Search This Blog

Tuesday, December 16, 2008

ငွေစင်ရော်တွေလို အတောင်ပံတွေပါရင်

ကျွန်တော် ရန်ကုန်မှ လွဲ၍ မည်သည့်နေရာ ဒေသ ရောက်ရောက် ကားစီးတိုင်း အမြဲတမ်း လုံခြုံရေးခါးပတ်ကို ပတ်ပြီး စီးလေ့ရှိသည်။ လုံခြုံရေးခါးပတ် ပတ်သင့်သည့် အကြောင်းနှင့် ပတ်သက်၍ ကျွန်တော့်တွင် သည်းထိတ်ရင်ဖို အတွေ့အကြုံတစ်ခု ရှိခဲ့ဖူး၍ ဖြစ်သည်။

တစ်ခါတုန်းက မလေးရှားနိုင်ငံ အီပိုး(Ipoh) မြို့တွင် ကျွန်တော်နှင့် ကျွန်တော့် ကုမ္ပဏီမှ မလေးရှားနိုင်ငံ နယ်မြေခံ အိန္ဒိယလူမျိုး အင်ဂျင်နီယာ ရာမက်ရှ်တို့ ယာဉ်ထိန်းရဲ အဖမ်းခံ ခဲ့ရသည်။ ထိုညက စက်ရုံမှ ဟိုတယ်သို့ ပြန်လာသည့် အချိန်မှာ မိုးချုပ်နေပြီ ဖြစ်သည်က တစ်ကြောင်း၊ စက်ရုံနှင့်ဟိုတယ်မှာ သိပ်မဝေး လှသည်က တစ်ကြောင်းကြောင့် ကားထဲတွင် ကျွန်တော်တို့ နှစ်ယောက်စလုံး လုံခြုံရေးခါးပတ် ပတ်မထားကြပါ။ ယာဉ်ထိန်းရဲက ကားကို တားပြီး စစ်သည့်အချိန်ကျမှ ကပျာကယာ ခါးပတ်ပတ် ကြသော်လည်း မမီလိုက်တော့ပေ။ ယာဉ်ထိန်းက “မင်းတို့ ခုနက ခါးပတ်ပတ် မထားဘူး။” ဟုပြောတော့ ရာမက်ရှ်က ယာဉ်ထိန်းရဲကို ရယ်ပြပြီး မလေးရှား ရင်းဂစ် တစ်ဆယ် ထုတ်ပေးသည်။ ယာဉ်ထိန်းရဲက နောက်ဆို ခါးပတ်ပတ်စီးကြ ပြောပြီး ပိုက်ဆံယူ၍ ပြန်သွားသည်။ “ဒီမှာ ဒါမျိုးလုပ်လို့ ရတယ်ကွ။ ” ဟု ရာမက်ရှ်က ကျွန်တော့်ကို ပြောပြီး ရယ်နေသည်။ ရာမက်ရှ်သည် အီပိုးတွင် နေထိုင်ပြီး အီပိုး၊ ပီနန် နှင့် ကွာလာလမ်ပူ ရှိ စက်ရုံများမှ ကျွန်တော်တို့ ရောင်းထားသော စက်များကို ပြင်ဆင်မှု တပ်ဆင်မှုတို့အတွက် တာဝန်ယူထားသူ ဖြစ်သည်။

နောက်တစ်နေ့တွင်တော့ ကျွန်တော်တို့ အလုပ်အားလုံးပြီးစီး၍ ပီနန်မှ တဆင့် စင်ကာပူသို့ လေယာဉ်စီးရန် ပြန်လာခဲ့သည်။ အီပိုးသည် ကွာလာလမ်ပူ မှ ပီနန်သို့ သွားသော အဝေးပြေးလမ်းပေါ်တွင် ရှိပြီး တစ်ချိန်က သတ္တုဖြင့် ကြွယ်ဝချမ်းသာ ခဲ့သောမြို့ ဖြစ်သည်။ အခုအခါတွင်လည်း စက်ရုံများဖြင့် စည်ကားဆဲ ဖြစ်သည်။ ပုံမှန်အားဖြင့် အီပိုးနှင့် ပီနန်သွားရာတွင် ရုံးမှ ပရိုက်ဗိတ် တက္ကစီ စီစဉ်ပေးလေ့ ရှိသော်လည်း ထိုနေ့က မပြန်ခင် ရသမျှ အချိန်ကလေးအတွင်း ပီနန်ရှိ စက်ရုံ ၂ ရုံကို ခဏမျှ ဝင်ကြည့်ကြရန် စီစဉ်ထား သဖြင့် ရာမက်ရှ်က သူ၏ မာစီဒီး အိုးမော်ဒယ်လ် ကားကြီးဖြင့် ကျွန်တော့်ကို ပီနန်လေဆိပ်သို့ လိုက်ပို့သည်။

