Search This Blog

Friday, April 1, 2011

ဖြစ်မှဖြစ်ရလေ

ကျွန်တော်တို့ ကျောင်းပြီးလို့ အလုပ်ရခါစ အချိန်ကပါ။ တစ်နေ့တော့ ရုံးကအပြန် စောနေတာမို့ အိမ်နားမှာ ရှိတဲ့ သူငယ်ချင်းတွေ အိမ် လှည့်ဝင် ခဲ့ပါတယ်။ သူတို့ အိမ်မှာလည်း အတော်များများ အလုပ်က ပြန်မလာကြသေးလို့ လူသိပ်မရှိပါဘူး။ အလုပ်ရှာနေဆဲ သူငယ်ချင်း တစ်ယောက်ပဲ အိမ်ရှေ့ခန်းမှာ ရှိပါတယ်။

ကျွန်တော် သူ့ကိုလှမ်းကြည့်တော့ သူ့မျက်နှာက ပေါင်မုန့်ရေစိမ်ကို ခွေးနင်းထားသလို  ရှုံ့တွနေပါတယ်။ ထုံးစံအတိုင်း ပါးစပ်ထဲ တွေ့ကရာ နောက်နေကျမို့ ကျွန်တော် သူ့ကို လှမ်းစလိုက်ပါတယ်။

"ဟေ့ကောင် ဘယ်လို ဖြစ်နေတာလဲ။ မင်းညီမ လင်နောက်လိုက်သွားလို့လား"
"ဟေ့ကောင် တော်စမ်း။ လာ မကျပ်နဲ့။ ငါဒီမှာ ညစ်တွန်းတွန်းနေတယ်။"
"ဘာဖြစ်ရပြန်တာလဲ။ အလုပ်က အချိန်တန်တော့ ရမှာပေါ့ကွာ။ ငါတို့လည်း မနေ့တစ်နေ့ကမှ ရတာပဲ။ မင်းလည်း ရမှာပေါ့။" ကျွန်တော်က အလုပ်မရသေးတဲ့ ကိစ္စနဲ့ သူ ညစ်နေတယ် မှတ်လို့ အားပေးလိုက်ပါတယ်။

"အလုပ်ကိစ္စလည်း ပါတာပေါ့ကွာ။ အခု အချိန် အလုပ် ရှိနေရင် ဒီလောက် ညစ်မနေဘူး။ အခုဟာက အလုပ်မရှိလို့ ပိုပြီး ညစ်နေတယ်။"
"အလုပ်က ဒီနေ့ရတာနဲ့ မနက်ဖြန်ရတာပဲ ကွာတယ်။ ရတော့ ရမှာပဲ။ မင်းအိမ်ကပိုက်ဆံ မင်းပဲ ဖြုန်းမယ့်သူ ရှိတာ။ ဘာဖြစ်နေတာလဲ။"
"ဟေ့ကောင်။ ငါအကောင်းပြောမယ်။ ဒီမှာ ငါမြွေကိုက်နေတယ်။"
"ဘာဖြစ်တာလဲ။"
သူက ကျွန်တော့်နားကို တိုးတိုး ကပ်ပြောပါတယ်။
"ငါ့ရည်းစား ကုန်းထောက်သွားလို့ကွ။ အဲဒါ ငါလည်း နေ့လည်ကမှ သိတယ်။"

