Search This Blog

Friday, February 13, 2009

အမှတ်တရ ညနေစာ

နှစ်တစ်နှစ်ရဲ့ ဖေဖော်ဝါရီလ တစ်လမှာ အိုင်ယာလန်နိုင်ငံ ဝက်စ်ဖို့ဒ်ဒေသကို အလုပ်ကိစ္စနဲ့ ဒုတိယအကြိမ် ရောက်သွားခဲ့ပါတယ်။ အိုင်ယာလန်ကလည်း တစ်ခြား ဥရောပနိုင်ငံတွေလိုပါပဲ။ သူတို့ကို ကြည့်ရင် သြော် ကမ္ဘာပေါ်မှာ ငါတို့လို တစ်ချိန်လုံး အလုပ် မလုပ်ရဘဲ အလုပ် သက်သာတဲ့သူတွေ ရှိနေသေးပါလား ဆိုတဲ့ အတွေးမျိုး ဖြစ်စေပါတယ်။ ကျွန်တော်တို့ သွားပြီး အလုပ်လုပ်တဲ့ စက်ရုံမှာ ညနေ ၅ နာရီခွဲရင် အားလုံး ပြန်ကြပါတယ်။ အချိန်ပို လုပ်တဲ့သူဆိုတာ တစ်ယောက်မှ မရှိပါဘူး။ ကျွန်တော်နဲ့ ကျွန်တော်တို့ ဥရောပရုံးက အင်ဂျင်နီယာတစ်ယောက် ဖြစ်တဲ့ မာ့က်ခ် နှစ်ယောက်တည်းပဲ စက်တွေနဲ့ အတူ အမြဲ ကျန်ခဲ့တတ်ပါတယ်။

ပထမဆုံး အခေါက် ပထမဆုံးနေ့က ည ၁၀နာရီ ထိုးခါနီးတော့ ကျွန်တော်တို့ကို စက်ရုံထဲကနေ ထွက်ခိုင်းပါတယ်။ တံခါးပိတ်တော့မယ် ပြန်ပါဆိုမှ ကျွန်တော်တို့ ပြန်လာခဲ့တာပါ။ ည ၁၀ နာရီ အထိ အလုပ်လုပ်မိတဲ့ အကျိုးကတော့ ညစာငတ်တာပါပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ည၁၀နာရီ စက်ရုံက ပြန်လာတဲ့အချိန်မှာ စားသောက်ဆိုင်တွေ အားလုံး ပိတ်ကုန်ပါပြီ။ ဆိုင်အားလုံးက နောက်ဆုံး အော်ဒါကို ၉ နာရီ ကျော်ကျော် လောက်မှာ ယူပါတယ်။ မြို့ထဲမှာ ကားနဲ့ လှည့်ပတ်ပြီး စားသောက်ဆိုင် ရှာပေမယ့် တစ်ဆိုင်မှ မရှိတော့လို့ အဲဒီနေ့က ဓာတ်ဆီဆိုင်ကနေ ဆင်းဒဝစ် တစ်ယောက်တစ်ခုစီ ဝယ်ပြီး ညစာစားလိုက်ရပါတယ်။ နောက်နေ့က စပြီးတော့ နှစ်ယောက်စလုံး တိုင်ပင်စရာ မလိုပါဘူး။ ည၈နာရီ ကျော်တာနဲ့ ပြန်ကြတာပါပဲ။

