လိုသလောက်ကို အပြင်က၀ယ်ဖြည့်ရတာပါပဲ။ သူ့ ဆိုင်ကနွားနို့က စစ်ပါတယ်။ နောက်ပြီးဈေးလည်း သူများဆိုင်ထက်ပိုပါတယ်။
စတော်ဘယ်ရီပေါ်ချိန်ဆိုရင် ဧည့်သည်က ခြံထဲဆင်း ကြိုက်တဲ့ အသီးရွေဆွတ်ပြီး ဖျော်ရည်ဖျော်ခိုင်းလို့ရပါတယ်။ Freshly Made လည်းဖြစ်ပြီး ပျော်ဖို့လည်းကောင်းပါတယ်။အထူးသဖြင့် စုံတွဲတွေ အတွက်ပိုပျော်ဖို့ကောင်းတယ်ထင်ပါတယ်။caricature ပုံ အဆွဲ ခံချင်တယ်ဆိုရင်လည်း ဆိုင်မှာ caricaturist ရှိပါတယ်။

ပြင်ဦးလွင် ပျားရည်ဆမ်း ခရီးမှာ ပျော်ရွှင်ခဲ့ကြတယ်လို့ယုံကြည်ပါတယ်။ ...း)

သုံးစက်(ပြင်ဦးလွင်သား)

JuneOne said...

Congratulation, ဒါ့ကြောင့်ပျောက်နေတာကိုး။

မောင် said...

congratulations, ko ZT!

Anonymous said...

သော့ကျန်ခဲ့တာ ကားတံကားကို လံယ်လွယ်ကူကူ ပြန်ဖွင့်နိုင်လို့ဘဲ။ မဖွင့်နိုင်ရင်တော့ - သွားပါပြီ အပျော်ခရီးလေးရယ် ---

Anonymous said...

အဟိ
အရှေ့က ပြင်ဦးလွင်သားဆိုသူပြောတာ ပြည့်စုံနေတော့
ကျနော် ဘာမှ မပြောလိုတော့ပါ။
သေချာတာကတော့ ဒီဇင်ဘာဆိုင်ကို(ဈေးကြီးထိပ်က)
သိပ်မထိုင်ပါ..သူငယ်ချင်းဇွတ်အတင်းခေါ်မှသာ ထိုင်ဖြစ်ပါတယ်..။
ကျနော်အဖို့တော့ သူရဲ့ နောက်ကျောချင်းကပ်လျက်က ဂေါ်ရခါး နွားနို့ဆိုင်သေးသေးပဲ အမြဲထိုင်ဖြစ်ပါတယ်။

ပေါက်

(ကိုဇက်တီ ပြောပြောစောရောပေါ့
မေမြို့သွားတာသိရရင် ထမင်းဖိတ်ကျွေးစရာလို့..
ဟားဟား)

မြူးမြူး said...

စိုက်ခင်းလေးတွေက လှတယ်.. နို့မလိုင်ကလဲ ကောင်းမယ့်ပုံပဲ.. ဒီတခါရန်ကုန်ပြန်ရင် မေမြို့သွားလည်မလို့.. အဲဒီနေရာကို ရောက်အောင်သွားဦးမယ်.. :)

Anonymous said...

Blog ကမပြည့်စုံသေးဘူး။ မင်းသား နဲ့ မင်းသမီး ပုံတွေတင်ဖို့ ကျန်သေးတယ်လေ။

ချော(အစိမ်းရောင်လွင်ပြင်) said...

ကန်တော်ကြီးထဲမှာလည်း သူတို့ဆိုင်ရှိတယ်နော်
နွားနို့သိပ်ကြိုက်လို့ ၂ခွက်တောင် သောက်ခဲ့တယ် ဟီး
အရသာက ပြောဖို့မလိုအောင်ကောင်းပါတယ်။
ခြံရှုခင်းကတော့ စိတ်ချမ်းမြေ့စရာလေးရယ်
ဟန်းနီးမွန်းသွားတဲ့ မောင်နှံအတော်ပျော်ခဲ့ပုံရတယ်
ရာသက်ပန်ရွှေလက်တွဲလို့ မြဲနိုင်ပါစေရှင်

sosegado said...

Congratulation,
ပျော်ရွင်စရာ ဟန်နီးမွန်းဖြစ်ပါစေ၊
ကားတံခါးကို တူနဲ့ဖွင့်နည်း ရလိုက်တာပေါ၊
ပြည်တော်ပြန်ဘုရား၊ ဘုံကျောင်းဝင်ပြီး ဆုတောင်းခဲ့ပါလား
သားသားလေးမီးမီးလေးအတွက်

Anonymous said...

ပြင်ဦးလွင်မှာ အတော်နေဖူးပေမယ့် အရက်ဆိုင်ပဲ စုံအောင် လျှောက်သောက်နေတာ ဆိုတော့ ဥာဏ်တော နားက ဒီဇင်ဘာနဲ့ မန်းလေးက ဒီဇင်ဘာ (င်္Friend လဘက်ရည်ဆိုင် ရှေ့ ။ ၇၃ လမ်းလားမသိ ) တော့ ထိုင်ဖူးတယ် ။ ကိုZT ပြောတဲ့လမ်းက ဆိုင်တော့ ဖြတ်သွားဖူးတယ် ။ ဒါပေသိ ၀င်မထိုင်ဖူးဘူး ။

စကားမစပ် ပျားရည်ဆမ်းက နွားနို့ဆိုတော့ အတော်အားရှိမှာနော ...

အဟေးဟေး
ကိုရင်ညိန်း