သူ့စကားကြားတော့ ကျွန်တော်လည်း မျက်လုံးပြူးသွားပါတယ်။
"ဟေ့ကောင်။ မင်းဟာက သေချာရဲ့လား။"
"သေချာပါတယ်။ သူ နှစ်ခါတောင် စစ်ပြီးပြီတဲ့။" ပြောပြီး သူက သက်ပြင်းချပါတယ်။
"မင်းကလည်း ခိုးစားတာ အကာအကွယ်လေး ဘာလေး မလုပ်ဘူးလား။"
"လုပ်တော့ လုပ်တာပေါ့ဟ။ ဒါပေမယ့် ကိုယ့်ရည်းစားနဲ့ကိုယ် ဘယ်သူက အမြဲတမ်း အကာအကွယ် လုပ်မလဲ။"
"အကာအကွယ် မလုပ်ရင်တော့ ဖြစ်မှာပေါ့။ မဟုတ်ဘူးလား။"
"နင့်ကြီးဒေါ်။ ဘယ်သူက သွားလေရာ လာလေရာ ဒါကြီး အိတ်ထဲ ထည့်သွားမလဲ။ တစ်ခါတစ်လေ လက်လွန်သွားရင် အရေးပေါ်ဆေးသုံးတာတို့ ဘာတို့ ရှိတာပေါ့။ နောက်ပြီး ရက်တွက်လို့ လွတ်တယ် ထင်ရင် ပလိန်းလွှတ် လိုက်တာတွေလည်း ရှိတာပေါ့။ လူတိုင်း ဒီလို ကျုတ်ကြက်လိ နေကြတာပဲ။"
"အေးလေ။ အခုတော့ နားကားသွားပြီပေါ့။"
"ဒါကတော့ ကွာ။ အစကတည်းက Risk ရှိတယ် ဆိုတာ သိတာပဲ။ ဖြစ်ပြီးမှတော့ ဘယ်တတ်နိုင်မလဲ။ ဒါပေမယ့်လည်း ညစ်တာကတော့ ညစ်တာပဲကွ။"

ဘာမှ မစီစဉ်ရသေးခင် ရုတ်တရက် ဒီလိုကြီး ထဖြစ်တယ် ဆိုတော့ သူညစ်နေမှာ အမှန်ပါပဲ။
"အဲဒီတော့ အခု မင်းဘယ်လို လုပ်ဖို့ စဉ်းစားထားလဲ။"
"အေးကွာ။ အဲဒါကြောင့် ခေါင်းစားနေတာပေါ့။ အခုအချိန် အိမ်ကို မိန်းမယူတော့မယ် ပြောရင်လည်း အဆဲခံရမယ်။ ကျောင်းက အခုမှပြီးတာ။ အလုပ်ကမရသေးဘူး။ ဗိုက်ကြီး သွားလို့ပါ ဆိုရင် ပိုပြီး အဆဲခံရမယ်။ ဒါပေမယ့်လည်း မတတ်နိုင်ဘူး ပြောတော့ ပြောရမှာပဲ။"
"မိန်းမ မယူဘဲ ကလေးကြိုယူထားပေါ့ကွာ။ ဘာဖြစ်လဲ။ မင်းတို့ မင်္ဂလာဆောင်တော့ ကလေးကို ပန်းကြဲခိုင်းပေါ့"
"ဟေ့ကောင်။ မနောက်စမ်းနဲ့ကွာ။"
သူက ပြောပြီး ခုနလို ပြန်ငိုင်နေပါတယ်။ ကျွန်တော်လည်း ဘာအကြံပေးရမှန်း မသိပါဘူး။
"မင်း ကောင်မလေးကရော ဘာပြောလဲ။" ကျွန်တော်က မေးလိုက်ပါတယ်။
"သူကတော့ ခေါင်းအေးအေး ထားပါ။ အေးအေးဆေးဆေး စီစဉ်ပြီးမှ အိမ်ကို ပြောကြတာပေါ့ လို့ ပြောတာပဲ။" သူက ပြန်ပြောပါတယ်။
"လုပ်စရာ ရှိလည်း မြန်မြန်လုပ်။ အခုအချိန်က သိပ်ကိစ္စ မရှိဘူး။ လမစေ့ဘဲ မွေးသလိုနဲ့ အသာလေး ရောချလိုက်လို့ ရတယ်။ ဒီလိုနည်းနဲ့ ရောကြိတ်နေတဲ့ ကောင်တွေ မနည်းဘူး။"

ခဏနေတော့ အိမ်ထဲကို သူနဲ့ အတူနေတဲ့ သူငယ်ချင်းတွေ အရှိုအရှို ပြန်ရောက်လာကြပါတယ်။ တစ်ယောက်စကား တစ်ယောက်နားနဲ့ ခဏနေတော့ အားလုံး သိသွားကြပါတယ်။ ဖြစ်ပြီးမှတော့ မထူးတော့ဘူး သဘောထားပြီး အားလုံးက သူ့ကို ဝိုင်းနောက်နေကြပါတယ်။ ဘေးကလူတွေက ပြုံးနိုင်ပေမယ့်လည်း တကယ်ခံရတယ့် ကာယကံရှင်က တော့ မပြုံးနိုင်ပါဘူး။  ဘီလူး သံပုရာသီး ကိုက်ထားသလို မျက်နှာက ရှုံ့တွ နေတုန်းပါပဲ။

