Search This Blog

Wednesday, March 4, 2009

အမှတ်တရ အိန္ဒိယခရီး (၂)

အိန္ဒိယ ရောက်ပြီး နောက်တစ်နေ့ မနက်မှာတော့ စောစောစီးစီးပဲ အိပ်ရာက ထခဲ့ပါတယ်။ စောစောထဖြစ်တာ အခြားအကြောင်းကြောင့်တော့ မဟုတ်ပါဘူး။ စင်ကာပူထက် ၂ နာရီခွဲ နောက်ကျနေလို့ပါ။ နယူးဒေလီမှာ မနက် ၇နာရီက စင်ကာပူမှာ မနက် ၉ နာရီခွဲ ဖြစ်နေပြီဆိုတော့ လန်းလန်းဆန်းဆန်းပဲ မနက် ၇ နာရီ မှာ အိပ်ရာက ထလို့ ရပါတယ်။

ကျွန်တော့်ရဲ့ ကိရိယာ တန်ဆာပလာတွေ စက်အပိုပစ္စည်းတွေ ထည့်ထားတဲ့ အိတ် နဲ့ ခရီးဆောင် ကွန်ပြူတာအိတ်ကလေးကို ဆွဲပြီး မနက်စာ စားအပြီးမှာ စက်ရုံကို ထွက်ခဲ့ပါတယ်။ ကျွန်တော်တို့ စက်ရောင်းထားတဲ့ ဂျပန် ကုမ္ပဏီက ဒေသခံ အိန္ဒိယ အင်ဂျင်နီယာက ကျွန်တော့်ကို ဟိုတယ်မှာ လာခေါ်ပါတယ်။ ဒရိုင်ဘာကို မြင်တော့မှ မနေ့ညက ကျွန်တော့်ကို လေဆိပ်မှာ လာကြိုတဲ့ကားက အငှားကား မဟုတ်ဘဲ သူ့ရဲ့ ကား ဆိုတာကို သိရပါတယ်။

မနေ့ညက မိုးရွာထားတော့ တလမ်းလုံး ဗွက်တွေ ချည်းပါပဲ။ လမ်းမပေါ်မှာတော့ မဟုတ်ပါဘူး။ လမ်းဘေးမှာ ပြောတာပါ။ စင်ကာပူ မှာ မြင်ရခဲတဲ့ အရာထဲမှာ ဗွက်လည်း ပါပါတယ်။ လမ်းမှာ ကားဒရိုင်ဘာက ခဏ ဆိုပြီး ကားရပ်ပြီး ဆင်းသွားပါတယ်။ ဘာလို့ပါလိမ့် ဆို လှမ်းကြည့်တော့ လမ်းဘေးမှာ ငုတ်တုတ်ထိုင်နေတာ မြင်မှ ဝိတ်လျှော့ဖို့ ကားရပ်တာမှန်း သိရပါတယ်။ ဒါလည်းပဲ မြန်မာနိုင်ငံနဲ့ မခြားပါလား လို့ တွေးမိပါသေးတယ်။

ဒီတစ်ခေါက်က ဆော့ဖ်ဝဲ ပြင်ဖို့လာရတာ မဟုတ်ပါဘူး။ စက်ပြင်ဖို့ရယ် စက်ရုံမှာ Training ပေးဖို့ရယ် Pilot-run မှာ အသင့်နေပြီး ဖြစ်လာတဲ့ ပြသနာ ရှင်းပေးဖို့ရယ် လာရတာပါ။ Pilot-run ဆိုတာက တကယ့် ထုတ်လုပ်ရေး မစခင် အချိန်မှာ ထုတ်လုပ်ရေး လုပ်မယ့် တကယ့် ပစ္စည်းတွေနဲ့ စက်တွေ အားလုံးကို စမ်းသပ်တာပါ။ စက်က ကျွန်တော်တို့ စက်တွေ ချည်းပဲ မဟုတ်ပါဘူး။ တခြား ဂျပန်စက်တွေလည်း လိုင်းထဲမှာ ရှိပါသေးတယ်။

