Search This Blog

Wednesday, September 29, 2010

လူတိုင်းမသုံးတဲ့ မိုဘိုင်းဖုန်း

လွန်ခဲ့တဲ့ ၈ နှစ် ၉ နှစ် လောက်က မြန်မာနိုင်ငံက မဂ္ဂဇင်းတစ်အုပ်ထဲမှာ ကာတွန်းတစ်ပုဒ်ကို ဖတ်လိုက် ရပါတယ်။ ကာတွန်းထဲမှာ ရေးထားတာကတော့ "ကိုရီးယားကားတွေ အဓိပ္ပာယ် မရှိပုံများကွာ။ အလုပ်ကြမ်းသမားက ဟင်းန်ဖုန်း ကိုင်တယ်။" ဆိုပြီးတော့ပါ။ ကာတွန်းကို ဖတ်ပြီး စိတ်ထဲမှာတော့ ဟင်းန်ဖုန်းဆိုတာ အဆောင်အယောင် တစ်ခုအဖြစ် ရှိနေစေတဲ့ ကျွန်တော်တို့ တိုင်းပြည်ရဲ့ ဆက်သွယ်ရေးစနစ် အတွက် စိတ်မကောင်း ဖြစ်မိပါတယ်။ နိုင်ငံတကာမှာတော့ ဟင်းန်ဖုန်းဆိုတာ သန့်ရှင်းရေးသမားနဲ့ လမ်းဘေးက မြေကြီးသယ်တဲ့သူ အပါအဝင် လူတိုင်းလိုလို ကိုင်ကြတယ် ဆိုတာ အထူး ရှင်းပြနေစရာလိုမယ် မထင်ပါဘူး။

နိုင်ငံခြားသား မိတ်ဆွေများ မြန်မာနိုင်ငံက ဂျီအက်စ်အမ် SIM ကတ်ဒ် တစ်ကတ်ဒ် ရဲ့ တန်ဖိုးကို ကြားရင် ဟိုက်ရှာလပတ်ရည် အော်သွားကြတာ များပါတယ်။ တို့နိုင်ငံမှာ ဂျီအက်စ်အမ် SIM ကတ်ဒ် တစ်ကတ်ဒ် ယူအက်စ် ဒေါ်လာ ၂၀၀၀ လောက် ပေးရတယ် လို့ ပြောရင် မင်းတို့ဆီမှာ ဂျီအက်စ်အမ် ဆင်းမ် ကတ်ဒ်ကို ရွှေအစစ်နဲ့များ လုပ်ထား သလားကွာ လို့ တအံ့တသြ မေးကြပါတယ်။ အမှန်တကယ်တော့ ဂျီအက်စ်အမ် ဆင်းမ်ကတ်ဒ်ကို ရွှေအစစ်နဲ့ လုပ်ရုံမကလို့ ပလက်တီနံနဲ့ လုပ်ရင်တောင် အဲဒီလောက်အထိ ဈေးကြီးစရာ အကြောင်း မရှိပါဘူး။

မွေးဌာနီက ဂျီအက်စ်အမ် ဖုန်းများ အကြောင်းကို ကြားခါစက မယုံနိုင်ပါဘူး။ အိမ်ထဲမှာ ပြောမရလို့ လမ်းမထွက် ပြောရတယ်တို့၊ ပြောရင်း သစ်ပင်အောက် ရောက်သွားရင် ပြတ်သွားတယ်တို့၊ ဖုန်း ၂ လုံး ဘေးချင်းကပ် ခေါ်တာတောင် ဆက်သွယ်မှု ဧရိယာ ပြင်ပ ရောက်နေတယ်တို့ အခြားသူတွေ ပြောတာ ကြားရတော့ အစကတော့ နောက်နေတယ်ပဲ ထင်ပါတယ်။ ကိုယ်တိုင် ပြန်ရောက်မှပဲ သူများတွေ ပြောတာ အပိုမဟုတ် တကယ် မဟုတ်မှန်း သိရပါတယ်။

ကျွန်တော့်အနေနဲ့ မိုဘိုင်းဖုန်း တွေ ဝိုင်ယာလက်စ် ကွန်ယက်တွေ အကြောင်း သင်ဖူးဖတ်ဖူးထားတာ ဆိုတော့ ဂျီအက်စ်အမ် ကွန်ယက်က ဘယ်လို အလုပ်လုပ် သလဲ ဆိုတာ နည်းနည်းပါးပါး တီးမိ ခေါက်မိ ရှိပါတယ်။



