၂၀၀၃ ခုနှစ် နှစ်ဆန်းပိုင်းက အလုပ်ကိစ္စနဲ့ အင်ဒိုနီးရှားနိုင်ငံ ဘာတမ် (Batam) ကျွန်းကို အရေးတကြီး သွားဖို့ အကြောင်းပေါ်လာပါတယ်။ ဘာတမ်ကျွန်းဆိုတာ စင်ကာပူ ဟာဘာဖရန့် (Harbour Front) ဆိပ်ကမ်းကနေ စပိဘုတ်နဲ့ သွားရတဲ့ အင်ဒိုနီးရှား ပိုင်တဲ့ ကျွန်းကလေး တစ်ကျွန်းပါ။ စပိဘုတ်က ဟာဘာဖရန့် တစ်ဖက်ကမ်းမှာရှိတဲ့ စင်တိုဆာကျွန်းကို တစ်ပတ်ပတ် ထွက် ပြီးတဲ့နောက် ပင်လယ်ထဲကို တစ်နာရီလောက် မောင်းရပါတယ်။ စက်ရုံ အလုပ်ရုံတွေ အများအပြားရှိလို့ ကျွန်တော်တို့လို အလုပ်ကိစ္စနဲ့ သွားတဲ့သူတွေ သွားလေ့ရှိကြသလို ပျော်ချင်ပါးချင်တဲ့ ယောက်ျားလေးတွေ သွားကြပါတယ်။ ဘာတမ်ဟာ မိသားစုနဲ့ အပန်းဖြေသွားဖို့ ကောင်းတဲ့ နေရာမျိုး မဟုတ်သလို ဈေးဝယ်လို့ ကောင်းတဲ့ နေရာလည်း မဟုတ်ပါဘူး။ မိသားစုနဲ့ သွားလည်ချင်ရင်တော့ ဘာတမ်နဲ့ မနီးမဝေးမှာ ရှိတဲ့ အင်ဒိုနီးရှားပိုင် ဘင်တမ်(Bintam) ကျွန်း က ပိုပြီး သင့်လျော်ပါတယ်။ ဘင်တမ်ကိုတော့ တစ်ခါမှ မရောက်ဖူးပါဘူး။
စင်ကာပူနဲ့ မလေးရှား နိုင်ငံသားတွေအတွက် အင်ဒိုနီးရှားကို ဗီဇာမလိုပေမယ့် မြန်မာနဲ့ ဖိလစ်ပိုင် နိုင်ငံသားတွေ အတွက်တော့ ဗီဇာ လျှောက်ရပါတယ်။ အင်ဒိုနီးရှား သံရုံးက ပြည်ဝင်ခွင့် ဗီဇာကို မလေးရှားလို အကြိမ်ကြိမ် ဝင်ထွက်ခွင့် (Multiple-Entries) ပေးလေ့မရှိပဲ တစ်ကြိမ်ဝင်ထွက်ခွင့် (Single-Entry) သာ ပေးလေ့ရှိပါတယ်။ တစ်နှစ်တည်းမှာ ၃ကြိမ်ဝင်ပြီးမှ အကြိမ်ကြိမ် ဝင်ထွက်ခွင့် ဗီဇာ ထုတ်ပေးလေ့ရှိပါတယ်။ ဗီဇာကြေးကလည်း ဈေးကြီးပါတယ်။ တစ်ကြိမ်ဝင်ဖို့ ဗီဇာအတွက် စင်ကာပူဒေါ်လာ ၇၀ ပေးရပါတယ်။ စီးပွားရေးကိစ္စနဲ့ ဗီဇာလျှောက်မယ် ဆိုရင်လည်း အင်ဒိုနီးရှား အုပ်ချုပ်ရေးပိုင်းက ထောက်ခံစာတွေ ဘာတွေ လိုအပ်လို့ အလုပ်အတော်ရှုပ်ပါတယ်။ အဲဒီအချိန် မတိုင်မီက ကျွန်တော့်နေရာမှာ အရင်အလုပ်လုပ်သွားတဲ့ အင်ဂျင်နီယာနဲ့အတူ အလုပ်တွေ လွှဲယူဖို့ ဘာတမ်ကျွန်းကို တစ်ခါတော့ ရောက်ဖူးပါတယ်။
