Search This Blog

Wednesday, March 25, 2009

ညမဖတ်ရ

ကျွန်တော်တို့ ငယ်ငယ်က နှစ်နှစ်ခြိုက်ခြိုက် ဖတ်ခဲ့တဲ့ စာအုပ်တွေထဲမှာ မြစကြာတို့ မှော်စက်ရှင်တို့ ရေးတဲ့ သိုက်တူးတဲ့ ဝတ္ထုတွေ၊ စုန်းကဝေ သရဲတစ္ဆေ ဝတ္ထုတွေလည်း ပါပါတယ်။ ယုတ္တိ မရှိပေမယ့် ဖတ်လို့ကတော့ အလွန် ကောင်းပါတယ်။ ငယ်ငယ်တုန်း ကတော့ ယုံတဝက် မယုံတဝက်နဲ့ပဲ ဖတ်ဖြစ်ပါတယ်။ ညမဖတ်ရ ရေးထားပေမယ့် ညဖက်မှာ ဖတ်ရင်လည်း ဘာမှ ထူးထူးခြားခြားတော့ ကြောက်စရာ မကြုံဖူးပါဘူး။

မြစကြာရဲ့ သိုက်တူးတဲ့ ဝတ္ထုတွေ ဆိုရင် ဖတ်ရတာ တရုတ်သိုင်းဝတ္ထု ဖတ်ရတဲ့ အတိုင်းပါပဲ။ သိုက်သွားတူးတုန်း သရဲကြီး ထွက်လာလိုက် သိုက်ဆရာက အင်းနဲ့ ကောက်ထုလိုက် သရဲကြီး ပြန်ထွက် ပြေးသွားလိုက်။ နောက်ထပ် သဘက်ကြီး တစ်ကောင် ထွက်လာလိုက်။ ဆေးတောင့်နဲ့ ကောက်ပစ်လိုက် သဘက်ကြီး ထွက်ပြေးသွားလိုက်။ အဲဒီလိုတွေ ရေးထားတာ တရုတ် သိုင်းဝတ္ထုထဲက လက်နက်ပုန်း ပစ်နေကြတဲ့ အတိုင်းပါပဲ။ နောက်ပြီး အရုပ်ကို စီရင်ပြီး စက်မဲ့ ယာဉ်မောင်းသလို သိုက်ထဲကို လွှတ်ပြီး စည်းဖျက်ခိုင်းတာမျိုး လည်း ပါပါသေးတယ်။ စက်ရုပ်ကား ကြည့်ရသလို ပါပဲ။ တရုတ်သိုင်း ဝတ္ထုထဲမှာ ဝူတန်ဂိုဏ်း၊ ရှောင်လင်ဂိုဏ်း ရှိသလို သိုက်ဆရာကလည်း သူ့ဂိုဏ်းနဲ့ သူပါ။ ငယ်ငယ်တုန်းကတော့ မြစကြာ ဝတ္တုဖတ်ပြီး စစ်ကိုင်းရောက်ရင် ပတ္တမြားစေတီမှာ သိုက်ရှိတယ်လို့ပဲ စိတ်ထဲမှာ ယုံနေပါတယ်။ ပတ္တမြားစေတီ ဆိုတာ စစ်ကိုင်းတောင်ကို မျက်နှာမူပြီး ကြည့်မယ်ဆိုရင် ဘယ်ဖက် အစွန်ဆုံးလောက်မှာ ရှိတဲ့ ဘုရားပါ။

