Search This Blog

Tuesday, February 24, 2009

မန်နေဂျာတစ်ယောက် အကြောင်း

သူက ကျွန်တော့်ရဲ့ ဒုတိယမြောက် ကုမ္ပဏီမှာ အလုပ်ခန့်ဖို့ ဒုတိယအကြိမ် အင်တာဗျူးတဲ့ ပုဂ္ဂိုလ်ပါ။ သူ့ကို တွေ့တွေ့ချင်း စိတ်ထဲမှာ ပြေးပြီး သတိရမိတာက တရုတ်သိုင်းကား တွေထဲက မင်းသားတွေကိုပါပဲ။ သူ့ပုံစံက နဖူးပြောင်ပြောင် မုတ်ဆိတ်မွေး နှုတ်ခမ်းမွေး မရိတ်ပဲ အရှည်ထားတတ် ပါတယ်။ ခန္ဓာကိုယ်က ခပ်ဖိုင့်ဖိုင့်နဲ့ ထိုင်နေတဲ့အခါ တက်တက်ကြွကြွ မဟုတ်ပဲ သက်တောင့်သက်သာပဲ အမြဲ ထိုင်တတ်ပါတယ်။ သူ့နာမည်ကတော့ နစ်ခ် လို့ ခေါ်ပါတယ်။

သူက ကျွန်တော့်ကို အင်တာဗျူးမှာ PLC အကြောင်းတွေ မေးပါတယ်။ မင်း ဘာ PLC နဲ့ အတွေ့အကြုံ ရှိဖူးသလဲ ဆိုတော့ ကျွန်တော်က OMRON, National နှစ်မျိုးသုံးဖူးတယ် လို့ ပြန်ဖြေပါတယ်။ OMRON ဘယ် မော်ဒယ်လ် သုံးဖူးသလဲ မေးတော့ ကျွန်တော်က CS-2 လို့ ပြန်ဖြေ လိုက်ပါတယ်။ အဲဒီတော့ သူ ရုတ်တရက် ကြောင်သွားပါတယ်။ ပြီးမှ ငါအခုထက်ထိ CS-2 ဆိုတဲ့ မော်ဒယ်လ်ကို တစ်ခါ မှ မကြားဖူးဘူး။ CS-1 က အမြင့်ဆုံးပဲ လို့ ပြန်ပြောပါတယ်။ အမှန်တကယ်က မှားတဲ့သူက ကျွန်တော်ပါ။ CS-1 PLC ကို CX-Programmer Version 2 နဲ့ ရေးတာကို ရောပြီး CS-2 ဆိုပြီး ရမ်းတုတ်လိုက်တာပါ။ နောက်တော့ သူက ကျွန်တော့်ကို မေးခွန်းနည်းနည်း ပါးပါးထပ်မေးပြီး ဆက်မမေးတော့ ပါဘူး။ နောက်နေ့ အလုပ်ခန့်လိုက်ပြီ ဆိုတဲ့ အကြောင်းနဲ့ လခညှိဖို့ ဆိုတဲ့ အကြောင်းကို HR က ဖုန်းခေါ်လာပါတယ်။

နောက်မှ သူကျွန်တော့်ကို ပြန်ပြောပြတာက မင်းမြန်မာနိုင်ငံလို နိုင်ငံမျိုးက နေလာပြီး စင်ကာပူမှာ ကျောင်းပြီးတာ ဆိုတော့ အချဉ်တော့ မဟုတ်လောက်ဘူး ဆိုပြီး ငါမေးတာ တလွဲဖြေပေမယ့် အလုပ်ခန့်လိုက်တာ လို့ ပြောပါတယ်။ စင်ကာပူမှာ မြန်မာကျောင်းသားတွေ အများကြီး ရှိတာကို သူ သိပုံ မပေါ်ပါဘူး။ ကျွန်တော်က အဲဒီကုမ္ပဏီက ပင်မ အင်ဂျင်နီယာ ဌာနရဲ့ Control ဌာနခွဲမှာ လက်ထောက် အင်ဂျင်နီယာ အနေနဲ့ အလုပ်ဝင်ပါတယ်။ ရုံးခန်းထဲမှာ ထိုင်တဲ့သူတွေထဲမှာ ကျွန်တော်က ရာထူး အနိမ့်ဆုံးပါ။ နစ်ခ်ကတော့ ကျွန်တော်တို့ ဌာန တစ်ခုလုံးမှာ Vice President ပြီးရင် ရာထူးအကြီးဆုံး မန်နေဂျာ တစ်ယောက် ဖြစ်ပါတယ်။

