Search This Blog

Thursday, December 4, 2008

တရုတ်တန်းဈေးက အဖြစ်အပျက်လေး

ဤအကြောင်းမှာ စိုင်းထီးဆိုင် သီချင်းထဲကလို မန္တလေး တရုတ်တန်းဈေးတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက် မဟုတ်ပါ။ စင်ကာပူ နိုင်ငံရှိ ချိုင်းနားတောင်းဟု ခေါ်သော တရုတ်တန်းတွင် ကြုံတွေ့ခဲ့သည့် ညတစ်ည အကြောင်း ဖြစ်ပါသည်။

ထိုအပတ်က ကျွန်တော်၏ ဆွေမျိုးသားချင်း တစ်ယောက် စင်ကာပူသို့ သင်္ဘောဖြင့် ရောက်လာပါသည်။ သူ၏ သင်္ဘောမှာ စင်ကာပူရှိ သင်္ဘောကျင်း တစ်ခုတွင် ဒေါက်တင် ပြင်ဆင်ခြင်း ပြုမည် ဖြစ်၍ အချိန်အတော်ကြာ ရပ်နားမည် ဖြစ်သည်။ သူတို့ သင်္ဘောမှာ တစ်ခိုင်လုံးရွှေ ဟု ခေါ်ကြသည့် သင်္ဘောတစ်စင်းလုံး မြန်မာ သင်္ဘောသားများသာ ပါသော သင်္ဘောမျိုး မဟုတ်သော်လည်း ကြီးလေးကြီး ဟု သူတို့ခေါ်ကြသည့် အကြီးဆုံး အရာရှိ လေးဦးမှ အပ ကျန်သင်္ဘောသားများ အားလုံးမှာ မြန်မာ သင်္ဘောသားများ ဖြစ်ကြသည်။

ကျွန်တော်တို့နှင့် ဆွေမျိုးတော်သော အစ်ကိုက ထိုနေ့ညနေစာကို သူတို့နှင့် အတူ ချိုင်းနားတောင်းမှာ ဘီယာသောက်ရင်း စားဖို့ လှမ်းခေါ်ပါသည်။ ချိုင်းနားတောင်းရှိ People Park အဆောက်အအုံ၏ အနောက်ဖက်တွင် မြန်မာ သင်္ဘောသားများ စတည်းချလေ့ရှိသော စားသောက်ဆိုင်တန်း တစ်ခု ရှိသည် ကို ကျွန်တော် သိထားသည်။ ကျွန်တော့် သူငယ်ချင်း သင်္ဘောသားများ အမြဲ ထိုင်လေ့ရှိသည့် ဆိုင်များ ဖြစ်သည်။ ထိုစားသောက်ဆိုင်တန်း မှာ မြန်မာမှန်း သိပါက “ဘဲကင်ရမယ်၊ ခေါက်ဆွဲကြော်ရမယ်၊ ကြာဇံကြော်ရမယ်။” စသည်ဖြင့် မြန်မာလို အော်၍ပင် ဈေးကြိုတတ် ကြသည်။

ကျွန်တော်တို့ ထိုစားသောက်ဆိုင်တန်းကို ရောက်သွားတော့ ပွဲက အတော်ပင် ကောင်းနေပါပြီ။ စားပွဲပေါ်တွင် ဘီယာပုလင်းများ စီနေပြီး သူတို့ သင်္ဘောသားများ နှင့်အတူ အသိမိတ်ဆွေများ အားလုံး ပျော်ပျော်ပါးပါး သောက်နေကြလေပြီ။ ကျွန်တော်တို့လည်း သူတို့ အုပ်စုနှင့် ဝင်ရောပြီး ဟိုအကြောင်း ဒီအကြောင်း စကားပြော ဖြစ်ကြသည်။

ခဏအကြာတွင် သူတို့သင်္ဘောမှ ဘိုဆင် ခေါ် သင်္ဘောသားခေါင်း မြန်မာ အစ်ကိုကြီးက “ ငါ ဂဏန်းစားချင်တယ် ကွာ။ မှာဦးမယ်။” ဟု ဆိုပြီး “ဟေး” ဟုဆိုကာ စားသောက်ဆိုင် ပိုင်ရှင် တရုတ်မကြီးကို လှမ်းခေါ်လိုက်သည်။ တရုတ်မကြီး ရောက်လာတော့ သူက “ဂဏန်းကို ငရုတ်သီးရယ်၊ ကြက်သွန်ရယ်၊ ဂျင်းရယ်၊ အာလူးရယ် နဲ့ ချက်ထားတာ စားချင်တယ်။” ဟု မြန်မာလို ပြော၍ လှမ်းမှာ လိုက်လေသည်။ တရုတ်မကြီးမှာ ဂဏန်းကို နားလည်သော်လည်း သူပြောသည့် စကားကို အပြည့်အစုံ နားမလည်ပါ။ “ဂဏန်း what? ဂဏန်း what?” နှင့် ပြန်၍မေးနေသည်။ သူက နောက်တစ်ခေါက် မြန်မာလို ထပ်ပြောပြန်သည်။ ထိုအခါမှ ကျွန်တော် သတိထား မိသည်မှာ စထိုင်ကတည်းက သူတို့ တစ်ဖွဲ့လုံး အင်္ဂလိပ်လို တစ်ခွန်းမျှ မပြောကြခြင်းပင် ဖြစ်သည်။