ဂျီအက်စ်အမ် ကွန်ယက်မှာ ဆဲလ်လို့ ခေါ်တဲ့ ဆက်သွယ်မှု ဧရိယာ တစ်ခုချင်းစီအတွက် အထိုင် အင်တင်နာ စခန်း (Base Transceiver Station) တစ်ခုစီ ရှိပါတယ်။ အဲဒီလို အင်တင်နာ စခန်း တစ်ခုစီကနေ ၁ မိုင် ပတ်လည် ၂ မိုင်ပတ်လည် အစရှိတဲ့ အင်တင်နာ ရဲ့ ပတ်လည် ဧရိယာ အတွင်းမှာ ရှိတဲ့ ဖုန်းတွေကို ဆက်သွယ်ပေး ပါတယ်။ ဒါပေမယ့်လည်း အထိုင်စခန်း တစ်ခုကနေ ဆက်သွယ်ပေးနိုင်တဲ့ ဖုန်းအရေအတွက် ဟာ အကန့် အသတ် ရှိပါတယ်။ အဲဒီ အတွက်ကြောင့် အသုံးပြုတဲ့သူ များလာရင် အထိုင်စခန်း မှာ ရှိတဲ့ အင်တင်နာရဲ့ ပါဝါကို လျှော့ပြီး နောက်ထပ် အထိုင်စခန်း တစ်ခု ထပ်ထည့် ပေးရပါတယ်။ ဥပမာ ၁ မိုင်ပတ်လည်မှာ ဖုန်း အလုံး ၁၀၀ ကို ထိန်းနိုင်တယ် ဆိုကြပါစို့။ အဲဒီ တစ်မိုင်ပတ်လည် အတွင်းမှာ အသုံးပြုသူ ၁၀၀ မက ရှိလာပြီဆိုရင် အင်တင်နာရဲ့ ပါဝါကို တမိုင်ကနေ မိုင်ဝက်ကို လျှော့ချပြီး နောက်ထပ် မိုင်ဝက်အတွက် အထိုင်စခန်း တစ်ခု ထပ်ထည့်ပေးရပါတယ်။ အဲဒီလို မလုပ်ဘူး ဆိုရင် အထိုင်စခန်းက ဆက်သွယ်ပေးနိုင်တဲ့ ဖုန်းဆက်သွယ်မှု ပြည့်သွားတဲ့ အခါမှာ အဲဒီ အထိုင်စခန်း ပတ်ပတ်လည်မှာ ရှိတဲ့ တခြားဖုန်းတွေ အဆက်အသွယ် လုပ်လို့ မရတော့ပါဘူး။ အဲဒါကြောင့် ဆက်သွယ်မှု ဧရိယာ ပြင်ပ ရောက်သွား ရတာပါ။

အဲဒီတော့လည်း ဆက်သွယ်ရေးမှာ အလုပ်လုပ်တဲ့ အင်ဂျင်နီယာ မိတ်ဆွေများကို နည်းနည်းပါးပါး တီးခေါက်ကြည့်မိပါတယ်။ ရန်ကုန်မှာ အထိုင်စခန်းတွေကို ဘယ်လို စီမံခန့်ခွဲသလဲလို့ မေးကြည့်တော့ ဂျီအက်စ်အမ် စနစ် စပြီး ဆင်ကတည်းက ဒီအတိုင်းပဲ။ ထပ်ဖြည့်တာ မရှိဘူးလို့ ပြန်ဖြေပါတယ်။ ဟိုတလောကတော့ ရန်ကုန်မှာ အထိုင်စခန်းတွေ ထပ်တိုးတယ်လို့ သတင်းထဲမှာ ဖတ်လိုက်ရပါတယ်။ ဒါပေမယ့်လည်း ဆင့်ပါးစပ် နှမ်းပက်သလိုမျိုး ဖြစ်နေသလားလို့ စဥ်းစား မိပါတယ်။