အဲဒီ အချိန်မှာ သူ့ရဲ့ ဟင်းန်းဖုန်းက တတီတီနဲ့ မက်ဆေ့ ဝင်တဲ့ အသံ မြည်လာပါတယ်။ သူက ဖုန်းကို ကောက်ကိုက်ပြီး မက်ဆေ့ကို ဖွင့်ကြည့်လိုက်ပါတယ်။ နောက်တော့ ပါးစပ်က "ငါကွာ.." ဆိုပြီး ဒေါသဖြစ်ဖြစ် မကျေမနပ်နဲ့ တောက်ခေါက်ပါတယ်။ အားလုံးက သူ့ကို ဝိုင်းကြည့်နေကြပါတယ်။

"ဟေ့ကောင်။ ဘာဖြစ်ပြန်ပြီလဲ။" ဘေးက သူငယ်ချင်းတစ်ယောက်က လှမ်းမေးပါတယ်။

သူက ဘာမှ ပြန်မပြောဘဲ ဖုန်းကို လှမ်းပေးပါတယ်။ ဘေးက ကောင်က ဖုန်းထဲက မက်ဆေ့ကို ဖတ်ကြည့်ရင်း ဟက်ဟက်ပက်ပက် ထရယ်ပါတယ်။ နောက်တော့ သူက ကျွန်တော်တို့ အားလုံးကို ပြောပါတယ်။

"သူ့ရည်းစားဆီက မက်ဆေ့ကွ။ ငါဖတ်ပြမယ်။ ဒါလင်။ စိတ်မပူပါနဲ့။ သူဘာမှ မဖြစ်ပါဘူး။ အေပရယ်လ်ဖူး အတွက် စလိုက်တာပါ။ ဟက်ပီး အေပရယ်လ်ဖူးဒေးတဲ့။ ဟားဟား"

နောက်စရာ ရှားလို့ ဒီနည်းနဲ့မှ နောက်ရတယ်လို့ ပြောရင်း ကျွန်တော်တို့ အားလုံးဝိုင်းရယ်လိုက် ကြပါတယ်။

9 comments:

Ko Boyz said...

ခံရတဲ့ ကောင်တော့ အတော်အီသွားမှာပဲ..
ကိုဇက်တီ ကိုယ်တွေ့လားဗျ...။ :P

Anonymous said...

ခိုးစားပါတယ်ဆိုမှာ ဖူးလ်လိုက်တာ လူသိကုန်ပြီ..အဟား။
ကဇက်တီလဲ.. အရေးအသားတွေ.. အတော်ပွင့်လင်းလာပါလား။ :O
mm

Raymond.Kyaw Minn Naing said...

ကုန်းထောက်တယ်ဆိုတာ အသစ်ပဲ။ မှတ်သားလောက်ပါတယ်။ PG-13 လား R လား တစ်ခုခုပဲ။

ဉာဏ်လင်းထူး said...

အဆံုးက်မွ ရိုက္ခ်လိုက္တာပဲဗ်ာ
ပထမလူကေမ်ာသြားတာ

MrDBA said...

စကားလုံး အသစ်ကို မှတ်သားသွားတယ်။ မိန်းမဗိုက်ထွက်လာရင် သူများတွေကို ပြောဖို့။ ((ဟမ်))

ဧပရယ်ကျောက် said...

ကျုပ်ကျက်လိ ဆိုတာ ကြည့်ကျက်လုပ် ကို ပြောခြင်းဖြစ်သည်ထင်ပါသည်။
ဘာကိုကြည့်ပြီးလုပ်ကြောင်း မရှင်းလင်းပါခင်ဗျာ....

PAUK said...

ရယ်လိုက်ရတာ..။

Han Myo Htwe said...

Hee hee.. yee ya tal....

ကိုအောင်(ပျူနိုင်ငံ) said...

ကိုဇက်တီရေ ... အားပေးတယ်ဗျာ၊ အမြဲတမ်း
လိုလို ရောက်ပါတယ်။