Search This Blog

Sunday, March 1, 2009

အမှတ်တရ အိန္ဒိယခရီး (၁)

ဟိုတစ်လောက သတင်းထဲမှာ အိန္ဒိယက အကြမ်းဖက် တိုက်ခိုက်မှုတွေ မြင်တော့ စဉ်းစားမိပါတယ်။ ငါ အိန္ဒိယရောက်နေတုန်းကသာ အဲဒီလို ဖြစ်ရင် စင်ကာပူတောင် ပြန်ရောက်ပါ့မလား မသိဘူးပေါ့။ အမှန်တကယ် ကတော့ အတွေးခေါင်တာပါ။ ကျွန်တော်တည်းခဲ့တဲ့ ဟာယန (Haryana) က မိုင်တိုင်အမှတ် ၃၂ ဆိုတဲ့ ဟိုတယ်ကိုတော့ ဘယ်အကြမ်းဖက်သမားကမှ လာတိုက်မယ် မထင်ပါဘူး။ ဟိုတယ်က ချောင်ကျလို့ပါ။ ဖြစ်ချင်းဖြစ်ရင် ဓားပြတော့ အတိုက်ခံရ နိုင်ပါတယ်။

အဲဒီတုန်းက ဟာယနက ဂျပန် စက်ရုံတစ်ရုံမှာ စက်သွားပြင်ရတာပါ။ ဂျပန်များ အလွန် ခက်ပါတယ်။ စက်နှစ်ခု ယှဉ်ကြည့်ရင် ဂျပန်စက်က ဘယ်လောက် စုတ်ပြတ်တဲ့စက်ပဲ ဖြစ်နေပါစေ ဂျပန်စက်ပဲ သုံးပါတယ်။ မိတ်အင်ဂျပန် ဆိုတိုင်း ကောင်းတာတော့ မဟုတ်ပါဘူး။ ဂျပန်လည်း တစ်ချို့ နေရာတွေမှာ နည်းနည်းတော့ ချာပါတယ်။ အဲဒီစက်ကတော့ ဂျပန်ကုမ္ပဏီတွေက မလုပ်လို့ ကျွန်တော်တို့ ဆီက ဝယ်တာပါ။ ဒါတောင်မှ တိုက်ရိုက် ဝယ်တာ မဟုတ်ပါဘူး။ ဂျပန်ကုမ္ပဏီတစ်ခု ကနေ တဆင့် ဝယ်တာဆိုတတော့ စက်မှာ ကျွန်တော်တို့ ကုမ္ပဏီတံဆိပ် မကပ်ဘဲ ဂျပန်တံဆိပ် ကပ်ပေးရပါတယ်။ မိတ်အင် စင်ကာပူ ဂျပန်ကုမ္ပဏီ က ထုတ်လုပ်သည် ပေါ့။ အမှန်တကယ်ကတော့ ဂျပန်ကုမ္ပဏီက လုပ်တာ မဟုတ်မှန်း စက်ရုံက အင်ဂျင်နီယာတွေ ကောင်းကောင်း သိပါတယ်။ ဒါပေမယ့်လည်း နောက်ဆုံးတော့ စက်က ဂျပန်နာမည် ဖြစ်ရင်ပြီးရော ဆိုတဲ့ ပုံစံမျိုး နဲ့ပဲ ဝယ်သွားပါတယ်။ ကျွန်တော်တို့ တံဆိပ်ကပ်ပေးရတဲ့ ဂျပန်ကုမ္ပဏီကတော့ လူတိုင်းကြားဖူးနေတဲ့ ကုမ္ပဏီ ဖြစ်တာမို့ နာမည်တော့ ထုတ်မပြောတော့ပါဘူး။

