တစ်ခါတုန်းက ဗလာဒီမာဆိုတဲ့ မြို့ကလေးတစ်မြို့မှာ နေထိုင်တဲ့ အိုင်ဗန် ဒီမီထရစ်ချ် အက်ဆီယိုနော့ဗ် ဆိုတဲ့ လူငယ် ကုန်သည်တစ်ယောက် ရှိပါတယ်။ သူဟာ ဆိုင်နှစ်ဆိုင်နဲ့ အိမ်တစ်လုံး ပိုင်ဆိုင်တဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။
အက်ဆီယိုနော့ဗ်ဟာ ရုပ်ရည် ချောမောပြီး ကြည့်ကောင်းတဲ့ ဆံပင်နဲ့ နဖူးတွန့်တွန့် ရှိတဲ့ သူတစ်ယောက် ဖြစ်ပါတယ်။ အမြဲတမ်း ပျော်ရွှင် နေတတ်ပြီး သီချင်းဆိုရတာကို နှစ်သက်တတ်တဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ သူဟာ ငယ်ရွယ်စဉ် အချိန် တုန်းကတော့ အရက် အလွန်သောက်ပြီး အလွန်အကျွံမူးလာရင် သောင်းကျန်း တတ်ပါတယ်။ ဒါပေမယ့်လည်း အိမ်ထောင်ကျပြီးတဲ့ အချိန်မှာတော့ အရက်ကို အလွန်အကျွံ မသောက်တော့ပဲ တခါတလေပဲ သောက်ပါတော့တယ်။
တစ်ခုသော နွေရာသီရဲ့ နေ့တစ်နေ့မှာတော့ အက်ဆီနော့ဗ်ဟာ နစ်ဇနီမြို့မှာ ရှိတဲ့ ကုန်စည်ပြပွဲကို သွားဖို့ ထွက်လာခဲ့ပါတယ်။ သူ့မိသားစုကို နှုတ်ဆက်နေတဲ့ အချိန်မှာ သူ့ရဲ့ ဇနီးသည်က ပြောပါတယ်။
"အိုင်ဗန် ဒီမီထရစ်ချ်။ ရှင်ဒီနေ့ မသွားပါနဲ့လား။ ဒီနေ့ကျွန်မ ရှင်နဲ့ ပတ်သက်ပြီး အိပ်မက်ဆိုးမက်တယ်။"
အဲဒီအခါမှာ အက်ဆီယိုနော့ဗ်က ရယ်ပြီး ပြောပါတယ်။
"ငါပြပွဲကို ရောက်သွားရင် လွတ်ထွက်သွားမှာကို မင်းက စိုးရိမ်နေတာမဟုတ်လား။"
အဲဒီတော့ သူ့ဇနီးက ပြန်ပြောပါတယ်။
"ကျွန်မ ဘာကို စိုးရိမ်နေသလဲတော့ မသိဘူး။ ကျွန်မသိတာက ကျွန်မ အိပ်မက် မကောင်းဘူး။ မနေ့က အိပ်မက်ထဲမှာ ရှင်မြို့က ပြန်လာတယ်။ ရှင့်ရဲ့ ဦးထုပ်ကို ချွတ်လိုက်တော့ ရှင့်ရဲ့ ဆံပင်တွေ ဖြူနေတယ်။"
အက်ဆီယိုနော့ဗ်က ရယ်ပါတယ်။ ပြီးတော့ "ဒါကံကောင်းတဲ့ လက္ခဏာပဲ။ ငါ့ ကုန်တွေ အကုန်ရောင်းရပြီး မင်းအတွက် လက်ဆောင်တွေ ဝယ်လာခဲ့မယ်။ ကြည့်နေ။" လို့ ပြောပါတယ်။ နောက်တော့ သူဟာ မိသားစုကို နှုတ်ဆက်ပြီး လှည်းကို မောင်းထွက်သွားပါတော့တယ်။
သူဟာ ခရီးသွားရင်း လမ်းတဝက် အရောက်မှာတော့ သူနဲ့ သိတဲ့ ကုန်သည်တစ်ယောက်နဲ့ ဆုံပါတယ်။ နောက်တော့ သူတို့ ညအိပ်ထမင်းဆိုင် တစ်ခုမှာ အတူတူ တည်းခိုကြပါတယ်။ သူတို့နှစ်ယောက် လက်ဖက်ရည် အတူတူ သောက်ကြပြီးတဲ့ နောက်မှာတော့ ကပ်လျှက် ရှိတဲ့ အခန်းနှစ်ခန်းမှာ အသီးသီး အိပ်ရာဝင် ခဲ့ကြပါတယ်။
အက်ဆီယိုနော့ဗ်ဟာ နောက်ကျတဲ့ အထိ အိပ်တတ်တဲ့သူ မဟုတ်ပါဘူး။ အေးနေတဲ့ အချိန်မှာ ခရီးသွားရတာကို နှစ်သက်ပါတယ်။ အဲဒါကြောင့် သူဟာ သူ့ရဲ့ လှည်းမောင်းသမားကို အရုဏ်မတက်ခင်နှိုးပြီး မြင်းတွေကို ပြင်ခိုင်းပါတယ်။
အဲဒီနောက်မှာတော့ သူဟာ တည်းခိုးခန်းရဲ့ အနောက်ဖက်မှာ အိမ်ငယ်ကလေးနဲ့ နေတဲ့ ဆိုင်ရှင်ဆီကို သွားပြီး သူ့ရဲ့ တည်းခိုခ ကျသင့်ငွေတွေကို ရှင်းပါတယ်။ နောက်တော့ သူဟာ ခရီး ဆက်ထွက်ခဲ့ပါတယ်။
၂၅ မိုင်လောက် ခရီးနှင်ပြီးတဲ့ အခါမှာတော့ သူဟာ မြင်းတွေကို အစာကျွေးဖို့ ခဏနားပါတယ်။ အက်ဆီယိုနော့ဗ်ဟာ ထမင်းဆိုင်ထဲက လူသွားလမ်းကလေး တစ်ခုမှာ အနားယူနေပါတယ်။ နောက်တော့ သူဟာ ဆင်ဝင်အောက်ကို ထွက်လာပြီး ရေနွေးအိုး တည်ခိုင်းပြီးတဲ့နောက်မှာ သူ့ရဲ့ ဂစ်တာကို ထုတ်ပြီး တီးပါတော့တယ်။