အမှန်တကယ်ကတော့ ကျွန်တော် ပြင်ရမယ့် စက်က အသစ်စက်စက် အခုမှ စင်ကာပူက ပို့လိုက်တဲ့ လေဆာနဲ့ ဘားကုဒ် တွေကို ပုံနှိပ်တဲ့ စက်ပါ။ စင်ကာပူမှာ ၁ လတိတိ Buy-off လုပ်နေတာ ဘာဒုက္ခမှ မပေးပါဘူး။ Buy-off ဆိုတာက စက်ရုံက စက်ကို မဝယ်ခင် သူတို့ရဲ့ လိုအပ်ချက်နဲ့ ကိုက်မကိုက် စက်ရုံမှာ သုံးဖို့အသင့်ဖြစ်မဖြစ် စမ်းသပ်တာပါ။ ဒါပေမယ့် အိန္ဒိယကို ရောက်ပြီး ၁ ရက် ၂ ရက် အကြာမှာတော့ စက်မှာ တပ်ထားတဲ့ လေဆာက အစက်ကလေး တစ်စက်က လွဲလို့ ဘာကိုမှ ပုံမနှိပ်တော့ပါဘူး။ စက်ကို သွားပြီး ဆင်တဲ့ ဆားဗစ် အင်ဂျင်နီယာနဲ့ Sales Engineer ကလည်း စက်နဲ့ ပတ်သက်ပြီး အတွေ့အကြုံ သိပ်မရှိတော့ စက်ကို ဒီအတိုင်း ထားခဲ့ပြီး ပြန်လာပါတယ်။ Pilot-run လည်း နီးနေပြီ ဆိုတော့ ကျွန်တော့်ကို အားလုံး သွားရှင်းစေ ဆိုပြီး လွှတ်လိုက်တာပါ။

အမှန်တကယ်တော့ လေဆာကို ကျွန်တော်လည်း မပြင်တတ်ပါဘူး။ ပြင်လို့ ရတယ်ပဲ ထားဦး လေဆာကို စက်ရုံမှာ ပြင်ဖို့က ဘယ်လို နည်းနဲ့မှ မဖြစ်နိုင်ပါဘူး။ အထူး ပြုလုပ်ထားတဲ့ ပစ္စည်း ကိရိယာတွေ လိုပါတယ်။ နောက်ပြီး လေဆာကို ကျွန်တော်တို့ ကုမ္ပဏီက လုပ်တာ မဟုတ်ပါဘူး။ အမေရိကန်ကနေ တိုက်ရိုက် မှာထားတာပါ။ အဲဒါကြောင့် စင်ကာပူရုံးကနေ အလုပ်လုပ်တာ သေချာတဲ့ လေဆာ အသစ်စက်စက် တစ်စုံကို အိန္ဒိယက စက်ရုံကို ပို့ထားပါတယ်။ ကျွန်တော် လုပ်ရမယ့် အလုပ်က လေဆာကို တစ်စစီ ဖြုတ်လဲရုံပါပဲ။ ပြင်လို့ မရရင် ဒါမှမဟုတ် ပြင်လို့ မတတ်ရင်တော့ တစ်စစီ ဖြုတ်လဲတဲ့ နည်းတစ်နည်းပဲ ရှိပါတယ်။ လေဆာရောင်းတဲ့ ကုမ္ပဏီကတော့ လေဆာကတ်ဒ် ဒါမှမဟုတ် လေဆာခေါင်း (Laser Head) မှာ ပြသနာ ရှိနိုင်တယ်လို့ အကြံပေးလိုက်ပါတယ်။

အဲဒီနေ့က ကျွန်တော့် ခေါင်းထဲမှာ အကြံတစ်ခု ရှိပါတယ်။ စောစောစီးစီး စက်ပြင်လို့ ပြီးသွားရင် သူတို့ကို တာ့ဂ်ျမဟာရ်ကို လိုက်ပို့ ခိုင်းဖို့ပါ။ အဲဒီ နေရာကနေ သိပ်မဝေးဘူး လို့ ပြောပါတယ်။ စက်ရုံထဲကို ကျွန်တော် ရောက်သွားတော့ အိန္ဒိယ အင်ဂျင်နီယာ ၅ ယောက်က စာအုပ်နဲ့ ဘောပင်ကလေးတွေ ကိုယ်စီ ကိုင်ပြီး စောင့်နေပါတယ်။ ဒီနေ့ Training မဟုတ်သေးဘူး။ စက်က အရင် ပြင်ရဦးမှာ လို့ ပြောတော့ မဟုတ်ဘူး ကျွန်တော် စက်ဘယ်လို ပြင်တယ် ဆိုတဲ့ အကြောင်းကို သူတို့ ရီပို့ ရေးရမယ် လို့ ပြောပါတယ်။ ကွိုင်တော့ စားပြီ ဆိုတာကို သိလိုက်ရပါတယ်။ အဲဒီ အချိန်ကနေ စပြီး ကျွန်တော် လုပ်သမျှ ကို နောက်ကနေ စာအုပ်နဲ့ လိုက်မှတ်ပါတော့တယ်။

