Search This Blog

Tuesday, March 17, 2009

ဒတ်ခ်ျတစ်ယောက် ပြောပြတဲ့ ဟော်လန်အကြောင်း

ကျွန်တော် အလုပ်လုပ်ခဲ့ဖူးတဲ့ ကုမ္ပဏီ တစ်ခုရဲ့ ဥရောပ ရုံးခွဲဟာ ဟော်လန်နိုင်ငံ တောင်ပိုင်းက မြို့ငယ်ကလေး တစ်မြို့မှာ ရှိပါတယ်။ ကျွန်တော် ဥရောပမှာ သွားဖြစ်တဲ့ ခရီး အတော်များများဟာလည်း ဟော်လန်ကို အခြေပြုပြီး သွားရတာ များပါတယ်။ ကျွန်တော်နဲ့ အတူတူ အလုပ်တွဲပြီး လုပ်ခဲ့ရတဲ့ အင်ဂျင်နီယာ အများစုဟာလည်း ဒတ်ခ်ျလူမျိုး တွေပါပဲ။ ကျွန်တော်တို့ တစ်တွေ အမြဲ မကြာခဏ ဆိုသလို စင်ကာပူ အကြောင်း၊ မြန်မာနိုင်ငံ အကြောင်းနဲ့ ဟော်လန် နိုင်ငံ အကြောင်းတွေ ဆွေးနွေး ဖြစ်ပါတယ်။ သူတို့နဲ့ ပြောဖြစ်တဲ့ အထဲက ဟော်လန်နိုင်ငံနဲ့ ပတ်သက်တဲ့ တစ်ချို့ အကြောင်းအရာ ကလေးတွေက စိတ်ဝင်စားစရာ ကောင်းပါတယ်။

ကျွန်တော့် လုပ်ဖော်ကိုင်ဖက် မာ့က်ခ် က သူတို့ ဟော်လန်နိုင်ငံမှာ ဆင်းရဲတဲ့ လူတန်းစားနဲ့ ချမ်းသာတဲ့ လူတန်းစား ကွာဟမှုကို ထိန်းသိမ်းထားတဲ့ ပုံစံကို ရှင်းပြပါတယ်။ အမြတ်ခွန်နဲ့ ထိန်းသိမ်းထားတာပါ။ မိဘကနေ သားသမီးကို အိမ်တစ်လုံး အမွေပေးချင်တယ် ဆိုရင် သားသမီးဘက်က အိမ်တန်ဖိုးရဲ့ ၄၀ ရာခိုင်နှုန်းကို အခွန်ဆောင် ပြီးမှ အမွေဆက်ခံခွင့် ရှိပါတယ်။ အဲဒီလိုပဲ မိသားစုပိုင် ကုမ္ပဏီတစ်ခုကို မိဘက သားသမီးကို လွှဲပေးချင်တယ် ဆိုရင် ကုမ္ပဏီတန်ဖိုးရဲ့ ၆၀ ရာခိုင်နှုန်းကို အခွန်ဆောင်ပြီးမှ သားသမီးက ဆက်ခံခွင့် ရှိပါတယ်။ အဲဒီတော့ အသက်ကြီးလာတဲ့ လူကြီးတွေ အတော်များများက သားသမီးကို အမွေ တိုက်ရိုက်မပေးတော့ပဲ သွယ်ဝိုက်သော နည်းနဲ့ပဲ ပေးကြ ပါတော့တယ်။ သူတို့ရဲ့ လုပ်နည်းလုပ်ဟန်ကတော့ အိမ်ကို ရောင်းချပြီး ပိုက်ဆံကို ဘဏ်ထဲ ထည့်ထား ပါတယ်။ နှစ်တိုင်းလိုလို သူတို့ နိုင်ငံခြားကို ခရီးအထွက် ပြပြီး နိုင်ငံခြားမှာ ပိုက်ဆံ ဘယ်လောက် သုံးခဲ့တယ် ဆိုပြီး အကောက်ခွန် စာရင်းကို ရှင်းပါတယ်။ နိုင်ငံခြားမှာ သုံးခဲ့တဲ့ ပိုက်ဆံအတွက် ငွေလက်ခံ ဖြတ်ပိုင်းက အရေးမကြီးပါဘူး။ နောက်မှ အဲဒီလို သုံးခဲ့တယ်လို့ ပြခဲ့တဲ့ ပိုက်ဆံတွေကို ငွေသားနဲ့ သားသမီးတွေဆီ ပြန်ပေးပါတယ်။ သူတို့ဆီမှာ အဲဒီလိုနည်းနဲ့ သားသမီး တွေကို အမွေပေးရပြီး အဲဒီလို ပိုက်ဆံကို ခြေအိတ်ထဲက လာတဲ့ပိုက်ဆံလို့ ခေါ်ကြောင်း ရှင်းပြပါတယ်။ အဲဒီအတွက် မိဘချမ်းသာတိုင်း သားသမီးက အလိုအလျောက် ချမ်းသာတာမျိုး မရှိတဲ့အတွက် ဆင်းရဲချမ်းသာ ကွာဟမှုကို ထိန်းထားနိုင်တယ် လို့ ပြောပါတယ်။