သူ့ရဲ့ ထူးခြားချက်က ရုံးကို ဘယ်တော့မှ စောစောစီးစီး မလာတတ်တာပါပဲ။ VP က မနက် ၈ နာရီ ဆိုရင် ရုံးရောက်နေတတ်ပါတယ်။ သူကတော့ ၉ နာရီခွဲ ၁၀ နာရီလောက်မှ ရုံးကို ရောက်လာတာ များပါတယ်။ ညနေဆိုရင်လည်း VP က ည ၈ နာရီ လောက်အထိ နေတတ်ပေမယ့် သူ့ကိုတော့ ၅ နာရီလောက်ဆိုရင် ရုံးမှာ မတွေ့ရတော့ပါဘူး။ တခါတလေ ရုံးမှာ ၁ ပတ် ၂ ပတ် မတွေ့ရပဲ ပျောက်နေတတ်ပါတယ်။ ရုံးလာရင်လည်း စာရွက်စာတမ်း လက်မှတ် ထိုးစရာ ရှိတာကို ထိုးပြီး ညနေဖက် အလုပ်မရှိတော့ရင် သူ ပြန်ပါပြီ။ ဒါပေမယ့် ကျွန်တော်တို့ ဌာနက အင်ဂျင်နီယာ နဲ့ စီနီယာ အင်ဂျင်နီယာတွေ ကို မေးကြည့်တဲ့ အခါမှာတော့ သူ့ရဲ့ လုပ်ငန်း ကျွမ်းကျင်မှုကို ဘယ်သူမှ မယှဉ်နိုင်ဘူး လို့ အားလုံးက တညီတညွတ်တည်း ထောက်ခံကြပါတယ်။

ကျွန်တော်တို့ ဌာနမှာ ယူကေက ကျောင်းပြီးလာတဲ့ အင်ဂျင်နီယာ တစ်ယောက် ရှိပါတယ်။ သူ ပရိုဂရမ်ရေးရင် သူ့ပရိုဂရမ်ကို သူက လွဲပြီး ဘယ်သူမှ ပြင်လို့ မရအောင် ရေးတတ်ပါတယ်။ သူ့ကို အလုပ်ဖြုတ်လို့ မရအောင် ကုမ္ပဏီကို ညစ်တာပါ။ တစ်နေ့မှာတော့ အဲဒီအင်ဂျင်နီယာ ပရိုဂရမ် ရေးထားတဲ့ စက်တစ်လုံး အမေရိကန်က စက်ရုံမှာ ပြသနာ ဖြစ်နေပါတယ်။ နစ်ခ်က အဲဒီအချိန်မှာ အမေရိကန် ရောက်နေလို့ စက်ရုံက ပြင်ခိုင်းတာကြောင့် သူရေးထားတဲ့ ပရိုဂရမ်ကို ပြင်ဖို့ ကြိုးစားပါတယ်။ ဒါပေမယ့် မအောင်မြင်ပါဘူး။ အဲဒီမှာ နစ်ခ်က ဘာမှ ပြောမနေဘဲ အဲဒီစက်အတွက် ပရိုဂရမ်ကို အစအဆုံး သူ့ဘာသာသူ ပြန်ရေးပါတယ်။ တစ်ရက်အတွင်းမှာ အကုန် ပြီးသွားပါတယ်။ ကျွန်တော်တို့ ဌာနက အင်ဂျင်နီယာတွေ အကုန်လုံးလည်း သူ့အစွမ်းကို လက်ဖျားခါ သွားပါတယ်။