ရုတ်တရက် ဆိုသလိုပဲ မြင်းသုံးကောင်ဆွဲတဲ့ ရထားတစ်စင်းဟာ ခေါင်းလောင်းသံ ဆူဆူညံညံနဲ့ မောင်းလာပြီးတော့ ရထားပေါ်က အရာရှိ တစ်ယောက် ဆင်းလာပါတယ်။ အဲဒီနောက်မှာတော့ သူ့ကို ဘယ်သူလဲ ဘယ်အချိန်က ရောက်နေတာလဲ စသည်ဖြင့် မေးခွန်းတွေ ထုတ်ပါတော့တယ်။ အက်ဆီယိုနော့ဗ်က သူမေးသမျှကို အပြည့်အစုံ ဖြေကြားပြီးတော့ "ကျုပ်နဲ့ အတူ လက်ဖက်ရည်သောက်ပါဦးလား။" လို့ အဲဒီလူကို ဖိတ်ပါတယ်။ ဒါပေမယ့်လည်း အရာရှိက သူ့ကို မေးခွန်းတွေ ထပ်မေးပါတယ်။ သူက " ခင်ဗျားညက ဘယ်မှာ အိပ်သလဲ။ ခင်ဗျား တစ်ယောက်တည်းလား။ တခြား အဖော်ကုန်သည် တစ်ယောက်နဲ့လား။ ခင်ဗျား ဒီမနက် တခြား ကုန်သည်တွေကို မြင်သေးလား။ ဘာဖြစ်လို့ ခင်ဗျား အရုဏ်မတက်ခင် ညအိပ်ထမင်းဆိုင်က ထွက်သွားရတာလဲ။" စသည်ဖြင့် မေးခွန်းတွေ မေးပါတယ်။ အက်ဆီယိုနော့ဗ်ကတော့ ဘာဖြစ်လို့ သူ့ကို ဒီမေးခွန်းတွေ မေးရသလဲလို့ စဉ်းစားမရ ဖြစ်နေပါတယ်။ ဒါပေမယ့်လည်း သူက ဖြစ်သမျှ အကြောင်းအကုန်လုံးကို ပြန်ပြောပြပါတယ်။ နောက်တော့ သူက
"ခင်ဗျား ဘာဖြစ်လို့ ကျုပ်ကို သူခိုးဓားပြ တစ်ယောက်လို မေးခွန်းတွေ မေးနေရတာလဲ။ ကျွန်တော် စီးပွားရေး ကိစ္စနဲ့ ခရီးသွားနေတာ။ အဲဒီလိုမျိုး မေးစရာ မလိုဘူး။" လို့ ဆက်ပြောပါတယ်။
အဲဒီအခါမှာ အရာရှိက သူ့ရဲ့ စစ်သားတွေကို ခေါ်ပြီး ပြောပါတယ်။ " ကျုပ်က ဒီနယ်မြေက ရဲအရာရှိပါ။ ကျုပ်ခင်ဗျားကို မေးခွန်းတွေ မေးနေရတာက ခင်ဗျားနဲ့ ညက အတူတည်းခဲ့တဲ့ ကုန်သည်ဟာ လည်လှီးပြီး အသတ်ခံထားတာ တွေ့ရတယ်။ ကျုပ်တို့ အနေနဲ့ ခင်ဗျားရဲ့ ပစ္စည်းတွေကို ရှာရလိမ့်မယ်။"
သူတို့ဟာ ဆိုင်ထဲကို ဝင်ကြပါတယ်။ နောက်တော့ စစ်သားတွေနဲ့ ရဲအရာရှိဟာ အက်ဆီယိုနော့ဗ်ရဲ့ အထုတ်အပိုးတွေကို ဖြည်ပြီး ရှာကြပါတယ်။ ရုတ်တရက်ဆိုသလိုပဲ ရဲအရာရှိက အိတ်တစ်လုံးထဲကနေ ဓားတစ်ချောင်းကို ထုတ်ပြီး အော်လိုက်ပါတယ်။
"ဒါက ဘယ်သူ့ဓားလဲ။"
အက်ဆီယိုနော့ဗ်က လှမ်းကြည့်လိုက်တဲ့ အခါမှာ သူ့ရဲ့ အိတ်ထဲကနေ သွေးစွန်းနေတဲ့ ဓားတစ်ချောင်း ထုတ်လိုက်တာကို တွေ့လိုက်ရပါတယ်။ သူ လန့်သွားပါတယ်။
"ဘာဖြစ်လို့ ဒီဓားမှာ သွေးစွန်းနေရတာလဲ။"
အက်ဆီယိုနော့ဗ်ဟာ သူ့ရဲ့ မေးခွန်းကို ဖြေဖို့ ကြိုးစားပါတယ်။ ဒါပေမယ့် စကား တစ်လုံးမှ မပြောနိုင်ပါဘူး။
"ကျုပ်..ကျုပ် မသိဘူး။ ဒါ..ဒါ ကျုပ်ဓားလည်း မဟုတ်ဘူး။" လို့ပဲ အထစ်ထစ် အငေါ့ငေါ့ ပြောနိုင်ပါတော့တယ်။
အဲဒီအခါမှာ ရဲအရာရှိက ပြောပါတယ်။
"ဒီမနက် ကုန်သည်ကို သူ့အိပ်ရာထဲမှာ လည်လှီးပြီး အသတ်ခံထားတာ တွေ့ရတယ်။ ဒီအလုပ်ကို လုပ်နိုင်မယ့်သူက ခင်ဗျားတစ်ယောက်တည်း ရှိတယ်။ အိမ်က အထဲကနေ သော့ခတ်ထားတယ်။ တခြား ဘယ်သူမှလည်း မရှိဘူး။ ဒီမှာ ခင်ဗျား အိတ်ထဲက သွေးစွန်းနေတဲ့ဓား။ နောက်ပြီး ခင်ဗျားရဲ့ မျက်နှာနဲ့ အမူအယာလည်း ပျက်နေတယ်။ ခင်ဗျား သူ့ကို ဘယ်လို သတ်ခဲ့သလဲ ဆိုတာကိုပြော။ ခင်ဗျား သူ့ဆီက ပိုက်ဆံ ဘယ်လောက် ခိုးလာခဲ့သလဲ။"
အက်ဆီယိုနော့ဗ်ဟာ သူမလုပ်ရကြောင်းကို ကျိန်တွယ်ပြီး ပြောပါတယ်။ သူတို့ လက်ဖက်ရည် အတူတူသောက်ပြီးတဲ့ နောက်မှာ အဲဒီကုန်သည်ကို သူမတွေ့တော့ကြောင်း၊ သူ့မှာ သူ့ကိုယ်ပိုင်ပိုက်ဆံ ရူဘယ် ၈ ထောင်က လွဲလို့ တခြား မရှိကြောင်း၊ ဒီဓားဟာလည်း သူ့ရဲ့ ဓားမဟုတ်ရကြောင်းကို ပြောပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ အသံတွေက အက်ကွဲနေပြီး သူ့ရဲ့မျက်နှာက ဖြူဖတ်ဖြူလျော် ဖြစ်နေပါတယ်။ သူဟာ အပြစ်ရှိတဲ့ လူလိုပဲ ကြောက်ရွံ့မှုနဲ့ တုန်လှုပ်နေပါတယ်။
ရဲအရာရှိက အက်ဆီယိုနော့ဗ်ကို ကြိုးတုတ်ပြီး လှည်းပေါ်ကို တင်ဖို့ စစ်သားတွေကို အမိန့်ပေးပါတယ်။ သူတို့က သူ့ရဲ့ ခြေထောက်တွေကို အတူတူပူးချည်ပြီး လှည်းပေါ်ကို ပစ်တင်လိုက်တဲ့ အခါမှာတော့ အက်ဆီယိုနော့ဗ်ဟာ မျက်နှာကို လက်ဝါးနဲ့ အုပ်ပြီး ငိုပါတော့တယ်။ သူ့ရဲ့ ပိုက်ဆံတွေ ပစ္စည်းတွေကို သူ့ဆီက သိမ်းသွားပြီးတဲ့နောက်မှာ သူ့ကို အနီးဆုံးမြို့ တစ်မြို့ကို ပို့ပြီး အကျဉ်းချ ထားပါတယ်။ နောက်တော့ သူ့ရဲ့ အကျင့်စာရိတ္တနဲ့ ပတ်သက်ပြီး ဗလာဒီမာမှာ စုံစမ်းကြပါတယ်။ အဲဒီမြို့မှာ ရှိတဲ့ ကုန်သည်တွေနဲ့ အခြားသူတွေက အရင်တုန်းကတော့ သူဟာ အရက်သောက်ပြီး အချိန်ဖြုန်းနေတတ်တဲ့ လူတစ်ယောက် ဖြစ်ပေမယ့် လူကောင်းတစ်ယောက်ဖြစ်တဲ့ အကြောင်း ပြောကြပါတယ်။ နောက်တော့ သူ့ရဲ့ အမှုကို စစ်ပါတယ်။ သူ့ကို ရိုင်ယာဇန်က ကုန်သည်ကို သတ်တဲ့ အမှုနဲ့ ရူဘယ် နှစ်သောင်းကို ဓားပြတိုက်မှုနဲ့ စွပ်စွဲပါတယ်။ သူ့ရဲ့ ဇနီးသည်ကတော့ အကြီးအကျယ် စိတ်ပျက်နေပါတယ်။ သူမအနေနဲ့ ဘာကို ယုံရမလဲ ဆိုတာ မသိဘူး ဖြစ်နေပါတယ်။ သူမရဲ့ ကလေးတွေက ငယ်ငယ်ကလေးတွေပဲ ရှိပါသေးတယ်။ တစ်ယောက်က ဆိုရင် ရင်ခွင်ပိုက် အရွယ်ပဲ ရှိပါသေးတယ်။ သူမဟာ ကလေးတွေကို ခေါ်ပြီးတော့ သူမရဲ့ ခင်ပွန်းကို ထားတဲ့ အကျဉ်းထောင် ရှိတဲ့မြို့ကို လာခဲ့ပါတယ်။ အစပိုင်းက သူနဲ့ တွေ့ခွင့် မပေးပေမယ့် အကြိမ်ကြိမ်တောင်းပန် ပြီးတဲ့နောက်မှာ အရာရှိတွေဆီက ခွင့်ပြုချက်ကို ရပြီး သူမကို သူ့ဆီ ခေါ်လာခဲ့ပါတယ်။ သူမဟာ သူမရဲ့ ယောက်ျားကို အကျဉ်းသမား ဝတ်စုံနဲ့ သံကြိုးတွေနဲ့ ချည်နှောင်ထားတာ တွေ့ရပြီး တခြား သူခိုးတွေ ရာဇဝတ်သားတွေနဲ့ အတူတူ ချုပ်နှောင်ထားတာကို တွေ့လိုက်ရတဲ့ အခါမှာတော့ မေ့လဲကျသွားပါတယ်။ တော်တော်နဲ့ သတိပြန်မလည် လာပါဘူး။ အဲဒီနောက်မှာတော့ သူမဟာ ကလေးတွေကို အနားကို ဆွဲခေါ်ပြီး သူ့ရဲ့ အနားမှာ ထိုင်လိုက်ပါတယ်။ သူမဟာ သူ့ကို အိမ်မှာ ဖြစ်နေတဲ့ အကြောင်းအရာတွေကို ပြောပြပါတယ်။ နောက်တော့ သူ့ကို ဘာဖြစ်တာလဲ ဆိုတဲ့ အကြောင်း မေးပါတယ်။ သူက သူမကို ဖြစ်ပျက်ခဲ့သမျှ အကြောင်းစုံကို ပြန်ပြောပြပါတယ်။ သူမက မေးပါတယ်။
"အခု ငါတို့ ဘာလုပ်နိုင်မလဲ။"
"ငါတို့ အပြစ်မဲ့တဲ့သူတစ်ယောက် ဘဝမပျက်ဖို့ ဇာဘုရင်ဆီကို အသနားခံကြရအောင်။"
သူ့ရဲ့ ဇနီးသည်က သူမ ဇာဘုရင်ဆီကို အသနားခံပြီးတဲ့ အကြောင်း။ ဒါပေမယ့် လက်မခံတဲ့ အကြောင်း ပြန်ပြောပြပါတယ်။ အက်ဆီယိုနော့ဗ်ဟာ ဘာမှ ပြန်မပြောတော့ဘဲ အောက်ကိုပဲ စိုက်ကြည့်နေပါတယ်။
နောက်တော့ သူ့ဇနီးက ပြောပါတယ်။ "ရှင့်ရဲ့ ဆံပင်တွေ ဖြူသွားတယ်လို့ ကျွန်မ အိပ်မက်မက်တာ အလကား မဟုတ်ဘူး။ ရှင်မှတ်မိသလား။ ရှင့်အနေနဲ့ အဲဒီနေ့က မသွားသင့်ဘူး။" သူမက သူ့ရဲ့ ဆံပင်တွေကို လက်နဲ့ သပ်ပြီးတော့ ပြောပါတယ်။ "ဗန်ယာ အချစ်။ ရှင့်မိန်းမကိုတော့ အမှန်အတိုင်း ပြောပါ။ အဲဒါ ရှင်လုပ်ခဲ့တာ မဟုတ်ဘူးလား။"
"မင်းကလည်း ငါ့ကို သံသယ ရှိတယ်ပေါ့လေ။" အက်ဆီယိုနော့ဗ်က အဲဒီလိုပြောပြီး သူ့ရဲ့ မျက်နှာကို လက်ဝါးနဲ့ အုပ်ပြီး ငိုပါတော့တယ်။ အဲဒီအချိန်မှာ စစ်သားတစ်ယောက်က လာပြီး မိန်းမနဲ့ ကလေးတွေ သွားဖို့ အချိန်ရောက်ပြီလို့ လာပြောပါတယ်။ အက်ဆီယိုနော့ဗ်ဟာ သူ့ရဲ့ မိသားစုကို နောက်ဆုံး အကြိမ် အနေနဲ့ နှုတ်ဆက်လိုက်ပါတယ်။
သူတို့ ထွက်သွားတဲ့ အချိန်မှာတော့ အက်ဆီယိုနော့ဗ်ဟာ သူတို့ ပြောခဲ့တဲ့ စကားတွေကို ပြန်စဉ်းစားပါတယ်။ သူ့ရဲ့ ဇနီးသည်ကလည်း သူ့ကို သံသယ ရှိတဲ့ အကြောင်း သတိရတဲ့ အချိန်မှာတော့ သူက တစ်ကိုယ်တည်း ပြောလိုက်ပါတယ်။ "အင်း။ ပုံစံကတော့ ဘုရားသခင် တစ်ယောက်တည်းပဲ အမှန်တရားကို သိတဲ့သူ ရှိတယ်။ အဲဒီတော့ သူ့ကိုပဲ တောင်းပန် ရမယ်။ သူ့ရဲ့ သနားကြင်နာမှုကိုပဲ မျှော်လင့်ရမှာပဲ။"
အဲဒီနောက်မှာတော့ အက်ဆီနော့ဗ်ဟာ နောက်ထပ်ပြီး အသနားခံစာ မရေးတော့ဘဲ လုံးဝ လက်လျှော့ လိုက်ပါတယ်။ သူဟာ ဘုရား ဆီမှာပဲ ဆုတောင်းပါတော့တယ်။