အီပိုးမြို့ ပတ်ဝန်းကျင်တွင် တောင်ကုန်းများ အမြောက်အများ ရှိသဖြင့် အီပိုး မှ ပီနန်သို့ ပြန်သော အဝေးပြေး လမ်းမ နံဘေးတွင် အလွန် သာယာလှပသော ရှုခင်းများရှိသည်။ ထိုလမ်းတလျှောက်တွင် ခရီးသွားလျှင် လမ်းဘေးရှုခင်းများကို ကြည့်ရသည်ကို အလွန်သဘောကျ သဖြင့် ပုံမှန်အားဖြင့် ကားပေါ်တွင် အိပ်လေ့မရှိပေ။ သို့သော် ထိုနေ့ကတော့ စကား များများစားစား မပြောဖြစ်ကြပေ။ အဓိက အကြောင်းရင်းကတော့ ထိုအချိန်က နေ့စဉ်ရက်ဆက် အိပ်ရေးပျက် နေခဲ့သဖြင့် ကျွန်တော် အလွန်ပင် အိပ်ငိုက် နေသောကြောင့် ဖြစ်သည်။ အိပ်ရေးပျက်ရသော အကြောင်းမှာ အလုပ်ကြောင့်တော့ မဟုတ်ပါ။ Dan Brown ၏ Da Vinci Code ဝတ္ထု ကြောင့် ဖြစ်သည်။

ထိုအချိန်က နယူးယောက်တိုင်း အရောင်းရဆုံး စာအုပ်စာရင်းတွင် ဒါဗင်ချီကုတ်က ပထမဆုံး ဖြစ်နေသည်မှာ ၃ ၄ လမျှ ကြာပြီဖြစ်သည်။ ထို့ကြောင့် ဘာရေးထားသလဲ သိချင်သဖြင့် စင်ကာပူ ချန်ဂီလေဆိပ်မှ တိုင်းမ်စာအုပ်ဆိုင်တွင် ဒါဗင်ချီကုတ်ကို ဝင်၍ ဝယ်လာခဲ့သည်။ ဒါဗင်ချီကုတ်မှာ ရုပ်ရှင်ကသာ သိပ်မကောင်းသော်လည်း ဝတ္ထု အနေနှင့်တော့ အတော်ပင် ဆွဲဆောင်မှု ရှိသည့် စာအုပ်ဖြစ်သည်။ ကျွန်တော်အလုပ်က ပြန်လာတိုင်း ဟိုတယ် အခန်းထဲတွင် ဒါဗင်ချီကုတ်ကို ထိုင်ဖတ်နေသည်မှာ ညစဉ်ညတိုင်း ၂ နာရီ ၃ နာရီ ထိုးသည်အထိပင် ဖြစ်သည်။ ထို့ကြောင့် အီပိုးတွင် နေသည့် ၂ ညလုံးလုံး အိပ်ရေးပျက်ပြီး ထိုနေ့က အလွန်ပင် အိပ်ချင်နေခဲ့သည်။ ပို၍ ဆိုးသည်မှာ ကျွန်တော်တို့ ပြန်လာသောအချိန်မှာ ထမင်းစား ပြီးခါစ နေ့လည် ၂ နာရီခန့် ဖြစ်သဖြင့် ပို၍ အိပ်ကောင်းသည့် အချိန်ဖြစ်ပြီး အပြင်တွင်လည်း မိုးက တစိမ့်စိမ့် ရွာနေသည်။

