Search This Blog

Thursday, August 27, 2009

Auto Roaming

Auto Roaming ဆိုတာက နိုင်ငံရပ်ခြားကို သွားတဲ့ အချိန်မှာ အခုလက်ရှိ သုံးနေတဲ့ ဖုန်းကိုပဲ ဆက်သုံးပြီး အဆက်အသွယ် လုပ်လို့ရတဲ့ ဝန်ဆောင်မှု တစ်မျိုးပါ။ ဈေးတော့ အတော်ကြီးပါတယ်။ ဒါပေမယ့်လည်း အလုပ်ကိစ္စနဲ့ သွားရတဲ့ အခါမျိုးမှာတော့ ကုမ္ပဏီက ဖုန်းဘီလ် ရှင်းပေးလေ့ ရှိတဲ့ အတွက် သုံးဖြစ်ပါတယ်။

အလုပ်စဝင်ခါစ အချိန်က အခြားသူတွေလို လကုန်မှ ပိုက်ဆံပေးရတဲ့ လိုင်းဖုန်းမျိုးမသုံးဘဲ ကတ်ဒ်ဝယ်ပြီး ဖြည့်ရတဲ့ Prepaid ဖုန်းကို သုံးပါတယ်။ အဲဒီအချိန်က စင်ကာပူမှာ သုံးတဲ့ ကတ်ဒ်ဖုန်းတွေအတွက် အော်တိုရုန်းမင်း မရပါဘူး။ မလေးရှားက စက်ရုံကို တချိန်လုံး သွားနေရတာဆိုတော့ ကုမ္ပဏီကို အမြဲတမ်း ဖုန်းပြန်ဆက်ပြီး စကားပြောနေရပါတယ်။ ဘော့စ်က လိုင်းဖုန်း လျှောက်ပါ။ ဖုန်းဘီလ် ပြန်ပေးပါ့မယ် ဆိုတာတောင် ဟိုရွှေ့ ဒီရွှေ့နဲ့ မလျှောက်ဖြစ်ပါဘူး။ နောက်ဆုံးတော့ ဘော့စ်လည်း စိတ်မရှည်တာနဲ့ ကုမ္ပဏီက ဖုန်းတစ်လုံး ထုတ်ပေးထားပါတယ်။

ကျွန်တော်ကတော့ အော်တိုရုန်းမင်းဆိုတာ ဈေးကြီးမှန်းသိတော့ မလေးရှား ရောက်နေတဲ့အချိန် တော်ရုံတန်ရုံ ကိုယ်ရေးကိုယ်တာ ကိစ္စနဲ့ ဖုန်းပြောလေ့ မရှိပါဘူး။ ကျွန်တော့် ဖုန်းကို အမြဲခေါ်နေကျ သူတွေ ဆိုရင်တော့ စင်ကာပူမှာ ရှိသလား မရှိဘူးလား ဆိုတာကို ဖုန်းခေါ်သံ နားထောင်တာနဲ့ သိကြပါတယ်။ ဖုန်းခေါ်လိုက်ရင် မြည်တဲ့အသံက မလေးရှားမှာ ဆိုရင် တစ်မျိုးပါ။ စင်ကာပူမှာ ရှိနေတဲ့ အချိန်နဲ့ မတူပါဘူး။ သူငယ်ချင်း အတော်များများကတော့ မသိကြလို့ နိုင်ငံခြား ရောက်နေရင်လည်း မကိုင်မချင်း ခေါ်ကြတာပါပဲ။ ကုမ္ပဏီ ပိုက်ဆံနဲ့ ပြောရတာဆိုတော့ အားနာပါနားနဲ့ လိုရင်း ကိစ္စလောက်ပဲ ပြောဖြစ်ပါတယ်။ အော်တိုရုန်းမင်းနဲ့ ပြောထားသမျှ ဖုန်းနံပါတ်တွေ အားလုံးက ဖုန်းဘီလ်ထဲမှာ ပါတာဆိုတော့ ဘယ်ဟာက အလုပ်ကိစ္စ ဘယ်ဟာက ကိုယ်ရေးကိုယ်တာ ကိစ္စဆိုတာ နံပါတ်ကို ကြည့်တာနဲ့ သိသာပါတယ်။ ဒါပေမယ့်လည်း ဘော့စ်ဆီကနေ တစ်ခါမှတော့ ကွန်ပလိန်း မလာပါဘူး။ နောက်တော့မှ ဘော့စ် ဘာလို့ ကွန်ပလိန်း မတက်သလဲ ဆိုတာကို သဘောပေါက်ပါတယ်။ ကျွန်တော့်လိုပဲ ကုမ္ပဏီက ဖုန်းထုတ်ပေးထားတဲ့ ဆားဗစ်အင်ဂျင်နီယာ နောက်တစ်ယောက် ရှိပါတယ်။ သူ့ ဖုန်းဘီလ်က တစ်လကို စင်ကာပူ ဒေါ်လာ ၁၀၀၀ ကျော် တခါတလေ ၂၀၀၀ နီးပါးအထိ ကျပါတယ်။ ကိုယ်ရေးကိုယ်တာ ပြောထားတာလည်း မနည်းမနောပါပဲ။ ဒါကြောင့် သူနဲ့ ယှဥ်လိုက်ရင် ကျွန်တော့် လို တစ်နေ့ကို ၅ မိနစ် ၁၀ မိနစ်လောက် ကိုယ်ရေးကိုယ်တာ ကိစ္စ ပြောတာကိုတော့ ကုမ္ပဏီက ပျင်းတောင် ပျင်းသေးတယ် လို့ ထင်မှာပါ။