အက်ဆီယိုနော့ဗ်ကို ကြိမ်ဒဏ်ကျခံဖို့နဲ့ မိုင်းတွင်းကို ပို့ဖို့ အမိန့်ချခံရပါတယ်။ သူ့ကို ကြာပွတ်နဲ့ ရိုက်ပြီးတော့ အရိုက်ခံရတဲ့ ဒဏ်ရာတွေ ပျောက်ကင်းတဲ့ အချိန်မှာတော့ သူဟာ တခြား အကျဉ်းသားတွေနဲ့ အတူ ဆိုင်ဘေးရီးယားကို အပို့ခံရပါတယ်။ အက်ဆီယိုနော့ဗ်ဟာ ဆိုင်ဘေးရီးယားမှာ ၂၆ နှစ် တိတိ အကျဉ်းသား တစ်ယောက် အနေနဲ့ နေခဲ့ရပါတယ်။ သူ့ရဲ့ ဆံပင်တွေဟာ နှင်းလိုပဲ ဆွတ်ဆွတ်ဖြူလာပါတယ်။ သူ့ရဲ့ မုတ်ဆိတ်မွှေးတွေဟာလည်း ရှည်လျားပြီး ဖြူဖွေးလာကြပါတယ်။ သူ့အတွက် ပျော်ရွှင်မှုတွေ အားလုံး ဆိတ်သုဉ်းသွားပြီးတော့ သူ့ရဲ့ ခါးတွေ ကိုင်းလာပါတယ်။ သူဟာ ဖြည်းဖြည်းပဲ လမ်းလျှောက်ပါတော့တယ်။ စကားလည်း နည်းနည်းပဲ ပြောပါတယ်။ လုံးဝ မရယ်တော့ ပါဘူး။ ဒါပေမယ့်လည်း ရံဖန်ရံခါတော့ သူဟာ ဘုရားရှိခိုး ဆုတောင်းတတ်ပါတယ်။
အကျဉ်းထောင်ထဲမှာတော့ အက်ဆီယိုနော့ဗ်ဟာ ဖိနပ်ချုပ်သင်ပါတယ်။ နောက်တော့ သူ့မှာ ငွေစကြေးစ အနည်းအပါး ရှိလာပါတယ်။ အဲဒီပိုက်ဆံနဲ့သူဟာ "သူတော်စင်တို့ရဲ့ ဘဝအကြောင်းများ " ဆိုတဲ့ စာအုပ်ကို ဝယ်ပါတယ်။ ထောင်ထဲမှာ စာဖတ်ဖို့ အလင်းရောင် အလုံအလောက် ရှိတဲ့ အချိန်မှာ သူဟာ အဲဒီစာအုပ်ကို ဖတ်ပါတယ်။ တနင်္ဂနွေနေ့မှာတော့ ထောင်ထဲမှာ ရှိတဲ့ ဘုရားကျောင်းမှာ သင်ခန်းစာတွေ ဖတ်ကြားပြီး ဓမ္မသီချင်းတွေ ဆိုပါတယ်။ သူ့ရဲ့ အသံဟာ ကောင်းနေဆဲပါပဲ။
အကျဉ်းထောင် အာဏာပိုင်တွေဟာ အက်ဆီယိုနော့ဗ်ရဲ့ သိမ်မွေ့မှုကို သဘောကျ ကြပါတယ်။ သူနဲ့ အတူတူ ရှိတဲ့ အကျဉ်းသားတွေကလည်း သူ့ကို လေးစားကြပါတယ်။ သူ့ကို "အဖိုး" "သူတော်စင်ကြီး" စသည်ဖြင့် ခေါ်ကြပါတယ်။ သူတို့ဟာ အကျဉ်းထောင် အာဏာပိုင်တွေ ဆီက တစ်စုံတစ်ခုကို တောင်းခံချင်တဲ့အခါမှာ အက်ဆီယိုနော့ဗ်ကို ကိုယ်စားလှယ် အဖြစ် သူတို့ကိုယ်စား ပြောပေးဖို့ အမြဲ တောင်းဆိုကြပါတယ်။ အကျဉ်းသားတွေ အချင်းချင်း ရန်ဖြစ်တဲ့ အချိန်ဆိုရင် သူ့ဆီကိုလာပြီး ဘယ်သူမှန်တယ် ဘယ်သူမှားတယ် ဆိုတာ အဆုံးအဖြတ် ခံကြပါတယ်။
အက်ဆီယိုနော့ဗ်ရဲ့ အိမ်ကတော့ ဘာသတင်းမှ မကြားရပါဘူး။ သူ့အနေနဲ့ သူ့မိန်းမနဲ့ ကလေးတွေ အသက်ရှင်နေ သေးသလား ဆိုတာကိုတောင် မသိရပါဘူး။
တစ်နေ့မှာတော့ အကျဉ်းသား အသစ် အုပ်စု တစ်စု ထောင်ကို ရောက်လာကြပါတယ်။ ညနေပိုင်းမှာတော့ အကျဉ်းသားဟောင်းတွေဟာ အကျဉ်းသား အသစ်တွေရဲ့ အနားမှာ ဝိုင်းပြီး စုထိုင်ကြပြီးတော့ သူတို့ ဘယ်မြို့ ဘယ်ရွာက လာကြသလဲ။ ဘာအမှုနဲ့ ထောင်ကျလာကြသလဲ ဆိုတာကို ဝိုင်းမေးကြပါတယ်။ တခြားသူတွေနဲ့ အတူ အက်ဆီယိုနော့ဗ်ဟာလည်း အသစ်ရောက်လာတဲ့ သူတွေ အနားမှာ ထိုင်နေပြီးတော့ တခြားသူတွေ ဘာပြောနေကြသလဲ ဆိုတာကို စိတ်မပါ့တပါနဲ့ နားထောင်နေပါတယ်။
အသက် ခြောက်ဆယ်လောက် အရည်ရှည်ရှည် ထွားထွားကြိုင်းကြိုင်း ရှိပြီး မုတ်ဆိတ်မွေးဖြူဖြူကို တိုတို ရိတ်ထားတဲ့ အကျဉ်းသား အသစ် တစ်ယောက်ကတော့ တခြားသူတွေကို သူဘာလို့ အဖမ်းခံရသလဲ ဆိုတာကို ပြောပြနေပါတယ်။
"ဒီလို သူငယ်ချင်းတို့ရဲ့။ ကျုပ်က စွပ်ဖားမှာ ချည်ထားတဲ့ မြင်းတစ်ကောင်ကို ယူမိတာ။ အဲဒါနဲ့ ကျုပ်ကို ခိုးမှုနဲ့ ဖမ်းပြီး အစွပ်စွဲခံရတာ။ ကျုပ်က အိမ်ကို အမြန်ရောက်ချင်လို့ အဲဒီမြင်းကို ခဏယူတာပါ။ ပြီးရင် ပြန်လွှတ်ပေးလိုက်မှာလို့ ပြောတာပဲ။ နောက်ပြီးတော့ စွပ်ဖားမောင်းတဲ့သူကလည်း ကျုပ်ရဲ့ မိတ်ဆွေပဲ။ အဲဒါကြောင့် ကျုပ်က ဘာပြဿနာမှ မရှိဘူးလို့ ပြောတာပဲ။ ဒါပေမယ့် သူတို့က မဟုတ်ဘူး။ မင်းခိုးတာ လို့ ပြောကြတယ်။ ဒါပေမယ့် ကျုပ်ဘယ်လို ခိုးသလဲ။ ဘယ်မှာ ခိုးသလဲ ဆိုတာကို မပြောနိုင်ကြဘူး။ တစ်ချိန်တုန်းကတော့ ကျုပ် ပြစ်မှု တစ်ခု ကျူးလွန်ခဲ့ဖူးတယ်။ အဲဒီအမှုနဲ့ ဒီကို ဟိုးအရင်ကတည်းက ရောက်လာဖို့သင့်တာ။ ဒါပေမယ့် အဲဒီတုန်းက ကျုပ်ကို မမိခဲ့ဘူး။ အခုတော့ ဘာမဟုတ်တဲ့ ကိစ္စအတွက်နဲ့ ရောက်လာရတယ်။ အာ. ကျုပ်ပြောရင်တော့ လိမ်သလို ဖြစ်တော့မှာပဲ။ ကျုပ်အရင်ကလည်း ဆိုင်ဘေးရီးယားကို ရောက်ဖူးတယ်။ ဒါပေမယ့် ကျုပ်ကြာကြာ မနေခဲ့ရဘူး။"