အီပိုးက ထွက်ခါစက နှစ်ယောက်သား စကားပြော၍ ကောင်းနေသော်လည်း မကြာခင် ကျွန်တော် အိပ်ငိုက်လာသည်။ မာစီဒီးမှာ အိုးမော်ဒယ်လ် ဆိုသော်လည်း စီးရတာကတော့ အတော်ငြိမ့်သည်။ မကြာခင်ပင် ကျွန်တော် အိပ်ပျော် သွားတော့သည်။ သို့သော် မနေ့က ပူပူနွေးနွေး ရဲအဖမ်းခံ ထားရသဖြင့် ခါးပတ်တော့ ပတ်ထားမိသည်။

မည်မျှကြာအောင် အိပ်ပျော်သွားသည်ကိုပင် မသိလိုက်ပေ။ ရုတ်တရက် ဆွဲဆောင့်ပြီး လှုပ်လိုက်သလို ခံစားရ၍ လန့်နိုးလာတော့ ကျွန်တော် ပထမဆုံးသိလိုက်သည်မှာ ကားက လေထဲမြောက်နေပြီ ဆိုတာ ဖြစ်သည်။ အိပ်မောကျနေရာမှ လန့်နိုးလာချိန်တွင် အက်ဆီးဒင့် တစ်ခုနှင့် ကြုံကြိုက်နေရကြောင်း ရုတ်တရက် သိလိုက်သောအခါ ကြောက်ရွံ့ တုန်လှုပ်ခြင်းထက် အံသြခြင်းက ပိုနေသဖြင့် ဘာဖြစ်သွားတာလဲ ဆိုတာကိုပင် ရုတ်တရက် စဉ်းစား၍မရပါ။ ကျွန်တော် မှင်သက်နေတုန်း ကားက လေထဲမှ နေ၍ အရှိန်ဖြင့် အောက်ကို ထိုးစိုက်ပြီး ကျလာသည်။ ရာမက်ရှ်ကို လှည့်ကြည့်တော့ သူလည်း အခုမှလန့်နိုးလာသလို စတီယာရင်ကို ဆုပ်ကိုင်ပြီး ပြူးကြောင်ကြည့်နေသည်။ ကားက အဝေးပြေး လမ်းမနံဘေးသို့ အရှိန်ဖြင့် ထိုးကျခြင်း ဖြစ်သည်။ သို့သော် အောက်က ရွှံ့ခံမြေဖြစ်သဖြင့် အောက်ပြန်ကျသော အခါတွင် အကျတော့ သိပ်မပြင်းပါ။ ရာမက်ရှ်က စတီယာရင်ကို ထိန်း၍ ကားကို ဟန်ချက်ပြန်ထိမ်းရန် ကြိုးစားသည်။ ကားက အောက်သို့ ရောက်သည့်တိုင် အရှိန်ဖြင့် ဆက်လိမ့်နေသေးသည်။ ကံကောင်း ထောက်မစွာပင် နောက်ထပ် ပေ ၂၀ ခန့်မျှ ဆက်သွားပြီး ကားက ရပ်သွားသည်။

ကျွန်တော်တို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ပြီး နှစ်ယောက်စလုံး စကား မပြောနိုင်ပဲ ဖြစ်နေကြသည်။ အမှန်တကယ်တော့ ရာမက်ရှ်မှာ ကားမောင်းနေစဉ် အိပ်ငိုက်သွားသဖြင့် ကားက ဟိုင်းဝေးလမ်းမ ပေါ်မှ လမ်းဘေးသို့ ထိုးကျခြင်း ဖြစ်သည်။ သို့သော် ဟိုင်းဝေးလမ်းမမှာ လမ်းဘေးထက် ငါးပေခန့် ပိုမြင့်သဖြင့် ကားမှာ အရှိန်ဖြင့် လေပေါ်မြောက်တက်သွားခြင်း ဖြစ်သည်။ ကျွန်တော်တို့ နှစ်ယောက်စလုံး လုံခြုံရေးခါးပတ် ပတ်ထားသဖြင့် ထိခိုက်ဒဏ်ရာတော့ ဘာမှ မရကြပါ။ ကားပေါ်မှ အောက်ဆင်းလိုက်တော့ ကား၏ အောက်ပိုင်းမှာ ဆက်၍ မောင်းမရနိုင်လောက်အောင် ပျက်စီးသွားပြီ ဖြစ်သည်။ ကားမှ ဘမ်ပါများ ဘီးကာများ အားလုံး ပြုတ်ထွက်နေသည်ကို လည်း တွေ့ရသည်။ မကြာခင်တွင်ပင် ဟိုင်းဝေးတစ်လျှောက် လှည့်ပတ်နေသည့် ဆွဲကားများ ရောက်လာသည်။ သူတို့ကားဖြင့် ကျွန်တော်တို့ကားကို ဆွဲတင်ရန် မဖြစ်နိုင်သဖြင့် တယ်လီဖုန်းနှင့် ဆက်၍ ကရိန်းကား ကို လှမ်းခေါ်ကြသည်။ ရာမက်ရှ်ကလည်း အီပိုးရှိ သူ့ညီဝမ်းကွဲကို ဖုန်းဆက်၍ ကျွန်တော်တို့ အတွက် ကားတစ်စင်း လာပို့ပေးရန် နှင့် သူ့ကားကို ဝပ်ရှော့သို့ ပြန်ယူသွားရန် အတွက် လှမ်းခေါ်သည်။