နောက်တော့ သူတို့ဆီက မှုခင်းနဲ့ ဆိုင်ပြီး အလွန် ပေါ့လျော့တဲ့ စနစ်ကို ရှင်းပြပါတယ်။ အမ်စတာဒမ်လို မြို့မှာ လူတစ်ယောက်က ဓားကိုင်ပြီး ဓားပြတိုက်တဲ့ အချိန် တစ်ပါးသူကို အနာတရ ဖြစ်အောင် မလုပ်ရင် သူ့ကို ရဲက တရားမစွဲဘဲ ကြာကြာ ဖမ်းထားလို့မရပါဘူး။ သက်သေ အလုံအလောက် ရှာရပါတယ်။ သက်သေ မရှိရင် ပြန်လွှတ်ပေးရပါတယ်။ အမှုစစ်တုန်းမှာလည်း ရိုက်နှက် နှိပ်စက်ခွင့် မရှိပါဘူး။ အရိုက်အနှက် ခံရရင် ရဲကို ပြန်ပြီး တရားစွဲလို့ ရပါတယ်။ အဲဒီတော့ ခုနက ဓားကိုင်ပြီး ဓားပြတိုက်လို့ ရဲက ဖမ်းသွားတဲ့ ကောင်က ခဏနေရင် အပြင်ပြန် ရောက်လာတာပဲ လို့ပြောပါတယ်။ “ကောင်းတော့ မကောင်းဘူးပေါ့ကွာ။ ရာဇဝတ်မှုကတော့ တစ်ချိန်လုံး ဖြစ်နေတာပဲ။ ကြီးကြီးမားမား မဖြစ်တာပဲ ရှိတယ်။” လို့ သူက ရှင်းပြပါတယ်။ “ဒါပေမယ့် အဲဒီလို အကြောင်း တွေကြောင့် ဟော်လန်မှာ ရဲဆိုရင် ဘယ်ကောင်ကမှ မကြောက်ကြဘူးကွ။ ဘယ်လ်ဂျီယမ်က ရဲတွေကတော့ လူညီတော့ အချုပ်ထဲ ရောက်လာရင် ဝိုင်းသမတယ်။ အဲဒီတော့ ငါတို့ဆီက ကောင်တွေက ဟော်လန်ရဲကို မကြောက်ဘူး။ ဘယ်လ်ဂျီယမ် ရဲကိုတော့ ကြောက်ကြတယ်။” လို့ သူက ရယ်ပြီး ပြောပါတယ်။