မှော်စက်ရှင် ဝတ္ထုတွေထဲမှာတော့ ကျွန်တော်တို့ ငယ်ငယ်က ယုံတမ်းစကားလို ကြားခဲ့ဖူးတဲ့ စုန်း ကဝေတွေရဲ့ အကြောင်းတွေကို ဝတ္ထုလို ရေးထားတာ ဖတ်ရပါတယ်။ ၁၂ ကြိုး ကဝေ၊ ၈ ကြိုးကဝေ (၆ ကြိုး ကဝေတော့ မပါပါဘူး။ အဲဒါက Iron Cross က ချစ်စမ်းမောင်ပါ။)၊ ဇော်ဂနီ၊ ဇော်ဂနက်၊ မောက်လုံး၊ မောက်ပြား၊ စုန်း၊ တစ္ဆေ စတာ တွေလည်း ပါပါတယ်။ မောက်လုံး မောက်ပြား ဆိုတာ ဘာကောင်လဲ ဆိုတာ အခုထက်ထိ မသိသေးပါဘူး။

ငယ်ငယ်က ကြားဖူးတဲ့ သရဲမီးတို့ စုန်းတောက်စားတယ်ဆိုတဲ့ အကြောင်းတွေလည်း ပါပါတယ်။ အမှန်တကယ်တော့ စုန်းတောက်စားတယ်ဆိုတာ ကဝေမတွေ Chatting လုပ်ကြတာပါ။ ဒါပေမယ့် သူတို့ခေတ်က အင်တာနက် မရှိတော့ လကွယ်ညတွေမှာ ကဝေမကြီးရဲ့ကိုယ်က မြေကြီးပေါ်မှာ ကျန်ခဲ့ပြီး မီးတောက် နေတဲ့ ခေါင်းပိုင်းက ပြတ်ပြီး ကောင်းကင်ပေါ်ကို တက်သွား ၊ ကောင်းကင်မှာ သူ့လို ခေါင်းချည်းပဲ တက်လာတဲ့ တစ်ခြားရွာက ကဝေမတွေနဲ့ စကားပြောကြ တာပါ။ မီးလုံးကြီးတွေ ကောင်းကင်မှာ ပျံနေတာ မြင်ရတော့ သရဲမီး ဒါမှမဟုတ် စုန်းတောက်စားတယ်လို့ ခေါ်ကြတာပါ။ ကဝေမများ တစ်နေရာက တစ်နေရာ သွားချင်ရင် လေယာဉ်ပျံလက်မှတ် ဝယ်စရာ မလိုသလို အင်မီဂရေးရှင်းလည်း ဖြတ်စရာ မလိုပါဘူး။ ထမီကောက် ခြုံလိုက်ရင် လင်းတ ဖြစ်ပြီး ကောင်းကင်ပေါ် ပျံသွားလို့ရပါတယ်။ ကဝေမကြီးက သူနဲ့ အစာမကြေတဲ့သူကို တိရိစ္ဆာန် ဖြစ်အောင် ပြုစားတာမျိုး သရဲသဘက်ကို အိမ်မှာ မွေးထားတာမျိုး တွေလည်း ရေးတတ်ပါတယ်။ ဘယ်လိုပဲ ပေါက်ကရ ရေးထားသည် ဖြစ်စေ ဖတ်လို့တော့ အလွန်ကောင်းပါတယ်။ ဒါပေမယ့် ဆင်ဆာ မရှိတဲ့ခေတ်မှာ ထွက်ထားတဲ့ ဝတ္တုတွေ ဆိုတော့ တစ်ချို့ ဝတ္တုတွေမှာ အောက်လမ်းဆရာတွေနဲ့ ကဝေမတွေ ပျစ်ပျစ်နှစ်နှစ် ဆဲဆိုကြတာ မျိုးတွေ ရေးထားတတ် ပါတယ်။ ဂျောက်ဂျက်တို့လောက် ဆဲတာကိုတော့ အဲဒီခေတ်က စာရေးဆရာတွေက ပျင်းတောင် ပျင်းသေးတယ် ပြောဦးမှာပါ။