တစ်ခါတော့ ဖိလစ်ပိုင်ကို ရက်ရှည် သွားမိတာ ဖုန်းဘီလ် မဆောင်သွားမိပါဘူး။ ဖိလစ်ပိုင်ရောက်ပြီး ၁၀ ရက်လောက်နေတော့ ဖုန်းက ပြတ်သွားပါတယ်။ စင်ကာပူကို ဖုန်းဆက်ြပီး ဖုန်းဘီလ်ဆောင်ခိုင်းပေမယ့်လည်း အော်တိုရုန်းမင်းက ပြန်မပွင့်တော့ပါဘူး။ စင်ကာပူကို တစ်ပတ်လောက် ခဏပြန်ပြီး နောက်တစ်ခေါက် ပြန်လာမှပဲ အော်တိုရုန်းမင်းနဲ့ ဖုန်းကို ပြန်ပြောလို့ရပါတယ်။

အော်တိုရုန်းမင်းမှာ အထွက်ကောလ်တွေက အဝင်ကောလ်ထက် ၂ ဆ ကျော်လောက် ဈေးကြီးပါတယ်။ နည်းနည်းလေး လူရည်လည်လာတော့ အော်တိုရုန်းမင်းကို ဒီအတိုင်း မပြောတော့ဘဲ Smart Roaming သုံးပြီး ပြောပါတယ်။ စမတ် ရုန်းမင်း ဆိုတာကတော့ အထွက်ကောလ်ကို အဝင်ကောလ် ဖြစ်အောင် လုပ်ပြီး ပြောတာပါ။ ကိုယ်က ဖုန်းခေါ်စရာ မလိုပဲ ကိုယ်ခေါ်ချင်တဲ့ ဖုန်းနံပါတ်ကို မက်ဆေ့ အနေနဲ့ ပို့ရပါတယ်။ ဥပမာအားဖြင့် ကျွန်တော်သုံးနေကျ ဖုန်းလိုင်းရဲ့ စမတ်ရုန်းမင်း နံပါတ်က နိုင်ငံအတော်များများမှာ 108 ပါ။ အဲဒီတော့ ကျွန်တော်က နိုင်ငံခြားရောက်နေတဲ့အချိန် စင်ကာပူနံပါတ် 6223 8888 ကို ခေါ်ချင်တယ်ဆိုရင် ဖုန်းမှာ *108*6562238888# လို့ ရိုက်ပြီး ဖုန်းခေါ်တဲ့ ခလုပ်ကို နှိပ်လိုက်ရပါတယ်။ (အဲဒါက ကျွန်တော့်ဖုန်းနံပါတ် မဟုတ်ပါဘူး။ စင်ကာပူ လေကြောင်းလိုင်းရဲ့ ဖုန်းနံပါတ်ပါ။ :D ) အဲဒါဆိုရင် တခြားဘက်က ဖုန်းကို အလိုအလျောက် ခေါ်ပေးပြီး တခြားဖက်က ဖုန်းကိုင်တာနဲ့ ကျွန်တော့်ဖုန်းမှာ ပြန်မြည်ပါတယ်။ တခြားဖက်က ဖုန်းမကိုင်မချင်း ၂ ခါ ၃ ခါ ခေါ်ပေးတတ်ပါတယ်။ တခြားဖက်မှာတော့ "International call in progress. Please Wait" ဆိုတာမျိုးကို ဖုန်းကိုင်တာနဲ့ ကြားရတတ်ပါတယ်။ အဲဒီလို စမတ်ရုန်းမင်းနဲ့ ပြောတဲ့အတွက် ဖုန်းဘီလ်က တစ်ဝက်လောက် သက်သာပါတယ်။