နောက်ထပ် စိတ်ဝင်စားစရာ ကောင်းတဲ့ ကိစ္စတစ်ခုကတော့ ယုံကြည်ကိုးကွယ်မှုနဲ့ ဆိုင်တဲ့ ကိစ္စပါ။ သူတို့ ဒတ်ခ်ျလူမျိုး အတော်များများဟာ ခရစ်ယာန် ဘာသာဝင်တွေပါ။ ဒါပေမယ့် တော်ရုံတန်ရုံ လူလတ်ပိုင်းနဲ့ အဲဒီထက် ငယ်တဲ့သူတွေက ဘုရားကျောင်း တက်လေ့ မရှိပါဘူး။ ဘာလို့လဲ ဆိုပြီး မေးကြည့်တော့ “လူ့အဖွဲ့အစည်းထဲမှာ ဘယ်ဟာ ကောင်းတယ် ဘယ်ဟာ မကောင်းဘူး ဆိုတာ ဆင်ခြင်တုံတရား (Common Sense) နဲ့ တွေးပြီး ဆုံးဖြတ်လို့ ရတဲ့ ကိစ္စချည်းပဲ။ ဘုရားကျောင်း သွားလည်း ဒါတွေပဲ ထပ်ပြော ဦးမှာပဲ။ အဲဒီတော့ ဘုရားကျောင်း သွားတာ အသက် ၆၀ ကျော်တဲ့ ငါတို့ အမေလို လူကြီးတွေ လုပ်တဲ့ အလုပ်။ ငါ့တို့ အရွယ်တွေရဲ့ အလုပ်မဟုတ်ဘူး။” လို့ မာ့က်ခ် က ပြန်ဖြေပါတယ်။ အဲဒီ အယူအဆဟာ သူ့ရဲ့ အယူအဆ သက်သက် မဟုတ်ပါဘူး။ သူတို့နဲ့ ရွယ်တူ ဒတ်ခ်ျလူမျိုး အများစုမှာလည်း အဲဒီလို အယူအဆတွေ ရှိပါတယ်။ ဘုရားကျောင်းကို သွားတဲ့သူ နည်းတော့ ဘုရားကျောင်းမှာ ကောက်ခံလို့ရတဲ့ အလှူငွေလည်း နည်းလာပါတယ်။ အဲဒီအတွက် နာမည် မကြီးတဲ့ ဘုရားကျောင်း အချို့ဟာ ဆက်လက် ရပ်တည်ဖို့ အခက်အခဲ ဖြစ်လာပါတယ်။ ပြင်ဆင် ထိန်းသိမ်းခ မတတ်နိုင်တဲ့အတွက် ဘုရားကျောင်း အချို့ကို မြေနေရာနဲ့ အဆောက်အဦးပါ ရောင်းချရတဲ့ အထိ ဖြစ်လာပါတယ်။ အဲဒီမှာ ပေါက်တတ်ကရ လုပ်တတ်တဲ့ ကောင်တွေနဲ့ တွေ့တော့ ဘုရားကျောင်း အဆောက်အဦးနေရာကို နိုက်ကလပ် ဖွင့်လိုဖွင့်၊ အရက်ဘားဖွင့်လို့ဖွင့်နဲ့ ဖြစ်ချင်တိုင်းကို ဖြစ်နေကြ ပါတော့တယ်။ အဲဒါကြောင့် နောက်ပိုင်းမှာ ဘုရားကျောင်းတွေ ရောင်းချတဲ့ နေရာမှာ အထူးပြုတဲ့ ဘုရားကျောင်း ပွဲစားဆိုတာ ပေါ်လာတဲ့ အထိပါပဲ။ သူတို့ရဲ့ အဓိက အလုပ်က ဘုရားကျောင်းကို ပြတိုက်လိုမျိုး အတည်အတံ့ အလုပ်လုပ်မယ့်သူမျိုးကို ရှာဖွေပြီး ရောင်းပေးရတဲ့ အလုပ်မျိုးပါ။

အဲဒီကနေပြီး သူ့သမီး အကြောင်း စကားစပ်လို့ ပြောမိကြပါတယ်။ သူ့သမီးက အသက် ၆နှစ်လောက်ပဲ ရှိပါသေးတယ်။ ဒါပေမယ့် စနေတနင်္ဂနွေလို နေ့မျိုးဆိုရင် သူ့သမီးရဲ့ သူငယ်ချင်း ကလေးလေးတစ်ယောက်က သူတို့အိမ်မှာ လာအိပ်ပါတယ်။ အဲဒီလိုပဲ တစ်ချို့အပတ်တွေမှာ သူ့သမီးက သူငယ်ချင်းအိမ် သွားအိပ်ပါတယ်။ ကျွန်တော့် စိတ်ထဲမှာတော့ ကလေးတွေ အဲဒီလို ငယ်ငယ်ရွယ်ရွယ်နဲ့ သူ့ဘာသာသူ လွှတ်ပေး ထားတာကို အတော် သဘောကျပါတယ်။ နောက်တော့ ဆက်ပြီး ကလေးတွေကို ရုပ်ပိုင်းဆိုင်ရာ ပြစ်ဒဏ်ပေးတဲ့ (Corporal punishment) အကြောင်း ပြောဖြစ် ကြပါတယ်။ ကျွန်တော်က စင်ကာပူမှာ “spare the rod, spoiled the child” (တုတ်ကို ခွေျတာတာဟာ ကလေးကို ဖျက်ဆီးတာပဲ။) လို့ ပြောနေတတ်ကြတဲ့ အကြောင်း ပြန်ပြောပြတော့ သူက စင်ကာပူက လူတွေ အတော် ဆိုးတဲ့ လူတွေပဲ လို့ ပြောပါတယ်။ အမှန်တကယ်တော့ ကျွန်တော် ကိုယ်တိုင်လည်း ကလေးတွေကို ရိုက်နှက် ဆုံးမတာကို လက်သင့် ခံချင်တဲ့သူ မဟုတ်ပါဘူး။ ကျွန်တော် စိတ်ဝင်စားလို့ သူ့သမီးကို ဘယ်လို ဆုံးမသလဲ ဆိုတာကို စပ်စု ကြည့်ပါတယ်။ သူပြောပြချက်အရ “ကလေးကို ပြောမရရင် သူ့ကို အခန်းထောင့်တစ်နေရာ ပို့ပြီး လုံးဝ ဥပေက္ခါ ပြုထား လိုက်တာပဲ။ သူစကား ပြောရင်လည်း ငါတို့ ပြန်မပြောဘူး။ သူဘာပြောပြော ဂရုမစိုက်ဘူး။ အဲဒီလိုမျိုး လုပ်ထား ပေးလိုက်တော့ သူ့အတွက် နောက်ပိုင်းမှာ အဲဒီလို မဟုတ်တာလုပ်ရင် လူ့အဖွဲ့အစည်းက ဝိုင်းကြဉ်တာ ခံရမယ်ဆိုတာကို တစ်ခါတည်း ခေါင်းထဲ ရိုက်သွင်းပြီးသား ဖြစ်သွားရော။” လို့ သူက ကျွန်တော့်ကို ရှင်းပြပါတယ်။