ကျွန်တော်တို့ ဝင်၍ အင်္ဂလိပ်လို ဘာသာပြန်ပေးလျှင် ရသော်လည်း သူတို့ ဘယ်လို ရှင်းကြမလဲ ဆိုတာ သိချင်၍ ခပ်တည်တည်နှင့်ပင် မသိချင်ယောင် ဆောင်၍ နေနေသည်။ နောက်ဆုံး မရမှ ဝင်ရှင်းမည် ဟု စိတ်ကူးထားသည်။ တရုတ်မကြီးမှာ အကြံအိုက် နေပုံနှင့် ခေါင်းကုတ်ရင်း မည်သို့လုပ်ရမည်ကို စဉ်းစားနေပုံ ရသည်။ သူ့ဆိုင်မှ မှာထားသည့် ဟင်းမှာလည်း မနည်းလှ၍ ဖောက်သည်ကောင်း များကို လက်လွတ်ခံချင်ပုံ မပေါ်ပါ။ သူမက ခဏ ဟု ဆိုပြီး တစ်ခြားတစ်ဘက်သို့ လျှောက်သွားပါသည်။ ခဏ အကြာတွင် အခြား တရုတ်မကြီး တစ်ယောက်နှင့် အတူ ပြန်ရောက်လာပါသည်။ အခြား တရုတ်မကြီးက သူ့ကို ထပ်မေးပြန်သည်။ သူက နောက်တစ်ခေါက် မြန်မာလို ထပ်ပြောပြန်သည်။ ထိုတရုတ်မကြီးကမူ ချက်ချင်းပင် “No Curry” ဟု ပြန်ပြောသည်။ ထို့နောက် သူတို့ နှစ်ဦး တစ်ယောက်က မြန်မာလို ပြော တစ်ယောက် က အင်္ဂလိပ်လို ပြော နှင့် ၅ မိနစ်ခန့် အကြာတွင် Chilli Crab ဖြင့် သဘောတူညီမှု ရသွားကြသည်။ ကျွန်တော်လည်း စိတ်ထဲက စဉ်းစားမိသည်မှာ အော် စင်ကာပူမှာလည်း အင်္ဂလိပ်စကား မပြောပေမယ့် ကိုယ့်ဘာသာကိုယ် အလုပ်ဖြစ် နေတာတွေတော့ ရှိသားပဲ ဟူ၍ ဖြစ်သည်။

ကျွန်တော်တို့လည်း ထိုဆိုင်မှာပင် ဆက်ထိုင်၍ နေကြပါသည်။ ခဏအကြာတွင် ပြည်ကြီး တရုတ်မများ စားသောက်ဆိုင်တန်း ထဲသို့ ပြေးဝင်လာသည် ကို တွေ့ရသည်။ သူတို့၏ ပြင်ဆင်ထားပုံကို ကြည့်ရုံမျှနှင့်ပင် ကြေးစားမှန်း သိနိုင်ပါသည်။ နောက်မှ အရပ်ဝတ်ဖြင့် ရဲများ လိုက်လာကြသည် ကိုလည်း တွေ့နေရသည်။ ရဲများက တရုတ်မများကို စားသောက်ဆိုင်တန်း အနီးတွင် လိုက်၍ ဖမ်းနေကြပါသည်မှာ ထိုအနီးတဝိုက်တွင် ဝုန်းဒိုင်းကြဲ နေပါသည်။ တရုတ်မတစ်ယောက်က ကျွန်တော်တို့ နံဘေးမှ ဖြတ်၍ ဆိုင်တစ်ဆိုင်၏ မီးဖိုခန်းအတွင်း သို့ ဝင်သွားသည်။ ခဏအကြာတွင် တရုတ်မ ၅ ယောက်ခန့်ကို ရဲများက ဖမ်းသွားကြသည်။ ရဲများ ထွက်သွားပြီး ၁၀မိနစ်ခန့် ကြာမှ ပုန်းနေသော တရုတ်မက မီးဖိုခန်းထဲမှ ထွက်လာသည်။ သူမဟုတ်သလိုပင် ခပ်တည်တည် နှင့်ပင် ဖြစ်သည်။ ဆိုင်ရှင်များကလည်း ဒါမျိုး အဖြစ်အပျက် တွေကို ရိုးနေသည့်ပမာပင် ဖြစ်သည်။ ဒီနားမှာလည်း ဒါမျိုးတွေ ရှိသေးသကိုး ဟူ၍ သိလိုက်ရသည်။