ဟာယနက နယူးဒေလီနဲ့ မလှမ်းမကမ်းမှာ ရှိတာမို့ နယူးဒေလီကို လေယာဉ်ပျံနဲ့ သွားရပါတယ်။ နယူးဒေလီ လေဆိပ်ကတော့ သားသားနားနား မဟုတ်ပါဘူး။ ရောက်ရောက်ချင်း မင်္ဂလာဒုံ လေဆိပ်က အခု ပြည်တွင်း ဆိုက်ရောက်ထွက်ခွာ လုပ်ထားတဲ့ အရင်တုန်းက လေဆိပ် တာမင်နယ် အဟောင်းထဲ ရောက်သွားသလိုပဲ ခံစားရပါတယ်။ အဲဒီလောက်ပဲ သားနားပါတယ်။ လူဝင်မှု ကြီးကြပ်ရေး ဂိတ်ကို ဖြတ်ပြီးတော့ အကောက်ခွန်ကို ဖြတ်တဲ့အခါမှာတော့ အစောင့်က ကျွန်တော့်ကို ရစ်ဖို့ကြံပါတယ်။ လက်ထဲက မြန်မာနိုင်ငံကူး လက်မှတ်ကလေးကို တွေ့သွားလို့ပါ။ ပိုက်ဆံ လိုချင် လို့လားတော့ မသိပါ။ ကံကောင်းချင်တော့ သူကျွန်တော့်လက်ထဲက ပတ်စ်ပို့ကို တောင်းနေတဲ့ အချိန်မှာပဲ နောက်တစ်ယောက်က သူ့ကို ခဏဆိုပြီး လာခေါ်သွားပါတယ်။ ဘာရမလဲ။ ကျွန်တော်လည်း ရတဲ့အခွင့်အရေး လက်လွတ်မခံပဲ တစ်ချိုးတည်း လစ်တော့တာပါပဲ။

အပြင်မှာ နောက်တစ်ယောက်က ကျွန်တော့် နာမည်နဲ့ လာကြိုနေပါတယ်။ အဲဒီမှာလည်း မြန်မာနိုင်ငံ ပြန် သူဌေး လုပ်ရသလို ခံစားရပါတယ်။ လာကြိုတဲ့သူက အိတ်တွေဘာတွေ ဆွဲပေးလို့ပါ။ ဒါမျိုးတွေ မကြုံရတာ ကြာပြီ မဟုတ်လား။ စင်ကာပူလို နိုင်ငံမျိုးမှာ ကုမ္ပဏီက အမှုဆောင် အရာရှိချုပ် တောင် ကိုယ့်ဘာသာကိုယ် ကားမောင်းပြီး ရုံးတက်ရတာ။ ရုံးရောက်ရင်လည်း ဘယ်သူမှ အိတ်လာဆွဲပေးတာ မဟုတ်ဘူး။ လာကြိုတဲ့သူက သူ့ရဲ့ ကားသေးသေးကလေးနဲ့ ကျွန်တော့်ကို ဟာယနက ဟိုတယ်ကို လိုက်ပို့ပေးပါတယ်။ မြို့ထဲ ကားဖြတ်မောင်းရတာလည်း မြန်မာနိုင်ငံ ပြန်ရောက် သွားသလို ပါပဲ။ ကုန်ကားကြီးတွေနဲ့ ရှုပ်ရှက်ခတ်နေတဲ့ လမ်းတွေကို မတွေ့ရတာ ကြာတော့ အထူးအဆန်းလို ဖြစ်နေပါတယ်။

ဟိုတယ် အပေါက်ဝမှာ စားသောက်ဆိုင် တစ်ဆိုင် တွေ့လိုက်တာနဲ့ မအိပ်ခင် သွားဝါးလိုက်ဦးမယ် ဆိုပြီး ဟိုတယ် အခန်းထဲမှာ အိတ်ချပြီးတာနဲ့ စားသောက်ဆိုင်ကို ပြန်ထွက်လာ ပါတယ်။ စားသောက်ဆိုင်က တစ်ညလုံး ဖွင့်တာပါ။ အစားအသောက် စာရင်းကို ကြည့်တော့ အကုန်လုံးတော့ အင်္ဂလိပ်လို ရေးထားပါတယ်။ ဒါပေမယ့် အိန္ဒိယနာမည်ကို အင်္ဂလိပ်လို ရေးထားတာ ဆိုတော့ နည်းနည်း ခေါင်းစားသွားပါတယ်။ ကြည့်ရင်းကြည့်ရင်း Bhel Puri ဆိုတာကို တွေ့တာနဲ့ အတော်ပဲ ဆိုပြီး မှာထည့်လိုက် ပါတယ်။ အာလူးပူရီလို ထင်လို့ပါ။ ရောက်လာတော့မှ Bhel Puri ဆိုတာ လက်ဖက်မပါတဲ့ အကြော်စုံသုတ် ဖြစ်နေမှန်းသိရပါတယ်။