နောက်ပိုင်းမှာတော့ သူ ကျွန်တော့်ကို ပွဲထုတ်ပေးပါတယ်။ VP က ကျွန်တော့်ကို သိပ် အယုံအကြည်မရှိပါဘူး။ ဒါပေမယ့် နစ်ခ် က ကျွန်တော့်ဖက်က ရပ်ပါတယ်။ မင်း သူ့ကို ကိုယ်တိုင် ကွင်းဆင်းပြီး မလုပ်ခိုင်းရင် သူဘယ်တော့မှ တိုးတက်လာမှာ မဟုတ်ဘူး။ ငါတို့ အတွက်လည်း အကျိုးမရှိဘူး ဆိုပြီး သူက VP ကို ပြောပါတယ်။ ကျွန်တော် တိုက်ရိုက် သတင်းပို့ရတဲ့ စီနီယာ အင်ဂျင်နီယာ ဒင်နီယယ်ကလည်း သူ့မိန်းမက နားပူလွန်းလို့ ခရီးမထွက်ချင်တာနဲ့ ဘေးကနေ ဝိုင်းပင့်ပေးပါတယ်။ ကံကလည်း စွတ်ကောင်းနေ ဒင်နီယယ်ကလည်း ကျွန်တော် လိုအပ်သမျှ အကုန်လုံးကို တယ်လီဖုန်းထဲကနေ လှမ်းပြီး ကူညီနေတာနဲ့ အဲဒီအချိန်တုန်းက ကျွန်တော် ထွက်ခဲ့သမျှ ခရီးတွေ အကုန်လုံး အဆင်ပြေ ပါတယ်။ အဲဒီတော့ ကျွန်တော်လည်း ထန်းပင်တက် လက်မှတ် ရသွားပါတယ်။ နောက်ပိုင်း ခရီးသွားဖို့ ပေါ်လာရင် ကျွန်တော့်ကိုပဲ ရွေးလွှတ်တော့တာပါပဲ။

ဒါပေမယ့် ၆ လလောက်ကြာတော့ နစ်ခ် ရော ဒင်နီယယ်ပါ နှစ်ယောက်စလုံး အလုပ်ထွက် သွားပါတယ်။ ဒင်နီယယ်က တစ်ခြားကုမ္ပဏီ တစ်ခုကို ပြောင်းသွားပြီး နစ်ခ်ကတော့ ကိုယ်ပိုင်စီးပွားရေး လုပ်ဖို့ ထွက်သွားတာပါ။ သူဘာလုပ်မှာလဲ မေးကြည့်တော့ လက်သည်း ခြေသည်း အလှပြင်တဲ့ လုပ်ငန်း လုပ်မယ် လို့ပြောပါတယ်။ သူ့မိန်းမက အဲဒီလုပ်ငန်း လုပ်နေတာ ကြာပြီး သူလည်း အဲဒီလုပ်ငန်းပဲ လုပ်တော့မယ် ဆိုပြီး ပြောပါတယ်။ အဲဒီလိုနဲ့ သူ အလုပ်ထွက်သွားပြီး ကျွန်တော်တို့ ၃-၄ လလောက် မတွေ့ဖြစ်ပါဘူး။

အရင်တုန်းက နစ်ခ် ကိုယ်တိုင် လုပ်ခဲ့တဲ့ စက်အချို့ ကျွန်တော့်ဆီကို ရောက်လာပါတယ်။ တစ်နေ့မှာတော့ စက်တစ်လုံးက ကျွန်တော့်ကို ကောင်းကောင်း ဒုက္ခပေးပါတယ်။ စက်ရဲ့ အစိတ်အပိုင်း တော်တော်များများကို ပရိုဂရမ် ပြင်ရေးလို့ ရပေမယ့် PID Control နဲ့ အလုပ်လုပ်တဲ့ အပူချိန် ထိန်းချုပ်တဲ့ စနစ် အပိုင်းကို ကျွန်တော် ဘယ်လိုမှ ပြင်လို့ မရပါဘူး။ အဲဒါနဲ့ နောက်ဆုံး VP က နစ်ခ်ကို အချိန်ပိုင်းနဲ့ တစ်ရက်လောက် လာကူဖို့ အကူအညီ တောင်းပါတယ်။ သူကလည်း သူ့ရဲ့ စီးပွားရေး လုပ်ငန်းကိစ္စနဲ့ အလုပ်များနေတာနဲ့ တော်တော်နဲ့ ရောက်မလာနိုင်ပါဘူး။ အဲဒီလိုနဲ့ နောက်ဆုံး သူအားမယ့် တစ်နေ့ ည ၉ နာရီကျော် လောက်ကို စောင့်ပြီး အဲဒီစက်ကို အပြီးသတ် ရပါတယ်။ နစ်ခ်ရောက်လာတော့ ကျွန်တော့်ကို ဘယ်လိုလုပ်ရမယ် ဆိုတာကို အကုန် သင်ပေးပါတယ်။ ည ၁၀ နာရီခွဲလောက် မှာတော့ အားလုံး ပြီးသွားပါတယ်။