နိုင်ငံရပ်ခြားကို ရက်ရှည်လများ သွားမယ့်သူတွေ အတွက်တော့ ပိုပြီးတော့ သက်သာတဲ့ နည်းရှိပါတယ်။ VOIP လို့ခေါ်တဲ့ အင်တာနက်ဖုန်း ဝန်ဆောင်မှုပါ။ ဥပမာအားဖြင့် မလေးရှားကို ရက်ရှည်သွားမယ်ဆိုရင် မလေးရှား ရောက်တာနဲ့ မလေးရှားက ဆင်းမ် (SIM) ကတ်ဒ်တစ်ခု ဝယ်ပြီး VOIP ဝက်ဘ်ဆိုဒ်မှာ အဲဒီဖုန်းနံပါတ်ကို လက်ရှိဖုန်းနံပါတ် အဖြစ် ရိုက်ထည့်ပေးထားရပါတယ်။ ကိုယ့်ဖုန်းကိုတော့ VOIP ဝက်ဘ်ဆိုဒ် ကို Divert လုပ်ထားပေး ရပါတယ်။ အဲဒါဆိုရင် ကိုယ့်ဆီကို လာသမျှ အဝင်ကောလ်အားလုံးကို အဲဒီနံပါတ်ကနေ တဆင့် ခေါ်ပေးတဲ့အတွက် IDD အတွက်ပဲ ပေးရပါတယ်။ ရုန်းမင်း အတွက် ပေးစရာ မလိုပါဘူး။ ဖုန်းခက အများကြီး သက်သာပါတယ်။

ရုန်းမင်းနဲ့ ပတ်သက်ပြီး မှတ်မှတ်ရရ မြိန်နေအောင် တစ်ခါ ခံခဲ့ရဖူးပါတယ်။ အဲဒီတုန်းက ပိုလန်မှာပါ။ ကျွန်တော် ရောက်နေတဲ့ အချိန် ပိုလန်က ဂျီအက်စ်အမ် ကွန်ယက်က ဘာဖြစ်နေသလဲတော့ မသိပါဘူး။ အဝင်ကောလ်တွေ အားလုံး ဝင်ပြီးတာနဲ့ ပြတ်သွားပါတယ်။ နံပါတ်ပဲ မြင်ရပါတယ်။ စမတ်ရုန်းမင်းလည်း မရပါဘူး။ အဲဒါနဲ့ ဝင်သမျှ အရေးကြီးမယ်ထင်တဲ့ ဖုန်းတွေ အားလုံး ပြန်ခေါ်ရပါတယ်။ ကိစ္စရှိတာနဲ့ ရန်ကုန်ကိုလည်း ခေါ်ဖြစ်ပါတယ်။ ရန်ကုန် ကို ခေါ်သမျှ တစ်မိနစ်ကို ၄.၅ ဒေါ်လာနှုန်းနဲ့ ရှင်းရပြီး စင်ကာပူကို ခေါ်သမျှ တစ်မိနစ် ၃ ဒေါ်လာနီးပါး ရှင်းရပါတယ်။ ဖုန်းဘီလ်ထွက်လာတော့ တစ်ပတ်တည်းနဲ့ ဒေါ်လာ ၄၀၀ ကျော် ထိသွားပါတယ်။ စင်ကာပူကောလ်တွေ အတွက် ရုံးက ပြန်တောင်းလို့ ရလို့ တော်ပါသေးတယ်။