ကျွန်တော် ဗီဇာသွားလျှောက်တဲ့ နေ့က တရုတ်နှစ်ကူး ရုံးပိတ်ရက်မတိုင်ခင် တစ်ရက်အလို မှာပါ။ ပုံမှန်အားဖြင့် ဗီဇာလျှောက်ပြီးရင် နောက်တစ်နေ့ ဆိုရင် ဗီဇာ ရပါတယ်။ ဒါပေမယ့် အဲဒီနေ့ကတော့ ကောင်တာက ပုဂ္ဂိုလ်က မနက်ဖြန်က စပြီး တရုတ်နှစ်ကူး အတွက် ၇ ရက် ရုံးပိတ်မှာ ဖြစ်တဲ့ အတွက် ရုံးပြန်ဖွင့်မှ ရမယ်လို့ ပြောပါတယ်။ ကျွန်တော့် အလုပ်ကိစ္စကလည်း အလွန်အရေးကြီးနေပါတယ်။ စက်ရုံမှာ စက်က လုပ်ချင်ရာ လုပ်နေတာမို့ ၇ ရက် အကြာမှ သွားရင် စက်ရုံကလူတွေနဲ့ အကြီးအကျယ် ပြသနာတက်မှာ သေချာပါတယ်။ လူစား သွားမယ့်သူလည်း လောလောဆယ် မရှိပါဘူး။ ဒါပေမယ့် သူက မရဘူး ပြောတော့လည်း ဘာမှ ပြန်မပြော တော့ဘဲ လှည့်ပြန်လာခဲ့ပါတယ်။
အဲဒါနဲ့ ကျွန်တော့်ရုံးက ဘော့စ်ဆီ ဖုန်းပြန်ဆက်ပြီး ဗီဇာ မရဘူး ။ ၇ ရက် ကြာမယ် လို့ ပြောလိုက်ပါတယ်။ ကျွန်တော့် ဘော့စ်ကတော့ “မင်းအခု ရောက်နေတာ အင်ဒိုနီးရှား သံရုံး။ နည်းလမ်းရှိရမယ်။ စင်ကာပူလို နေရာတကာ အတည့်မလုပ်နဲ့။ ဘေးက ပတ်သွားတဲ့ လမ်းရှိရမယ်။ နည်းနည်းပါးပါး မေးကြည့်။ ” လို့ ပြန်ပြောပါတယ်။ ကျွန်တော်လည်း မယုံတစ်ဝက် ယုံတစ်ဝက်နဲ့ ခုနက ကောင်တာကို ပြန်သွားပြီး အရမ်း အရေးကြီးနေတဲ့ အကြောင်း၊ ဗီဇာ အမြန် ရနိုင်မယ့် နည်းလမ်းရှိမရှိ မေးရပါတယ်။ အဲဒီမှာ ခုနက ပုဂ္ဂိုလ်ကြီးက “မင်း ငါ့ကို စင်ကာပူ ဒေါ်လာ ၅၀ ပေး။ ညနေရအောင် လုပ်ပေးမယ်။ ” လို့ ပြောပါတယ်။ ရုတ်တရက်တော့ ကျွန်တော် ကြောင်သွားပါတယ်။ စင်ကာပူမှာ ဒါမျိုး မကြုံရတာ ကြာပြီ မဟုတ်လား။ ဒါနဲ့ ကျွန်တော် ဗီဇာကြေး ဒေါ်လာ ၇၀ အပြင် နောက်ထပ် ၅၀ အပိုပေးလိုက်တော့ ၂ နာရီ အကြာမှာ ဗီဇာထွက်လာပါတယ်။ လက်ခံ ဖြတ်ပိုင်းကတော့ ဒေါ်လာ ၇၀ ပါပဲ။ ဗီဇာ လျှောက်တဲ့နေ့ကို တစ်ရက်စောပြီး ရိုက်ထားပါတယ်။