ဒုတိယတစ်ခေါက်မှာ Whites of Ireland ဆိုတဲ့ ဟိုတယ်မှာ တည်းဖြစ်ပါတယ်။ ပထမဆုံးတစ်ခေါက် တည်းခဲ့တဲ့ ဟိုတယ်မှာ အခန်းလွတ် မရှိလို့ပါ။ Whites က အတော်လေး သားနားပါတယ်။ ဟိုတယ် အခန်းထဲမှာ Plasma Screen နဲ့ HDTV ရှိပြီး HD လိုင်းတွေ အမြဲတမ်း လွှင့်နေပါတယ်။ အမ်တီဗွီ လိုင်းက ကျွန်တော်တို့ ကြည့်နေကြ အမ်တီဗွီ အေးရှားလို ပေါက်တတ်ကရ အစီအစဉ်တွေ မလွှင့်ဘဲ သီချင်းအကောင်း တွေချည်းပဲ ဆက်တိုက် လွှင့်တတ်ပါတယ်။ အခန်းထဲမှာ ဝိုင်ယာလက်စ် အင်တာနက် လည်း သုံးလို့ရပါတယ်။ Whites ဆိုတဲ့ နာမည်နဲ့ လိုက်အောင် လားတော့ မသိပါဘူး။ ဟိုတယ်တစ်ခုလုံး ပြင်ဆင်ထားတာတွေ အတော်များများက အဖြူရောင် ချည်းပါပဲ။ ဟိုတယ်ရဲ့ စားသောက်ခန်းမ ကလည်း အတော်ကို သပ်သပ်ရပ်ရပ် ပြင်ဆင်ထား ပါတယ်။ ဒါပေမယ့် ဆိုးရွားတာက မီနူးထဲမှာ ရှိသမျှ အစားအသောက် အကုန်လုံး ယူရို ၂၀ ကျော်ချည်းပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ ညနေစာကို ဟိုတယ်မှာပဲ အမြဲလိုလို စားဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ညစာစားတဲ့အချိန် လူသိပ်မရှိတာ များပါတယ်။ အလွန်ဆုံး ၂ ဝိုင်း ၃ ဝိုင်းပါပဲ။

ကျွန်တော်တို့ ဝက်စ်ဖို့ဒ်ကို ရောက်ပြီး ၃ ရက်မြောက်နေ့မှာ စက်ရုံက ပြန်လာပြီးတဲ့နောက် ထုံးစံအတိုင်း ညစာစားဖို့ ဟိုတယ်က စားသောက်ခန်းမ ထဲကို ဆင်းလာခဲ့ပါတယ်။ အဲဒီနေ့ကတော့ နည်းနည်း ထူးခြားနေသလိုပါပဲ။ ခါတိုင်းလို လူရှင်းမနေဘဲ စားသောက်ခန်းမ တစ်ခုလုံး အပြည်ု့နီးပါး လူရှိနေပါတယ်။ ဒါ့အပြင် အရှေ့မှာ အဖိုးကြီးတစ်ယောက်က ကလပ်စစ်ဂစ်တာ တီးနေပါတယ်။ ပုံမှန် ကျွန်တော်တို့ စားနေကျ ဘားတွေထဲမှာ ဂစ်တာတီးတာ အထူးအဆန်း မဟုတ်ပေမယ့် ဒီဟိုတယ်မှာတော့ အရင်က အဲဒီလို ဂစ်တာတီးတဲ့သူ တစ်ခါမှ မမြင်ဖူးတဲ့ အတွက် နည်းနည်း ထူးဆန်းသလိုပါပဲ။

စားပွဲရဲ့ အပြင်အဆင်ကလည်း ခါတိုင်းနဲ့ မတူပဲ ထူးခြားနေပါတယ်။ ကျွန်တော်တို့ စားပွဲမှာ ထိုင်ပြီးတော့လည်း အရင်လို မဟုတ်ဘဲ စားပွဲထိုးတစ်ယောက်က ရှန်ပိန် လာငှဲ့ပေးပါတယ်။ အစားအသောက် မှာပြီးတဲ့အခါမှာတော့ မာက့်ခ်က ကျွန်တော့်ကို ပြောပါတယ်။

“ဒီနေ့ ထူးထူးခြားခြားပဲကွ။ စားသောက်ခန်းတစ်ခုလုံး လူပြည့်နေတယ်။ အဆင်အပြင်တွေလည်း ပြောင်းနေတယ်။”

သူသတိထားမိဟန် မတူပါဘူး။ ကျွန်တော်က အကြောင်းရင်းကို သိနေပါတယ်။

“ဒီနေ့ ဗယ်လင်တိုင်းဒေးလေ။ ကြည့်ပါလား။ တခန်းလုံး အကုန် အတွဲတွေချည်းပဲ။”