ကျွန်တော်တို့ ဩစတေးလျ ရောက်နေတဲ့ အချိန်တုန်းကတော့ အဖွဲ့ခေါင်းဆောင်က သတိပေးပါတယ်။ ရုန်းမင်း ဖွင့်ထားတဲ့သူတွေ မက်ဆေ့ မပို့ဘဲ ကိစ္စရှိရင် အချင်းချင်း ဖုန်းခေါ်ကြဖို့ပါ။ စင်ကာပူက လူတွေ တချိန်လုံး မက်ဆေ့ပို့တတ်တဲ့ အကျင့်ကို သိထားလို့လည်း ပါပါတယ်။ မက်ဆေ့ပို့တတ်တဲ့သူတွေ အတွက်တော့ ရုန်းမင်း သုံးတဲ့အချိန် သတိထားဖို့ လိုပါတယ်။ ရုန်းမင်းမှာ ဘယ်နိုင်ငံပဲ ဖြစ်ြဖစ် မက်ဆေ့အတွက် နှုန်းတစ်ခုတည်း ရှိပါတယ်။ တစ်ခုကို ၆၀ ဆင့် ထင်ပါတယ်။ အဲဒီတော့ ကိစ္စ ရှိရင် မက်ဆေ့ အပြန်အလှန် ပို့မယ့် အစား ဖုန်းခေါ်လိုက်တာက ပိုပြီး သက်သာပါတယ်။

တစ်ခါကတော့ ကုမ္ပဏီမှာ ပရော့ဂျက်တွေ အရမ်းများနေတဲ့ အချိန် ရန်ကုန်ပြန်တော့ မေးစရာ ရှိရင် လှမ်းမေးလို့ရအောင် ရန်ကုန်မှာ သုံးမယ့် ဖုန်းနံပါတ် ကုမ္ပဏီကို ပေးထားခဲ့ပါတယ်။ ကုမ္ပဏီကတော့ မြန်မာပြည်မှာ ရုန်းမင်း သုံးမရဘူး ဆိုလို့ တအံ့တဩ ဖြစ်နေပါတယ်။ မြန်မာပြည်မှာ ရုန်းမင်းက သုံးမရတာ မဟုတ်ပါဘူး။ သုံးချင်ရင် သုံးလို့ရတဲ့နည်းရှိပါတယ်။ ကိုယ့်ကို ဝန်ဆောင်မှုပေးတဲ့ ဖုန်းကုမ္ပဏီကနေ ဂြိုဟ်တုဖုန်း ငှားသွားလို့ ရပါတယ်။ အဲဒါဆိုရင် အခုလက်ရှိ သုံးနေတဲ့ ဖုန်းနံပါတ်နဲ့ ရန်ကုန်မှာ ဆက်သုံးလို့ရပါတယ်။ ဖုန်းငှားခကတော့ မသက်သာပါဘူး။ တစ်ပတ်ကို စင်ကာပူ ဒေါ်လာ ၂၀ ကျော် ပေးရပါတယ်။ ရန်ကုန်မှာ ပြောတဲ့အချိန် အဝင်ကောလ်အတွက် တစ်မိနစ်ကို ယူအက်စ်ဒေါ်လာ ၆၀ ဆင့် အထွက်ကောလ်အတွက် တစ်မိနစ်ကို ယူအက်စ်ဒေါ်လာ ၁ဒေါ်လာနဲ့ ၈၀ ဆင့် လောက် ကျပါတယ်။ ကျွန်တော်သုံးတဲ့ ဖုန်းကုမ္ပဏီက အင်တာနက်စာမျက်နှာမှာတော့ အလွန်ဝေးလံခေါင်ဖျားတဲ့ မြန်မာတို့ သီရိလင်္ကာတို့လို နိုင်ငံမျိုးကို သွားမယ်ဆိုရင် ဂြိုဟ်တုဖုန်း ငှားလို့ရတယ်လို့ ရေးထားပါတယ်။ လေယာဉ်ပျံနဲ့သွားရင် ၃ နာရီ မကြာတဲ့ မြန်မာပြည်က ဘယ့်နှယ့်ကြောင့် ဝေးလံခေါင်ဖျားတဲ့နေရာ (Remote Location) ဖြစ်နေရသလဲတော့ မသိပါဘူး။