နောက်တစ်ခုက ဂျီအက်စ်အမ် စနစ်နဲ့ ပတ်သက်ပြီး ဖုန်းပြောရင်း ပြတ်သွားတတ်တဲ့ အကြောင်းကို နည်းနည်း ရှင်းပြချင် ပါတယ်။ စင်ကာပူမှာတော့ ဖုန်းပြောရင်း ဖုန်းပြတ်သွားတာ ရထားစီးတဲ့သူများ ကြုံဖူးကြပါလိမ့်မယ်။ ရထားက လှိုဏ်ခေါင်းထဲ ဝင်သွားရင် ပြောနေတဲ့လိုင်း ရုတ်တရက် ပျောက်သွားတတ်ပါတယ်။ ပုံမှန်အားဖြင့် မိုဘိုင်းဖုန်းဆိုတဲ့ အတိုင်း ဟင်းန်ဖုန်းဟာ သွားရင်းလာရင်းပြောဖို့ ဒီဇိုင်း လုပ်ထားတာပါ။ အဲဒါကြောင့် အင်တင်နာ စခန်းတစ်ခုကနေ မိနိုင်တဲ့ ဧရိယာရဲ့ အစပ်မှာ အနီးဆုံး အခြား အင်တင်နာ စခန်း တစ်ခုကနေလည်း ဖမ်းမိနိုင်အောင် ဒီဇိုင်းလုပ်ထား ရပါတယ်။ အဲဒီတော့ သွားရင်းလာရင်း အင်တင်နာ စခန်းရဲ့ နယ်မြေစပ်ကို ရောက်သွားပြီဆိုရင် BSC (Base Station Controller) လို့ခေါ်တဲ့ အင်တင်နာစခန်းတွေကို ထိန်းချုပ်တဲ့ နေရာကနေပြီး လက်ရှိ သုံးနေတဲ့ အင်တင်နာ စခန်းကနေ အချက်ပြလှိုင်းအား ပိုကောင်းတဲ့ အနီးဆုံး အင်တင်နာ စခန်းကို လွှဲပြောင်းပေးပါတယ်။ အဲဒါကို နည်းပညာဆိုင်ရာ စကားလုံး အနေနဲ့တော့ Handoff လုပ်တယ်လို့ ခေါ်ကြပါတယ်။ အကယ်၍ ဖုန်းက ဘယ်အင်တင်နာ စခန်းမှ မမိတဲ့ ကြားထဲကနေရာကို ရောက်သွားမယ် ဆိုရင် ပြတ်သွားနိုင်ပါတယ်။ နောက်တစ်ချက် ဖြစ်နိုင်တာကတော့ လွှဲပေးရမယ့် အင်တင်နာ စခန်းမှာ သုံးစရာ လိုင်းအပို မရှိဘူး ဆိုရင်လည်း ဖုန်းက ပြတ်သွားနိုင်ပါတယ်။ အင်တင်နာစခန်း တစ်ခုက အချက်ပြလှိုင်း ရုတ်တရက် ပျောက်သွားပြီး အခြားအင်တင်နာ စခန်းတစ်ခုက အချက်ပြလှိုင်း ရုတ်တရက် ပေါ်လာတယ်ဆိုရင်လည်း BSC ကနေ ချက်ချင်း လွှဲမပေးနိုင်တဲ့အတွက် ဖုန်းပြတ် သွားနိုင်ပါတယ်။ ရထား လှိုဏ်ခေါင်းထဲဝင်တဲ့ အဖြစ်က နောက်ဆုံးက အဖြစ်မျိုးပါ။

ရန်ကုန် ရောက်တော့ ကမ်းရိုးတန်းဖုန်း ဆိုပြီး အခေါ်အဝေါ် အသစ်တစ်ခုကို ကြားရပါတယ်။ တကယ်တော့ အဲဒီစနစ်ကို နာဂစ်မုန်တိုင်း အပြီး ကမ်းရိုးတန်း ဒေသတွေမှာ စပြီး တပ်ဆင်တဲ့အတွက် ကမ်းရိုးတန်း ဖုန်းလို့ နာမည်တွင်တာပါ။ ကမ်းရိုးတန်းဖုန်းဆိုတာ ဘာလဲလို့ မေးကြည့်တော့ ဒဗလျူ စီဒီအမ်အေ လို့ ပြန်ပြောကြပါတယ်။ ကမ်းရိုးတန်း ဖုန်းကို လူကြိုက်မများဘူးလို့လည်း ပြောကြပါတယ်။ ဘာလို့လည်း မေးတော့ စီဒီအမ်အေ မို့လို့ မကြိုက်တာလို့ ပြောကြပါတယ်။ လက်ကိုင်ဖုန်းတွေ ထွက်ခါစက စီဒီအမ်အေနဲ့ ဂျီအက်စ်အမ် ဆိုပြီး နှစ်မျိုးနှစ်စား ထွက်ထားတော့ အခု ဒဗလျူ စီဒီအမ်အေ ဖုန်းတွေကိုလည်း စီဒီအမ်အေနဲ့ အမှတ်မှားနေကြပါတယ်။ အမှန်တကယ်တော့ ဒဗလျူ စီဒီအမ်အေ ဆိုတာ အခု နိုင်ငံတကာမှာ သုံးနေတဲ့ 3G လို့ အများသိထားကြတဲ့ ဖုန်းစနစ်ပါ။  မြန်မာပြည်မှာ 3G ထက် 2G ကို ပိုပြီး လူကြိုက်များတယ် ဆိုတဲ့ ကိစ္စကတော့ စဥ်းစားမရနိုင်အောင်ပါပဲ။ ကိုယ်မသိသေးတဲ့ အကြောင်းအချက် တွေလည်း ရှိချင်ရှိမှာပေါ့။ ဒါပေမယ့်လည်း ဗီဒီယိုဖုန်း ခေါ်လို့ မရ၊ ဒေတာ ဆားဗစ် သုံးလို့မရတော့လည်း ဒဗလျူ စီဒီအမ်အေလည်း ရိုးရိုးလိုင်းနဲ့ ဘာမှမထူးပါဘူး။