သူက ကျွန်တော်နဲ့ နောက် အင်ဂျင်နီယာ တစ်ယောက်ကို သူ့ကားနဲ့ အိမ်အထိ ပြန်လိုက်ပို့ပါတယ်။ လမ်းမှာ ကျွန်တော်တို့ သုံးယောက်သား စကားတွေ အတော် ပြောဖြစ်ကြပါတယ်။ အဲဒီမှာ သူပြောခဲ့တဲ့ အကြောင်းအရာ တစ်ခု က ကျွန်တော်တို့ကို တော်တော်လေး စဉ်းစားစရာ ရစေပါတယ်။

နစ်ခ်ဟာ National University of Singapore (NUS) ကနေ အင်ဂျင်နီယာ ဘွဲ့ရထားတဲ့သူပါ။ ကျောင်းပြီးပြီးချင်း ကျွန်တော်တို့ ကုမ္ပဏီမှာ အလုပ်ဝင်ပါတယ်။ သူ ကျွန်တော်တို့ ကုမ္ပဏီကနေ ထွက်သွားတဲ့ အချိန်အထိ ဆိုရင် ၁၀ နှစ် နီးပါး ကြာပါတယ်။ သူနဲ့ ကျောင်းအတူတူ ပြီးတဲ့ သူငယ်ချင်းတစ်ယောက် ကတော့ အခြား ကုမ္ပဏီ တစ်ခုမှာ ပရိုဂရမ်မာ အနေနဲ့ အလုပ်ဝင်ပါတယ်။ နောက်တော့ စီးပွားရေး ကျတဲ့အချိန်မှာ သူ့သူငယ်ချင်းဟာ အလုပ်က လူလျှော့တဲ့ အထဲပါပြီး အလုပ် ပြုတ်သွားပါတယ်။ အလုပ်ပြန် ရှာလို့ မရတာနဲ့ နောက်ဆုံး ဆိုင်ဖွင့်ပြီး ကြက်ဆီထမင်း (Chicken Rice) ရောင်းစားတာ အခုတော့ BMW စီးနေပြီ လို့ ပြောပါတယ်။ တစ်ခုပဲ ရှိတယ်။ Chicken Rice ရောင်းလို့ ဘယ်မိန်းမကမှ သူ့မယူချင်လို့ အခုထက်ထိတော့ မိန်းမ မရသေးဘူးကွ လို့ ကျွန်တော်တို့ကို နစ်ခ်က ရယ်စရာ အနေနဲ့ ပြောပြပါတယ်။

ငါကတော့ Automation မှာ ၁၀ နှစ်လောက် အတွေ့အကြုံတွေ အများကြီး ရလိုက်ပေမယ့် ကားတောင် ကောင်းကောင်း ဝယ်မစီးနိုင်ဘူး။ အခုလုပ်နေတဲ့ လက်သည်း ခြေသည်း အလှပြင်တဲ့ လုပ်ငန်း ကမှ ပိုပြီး ဝင်ငွေကောင်းတယ်။ ငါ့မန်နေဂျာလခ ထက်စာရင် အများကြီး ပိုရတယ်လို့ ပြောပါတယ်။

သူက ကျွန်တော်တို့ကို အခြေအနေ ပေးတာနဲ့ အလုပ်က ထွက်ပြီး ကိုယ်ပိုင်စီးပွားရေး လုပ်ငန်း လုပ်ဖို့ တိုက်တွန်းပါတယ်။ အခုလည်း စီးပွားရေးကျနေတာနဲ့ အလုပ်များ ပြုတ်ခဲ့ရင် ကျွန်တော်လည်း ဆော့ဖ်ဝဲလ် မရေးတော့ပဲ စင်ကာပူမှာ Chicken Rice ရောင်းစားရင် ကောင်းမလားလို့ စဉ်းစားနေကြောင်းပါ။

12 comments:

မီယာ said...