ထို့နောက် ကျွန်တော်တို့ ကားမှ ပြုတ်ထွက်သွားသော အစိတ်အပိုင်းများကို ပြန်ကောက်ရန် နောက်ကြောင်းပြန်၍ လမ်းလျှောက်ကြသည်။ ထိုအခါတွင် အံသြစရာကောင်းသည်ကို တွေ့ရသည်။ ကျွန်တော်တို့ ကား လမ်းဘေးသို့ကျသော နေရာမှ ၁၀ ပေခန့် ကျယ်သည့် မြောင်းတစ်ခု မတိုင်မီဖြစ်ပြီး ကားမှာ ထိုမြောင်းပေါ်မှ ဝဲပျံ၍ အခြားတစ်ဖက်ကမ်း ရောက်မှ အောက်သို့ ပြန်ကျခြင်း ဖြစ်သည်။ မြောင်းမတိုင်မီတွင် ကျွန်တော်တို့ကား လမ်းဘေးသို့ ကျခဲ့သည့် စွပ်ကြောင်းတစ်ခု ရှိပြီး ကားမှ ဘီးကာတစ်ခု ပြုတ်ကျ ကျန်နေခဲ့သည်။ ကားမှ ဘမ်ပါက မြောင်းနှုတ်ခမ်းတွင် တင်ကျန်နေခဲ့သည်။ နောက်ထပ်ပို၍ ကံကောင်းသည့် အချက်မှာ ကျွန်တော်တို့ကားက ကုန်းမြင့်တစ်ခုပေါ်သို့ တက်နေချိန်တွင် လမ်းဘေးထိုးကျခြင်း ဖြစ်သည်။ နောက်ထပ် တစ်မိနစ်ခန့်မောင်းပြီးမှ ပြုတ်ကျပါက လုံခြုံရေးခါးပတ် ပတ်ထားသော်လည်း နှစ်ယောက်စလုံး ထိုနေရာတွင်ပင် ကိစ္စချောနိုင်သည်။

ထိုစဉ်မှစ၍ ကျွန်တော် သင်ခန်းစာ ရလိုက်သည်မှာ ကားမောင်းသူနှင့် နှစ်ယောက်တည်း ခရီးသွားလျှင် ကားမောင်းမည့်သူကို မအိပ်အောင် ဘေးမှနေ၍ စကားပြော နေသင့်ကြောင်း ဖြစ်သည်။ နောက်တစ်ခုက လုံခြုံရေးခါးပတ်မှာ အလကား အပိုသက်သက် ထည့်ထားတာ မဟုတ် ကားစီးတိုင်း ပတ်သင့်ကြောင်း ဖြစ်သည်။ ထို့အပြင် ကျွန်တော့် စိတ်ထဲတွင် အသိတစ်ခု ရလိုက်သည်။ အခုအချိန် ငါ ရုတ်တရက် သေသွားရင် ဆိုပြီး စဉ်းစားမိ၍ ဖြစ်သည်။ သေခြင်းတရား ဆိုသည်မှာ ရုတ်တရက် အချိန်မရွေး ရောက်လာနိုင်သည်။ သို့သော် ကျွန်တော် အရေးကြီးသော လုပ်ချင်သော အလုပ်တွေ မလုပ်ရသေးပဲ အရေးမပါသော အလုပ်မဖြစ်သော ကိစ္စတွေဖြင့်သာ အချိန်ဖြုန်းနေမိသည်။ လုပ်စရာ ကိစ္စတွေ ရှိသော်လည်း ဘာမှ မလုပ်ဖြစ်သေးပဲ နေ့ရွှေ့ ညရွှေ့ လုပ်နေမိသည်။ နောက်ဆိုလျှင် အချိန်မဖြုန်းပဲ လုပ်စရာရှိတာ လုပ်ရမည် ဟုတော့ စဉ်းစားမိသည်။