စိတ်ဝင်စားစရာ ဝတ္တုတို နှစ်ပုဒ်ကိုတော့ အခုထက်ထိ သတိရနေပါတယ်။ ပီယဆေး ဖော်တဲ့ အကြောင်းပါ။ ပထမ ဝတ္တုထဲမှာတော့ ရွာထဲမှာ အစိမ်းသေသေတဲ့ အပျို မိန်းကလေး ရဲ့ အလောင်းကို သင်္ချိုင်းကုန်းက သွားဖော် ရင်သားကို ဖြတ်ပြီး လူဆီ ချက်တဲ့ အကြောင်း ရေးထားပါတယ်။ အဲဒါက ပီယဆေးလို့ ဆိုတာပါပဲ။ နောက်တစ်ခု ကတော့ ကိုယ်ဝန်ဆောင် မိန်းမကြီး မီးမဖွားနိုင်လို့ သေတဲ့ အလောင်းကို သင်္ချိုင်းကုန်းမှာ သွားပြန်ဖော်၊ အလောင်းကို ဆေးကြိမ်လုံးနဲ့ ရိုက်ပြီး ထခိုင်း၊ ပြီးတော့ သနပ်ခါးသွေးပြီး ပါးမှာ လိမ်းခိုင်း၊ နောက်မှ ပါးက အဲဒီ သနပ်ခါးဖတ်ကို ပြန်ခြစ်ယူပြီး ပုလင်းထဲထည့် ပီယဆေး အနေနဲ့ ဆောင်တဲ့ အကြောင်းပါ။ တွေးကြည့်တာနဲ့တင် ရွံစရာကြီးပါ။ စော်မကြည်လည်း ရှိပါစေတော့။ အဲဒီနည်းတွေနဲ့တော့ ပီယဆေး မလိုချင်တာ အမှန်ပါ။

သရဲ ဆိုတဲ့ အကြောင်းကို ကျွန်တော့်ရဲ့ သိပ္ပံဆရာမ တစ်ယောက်နဲ့ ဆွေးနွေး ကြည့်ဖူး ပါတယ်။ သိပ္ပံနည်းကျ ဖြစ်နိုင်မဖြစ်နိုင် ဆိုတာပါ။ ဆရာမကတော့ လူဆိုတာ ၃ ဖက်မြင် (3-Dimension) အထိပဲ မြင်ရတယ်။ ၄ ဖက်မြင် (4-Dimension) ဆိုရင် မမြင်ရတော့ဘူး။ အဲဒီတော့ သရဲက 4-Dimension ထဲမှာ ရှိနေရင် ဘယ်လိုလုပ် မြင်ရမလဲလို့ ပြောပါတယ်။ နောက်တစ်ခုက ကိုယ့်ဘာသာကိုယ် စဉ်းစားကြည့် တာပါ။ လူတစ်ယောက် မျက်စိရဲ့ဟာ လှိုင်းအလျား (wavelength) ၃၈၀ နာနိုမီတာကနေ ၇၅၀ နာနိုမီတာ အတွင်းမှာ ရှိတဲ့ အလင်းရောင်ကိုပဲ မြင်ရပါတယ်။ အဲဒီ လှိုင်းအလျားရဲ့ အပြင်ဖက်ဆိုရင် မျက်လုံးနဲ့ ကြည့်လို့ မမြင်ရပါဘူး။ သရဲရဲ့ အရောင်ဟာ အဲဒီ သတ်မှတ်ချက်ရဲ့ ပြင်ပ ရောက်နေမယ်ဆိုရင် ဘယ်မြင်ရ ပါ့မလဲ လို့ တွေးမိတာပါ။ အဲဒီလိုပဲ လူရဲ့ နားက ကြားနိုင်တဲ့ အသံဟာ ကြိမ်နှုန်း ၂၀ဟတ်ဇ် ကနေ ၄၀ကီလိုဟတ်ဇ် အထိပဲ ရှိပါတယ်။ ဒါပေမယ့် ခွေးကတော့ ၆၀ကီလိုဟတ်ဇ် အထိ ကြားရပါတယ်။ အဲဒါကြောင့် ခွေးတွေ သရဲတွေ့လို့ အူတယ်ဆိုတာ သရဲရဲ့ အသံဟာ ၄၀ကီလိုဟတ်ဇ်နဲ့ ၆၀ကီလိုဟတ်ဇ် ကြားမှာများ ရှိနေသလားလို့လည်း ရှာရှာကြံကြံ တွေးကြည့်မိဖူး ပါတယ်။