ကိုယ့်ဘာသာကိုယ် စက်ပြင်ရတာ ဒုက္ခ မရောက်ပေမယ့် နောက်က အင်ဂျင်နီယာ ၅ ယောက်က ဘာပဲလုပ်လုပ် စာအုပ်ကိုယ်စီနဲ့ လိုက်ရေးနေတော့ အလိုလို နေရင်း ခေါင်းပူလာပါတယ်။ တော်ပါသေးရဲ့။ ခေါင်းကုတ်တာတွေ စုတ်သပ်တာတွေ မှတ်တမ်းထဲ ထည့်မရေး ကြပေလို့။

စပါပြီ။ ကျွန်တော် ကွန်ပြူတာကို စပြီး အဖုံးဖွင့်ပါတယ်။ လေဆာကတ်ဒ်ကို ဖြုတ်ပြီး ပါလာတဲ့ ကတ်ဒ် အသစ်နဲ့ လဲပါတယ်။ စက်ကို စမ်းပါတယ်။ မကောင်းသေးပါဘူး။

ကွန်ပြူတာနဲ့ လေဆာကို ဆက်ထားတဲ့ ဖိုင်ဘာ ဓာတ်ကြိုး (Fibreoptics Cable) ကို ဖြုတ်လဲ ပါတယ်။ စက်ကို စမ်းပါတယ်။ မကောင်းသေးပါဘူး။

ထင်သလောက်တော့ မလွယ်ဘူးဟ လို့ တွေးမိပါတယ်။ နောက်ဆုံး မလုပ်ချင်တဲ့ အလုပ်ကို လုပ်ရပါပြီ။ လေဆာခေါင်းကို ဖြုတ်လဲရတာပါ။ ကျွန်တော်လဲဖို့အတွက် လေဆာခေါင်း အသစ်တစ်လုံး အသင့် ရှိပါတယ်။ ဖြုတ်ရ တပ်ရတာ လွယ်ပေမယ့် ပြန်ချိန်ရတာ နည်းနည်း လက်ဝင်ပါတယ်။ ပုံနှိပ်မယ့် ပစ္စည်းရဲ့ အပေါ်တည့်တည့်မှာ သတ်မှတ်ထားတဲ့ အမြင့် အတိုင်း Focus ပြန်ချိန်ရတာပါ။ ၅ စင်တီမီတာ အတွင်း ဝင်အောင် ချိန်ရပါတယ်။ အယ်လ်ကီးနဲ့ ဟိုလှည့်ဒီလှည့်ပေါ့။ လေဆာခေါင်း လဲပြီးသွားတော့ ဒီတစ်ခါတော့ ရလောက်ပြီ ဆိုပြီး စက်ကို စမ်းကြည့်ပါတယ်။ အလုပ်မလုပ် ပါဘူး။