ထိုနေ့က လေယာဉ်မမီသဖြင့် ပီနန်တွင်ပင် ညအိပ်လိုက်ရသည်။ ညဖက်ကျတော့ ကျွန်တော်တို့ နှစ်ယောက် ပီနန်ရှိ ဘူကစ်ဂျမ်ဘူရ်(Bukit Jumbul) မှာ နာဆီကန်ဒါ ဟုခေါ်သော ဟင်းရည်ပေါင်းစုံ ဆမ်းထားသော ထမင်းကိုစားရင်း လက်ဖက်ရည် သောက်ရင်းဖြင့်ပင် ညနေက ဖြစ်ပျက်ခဲ့သော အကြောင်းများကို ရယ်ရယ်မောမော ပြန်ပြောဖြစ်ခဲ့ကြသည်။

6 comments:

Ko Boyz said...

အသင် အလွန် ကံကောင်းပါသည်။
ကံကို ညဏ်အသိနှင့် ဖေးကူပါ...။

(နေပါဦး... စကားပြောနဲ့ ရေးလို့လဲ ဖြစ်နေတာကို ဘာလို့ သိပ္ပံမောင်၀လို ခေတ်စမ်းစာ လာရေးနေရသဒုန်း...)

ZT said...

စာကို အဲဒီလိုရေးတာ အကျင့်ပါနေလို့ပါ။ ဆောဒီး။

ဇနိ said...

ကံကောင်းပေလို့ပေါ့... ဒါ မဟုတ် ဘယ်လွယ်မတုန်း... အင်း အင်း - သတိ သတိ.. ပိုသည် မရှိ။

G said...

ကံသီလို့။ ဘုရားသခင်နိုင်ငံတော်ရောက်ဖို့ နည်းနည်းပဲ လိုတော့တယ်နော်။

ZT said...

အင်း။ ကျွန်တော့် လက္ခဏာမှာ အသက်လမ်းကြောင်း ၃ ခုတောင်ပါလို့ ထင်ပါရဲ့။ ဟီးဟီး။ မဇနိ ပြောတာ မှန်ပါတယ်။ သတိဆိုတာတော့ ပိုတယ် မရှိပါဘူး။ G ပြောသလို ကံကလည်း ကောင်းလို့ပါ။ သက်တမ်းမစေ့သေးလို့ ထင်ပါရဲ့။

mabaydar said...

အမယ်လေးလေး.. တော်သေးတာပေါ့.. နောက်မို့ဆို မဗေဒါမနာလိုဖြစ်စရာ ခရီးသွားပိုစ့်လေးတွေတောင်ဖတ်ရတော့မှာ မဟုတ်ဘူး.. မဗေဒါလဲ ကားပေါ်ရောက်ရင်အိပ်တာပဲ.. ခုတော့ မဗေဒါလဲ ကား ခါးပတ်ပတ်မှ ဖြစ်တော့မယ်.. ကိုဘွိုင်းပြောသလိုပဲ.. စာအရေးအသားက စုံထောက်ဝတ္တုလိုလို.. အရင် ခေတ်က အရေးအသားနဲ့တူတယ်.. ဒါပေမဲ့ အဲလို အရေးအသားမျိုးကို ကြိုက်တယ်.. ဦးစံရှားတို့လို့ စုံထောက်ဝတ္တုတွေ စမ်းရေးကြည့်ပါလား.. ဖတ်လို့ကောင်းမှာ.. ဟဲ.. ဟဲ..