အခုတလောတော့ ကိုရာဇာကျော်ရဲ့ Clementi သရဲဇာတ်လမ်း က လက်ဆင့်ကမ်းကြတဲ့ အီးမေးလ်တွေမှာ ပလူပျံ နေပါပြီ။ ယုံသလား မေးရင်တော့ မယုံရမှာ ခပ်ခက်ခက် ပါပဲ။ ဘာလို့လဲဆိုတော့ Clementi သရဲ ဇာတ်လမ်းထဲ ပါသမျှ ဇာတ်ကောင် အတော် များများကို အပြင်မှာ သိနေပါတယ်။ သူတို့နဲ့ တွေ့မှပဲ မေးကြည့်ပါ ဦးမယ်။ အဲဒီလိုပဲ မမရဲ့ သရဲခြောက်သည်ဆိုသော မမတို့ အိမ်ကြီး ဇာတ်လမ်းကိုလည်း အားပေးကြတဲ့ သူတွေ အတော်များပါတယ်။

စင်ကာပူမှာတော့ သရဲတစ္ဆေကို လူအတော်များများ ယုံကြပါတယ်။ ကျွန်တော်တော့ စင်ကာပူ ရောက်တာ နှစ်တွေ ကြာပေမယ့် ဒီလောက် သရဲ အကြောင်း ပြောကြတဲ့ နိုင်ငံမှာ သရဲနဲ့ တစ်ခါမှ မတွေ့ဖူးသေးပါဘူး။ ကျွန်တော့် သူငယ်ချင်းထဲမှာတော့ ကိုယ်တွေ့ကြုံဖူးတာ ၄-၅ ယောက်ရှိပါတယ်။ညဖက်အိပ်နေတုန်း ဘေးကနေ တစ်ယောက်ယောက် အိပ်နေသလို အသက်ရှူသံ ပြင်းပြင်း ကြားရတာတို့၊ စားပွဲပေါ်က စာရွက် အထပ်လိုက်ကြီး လေမတိုက်ဘဲ စားပွဲရဲ့ အစွန်းတစ်ဖက်ကနေ အခြား တစ်ဖက်ကို သူ့ဘာသာသူ ရွေ့သွားတာတို့၊ ညတိုင်း ပြတင်းပေါက်မှန်ကနေ မျက်လုံးကြီး နှစ်လုံးက စိုက်ကြည့် နေတတ်တာတို့၊ မီးဖိုချောင်ထဲမှာ လူမရှိဘဲ အိုးခွက်ပန်းကန် ရွေ့သံတွေ ကြားရတာတို့၊ ရေချိုးခန်းထဲက ဘုံဘိုင်ခေါင်းက လူမရှိဘဲ ညကြီးသန်းခေါင် အဆုံးထိ ထပွင့်တာတို့ တစ်ယောက်တစ်မျိုး မရိုးရအောင် ကြုံကြပါတယ်။ ဟုတ်သလား မဟုတ်သလားတော့ မသိပါ။ ကျွန်တော့် သူငယ်ချင်း တစ်ယောက်က သူအရင်နေတဲ့အိမ်မှာ ညဖက်တိုင်း ပြတင်းပေါက်ကနေ မျက်လုံးကြီး နှစ်လုံး စိုက်ကြည့်နေတယ် ဆိုတဲ့ အကြောင်း ပြောပြီးတဲ့ အခါမှာတော့ အဲဒီညမှာ ဘယ်သူမှ ပြတင်းပေါက်ကို စေ့စေ့ မကြည့်ရဲ ကြတာ အမှန်ပါပဲ။ အဲဒီလောက် သတ္တိကောင်းကြ တာပါ။