Bhel Puri မြင်ဖူးအောင် ဓာတ်ပုံကို (http://www.ifood.tv/files/Bhel%20Puri.jpg) က ယူပြီး တင်ပေးလိုက်ပါတယ်။ မထူးပါဘူး ဆိုပြီး အဲဒီ ပူရီပဲ စားပြီး အခန်းကို ပြန်ခဲ့ပါတယ်။ အခန်းထဲ ရောက်တော့ ကျွန်တော့်ကို ဆီးကြိုနေတာက တော့ ဖုန်နံ့ပါ။ အခန်းထဲမှာ ဖုန်မရှိပေမယ့် ဖုန်နံ့ကတော့ ရနေပါတယ်။ ရေချိုးခန်းထဲ ဝင်တော့လည်း အဲဒီလိုပါပဲ။ ရေချိုးခန်း ထဲမှာလည်း ဖုန်နံ့သင်းသင်း ကလေး ရနေပါတယ်။

ကောင်းတာ တစ်ခုကတော့ အခန်းထဲမှာ ဝိုင်ယာလက်စ် အင်တာနက် ရှိနေတာပါ။ ခရီးဆောင် ကွန်ပြူတာကို ပလပ်ပေါက်နဲ့ ဆက်ပြီး မီးခလုပ်ဖွင့်လိုက်ပါတယ်။ ကျွန်တော့်ရဲ့ ကွန်ပြူတာကလေး ကြယ်တွေ လတွေ မြင်သွားပါတယ်။ ရုတ်တရက် ဓာတ်အား ဆောင့်ထည့် လိုက်သလို ဖြစ်သွားလို့ပါ။ ကွန်ပြူတာ ဖန်သားပြင်ပေါ်မှာ ပုံမှန် မဟုတ်တဲ့ အရောင်တွေ ဖြာလက်နေပါတယ်။ ငါ့ကွန်ပြူတာတော့ ဂန့်သွားပြီဟ လို့ တွေးလိုက်မိပါတယ်။ ကွန်ပြူတာကို ပိတ်ပြီး ပြန်ဖွင့်တဲ့အခါ ပုံမှန်အတိုင်း ပြန်ထွက် လာပါတယ်။ ကံကောင်းလို့ပါ။ အဲဒီလိုမှ မဟုတ်ရင်တော့ စက်ရုံမှာ ဆော့ဖ်ဝဲလ် ပြင်စရာရှိရင် ပြင်မရဘဲ ငုတ်တုတ် ထိုင်နေရုံပဲ ရှိပါတော့တယ်။ ကွန်ပြူတာကို ခဏတဖြုတ် သုံးပြီးတော့ ဖုန်နံ့တသင်းသင်း နဲ့ အဲယားကွန်း ဖွင့်ပြီး အိပ်ရာဝင်ခဲ့ပါတယ်။

7 comments:

ဇနိ said...

:) Signed

apyonepan said...

i got that smell of dirt too. :)

မီယာ said...

အမှတ်တရတွေ များသား.. မှတ်မိသလောက်သာ ရေးထားပါ။ ကိုယ့်အတွက်လည်း record ကျန် ဖတ်ရတဲ့သူတွေလည်း မသိသေးတာတွေ သိရတယ်။

သဥ္ဇာ - Thinzar said...

အိန္ဒိယကို ကုလားကားတွေထဲမှာ ကြည့်ရသလောက်တော့ လူအရမ်းများပြီး နေရာတိုင်း ရှုပ်ပွနေတာဘဲ။ ရုပ်ရှင်ထဲက လူတွေကိုဘဲ ကြည့်ရင်တောင် တော်တော်ခေါင်းမူးတယ်။

မြန်မာလိုဘဲ အာလူးပူရီလို့မှာလိုက်ရင်တောင် စားရဦးမယ်။ :D အာလူး၊ ကတ်ကြေး၊ ပန်ကာ စသဖြင့် အစားအသောက် အသုံးအဆာင် ပစ္စည်း တော်တော်များများက ကုလားစကားနဲ့ မြန်မာနဲ့တူတယ်။

Anonymous said...

ဟိုတယ်မှာ ကဖုန်နံ့ air fresher သုံးလို့ ဖြစ်မှာပါ..။ :P:P

sin dan lar

PAUK said...

မြန်မာပြည်ပြန်ရောက်သလိုပေါ့..
ဖုန်တသောသော..နဲ့..ဖုန်နံ့လေးနဲ့

Anonymous said...

Potato is called "Aloo" in their language, same as in Burmese. They called it "Aloo Puri".