ရုန်းမင်း သုံးမရတဲ့ နောက်တစ်နိုင်ငံကတော့ ဂျပန်ပါ။ ကျွန်တော် တိုကျို နာရီတာမှာ ထရန်စစ် ဝင်တဲ့အချိန်တိုင်း ဖုန်းခေါ်ဖို့ အကြိမ်ကြိမ် ကြိုးစားကြည့် ဖူးပါတယ်။ တစ်ခါမှ မရဖူး ပါဘူး။ နောက်မှ သိရတာက ဂျပန်မှာ သုံးတဲ့ စနစ်က ဂျီအက်စ်အမ် စနစ် မဟုတ်လို့ ဆိုတာ သိရပါတယ်။ ပိုဆိုးတာက ဟင်းန်ဖုန်း မသုံးဘဲ အများသုံးဖုန်းကို သုံးဖို့ ကြိုးစားတော့လည်း ဂျပန် အများသုံးဖုန်းများက စင်ကာပူ ခရက်ဒစ်ကတ်ဒ်ကို လက်မခံပါဘူး။ :D

နည်းပညာ အနေနဲ့ ကြည့်မယ်ဆိုရင်တော့ ဖုန်းတစ်လုံးကို နိုင်ငံရပ်ခြားမှာ ပါဝါ ဖွင့်လိုက်မယ်ဆိုရင် ကိုယ့်ရဲ့ ဆင်းမ်ကတ်ဒ် နံပါတ်က အဲဒီနိုင်ငံမှာ ရှိတဲ့ ကွန်ယက်ကို ဆက်သွယ်ပါတယ်။ ဆင်းမ်ကတ်ဒ်နံပါတ် ကနေတဆင့် အဲဒီဖုန်းဟာ ဘယ်နိုင်ငံမှာ မှတ်ပုံတင်ထားသလဲ ဆိုတာကို အဲဒီနိုင်ငံရဲ့ ကွန်ယက်က သိပါတယ်။ အဲဒီတော့ မှတ်ပုံတင်ထားတဲ့ နိုင်ငံကို ဆက်သွယ်ပြီး ဒီဖုန်းဟာ ရုန်းမင်းဖွင့်ထားတာ ဟုတ်မဟုတ် အလိုအလျောက် စစ်ကြည့်ပါတယ်။ ရုန်းမင်းဖွင့် ထားတာ ဟုတ်တယ်ဆိုရင် ဖုန်းကွန်ယက်က လိုင်းကို ဖွင့်ပေးပါတယ်။

မှတ်မှတ်ရရ ရန်ကုန်မှာ အော်တိုရုန်းမင်း တစ်ခါပွင့် ဖူးပါတယ်။ ကျွန်တော့် သူငယ်ချင်း တစ်ယောက် ကြုံလိုက်ရပါတယ်။ ရန်ကုန်မှာ ဗုဒ္ဓဘာသာ ညီလာခံ ရှိနေတဲ့ အချိန်ပါ။ မင်္ဂလာဒုံ လေဆိပ် ရောက်လို့ ဖုန်းဖွင့်လိုက်တာနဲ့ မလေးရှားမှ ကြိုဆိုပါတယ် ဆိုပြီး မက်ဆေ့ ဝင်တယ်လို့ ဆိုပါတယ်။ မလေးရှား ဖုန်းကုမ္ပဏီ တစ်ခုက ဝန်ဆောင်မှု ပေးတာကြောင့် ဖြစ်နိုင်ပါတယ်။ စင်ကာပူက ဖုန်းကို သုံးပြီး ဈေးသက်သက်သာသာနဲ့ ပြောခွင့်ရလိုက်တယ်လို့ သူက ပြောပါတယ်။ အကြောင်းမသိတော့ နောက်တစ်လ ရန်ကုန်ပြန်သွားတဲ့ သူငယ်ချင်းက ထပ်ပြီ: စမ်းကြည့်ပေမယ့် အဲဒီတစ်ခါတော့ ရုန်းမင်း မရတော့ ပါဘူး။ ကျွန်တော်တို့ ပြည်မြန်မာလည်း ဘယ်သောအခါမှ နိုင်ငံတကာ အဆင့်မီ ရုန်းမင်း သုံးလို့ရတဲ့ နိုင်ငံဖြစ်မလဲ ဆိုတာကို တွေးကြည့်မိပါတယ်။ ဖြစ်နိုင်တာကတော့ အိုင်ဒီဒီ နှုန်းတွေ ကမ္ဘာ့ အဆင့်မီ ဖြစ်တဲ့အချိန် ဆင်းမ်ကတ်ဒ်တန်ဖိုးတွေ ကမ္ဘာ့ အဆင့်မီ ဖြစ်တဲ့အချိန် ရောက်ရင်တော့ မြန်မာပြည်လည်း အော်တိုရုန်းမင်း သုံးလို့ ရလာမှာပါ။

12 comments:

ကိုလူထွေး said...