ညမိုးချုပ်တော့ တက္ကစီငှားပြီး အိမ်ပြန်ကြဖို့ လုပ်သည်။ ကျွန်တော်တို့ လမ်းမသို့ ထွက်လိုက်သည်နှင့် တရုတ် တက္ကစီသမား တစ်ယောက်က ဘယ်သွားမှာလဲ ဟု မေးသည်။ သူတို့က သင်္ဘောကျင်း နာမည် ပြောတော့ ၃၅ ဒေါ်လာ ကျမည်ဟု ဆိုသည်။ ကျွန်တော်တို့ အံအားသင့်စွာဖြင့်ပင် ကန့်ကွက်မည် ပြုစဉ် သူတို့က အိုကေ ဆိုပြီး ကားပေါ်တက်ကြသည်။ တက္ကစီမှာ ဘလက ်တက္ကစီ မဟုတ်။ Comfort တက္ကစီ အပြာရောင် ဖြစ်သည်။ ကားပေါ်ရောက်တော့ တက္ကစီမှာ မီတာမဖွင့်ဘဲ မောင်းသည်။ အခြားနိုင်ငံများတွင်မူ အထူးအဆန်း မဟုတ်သော်လည်း စင်ကာပူလို တက္ကစီတိုင်း မီတာ ဖွင့်မောင်းသော နိုင်ငံတွင်တော့ တက္ကစီကို ဈေးညှိပြီး စီးသည်ကို မြင်ဖူးသည်မှာ ဒီတစ်ခါ ပထမဆုံးပင် ဖြစ်သည်။ ကျွန်တော်တို့ စိတ်ထဲတွင် တက္ကစီသမားကို ဘာလို့ မီတာဖွင့် မမောင်းလဲ မေးချင်နေမိသည်။ သို့သော် သူတို့ အချင်းချင်း လေပေးဖြောင့် နေပြီ ဖြစ်သည်ကြောင့် မမေးဖြစ် ခဲ့ပါ။ သူတို့က တက္ကစီကို ကျွန်တော်တို့ အိမ်နားတွင် ရပ်၍ ချပေးခဲ့သည်။

အိမ်ပြန်ရောက်၍ အဲဒီနေ့က ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ပြန်ပြောတော့ သူငယ်ချင်းတွေ အားလုံး ကလည်း စင်ကာပူမှာ ဒါမျိုးတွေ ရှိသေးသလား ဟု အံ့သြသံဖြင့် ပြောကြပါသည်။

2 comments:

khaingzm said...

ဒါက seamen တွေမှာဖြစ်လေ့ဖြစ်ထရှိပါတယ်.. သူတို့ခမျာ ရေထဲမှာပဲနေရတာများတော့ ကမ်းကပ်တဲ့အခါရောက်တဲ့ နိုင်ငံရဲ့အခြေအနေကို နားမလည်နိုင်ပဲ စွတ်လုပ်လေ့ရှိတယ်.. နိုင်ငံတိုင်းကလဲ seamen ဆိုတာနဲ့ ရိတ်ပြီးသားပဲ .. ဟိုလူတွေကလဲ အစိမ်းတွေကိုင်ပြီး ငွေကိုရေလိုသုံးနေကြတာ .. နောက်တစ်ခါဆို သူတို့ချင်းဘယ်လောက်ပဲ လေးပေးဖြောင့်ဖြောင့် အမှန်ကို ပြင်ပေးလိုက်စေချင်တယ်.. ဒါမှလည်းသူတို့သက်စွန့်ဆံဖျားရှာထားရတဲ့ ပိုက်ဆံတွေ လူလိမ်တွေလက်ထဲမရောက်မှာပေါ့.. သူတို့နောက်ခါ စလုံးလာတော့ ထပ်မခံရတော့ဘူးပေါ့..

ZT said...

သူတို့သာ ပြောတာ။ ကျွန်တော်လည်း တစ်ခါခံလိုက်ရတယ်။ အဲဒီလို တက္ကစီသမားတွေက နိုင်ငံခြားသားတွေ အလာများတဲ့ နေရာတွေမှာ စောင့်နေကြတာ။ တစ်ရက် ညမိုးချုပ် ကလပ်က အဆင်း ကားပေါ်တက်တော့ ကျွန်တော့်ကို မီတာမဖွင့်ဘဲ ဈေးညှိတယ်။ နောက်မှ တိုင်မယ် ဘာညာနဲ့ သူတို့ကို ဖြဲတော့ မီတာတော့ ဖွင့်ပေးလိုက်တယ်။ ဒါပေမယ့် လမ်းကို ရှည်အောင် ပတ်မောင်း လိုက်တာကို နောက်မှ သတိထားမိတယ်။