အဲဒီလိုနဲ့ အောင်မြင်စွာ ဗီဇာရလာခဲ့ပါတယ်။ ဒါပေမယ့်လည်း စက်က ကျွန်တော်လာရင် ပိုပျက်သွားမှာ စိုးလို့လားတော့ မသိပါဘူး။တယ်လီဖုန်းနဲ့ လှမ်းပြောပြီး ဟိုစမ်းဒီစမ်း ပြင်လိုက်တာ ကောင်းသွားပါတယ်။ အဲဒါနဲ့ပဲ ဘာတမ်ကို မသွားဖြစ်လိုက်ပါဘူး။ နောက်တစ်လလောက် ကြာမှ ကျွန်တော့် ကုမ္ပဏီက အင်ဂျင်နီယာ တစ်ယောက် အခြားစက် တစ်လုံးကို သွားပြင်တဲ့အခါ အပိုပစ္စည်း အရေးတကြီးလိုတာနဲ့ သွားလိုက်ပေးရင်း အဲဒီ ဒေါ်လာ ၁၂၀တန် ဗီဇာကို သုံးဖြစ်လိုက်ပါတယ်။
ခေါင်းစဉ်ကို သဘောမပေါက်သူများ အပိုင်း(၄) ဆိုလို့ အပိုင်း(၁)၊ (၂) ၊ (၃) ကို လိုက်မရှာပါနဲ့။ အပိုင်း(၄) ဆိုတာ အပေးလိုင်းကို ပြောတာပါ။
10 comments:
ဒီဘလော့ဂ်ကို ငါအမြဲဖတ်ပါတယ်။ အင်ဒိုနီးရှား အပိုင်း (၁) တွေ (၂) တွေကို ဘယ်တုန်းက မဖတ်မိလိုက်ပါလိမ့်လို့ စဉ်းစားနေတာ။ ဟိုးအရင်တုန်းကများ ရေးထားလားလို့။ အပိုင်း(၄)ဆိုတာ ဒီလိုကိုး :D
နောက်ဆုံး စာကြောင်းကို သဘော အကျဆုံးပဲ။ ဖတ်ရင်း စဉ်းစားနေတာ အပိုင်း ၄။ အပိုင်း ၁။၂။၃ လည်း မဖတ်ဖူူးပါဘူး ဆိုပြီး။ ဒါမို ့ ကွန် ့မန် ့လာရေးတာ။ သဥ္ဇာ နဲ ့တူ သွားတာပေါ့။
အပိုင်း၄ဆိုတာက အပေးလိုင်းကိုး။ မသိပေါင် လိုက်ရှာနေမိတာ အပိုင်း၁၊၂။၃ ဘယ်မှာပါလိမ့်လို ့ ဟိဟိ
လင်း
အမှတ်တရများစွာသို ့
သဥ္ဗာနဲ့ တူတူပဲ..။ ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ အပိုင်းတွေကို ပြန်လိုက်ရှာမလို့ လုပ်နေတာ...။
အို... တို့များလည်း အတူတူပါပဲကွယ်.....
(ခေတ်မမီမှာစိုးလို့ အပိုင်း ၁၊၂၊၃ ကို ရှာသွားသေးတယ်...)
တို့များလဲ.........................................။
အမ်...... ဒီမှာလဲရှိတယ်လား..... သြော်....
သန့်
သြော် အဲဂလိုလား။ မှတ်သား ဖတ်သွားပါတယ်
ရယ်သွားသည်။
အပိုင်း၄ ရော ကွန်မန့်တွေပါ ဖတ်ပြီး ရီလိုက်ရတာ.. အားလုံး တည့်တည့် တွေးနေကျမို့ အငိုက်မိသွားတယ် ကိုZT ရေ။
Post a Comment