ကျွန်တော် ကျောင်းသားဘဝ တလျှောက်လုံး စားသောက်ဆိုင်မှာ အလုပ်လုပ်လာ ခဲ့တာပါ။ ဒီလိုနေ့မျိုး ဆိုရင် ဘယ်တော့မှ အလုပ်မလုပ်ပါဘူး။ ဘာလို့လဲဆိုတော့ ပိုက်ဆံလည်း ပိုမရ သူများအတွဲတွေကြည့်ပြီး စိတ်ညစ်ရ အလုပ်ကလည်း နှစ်ဆပင်ပန်း ဆိုတော့ ဒီလိုနေ့ဆိုရင် ကျွန်တော်တို့ အကြောင်းတစ်ခုခု ပြပြီး အလုပ်ဆင်းလေ့ မရှိပါဘူး။

အဲဒီတော့မှ သူက ခန်းမထဲ လှမ်းကြည့်ပြီး ရယ်ပါတယ်။ အခန်းထဲမှာ ရှိတဲ့ အတွဲတော်တော်များများက လူငယ်လူရွယ်ဆိုတာ မပါသလောက်ပါပဲ။ အသက် ၃၀ အရွယ်လောက်ကနေ ၆၀ ကျော်လောက်အထိ လူကြီးပိုင်းတွေများပါတယ်။ အားလုံးက ဗယ်လင်တိုင်းဒေးရဲ့ ညနေကို ကြည်ကြည်နူးနူး ခံစားနေတဲ့ ပုံပါပဲ။ သူတို့ကို ကြည့်ရတာ စိတ်ထဲမှာတော့ လွမ်းသလိုလို ဆွေးသလိုလို ကိုယ့်ဘာသာကိုယ် ဘာဖြစ်မှန်းမသိ ဖြစ်သွားစေပါတယ်။

မာ့က်ခ်က ကျွန်တော့်ကို ပြောပါတယ်။

“ငါတို့ ဘဝကလည်း ဆိုးလိုက်တာကွာ။ ဗယ်လင်တိုင်းဒေးတောင် မိန်းမနဲ့အတူ ညစာမစားရဘူး။ လမ်းမပေါ်မှာ ချည်းပဲ။ မင်းကြည့် ကြည့်စမ်းပါ။ အားလုံးအတွဲတွေချည်းပဲ။ အတွဲမဟုတ်တာ ဆိုလို့ ငါတို့ နှစ်ယောက်ပဲ ရှိတယ်။”

သူပြောတာလည်း မှန်ပါတယ်။ အဲဒီအခန်းထဲမှာ အတွဲမဟုတ်တဲ့ စားပွဲဆိုလို့ ကျွန်တော်တို့ နှစ်ယောက်ရဲ့စားပွဲပဲ ရှိပါတယ်။ သူအဲဒီလို ပြောပြီးတော့ ကျွန်တော်တို့ နှစ်ယောက် သဘောကျလို့ ရယ်မိကြပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ နှစ်ယောက် အဲဒီနေ့ညက ဗယ်လင်တိုင်း မီနူးနဲ့ အတူ ဝိုင်တွေ ရှန်ပိန်တွေတော့ အလကားနီးပါး သောက်လိုက်ရပါတယ်။

6 comments:

နွေးနေခြည် said...

စားရဖို့က အဓိကပါ ... ဟီးးးးးးး း)

JuneOne said...

ဖတ်သွားပါတယ်။

Anonymous said...

အယ်လ်တန်..ရေးတာ... ဘနဲ့အ မှားသွားတယ်..သူများကို ပြောချင်လွန်းလို့

Anonymous said...

တော်ကြာ..ဘယ်လ်တန်ဂျွန်တို့ စုံတွဲထင်နေအုံးမယ်။ ဟားဟား
mm

sin dan lar said...

ဒီအဖြစ်တွေကို သင်ခန်းစာယူရမယ်လေ....
ကဲ.. မနက််ဖြန် ဗယ်လင်တိုင်းမှာရော..အရင်တုံးကလို လုပ်ဖော်ကိုင်ဖက်နဲ့ ညစာစား၊ သူများအတွဲတွေကြည့်ပြီး စိတ်ညစ်နေရဦးမယ်ဆိုရင်တော့..... ခွိ....

khin oo may said...

လွမ်းနေတာလား။။