"ခင်ဗျား ဘယ်ကလာတာလဲ။" တစ်ယောက်က သူ့ကို မေးပါတယ်။
"ဗလာဒီမာ က။ ကျုပ်မိသားစုက အဲဒီမြို့ကပဲ။ ကျုပ်နာမည် မာကာ။ ကျုပ်ကို ဆေမြိုနစ်ချ် လို့လည်း ခေါ်ကြတယ်။"
အက်ဆီယိုနော့ဗ်က ခေါင်းကိုမော့ရင်း မေးလိုက်ပါတယ်။
"ဆေမြိုနစ်ချ်။ ခင်ဗျား ဗလာဒီမာက အက်ဆီယိုနော့ဗ် ဆိုတဲ့ ကုန်သည် တစ်ယောက် အကြောင်း ဘာသိလဲ။ ပြောပြစမ်းပါ။ သူတို့ အသက်ရှင်လျှက် ရှိကြသေးသလား။"
"သူတို့ကို သိလား။ ဟုတ်လား။ သိပ် သိတာပေါ့။ အက်ဆီယိုနော့ဗ်တွေက လူချမ်းသာတွေ။ သူတို့ အဖေကတော့ ဆိုင်ဘေးရီးယားကို ရောက်နေတယ်။ ကျုပ်တို့လို မျိုးပဲ အပြစ်ရှိတဲ့သူ ထင်ရတာပေါ့။ အဖိုးကရော ဒီကို ဘယ်လို ရောက်လာတာလဲ။"
အက်ဆီယိုနော့ဗ်ဟာ သူ့ရဲ့ ကံမကောင်း အကြောင်းမလှပုံကို ပြန်မပြောချင်တော့ပါဘူး။ သူက သက်ပြင်းပဲ ချပြီး ပြောပါတယ်။
"ငါဟာလည်း ငါ့အပြစ် အတွက် ထောင်ထဲမှာ ရောက်နေတာ ၂၆ နှစ် ရှိသွားပြီ။"
"ဘာ အပြစ်လဲ။" လို့ မာကာ ဆေမြိုနစ်ချ်က မေးပါတယ်။
ဒါပေမယ့်လည်း အက်ဆီယိုနော့ဗ်ကတော့ "အင်း။ ငါနဲ့ ထိုက်တန်တဲ့ အပြစ်ဖြစ်မှာပါ။" လို့ ပြောပြီး ဘာမှ ထပ်မပြောတော့ ပါဘူး။ ဒါပေမယ့်လည်း သူ့ရဲ့ အဖော်တွေက အသစ်လာတဲ့သူတွေကို အက်ဆီယိုနော့ဗ် ဆိုင်ဘေးရီးယားကို ဘယ်လို ရောက်လာတယ် ဆိုတဲ့ အကြောင်း။ တစ်စုံတစ်ယောက်က ကုန်သည်တစ်ယောက်ကို သတ်ပြီး ဓားကို အက်ဆီယိုနော့ဗ်ရဲ့ ပစ္စည်းတွေကြားမှာ ထားခဲ့တဲ့ အကြောင်း၊ အက်ဆီယိုနော့ဗ် ဘယ်လို မတရားသဖြင့် အပြစ်ပေးခံရတယ် ဆိုတဲ့ အကြောင်းတွေကို ပြောပြကြပါတယ်။
မာကာ ဆေမြိုနစ်ချ်ဟာ အဲဒီအကြောင်းတွေကို ကြားတဲ့ အခါမှာတော့ အက်ဆီယိုနော့ဗ်ကို ကြည့်ပြီး သူ့ရဲ့ ဒူးခေါင်းကို သူပြန်ရိုက်ရင်း "အင်း။ ဒါ အတော် ထူးဆန်းတဲ့ အဖြစ်ပဲ။ တကယ့်ကို ထူးဆန်းတဲ့ အဖြစ်ပဲ။ ဒါပေမယ့် ဒီနှစ်တွေမှာ ခင်ဗျား အတော် အိုစာလာခဲ့ပြီပဲ။ " လို့ ပြောပါတယ်။
တခြားသူတွေကတော့ သူ့ကို ဘာဖြစ်လို့ အဲဒီလောက်တောင် အံ့ဩရတာလဲ။ သူ့အနေနဲ့ အရင်တုန်းက အက်ဆီယိုနော့ဗ်ကို ဘယ်မှာ မြင်ဖူးသလဲ ဆိုတာကို မေးကြပါတယ်။ ဒါပေမယ့် မာကာ ဆေမြိုနစ်ချ်က ဘာမှ ပြန်မပြောပါဘူး။ "ငါတို့ ဒီမှာ ပြန်ဆုံကြတာ တကယ့်ကို အံ့ဩစရာ ကောင်းတဲ့ အဖြစ်ပဲ။ သူငယ်တို့။" လို့ပဲ ပြောပါတယ်။
အဲဒီစကားတွေကို ကြားတဲ့ အခါမှာတော့ အက်ဆီယိုနော့ဗ် အနေနဲ့ ကုန်သည်ကို သတ်တာ ဘယ်သူလဲ ဆိုတာ ဒီလူ သိချင်သိနိုင်တယ်လို့ စိတ်ထဲမှာ တွေးမိပါတယ်။ အဲဒါကြောင့် သူက မေးပါတယ်။
"မင်း ဒီအကြောင်းကို ကြားဖူးချင် ကြားဖူးမှာပေါ့။ မင်းငါ့ကို မြင်ဖူးရင်လည်း မြင်ဖူးမှာပေါ့။"
"ငါ ဘယ်လိုလုပ် ကြားဖူးမှာလဲ။ ကမ္ဘာကြီးဆိုတာ ကောဠာဟာလတွေနဲ့ ပြည့်နေတာ။ ဒီအဖြစ်က ကြာပါပြီလေ။ ကျုပ်ဘာကို ကြားဖူးခဲ့သလဲ ဆိုတာကိုတောင် မေ့နေပြီ။"
"ကုန်သည်ကို ဘယ်သူသတ်သလဲ ဆိုတာ မင်းကြားမိချင်ရင် ကြားမိမှာပေါ့။" အက်ဆီယိုနော့ဗ်က မေးပါတယ်။
မာကာ ဆေမြိုနစ်ချ်က ရယ်ပြီးတော့ ပြန်ပြောပါတယ်။ "အိတ်ထဲမှာ ဓားတွေ့တဲ့ သူက သတ်တဲ့သူ ဖြစ်မှာပေါ့။ တကယ်လို့ တခြားတစ်ယောက်က သူ့အိတ်ထဲမှာ ဓားကို ဖွက်လိုက်တယ် ဆိုရင်တောင်မှ ဟိုဆိုရိုးစကားလိုပဲ "သူဟာ မမိမချင်း သူခိုး မဟုတ်ဘူး" လို့ ပြောရမှာပေါ့။ တကယ်လို့ အိတ်က ခင်ဗျားရဲ့ ခေါင်းအောက်မှာ ဆိုရင် ဘယ်သူက ခင်ဗျားအိတ်ထဲ ဓားတစ်ချောင်းကို လာထည့်လို့ ရမှာလဲ။ ခင်ဗျားနိုးသွားမှာပေါ့။"