ကိုယ်ပိုင် စီးပွားရေးလုပ်ဖို့ အားပေးပါတယ်... စွန့်စားရဲတဲ့ သတ္တိရှိဖို့ လိုတယ်.. chicken rice ရောင်းရောင်း ဝက်သားတုတ်ထိုး ရောင်းရောင်း အလုပ်တကယ် ကြိုးစားတဲ့ သူတွေအဖို့တော့ ကိုယ်ပိုင်အလုပ် လုပ်မှပဲ တကယ် အကျိုးအမြတ်ကို ခံစားရတယ်လို့ ထင်ပါတယ်... ကံကောင်းပါစေ။

ဇနိ said...

လုပ်သင့်တယ် း)

နွေးနေခြည် said...

chicken rice ရောင်းတာ software ရေးတာလောက်တော့ ဦးနှောက်ခြောက်မယ်မထင်ဘူး။ ဘယ်အလုပ်မှတော့ မလွယ်ပါဘူး။ ဒါပေမယ့် ဒီမှာအလုပ်စလုပ်တော့ စိတ်ညစ်လွန်းလို့ တံမြက်စည်းလှည်းတဲ့အလုပ်တို့၊ ပန်းကန်ဆေးတဲ့ အလုပ်တို့ပဲလုပ်ချင်မိသေးတယ်။
ကိုztကြီး chicken rice ဆိုင်တွေများနေပြီ။ တခြားဟာပြောင်းဖွင့်နော် း)

Anonymous said...

chicken riceလုတ်တတ်တယ်လား။
ဆိုင်ဖွင့်မယ်ဆို အားပေးမယ်။
လာလည်ရင် တစ်ပွဲတော့ အလကားကျွေးနော်။

mm

Anonymous said...

ဟယ်.. chicken rice လုပ်တတ်လား။ အားပေးတယ်။
အစ်မ လာလည်ရင် အလကားကျွေးနော် :D
mm

Life is for Success said...

sell young tao fu more easy...

မဇနိ said...

ရောင်းဖြစ်မယ်ဆို အလကားတော့ ကျွေးပါ ဘလော့ဂ်မောင်နှမတွေပဲလေ။ ဒါပေသိ ဆိုင်ဈေးရောင်းရင်း ပရိုဂရမ်တွေ သံယောဇဉ်မပြတ်လို့ စိတ်ကူးနဲ့ရေးနေမှ chicken rice ပရိုစီဂျာမှားနေမယ်နော်။

Anonymous said...

အင်းးးးးးးး
ကြက်ဆီထမင်းနဲ့ ပရိုဂရမ်မာ........

sin dan lar

Ko Paw said...

ဒါပေမယ့် ဒီမှာအလုပ်စလုပ်တော့ စိတ်ညစ်လွန်းလို့ တံမြက်စည်းလှည်းတဲ့အလုပ်တို့၊ ပန်းကန်ဆေးတဲ့ အလုပ်တို့ပဲလုပ်ချင်မိသေးတယ်။

အပေါ်မှာ ပြောသွားတဲ့တယောက်က ကျနော်နဲ့ အိုင်ဒီယာတူတယ်။ တတ်နိုင်ရင်တော့ ဘာမှကို မလုပ်ချင်ဘူး။ ထီဖိထိုးမှဖြစ်မယ်။

weik.zar said...

plc ကခေါင်းစား၊ဒါကြောင့် laska ရောင်းနေတယ်ဗျ၊ဟားဟား။

Anonymous said...

ဒါပေမဲ့ nick တတ်ထားတဲ့ ပညာတွေနှမျောစရာ နော်..

nu-san said...

သင်ထားတဲ့ ပညာတွေ လုပ်ငန်းအတွေ့အကြုံတွေကိုတော့ နှမြောသား.. အဓိကတော့ ကိုယ့်အလုပ်ကို ကိုယ်ပျော်နေရင် ပြီးတာပါပဲ.. :)