တစ်ချို့ကိစ္စတွေက အတုယူစရာ ကောင်းတဲ့ ကိစ္စတွေ ဖြစ်ပြီးတော့ တစ်ချို့ ကိစ္စတွေ ကတော့ စဉ်းစားစရာ တစ်ခုခု ခေါင်းထဲမှာ ကျန်ခဲ့တဲ့ ကိစ္စတွေပါ။ ရုပ်ဝတ္ထုပိုင်း ဆိုင်ရာ တိုးတက်မှု အနေနဲ့ ယှဉ်ကြည့်မယ် ဆိုရင် စင်ကာပူနဲ့ ဟော်လန် သိပ်မကွာလှပါဘူး။ လူ့အခွင့်အရေးကို လေးစား လိုက်နာမှုနဲ့ တိုးတက်တဲ့ လူ့အဖွဲ့အစည်း တစ်ခုရဲ့ တွေးခေါ် ယူဆမှု တွေမှာတော့ စင်ကာပူနဲ့ ဟော်လန်ဟာ အပြတ်အသတ်ကို ကွာလွန်းတယ် ဆိုတာ သတိပြုခဲ့ မိပါတယ်။

7 comments:

မေဒီဇာ said...

အခန်းထောင့်တစ်နေရာ ပို့ပြီး လုံးဝ ဥပေက္ခါ ပြုထား လိုက်တာပဲ ဆိုတဲ့ ဆုံးမချက်လေးကတော့ ကလေးရဲ့စိတ်ကို ဒဏ်ရာဖြစ်စေမလားမသိဘူး။ ကျွန်မအထင်ပေါ့နော်... ရိုက်တယ်ဆိုတာ မလုပ်သင့်ကိစ္စပါပဲ။ မှတ်သားစရာတွေပါ...

တောရိုင်းနှင်းဆီ said...

မေဒီဇာရေ ... နည်းလမ်းကောင်းလေးရှိရင် တခါတည်းပြောခဲ့ရောပေ့ာ .... ဥပေက္ခါပြုထားလိုက်ရင်လည်း စိတ်ဒဏ်ရာရမှာစိုး ... ရိုက်မယ်ဆိုလည်း မကောင်းဆိုတော့ ...
နားလည်အောင် ပြောဆိုဆုံးမရင်ရပေမဲ့ ကလေးတိုင်းကနားထောင်ချင်မှ နားထောင်မှာပါ ..... အကောင်းဆုံးကတော့ ကလေးရဲ့စိတ်ဓာတ် အမူအကျင့်တွေကို မိဘဖြစ်သူတွေက အမြဲသတိထား စောင့်ကြည့်ပြီး ပြုပြင်နိုင်မဲ့ နည်းလည်း သင့်တော်တဲ့ဆုံးမမှုမျိုးဖြစ်အောင် လုပ်နိုင်တာအကောင်းဆုံးလို့ ထင်ပါတယ် ...
အနောက်နိုုင်ငံတော်တော်များများမှာ ရာဇဝတ်မှုတွေကို ကိုင်တွယ်ရာမှာ လူ့အခွင့်အရေးကိစ္စတွေကို အလေးထားပြီး ကိုင်တွယ်စစ်ဆေးမှုတွေကိုလုပ်တော့ တရားခံတွေအနေနဲ့ ဟုတ်နေတာတောင်မှ ငါ့ရှေ့နေနဲ့ပြောမယ်လို့ စစ်တဲ့ရဲတို့ ထောက်လှန်းရေးတို့ကို ပြန်အာခံတတ်တာလည်း သတိထားစရာပါ ....
သက်သေအထောက်အထား အသေအချာမခိုင်လုံလို့ အရေးမယူနိုင်ဘူးဆိုရင် ခိုင်လုံအောင်ပိုမိုတော့ ကြိုးစားဖော်ထုတ်သင့်ပါတယ် နို့မို့ဆိုရင် အပေါ်မှာပြောသလိုပဲ ဖမ်းလိုက် ပြန်လွှတ်ဖြစ်နေမှာ ....