ဒီစကားကို ကြားလိုက်တဲ့ အခါမှာတော့ အက်ဆီယိုနော့ဗ် အနေနဲ့ ဒီလူဟာ ကုန်သည်ကို သတ်တဲ့သူပဲ ဆိုတာကို အသေအချာ ယုံလိုက်မိပါတယ်။ သူဟာ နေရာကနေ ထပြီး ထွက်သွားပါတယ်။ အဲဒီတစ်ညလုံး အက်ဆီယိုနော့ဗ်ဟာ အိပ်မပျော်ဘဲ လဲလျောင်း နေမိပါတယ်။ သူဟာ ကုန်စည်ပြပွဲကို မသွားခင် သူ့ရဲ့ ဇနီးသည်ကို ခွဲခွာမသွားခင် အချိန်က သူ့ဇနီးသည်ရဲ့ မျက်နှာကို မြင်ယောင်နေမိပါတယ်။ သူမကို အခုတွေ့နေရသလိုပဲ ခံစားရပါတယ်။ သူမရဲ့ မျက်နှာတွေ မျက်လုံးတွေဟာ သူ့ရှေ့မှာ ပေါ်လာပါတယ်။ သူမ စကားပြောနေတာတွေ ရယ်နေတာတွေကို ကြားနေမိပါတယ်။ နောက်တော့ သူ့ကလေးလေးတွေကို မြင်ယောင် လာပါတယ်။ တစ်ယောက်က ခြုံထည် အင်္ကျီ သေးသေးကလေးနဲ့ နောက်တစ်ယောက်က သူ့မိခင်ရဲ့ ရင်ခွင်မှာ အဲဒီလို ပုံစံနဲ့ မြင်ယောင် လာမိပါတယ်။ နောက်တော့ သူ့ကိုယ်သူလည်း ငယ်ငယ်ရွယ်ရွယ် ပျော်ရွှင်မြူးထူးတဲ့ လူငယ် တစ်ယောက် အနေနဲ့ ပြန်မြင်ယောင် လာပါတယ်။ သူ့အနေနဲ့ သူအဖမ်းခံခဲ့ရတဲ့ အချိန်က ထမင်းဆိုင်ရဲ့ ဆင်ဝင်အောက်မှာ ဂစ်တာ တီးနေတဲ့ပုံစံ အဲဒီတုန်းက ဘာကိုမှ ဂရုစိုက်စရာ မလိုတဲ့ ဘဝကို ပြန်မှတ်မိ လာပါတယ်။ သူ့အနေနဲ့ သူ့ကို ကြာပွတ်နဲ့ ရိုက်ပြီး ဒဏ်ပေးခံရတဲ့ နေရာ၊ ပါးကွက်အာဏာသား၊ ဘေးက ရပ်ကြည့်နေတဲ့သူတွေ၊ သံကြိုးတွေ၊ ရာဇဝတ်သားတွေ၊ သူဖြတ်သန်းခဲ့ရတဲ့ ထောင်သားဘဝ ၂၆ နှစ်နဲ့ အချိန်မတန်မီ အိုမင်းရင့်ရော်လာတဲ့ အဖြစ်တွေ စိတ်ထဲမှာ တန်းစီပြီး ပေါ်လာပါတယ်။ အဲဒီအကြောင်းတွေကို ပြန်တွေးမိတာနဲ့ သူဟာ အကြီးအကျယ် စိတ်ပျက်လက်ပျက် ဖြစ်ပြီး သူ့ဘာသာသူ သတ်သေချင်စိတ်တောင် ပေါ်လာမိပါတယ်။
"ဒါတွေဟာ ဒီခွေးကောင်ကြောင့် ဖြစ်တာ။" လို့ အက်ဆီယိုနော့ဗ်က တွေးမိပါတယ်။ သူ့အနေနဲ့ မာကာ ဆေမြိုနစ်ချ်ကို ဒေါသထွက်လွန်းတာကြောင့် သူ့ဘဝပျက်သွားချင် ပျက်သွားပေ့စေ။ ဒီကောင့်ကို လက်စားချေမယ် ဆိုတဲ့ စိတ်မျိုး ဖြစ်လာပါတယ်။ သူ့အနေနဲ့ တစ်ညလုံး ဘုရား ရှိခိုး ဆုတောင်းနေတာတောင်မှ ငြိမ်းချမ်းမှုကို မရနိုင်ပါဘူး။ နေ့ပိုင်းမှာ သူဟာ မာကာ ဆေမြိုနစ်ချ် ရဲ့ အနားကို မသွားပါဘူး။ သူ့ကို ကြည့်တောင် မကြည့်ပါဘူး။
ဒီလိုနဲ့ ရက်သတ္တပတ် နှစ်ပတ် ကုန်သွားပါတယ်။ အက်ဆီယိုနော့ဗ် အနေနဲ့ ညဘက်တွေ မအိပ်နိုင်ပါဘူး။ သူ့အနေနဲ့ စိတ်ဆင်းရဲလွန်းတာကြောင့် ဘာလုပ်ရမှန်း မသိဘူး ဖြစ်နေပါတယ်။
တစ်နေ့မှာတော့ သူဟာ ထောင်ထဲမှာ လမ်းလျှောက်လာရင်း အကျဉ်းသားတစ်ယောက် အိပ်တဲ့ အိပ်စင်အောက်ကနေ မြေကြီးတွေ လိမ့်ထွက်လာတာကို သတိထားမိပါတယ်။ ရုတ်တရက်ပဲ မာကာ ဆေမြိုနစ်ချ်ဟာ အိပ်စင်အောက်က ထွက်လာပါတယ်။ နောက်တော့ ကြောက်ရွံ့ထိတ်လန့်တဲ့ မျက်နှာနဲ့ အက်ဆီယိုနော့ဗ်ကို မော့ကြည့်ပါတယ်။ အက်ဆီယိုနော့ဗ်ဟာ သူ့ကို မကြည့်ဘဲ ဆက်ထွက်သွားပါတယ်။ ဒါပေမယ့်လည်း မာကာက သူ့ရဲ့လက်ကို ဆွဲပြီး သူနံရံ အောက်မှာ တွင်းတစ်တွင်း တူးထားတဲ့ အကြောင်း၊ အဲဒီမြေကြီးတွေကို ဖိနပ်ရှည်ထဲ ထည့်ပြီး အကျဉ်းသားတွေကို အလုပ်ကို ပို့တဲ့ အချိန် လမ်းမှာ သွန်ပစ်တဲ့ အကြောင်း ပြောပြပါတယ်။
"ခင်ဗျား တိတ်တိတ်နေပါ အဖိုးကြီး။ ခင်ဗျားလည်း အတူတူ ထွက်ပြေးလို့ ရတာပဲ။ တကယ်လို့ ခင်ဗျား ကျုပ်လျို့ဝှက်ချက်ကို ဖော်မယ်ဆိုရင် သူတို့ ကျုပ်ကို သေအောင်ရိုက်ကြလိမ့်မယ်။ ဒါပေမယ့် ကျုပ်ခင်ဗျားကို အရင်သတ်မှာ။"
အက်ဆီယိုနော့ဗ်ဟာ သူ့ရဲ့ ရန်သူတော်ကို ကြည့်ရင်း ဒေါသထွက်လို့ တုန်ယင်လာပါတယ်။ သူက သူ့ရဲ့လက်ကို ဆွဲဖယ်လိုက်ပြီး "ငါ့အတွက်တော့ လွတ်ချင်တဲ့ စိတ်လည်း မရှိတော့ဘူး။ မင်းလည်း ငါ့ကို သတ်စရာ မလိုပါဘူး။ မင်းငါ့ကို သတ်ခဲ့တာ ဟိုးအရင်ကတည်းကပဲလေ။ မင်းအကြောင်းကို ပြောဖို့ မပြောဖို့ကတော့ ဘုရားသခင်က ငါ့ကို ညွှန်ကြားပါလိမ့်မယ်။"