မြွေတော့ ကိုက်ပြီ ဆိုပြီး တွေးလိုက် မိပါတယ်။ လဲစရာကလည်း ကုန်ပါပြီ။ စက်က မကောင်းသေးပါဘူး။ အဲဒီတော့လည်း ထုံးစံအတိုင်း စင်ကာပူက လေဆာရောင်းတဲ့ ကုမ္ပဏီကို ဖုန်းလှမ်းဆက်ပြီး ခေါင်းစားရပါတယ်။ သူတို့က တစ်ခြား ကွန်ပြူတာ တစ်လုံးနဲ့ စမ်းကြည့်ပါ ဆိုပြီး အကြံပေးပါတယ်။ ကွိုင်တော့ တက်နေပါပြီ။ စင်ကာပူက ပို့လိုက်တဲ့ အပိုပစ္စည်းထဲမှာ ကွန်ပြူတာ မပါပါဘူး။ ဒါပေမယ့် ကွန်ပြူတာက နေရာတကာ ရှိတာ ဆိုတော့ စက်ရုံက အင်ဂျင်နီယာတွေကိုပဲ ကွန်ပြူတာ တစ်လုံး ရှာခိုင်းရပါတယ်။ သူတို့က ကျွန်တော့်အတွက် ကွန်ပြူတာ တစ်လုံး ယူလာပေးပါတယ်။ ကြည့်ရတာ သိပ်မသားနားပေမယ့် သုံးလို့တော့ ရပါသေးတယ်။ ကွန်ပြူတာကို အဖုံးဖွင့်ပြီး ဘာဆက်လုပ်ရမလဲ စဉ်းစားနေပါတယ်။

အဲဒီမှာ ပစ္စည်းတစ်ခုကို သွားပြီး သတိထား မိပါတယ်။ Dongle လို့ ခေါ်ကြတဲ့ Hardware-lock ပါ။ လေဆာကုမ္ပဏီက သူတို့ရဲ့ ဆော့ဖ်ဝဲလ်ကို ခိုးပြီး ကူးလို့မရအောင် Dongle တစ်ခု ထည့်ပေးထားပါတယ်။ အဲဒီ Dongle ကို ကွန်ပြူတာမှာ တပ်ထားမှ ဆော့ဖ်ဝဲလ်ကို သုံးလို့ရပါတယ်။ မဟုတ်ရင် သုံးလို့မရပါဘူး။ အခု လက်ရှိ စက်မှာ တပ်ထားတဲ့ Dongle က မော်လ်ဒယ်လ်အသစ် USB Port မှာ တပ်ထားတာ ဖြစ်ပြီး ကျွန်တော့်မှာ ပါလာတဲ့ Dongle ကတော့ Parallel Port လို့ ခေါ်တဲ့ ဟိုးအရင်က ပရင်တာတွေ တပ်တဲ့ နေရာမှာ တပ်ရတဲ့ မော်လ်ဒယ် အဟောင်းပါ။ ဒါလေးတော့ လဲကြည့်ဦးမှပဲ ဆိုပြီး USB Port က Dongle ကို ဖြုတ်ပြီး ကျွန်တော့်မှာ ပါလာတဲ့ Dongle ကလေးကို တပ်ကြည့်ပါတယ်။ စက်ကို စမ်းကြည့်တော့ ဘားကုတ်ဒ်က ထွက်လာပါပြီ။ ဟုတ်မှ ဟုတ်ရဲ့လားလို့ မျက်လုံး ပွတ်ကြည့်မိပါတယ်။ နောက်တစ်ခေါက် ပြန်စမ်းတော့လည်း အဲဒီအတိုင်းပါပဲ။

သေချာအောင် ပြန်စမ်းရပါဦးမယ်။ လေဆာဟက်ကို အဟောင်း ပြန်တပ် လိုက်ပါတယ်။ ဘားကုတ်ဒ်က ထွက်နေတုန်းပါပဲ။ ဖိုင်ဘာကြိုးကို အဟောင်းနဲ့ ပြန်လဲပြီး တပ်ပါတယ်။ ဘားကုတ်ဒ်က မပျောက်သေးပါဘူး။ ကွန်ပြူတာထဲက ကတ်ဒ်ကို အဟောင်းနဲ့ ပြန်လဲပြီး တပ်ပါတယ်။ ဘားကုတ်ဒ်က ထွက်နေတုန်းပါပဲ။ ပိုပြီး သေချာအောင် Dongle ကို အဟောင်း ပြန်ထည့်ကြည့်ပါတယ်။ ထွက်လာတာက ဘားကုဒ်မဟုတ်ဘဲ အစက်တစ်စက်ပါ။ သေချာသွားပါပြီ။ Dongle က ဒုက္ခပေးတယ် ဆိုတာ။ ဒီနေ့ ကံမကောင်းပါလား ဆိုပြီး တွတ်ပီလိုသာ ပြောလိုက်ချင် ပါတော့တယ်။ Dongle လို ၅ မိနစ်အတွင်း လဲလို့ ပြီးနိုင်တဲ့ ပစ္စည်းကို အရင်ဆုံး လဲမကြည့်မိတော့ တစ်နေကုန် တခြား ပစ္စည်းတွေ ဖြုတ်လိုက် တပ်လိုက်နဲ့ အချိန်ကုန် သွားပါတယ်။ အားလုံးပြီးတော့ ညနေ ၄ နာရီ ထိုးနေပါပြီ။ ဒီနေ့တော့ တာ့ဂ်ျမဟာရ် သွားမယ့် အစီအစဉ်ကို စွန့်လွှတ်လိုက်ရပါပြီ။