ဇနိ said...

ဦးပေါ်ဦး ပြောသလို ရိုက်ဖို့လိုရင်တော့ ရိုက်သင့်ပါတယ်လေ..
ဆင်ကြီးကို အိုးသေးသေးလေးထဲ အထည့်ခိုင်းတဲ့ ဥပမာကို ပြောတာပါ။

PAUK said...

ကျနော်ကတော့ သတိ ၃ခါလောက်ပေးပါတယ်..
ပေးမရရင်တော့ ရိုက်ပါတယ်..
ဒူးထောက်ဒဏ်ပေးပါတယ်...
မြန်မာပြန်ရင်မိဘမဲ့ကျောင်းတွေ လိုက်ပြပါတယ်..
မျက်မမြင်ကျောင်းလည်း မသွားမဖြစ်သွားတဲ့နေရာပါ..
တီဗွီကြည့်လွန်း..ဂိမ်းဆော့လွန်းလို့ မျက်မှန်ပါဝါ၂၀၀ရှိနေလို့ပါ..

သီဟသစ် said...

ကိုZT ရေ
ဖတ်ရတာ ဗဟုသုတလည်းရ ကိုZT ကို အားလည်းကျတယ်ဗျာ။
လူမျိုးတွေလည်း အစုံတွေ့ရ ဗဟုသုတလည်းရအောင်ယူနိုင်တယ်။

ksanchaung said...

ကျွန်တော်က International Exposure မရှိပါဘူး။ ဒါပေမယ့် စာတွေဖတ်တာနဲ့တင် Dutch တွေကို အတော်လေးစားတယ်။ လက်ရှိ Worldwide သုံးနေတဲ့ Industrial Standard တွေ အားလုံးနီးပါးကို Dutch တွေနဲ့ British တွေက စခဲ့တာပါ။

Management မှာ Dutch တွေက ထိပ်တန်းပဲ။ အထူးသဖြင့် Teamwork နဲ့ ပတ်သက်လာရင်တဲ့။ ဟုတ်မဟုတ် မသိပါ။ သူတို့ Management ပုံစံအရ Engineer တွေလည်း အောက်ခြေသိမ်း သင်ထားရတယ်။ မိုးထဲလေထဲမှာ Survive လုပ်နိုင်အောင်ပါ။ Position ကိုလည်း Rotate လုပ်ပြီး ခိုင်းတယ်လို့ ပြောပါတယ်။ စိတ်ဝင်စားစရာပဲ။

တခြားမကြည့်နဲ့။ ဘောလုံးပွဲတွေမှာပဲ ကြည့်။ Dutch ဘောလုံးသမားမှန်ရင် Defender တွေလည်း Skill ကောင်းကောင်းနဲ့ Striker တွေလို Goal သွင်းနိုင်တယ်။

မီယာ said...

ပေါက်မန့်တာကို ဖတ်ပြီး ရီလိုက်ရတာ... ဥပမာ နဲ့ ပြလိုက်တာ ချန်းချန်းတခါထဲ သဘောပေါက်သွားမှာပဲ။ အမတို့ ငယ်ငယ်က အရမ်း အရိုက်ခံရတယ်.. ဒါကြောင့် အခု တူ တူမလေးတွေကို နားလည်အောင်ပဲ ပြောပါတယ်.. ကစားနေရင်း အနိုင်ပဲ လိုချင်တဲ့ တူလေးကို အရှုံးရော အနိုင်ရော ရှိတယ်ဆိုတဲ့ အကြောင်း အားလုံးနဲ့ ကစားနေရင်း ကိုယ်မနိုင်လို့ ပွဲ မဖျက်သင့်ကြောင်း လုပ်ရင် ပယ်ထားမယ် စသဖြင့် ပြောပြပါတယ်.. ၄နှစ်ပဲရှိပေမယ့် နားလည်ပါတယ်။ အဲ့ဒါမျိုး က ရိုက်တာထက် ပိုထိရောက်တယ်လို့ ထင်ပါတယ်။