နောက်တစ်နေ့ အကျဉ်းသားတွေကို အလုပ်ကို ခေါ်သွားတဲ့ အချိန်မှာတော့ အစောင့်စစ်သားတွေက အကျဉ်းသား တစ်ယောက် နှစ်ယောက်ဟာ သူတို့ရဲ့ ဖိနပ်ထဲက မြေကြီးတွေ သွန်ထုတ်တာကို သတိပြုမိသွားပါတယ်။ အကျဉ်းထောင်ကို ရှာတဲ့ အခါမှာတော့ လှိုဏ်ခေါင်းကို တွေ့သွားပါတယ်။ အုပ်ချုပ်ရေးမှူးက အကျဉ်းသားတွေ အားလုံးကို စစ်ဆေးပြီး ဘယ်သူ လှိုဏ်ခေါင်းကို တူးသလဲ ဆိုတာ သိရအောင် စစ်မေးပါတယ်။ အားလုံးက သူတို့ မသိတဲ့ အကြောင်း ဖြေကြပါတယ်။ သိတဲ့သူတွေကလည်း မာကာ ဆေမြိုနစ်ချ်ကို သစ္စာမဖောက်ကြပါဘူး။ သူဆိုတာ သိသွားရင် သူ့ကို သေလုမျောပါး ရိုက်ကြလိမ့်မယ် ဆိုတာကို သိထားကြလို့ပါ။ နောက်ဆုံးမှာတော့ အုပ်ချုပ်ရေးမှူးဟာ မျှမျှတတ ရှိတဲ့သူလို့ သူသိထားတဲ့ အက်ဆီယိုနော့ဗ် ဆီကို ဦးလှည့်လာပါတယ်။ နောက်တော့ သူက ပြောပါတယ်။
"ခင်ဗျားဟာ ယုံကြည်စရာကောင်းတဲ့ လူကြီးတစ်ယောက်ပဲ။ ဘုရားသခင်ရှေ့မှာ တိုင်တည်ပြီး ပြောစမ်းပါ။ ဘယ်သူ ဒီတွင်းကို တူးသလဲ ဆိုတာ။"
မာကာ ဆေမြိုနစ်ချ်ကတော့ သူနဲ့ ဘာမှ မဆိုင်သလို ရပ်နေပါတယ်။ သူက အုပ်ချုပ်ရေးမှူးကိုပဲ ကြည့်နေပြီး အက်ဆီယိုနော့ဗ်ကို မကြည့်ပါဘူး။ အက်ဆီယိုနော့ဗ်ရဲ့ နှုတ်ခမ်းတွေ လက်တွေက တုန်ယင်နေကြပါတယ်။ အချိန်အကြာကြီး သူ စကားတစ်ခွန်းမှ မပြောနိုင်ပါဘူး။ သူက တွေးနေပါတယ်။
"ငါ့ဘဝကို ပျက်အောင် လုပ်ခဲ့တဲ့ကောင်ကို ဘာလို့ အကာအကွယ် ပေးရမှာလဲ။ ငါခံခဲ့ရတာတွေ အတွက် ဒီကောင် ခံရပေလေ့စေ။ ဒါပေမယ့် ငါပြောလိုက်ရင် သူတို့က သူ့ကို သေလောက်အောင် ရိုက်ကြလိမ့်မယ်။ ငါသူ့ကို အထင်မှားတာလည်း ဖြစ်နိုင်တာပဲ။ နောက်ဆုံးမှာတော့ ဒါကိုပြောလိုက်လို့လည်း ငါ့အတွက် ဘာအကျိုးမှ ရမှာမဟုတ်ဘူး။"
"အင်း။ အဖိုးကြီး။ ကျုပ်ကို အမှန်အတိုင်း ပြောစမ်းပါ။ နံရံအောက်မှာ လှိုဏ်ခေါင်းတူးနေတာ ဘယ်သူလဲ။" လို့ အုပ်ချုပ်ရေးမှူးက နောက်တစ်ကြိမ် ထပ်မေးပါတယ်။
အက်ဆီယိုနော့ဗ်က မာကာ ဆေမြိုနစ်ချ်ကို တစ်ချက်လှမ်းကြည့်ရင်း ပြောပါတယ်။ "ကျွန်တော် မပြောနိုင်ပါဘူး အရှင်။ ဘုရားသခင်က ကျုပ်ကို ပြောစေချင်မှာ မဟုတ်ဘူး။ သင် ကျွန်တော့်ကို လုပ်ချင်ရာ လုပ်ပါ။ ကျွန်တော်က သင့်လက်ထဲမှာပါ။"
အုပ်ချုပ်ရေးမှူးက ဘယ်လောက်ပဲ ကြိုးစားကြိုးစား အက်ဆီယိုနော့ဗ်က ဘာမှ ထပ်မပြောတော့ပါဘူး။ ဒါနဲ့ပဲ အဲဒီကိစ္စကို ဒီအတိုင်းပဲ ထားလိုက်ရပါတော့တယ်။
အဲဒီည အက်ဆီယိုနော့ဗ် အိပ်ယာပေါ်မှာ လှဲနေပြီး စပြီး အိပ်ပျော်တော့မလို ဖြစ်နေတဲ့ အချိန်မှာ တစ်စုံတစ်ယောက်က သူ့ခုတင်ပေါ် တိတ်တဆိတ် ဝင်ထိုင်လိုက်ပါတယ်။ သူက အမှောင်ထဲမှာ လှမ်းကြည့်ရင်း အဲဒါ မာကာ ဖြစ်တယ်ဆိုတာ မှတ်မိလိုက်ပါတယ်။
"မင်း ငါ့ဆီက ဘာလိုချင်သေးလို့လဲ။ မင်းဘာအတွက် လာတာလဲ။" အက်ဆီယိုနော့ဗ်က မေးလိုက်ပါတယ်။
မာကာ ဆေမြိုနစ်ချ်က ဘာမှ မပြောဘဲ တိတ်နေပါတယ်။ အဲဒါနဲ့ အက်ဆီယိုနော့ဗ်က ထထိုင်ပြီး ပြောလိုက်ပါတယ်။
"မင်းဘာလိုချင်တာလဲ။ ထွက်သွားစမ်းကွာ။ မဟုတ်ရင် ငါအစောင့်ကို ခေါ်လိုက်မယ်။"
မာကာ ဆေမြိုနစ်ချ်က အက်ဆီယိုနော့ဗ်ရဲ့ အနီးကို ကိုယ်ကိုကိုင်းပြီး တိုးတိုးလေး ပြောလိုက်ပါတယ်။
"အိုင်ဗန် ဒီမီထရစ်ချ်။ ကျုပ်ကို ခွင့်လွှတ်ပါ။"
"ဘာအတွက်လဲ။" အက်ဆီယိုနော့ဗ်က မေးပါတယ်။
"ကုန်သည်ကို သတ်ပြီး ဓားကို ခင်ဗျား ပစ္စည်းတွေထဲမှာ ဖွက်ထားခဲ့တဲ့သူဟာ ကျပ်ပါပဲ။ ကျုပ်ခင်ဗျားကိုလည်း သတ်မလို့ပဲ။ ဒါပေမယ့် အပြင်မှာ ဆူဆူညံညံ အသံတွေကြားလိုက်ရတယ်။ ဒါနဲ့ပဲ ကျုပ် ဓားကို ခင်ဗျား အိတ်ထဲမှာ ဖွက်ပြီး ပြတင်းပေါက်ကနေ ထွက်ပြေးခဲ့တာပဲ။"