ယုံတာ မယုံတာကတော့ တကဏ္ဍ ပါပဲ။ သရဲဇာတ်လမ်းတွေကတော့ ဖတ်လို့ ကောင်းသလို နားထောင်လို့လည်း ကောင်းပါတယ်။ အနည်းဆုံး အပျင်းတော့ ပြေပါတယ်။ အလုပ်မရှိလို့ ပျင်းနေမယ် ဆိုရင်တော့ စင်ကာပူက သရဲဇာတ်လမ်းတွေ ဖတ်လို့ ရနိုင်တဲ့ အင်တာနက် စာမျက်နှာတစ်ခု ကို ညွှန်းလိုက်ပါ့မယ်။ http://www.hungzai.com ပါ။ ကိုယ့်ဒေါသနဲ့ ကိုယ်ဖတ်ပါ။ ညအိပ်မရရင်တော့ ကျွန်တော့်ကို မေတ္တာပို့ မနေပါနဲ့။

16 comments:

htun. said...

မကြောက်ဘူးကွ...
သတ္တိကောင်းပီးသား :D

Anonymous said...

တို့နာမည် ဆင်ဆင်၊
ည မဟုတ်ဘူး
ဒါ့ကြောင့်ဖတ်သွားတယ်...။

sin dan lar

နွေးနေခြည် said...

မကြောက်ဘူး (ကြောက်ကြောက်လန့်လန့်နဲ့ ပြောသွားသည်)

Anonymous said...

ဒါဆို မဖတ်တော့ဘူး။
mm

မိုးခါး said...

လင့်ယူသွားတယ် .. ကိုယ်ကြည့်ဖို့တော့မဟုတ်ဘူး .. သူများပြမလို့ :P

နေညိုရင့် said...

ဘယ်ရမလဲ.. အဆုံးထိရအောင် ဖတ် ဖတ် သွားတယ်ကွ..ကွ

choco thazin said...

ဟုတ်တယ်ဟေ့
တို ့လည်း မိုးခါးလိုပဲ လင့်တွေယူသွားတယ် သူများတွေလျှောက်ပြဖို ့:P

nu-san said...

ကြောက်တတ်လွန်းလို့ သွားမဖတ်တော့ပါဘူး..ကိုယ့်အကြောင်း ကိုယ်သိတယ်.. ဆရာကြီး ဒဂုန်ရွှေမျှားရဲ့ “ညမဖတ်ရ” ဖတ်ပြီးကတည်းက ကြောက်တတ်တာ အခုထဲပဲ.. :D

wunna said...

first time visit but I have put your blog in favorites. good posts buddy. thanks.

MrDBA said...

ဟုတ်တယ် တို့လဲဆင်ဆင်လိုဘဲ ... ညမဟုတ်လို့ဖတ်သွားတယ်။

ဇနိ said...

ကျနော်က အဲဒါတွေကို အထူးကြောက်တာ မဟုတ်ပေမယ့် ဖတ်မကြည့်ဖူးဘူး
း)

ဘာတွေတုန်း said...

ကြောက်တော့ ကြောက်တယ်။ စိတ်လည်းဝင်စားတယ်။ အမြည်းလေး သွားဖတ်ကြည့်အုံးမယ်။ :D

khin oo may said...

မဖတ်ဘူး။ ကြောက်တတ်တယ်။

စူးနွယ် said...

သိုက်တူတဲ့အကြောင်း၊ ပီယဆေးဖော်တဲ့ အကြောင်း ဝတ္ထုတွေ ငယ်ငယ်တုန်းက ဖတ်ဖူးတယ်။ အခုကတော့ သရဲတော့ မယုံဘူး။ ဒါပေမယ့် သရဲကား၊ သရဲဝတ္ထုမဖတ်ဘူး။ ပြီးရင် တပါတ်လောက် ကြောက်နေလို့။

မီယာ said...

သရဲဝတ္ထု သရဲကား မကြည့်ဖူးဘူး... x file လောက်နဲ့တင် ကြောက်နေတာ

Anonymous said...

bro.. Human audible range is 20Hz to 20kHz. juz sharing. :) (es)