အားလုံး သိမ်းဆည်းပြီး ဟိုတယ်ကို ပြန်လာခဲ့ပါတယ်။ ညနေခင်း အပြင်မထွက်တော့ဘဲ ဟိုတယ်က စားသောက်ဆိုင်မှာပဲ ဒန်ပေါက် စားလိုက်ပါတယ်။ ဒန်ပေါက်ကတော့ ရှယ်ပါပဲ။ မြေအိုးကလေးနဲ့ ဒန်ပေါက်ထမင်းကို အပြည့်ထည့်ထားပြီး အထဲမှာ ကြက်သားတုံးကို မြှုပ်ထားပါတယ်။ အရသာကလည်း အတော် ရှိပါတယ်။ စားသောက်ပြီးတော့ ဟိုတယ်မှာ စာအုပ်ဆိုင်တစ်ဆိုင်တွေ့လို့ သွားကြည့်ပါတယ်။ အဲဒီဆိုင်မှာ ကျွန်တော့်အကြိုက် စာရေးဆရာ Paulo Coelho ရဲ့ စာအုပ်တွေကို စီးရီးလိုက် တွေ့ရပါတယ်။ အိန္ဒိယမှာ ပုံနှိပ်တာဆိုတော့ ဈေးက စင်ကာပူမှာထက် တဝက်မက သက်သာပါတယ်။ သူ့ရဲ့ နာမည်အကြီးဆုံး စာအုပ်ဖြစ်တဲ့ Alchemist ကို မဖတ်ရသေးတာနဲ့ အဲဒီကနေ ဝယ်လာခဲ့ပါတယ်။ အဲဒီညနေမှာပဲ ကျွန်တော်တို့ စက်ရောင်းထားတဲ့ ဂျပန်ကုမ္ပဏီရဲ့ စင်ကာပူ ရုံးခွဲက ဂျပန်တစ်ယောက်နဲ့ စလုံး တရုတ် တစ်ယောက် ဟိုတယ်ကို ရောက်လာပါတယ်။

4 comments:

မီယာ said...

ဆက်ရန်ရှိသေးတာလား... အဲ့ဒီ စာရေးဆရာအကြောင်း မေးမလို့... ကြုံရင် Alchemist အကြောင်း စာမြည်းလေး ရေးပေးပါလား.. ရေးတောင် ရေးပြီး သွားပြီလား မသိဘူးနော်။

ZT said...

မမီယာ -> ဆက်ရန် ရှိပါသေးတယ်။ Paulo Coelho က ဘရာဇီး စာရေးဆရာပါ။ Alchemist ကတော့ အိပ်မက်နောက်ကို လိုက်တဲ့ ကောင်လေးတစ်ယောက် အကြောင်း ရေးထားတာပါ။ ဖတ်လို့ ကောင်းပါတယ်။ နောက် အခွင့်သင့်ရင်တော့ ဘာသာပြန်ပါ့မယ်။

ဇနိ said...

Paulo Coelho ကို ခင်ဗျားပြောမှ သိတာဗျ.. စာပေနဲ့ နီးစပ်ပုံများတော့ အဲသလို..
http://www.shweamyutay.com/site/index.php?option=com_content&view=article&id=975:2009-01-27-09-45-13&catid=102:2008-06-08-20-02-17&Itemid=287
မှာလည်း တပုဒ်ဖတ်ရတယ်...

PAUK said...

စိတ်ဝင်စားစရာ...
ဆက်ဖတ်အုန်းမယ်..