အက်ဆီယိုနော့ဗ်က ဘာမှမပြောဘဲ တိတ်နေပါတယ်။ သူ့အနေနဲ့ ဘာပြောရမှန်းလည်း မသိပါဘူး။ မာကာ ဆေမြိုနစ်ချ်က အိပ်ရာခင်းပေါ်ကနေ လျှောချပြီး မြေကြီးပေါ်မှာ ဒူးထောက်လိုက်ပါတယ်။ "အိုင်ဗန် ဒီမီထရစ်ချ်။ ကျုပ်ကို ခွင့်လွှတ်ပါ။ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာ အတွက် ကျုပ်ကို ခွင့်လွှတ်ပါ။ ကုန်သည်ကို သတ်ခဲ့တဲ့သူဟာ ကျုပ်ဆိုတာ ကျုပ် ဖြောင့်ချက်ပေးပြီး ဝန်ခံပါ့မယ်။ အဲဒါဆို ခင်ဗျားလွတ်ပြီး အိမ်ပြန်လို့ ရပါပြီ။"
အက်ဆီယိုနော့ဗ်က ပြောပါတယ်။
"မင်းအတွက် ပြောရတာတော့ လွယ်လွယ်လေးပေါ့။ ဒါပေမယ့် ငါဒုက္ခရောက်ခဲ့ရတာ ဒီ နှစ်ဆယ့်ခြောက်နှစ်လုံးလုံး။ အခုဆို ငါဘယ်သွားရမလဲ။ ငါ့မိန်းမကလည်း သေပြီ။ ငါ့ကလေးတွေကလည်း ငါ့ကို မေ့လောက်ပြီ။ ငါ့အတွက် ဘယ်ကိုမှ သွားစရာ နေရာ မရှိတော့ဘူး။"
မာကာ ဆေမြိုနစ်ချ်က နေရာက မထဘဲ ကြမ်းပြင်ကို သူ့ခေါင်းနဲ့ ဆောင့်နေပါတယ်။
"အိုင်ဗန် ဒီမီထရစ်ချ်။ ကျုပ်ကို ခွင့်လွှတ်ပါ။" သူက အော်ပြောပါတယ်။
"သူတို့ ကျုပ်ကို ကြာပွတ်နဲ့ ရိုက်တာက ကျုပ်ခင်ဗျားကို အခုမြင်နေရသလောက် အခံရမခက်ပါဘူး။ ခင်ဗျားကတောင် ကျုပ်ကို သနားနေသေးတယ်။ မပြောခဲ့ဘူး။ ခရစ်တော်ရဲ့ ကရုဏာတော် အတွက် ကျုပ်ကို ခွင့်လွှတ်ပါ။ ကျုပ်ဟာ လူယုတ်မာပါ။" သူဟာ ပြောရင်းနဲ့ ရှိုက်ငိုပါတော့တယ်။ သူငိုတာကို ကြားရတဲ့ အခါမှာ အက်ဆီယိုနော့ဗ်ဟာလည်း စပြီး ငိုပါတော့တယ်။ "ဘုရားသခင်က မင်းကို ခွင့်လွှတ်ပါလိမ့်မယ်။ ငါက မင်းထက် အဆ တစ်ရာလောက် ပိုဆိုးနေတာလည်း ဖြစ်နိုင်ပါတယ်။" လို့ သူက ပြောပါတယ်။ ဒီစကားတွေကို ပြောပြီးတဲ့နောက်မှာတော့ သူ့ရင်ထဲမှာ ပေါ့သွားပါတယ်။ အိမ်ကို တမ်းတတဲ့စိတ်လည်း ပျောက်သွားပါတယ်။ သူ့အနေနဲ့ ထောင်ထဲကနေ ထွက်သွားချင်တဲ့ ဆန္ဒလည်း မရှိတော့ပါဘူး။ သူ့ရဲ့ နောက်ဆုံး အချိန်ကိုပဲ မျှော်လင့် နေမိပါတော့တယ်။
အက်ဆီယိုနော့ဗ်က ဘယ်လိုပဲ ပြောပေမယ့် မာကာ ဆေမြိုနစ်ချ်ဟာ သူ့ရဲ့ အပြစ်ကို ဝန်ခံခဲ့ပါတယ်။ ဒါပေမယ့် သူ့ကို လွှတ်ဖို့ အမိန့်ရောက်လာတဲ့ အချိန်မှာတော့ အက်ဆီယိုနော့ဗ်ဟာ ကွယ်လွန်သွားခဲ့ပါပြီ။
=======================================================
ရုရှားစာရေးဆရာကြီး လီယိုတော်စတွိုင်း (Leo Tolstoy) ရဲ့ God Sees the Truth, But Waits ကို ဘာသာပြန်ထားတာပါ။
8 comments:
ဟင်း
ဖတ်ရတာ စိတ်တောင်ညစ်တယ် ..း(((
အဲလိုမတရားခံနေရတာ ဘုရားသခင် မျက်နှာအလွှဲခံထားရတဲ့လူတွေ ဘယ်လောက်တောင်များနေလဲမသိဘူး
တစ်ယောက်ယောက် ဘာသာပြန်ထားတာ ဖတ်ဖူးတယ်။ ဘယ်သူလဲ မမှတ်မိတော့ဘူး။ အခုလို အချိန်ယူပြီး ဘာသာပြန်ထားတာလည်း တော်တော်ကောင်းတယ်။
ကျေးဇူးပါ။
အဲဒါ ဖတ်ခဲ့ဖူးတယ်။
တဘဝယုံကြည်မှုနဲ့ သူတို့ဘာသာအရတော့ ဘုရားသခင် စောင်မတော်မမူလို့ပေါ့။ သံသရာယုံကြည်မှုနဲ့ ကိုယ်တွေ ဘာသာအရတော့ ကိုယ်လုပ်ခဲ့တဲ့ အလုပ်တွေချည်းပဲ။
ဗမာပြည်ကလက်ရှိအခြေအနေအတိုင်းလိုပါပဲလား...
ကောင်းလိုက်တဲ့ပို့စ်။
လူဆိုးတွေကိုတော့ ချမ်းသာပေးပြီး လူကောင်းတွေကို ပညာပေး ၊အချိန်နောင်းမှ မျက်နှာသာပေးတဲ့ ဘုရားသခင်ကိုပဲ အပြစ်တင်ရမလားတောင် မသိဘူး။
လူဆိုးတွေရဲ့ဘဝမှာ လူကောင်းတစ်ယောက်တစ်လေ မြင်ဖူးအောင်လို့ ဘုရားသခင်က စေလွှတ်လိုက်တာ တဲ့။
အောင်မလေးဗျ - ဇတ်လမ်းကလဲ ရှည်လိုက်တာ ။ ဇတ်သိမ်းခန်းမှာလဲ ဇတ်လိုက်ကသေသွားပြီ။
ဖူနူးသစ်က ပြင်ပြီး - သူမိသားစုနှင့် ပြန်တွေ့ပျော်ရွှင် မြူးတူးလို့ ပြုပြင်သင့်ပါတယ်။
ယခုတော့ စိတ်မကောင်းစရာကြီး။ အီ အီ အီ ရွှတ် ဖတ် (နှပ်ချေးတွေ ထွက်လာလို့)
ကြည့်ရတာ သူလဲ ဝဋ်ကြွေးအထုံတွေ ပါခဲ့လို့ ဆပ်ရတာ နေမှာပေါ့
(စကားမစပ် ကော်မန့်တင်ရင် အောက်က ဗြိတိသျှလို ရိုက်ပြီး ဗယ်ရီဖိုင်းလုပ်ရတဲ့ ဟာလေး ဖြုတ်ပေးပါလား)
Post a Comment