အဲဒီအကြောင်းတွေ ပြန်မပြောချင်တော့ဘူး...
ဖုန်းခတွေအကြောင်းပြန်ပြောရင် ရင်နာလို့...

းဝ)

ဒီတခါတော့ friefox နဲ့ဝင်ကြည့်ရင်း ဖတ်လို့ရသွားတယ်...

Doughnut IO said...

ဂြိုဟ်တုဖုန်း အဖမ်းခံရတတ်သည်။ တရားမ၀င်ပါ။

Vista said...

ဟုတ်ပမှန်ပ အောတိုအရွန်းကောင်းလို့ ခံရပြီးပြီ နောက်တော.စိတ်နာလို.မရွန်းတော.ဘူးစ်

Ko Boyz said...

မလေးရှားမှာ အဝင်က အထွက်ထက် ဈေးပိုကြီးတယ်။ မကိုင်ပဲ မစ်စ်ကောလ်လုပ်လိုက်ပြီး ကိုယ်ပဲ ပြန်ခေါ်လိုက်တယ်။

Vista said...

ဂျပန်မှာ သုံးလို့ ရပါတယ် ကျနော့် MD Japan ပြန်တိုင်းဒီကနေကျနော်. mobile ကနေ ခေါ်တာပဲ SMS လည်းပို.တယ် စလုံး Mobile number ကိုဆက်တာပါပဲ သူဘယ်လိုချိတ်ထားတယ်တော့မသိဘူး

ဏီ(န်)ကင်း said...

ဗဟုသုတတွေအများကြီးအတွက်ကျေးဇူးပါအကို...

နွေးနေခြည် said...

ရန်ကုန်မှာ ဗုဒ္ဓဘာသာ ညီလာခံ ရှိနေတဲ့အချိန်မှာ ရွန်းမင်းပွင့်တယ်ဆိုတော့ ဘုရားမတာ ဖြစ်မယ်း)

ပုလုကွေး said...

ကျတော် ဖုန်းက အော်တိုရွန်းမီင်း ပိတ်ထားပါတယ်။ ဒါပေမဲ့ ဟိုတလောက ဟောင်ကောင်သွားတာ သူဟာသူ အော်တိုပွင့် ပီး ရွန်းမင်းခ တွေ ပေးလိုက်ရတယ်ဗျာ.. သိပ်တော့မများပါဘူး...။ ဘာပဲပြောပြော ဆက်သွယ်လို့ ရတာပေါ့လေ။

Ko Boyz said...

I was there at yangon when auto roaming service was on. My colleague brought Malaysia mobile, and we enjoyed calling oversea then...

မလိခ said...

ဖတ်လို့မရဘူး ကိုဇက်တီရေ... ဘယ်စာလုံးကြည့်ကြည့် ဖွတ်ကျိ ဖွတ်ကျိလို့ရေးထားတယ်ပဲထင်နေတယ်... ဟီး..
ဒေါင်းလုတ်လုပ်ရမှာ ပျင်းနေလို့ နက်ဖြန်မှပဲ ပြန်လာဖတ်တော့မယ်.. အဟဲ..

မီယာ said...

ဒီမှာတော့ ဖုန်းကုမ္ပဏီတွေက ရိတ်လွန်းတာကြောင့် EU က တလောကပဲ လျှော့ချခိုင်းတယ်။ အမတော့ holiday ဆို ဖုန်းပိတ်ထားတယ်။ မဟုတ်ရင် အ၀င်ကို ကိုယ်က ပေးရတာ... ပြောတဲ့သူက သိနေတော့ မရပ်တော့ဘူး။

Pyei Soan said...

Hi Zaw Thet

You can have roaming service in Japan as long as your headset and sim card must be 3G.

I have tried before.

FYI
PSW