စီဒီအမ်အေ ဖုန်းစနစ်ရဲ့ ထူးခြားချက်က အဲဒီစနစ်မှာ ဂျီအက်စ်အမ် စနစ်လိုမျိုး အသုံးပြုသူ တစ်ယောက်ချင်းစီကို အသုံးပြုတဲ့ အချိန်မှာ ကြိမ်နှုန်းတစ်ခု သီးခြား ပေးထားတာ မရှိပါဘူး။ စီဒီအမ်အေ ဖုန်းက ကြိမ်နှုန်းတွေ အားလုံးပေါ်မှာ လျှို့ဝှက် ကုတ်ဒ်သင်္ကေတသုံးပြီး လှိုင်းတွေကို ဖြန့်ကျက် လွှတ်ထုတ် ပေးပါတယ်။ အဲဒီတော့ တခြားဖက်က လျို့ဝှက် ကုတ်ဒ်သင်္ကေတ ဆင်တူ ရှိတဲ့ ဖုန်းကနေပဲ ဒီလှိုင်းတွေကို အဓိပ္ပာယ် ပြန်လို့ ရပါတယ်။ ကြားက နေ ဖြတ်နားထောင်ဖို့ကတော့ ဖုန်းကုမ္ပဏီက အလိုတူအလိုပါ ပါဝင်မှပဲ ရပါမယ်။

ဒါဆို ဂျီအက်စ်အမ် ဖုန်းကရော ကြားဖြတ်နားထောင်လို့ ရသလားလို့ မေးပါလိမ့်မယ်။ ဂျီအက်စ်အမ် ဖုန်းကလည်း ကြားကနေ ဖြတ်နားထောင်ဖို့ မလွယ်ပါဘူး။ ဟိုးအရင်တုန်းက နာမည်ကြီးခဲ့တဲ့ နာမည်ကျော် ၂ ယောက်ရဲ့ စကားပြော ကက်ဆက်ခွေမှာ ဆယ်လူလာ ဖုန်းကို ကြားဖြတ်ဖမ်းထားတယ် ဆိုတဲ့ အချက်ကတော့ ဖြစ်နိုင်ပါတယ်။ အဲဒီတုန်းက သုံးနေတဲ့ ဆယ်လူလာ စနစ်က ဂျီအက်စ်အမ် စနစ်မဟုတ်ပါဘူး။ AMPS လို့ ခေါ်တဲ့ အစောပိုင်း ဆယ်လူလာ စနစ် တစ်မျိုးပါ။ အဲဒီ စနစ်မှာ အသံလှိုင်းတွေကို ရေဒီယိုလှိုင်းပေါ်ကနေ တိုက်ရိုက်လွှင့်တာ ကြောင့် ကြားကနေ အဲဒီ ရေဒီယိုလှိုင်းကို ဖြတ်နားထောင်မယ် ဆိုရင် ဖြစ်နိုင်ပါတယ်။ ဒါတောင်မှ ဖြစ်နိုင်မဖြစ်နိုင် မသေချာပါဘူး။ ဥပမာ အမေရိကန်လို နိုင်ငံမျိုးမှာ AMPS အတွက် သုံးတဲ့ ကြိမ်နှုန်းတွေက FM ရေဒီယို လွှင့်တဲ့ ကြိမ်နှုန်းတွေနဲ့ ၁၀ ဆလောက် ကွာတာမို့ FM ရေဒီယိုနဲ့ ကြားဖြတ်ဖမ်းဖို့ ဆိုတာ မလွယ်လှပါဘူး။

ဂျီအက်စ်အမ် စနစ်မှာတော့ TDMA လို့ ခေါ်တဲ့ အချိန်အပိုင်းအခြားဖြတ်ပြီး ထုတ်လွှင့်တဲ့ စနစ် သုံးထားတဲ့ အတွက် ခိုးနားထောင်ဖို့ မလွယ်လှပါဘူး။ ဥပမာ ပေးရရင် ဖုန်း ၅ လုံးက တပြိုင်တည်း ပြောနေတယ် ဆိုရင် အဲဒီဖုန်းငါးလုံးက ထွက်လာတဲ့ အသံလှိုင်းတွေကို ရေဒီယိုလှိုင်း တစ်ခုထဲမှာ အချိန်အပိုင်းအခြားနဲ့ ၅ ပိုင်းပိုင်းပြီး လွှင့်ပါတယ်။ လွှင့်ထုတ်ချိန် ၁ စက္ကန့် ရှိတယ် ဆိုရင် အသံလှိုင်းတစ်ခု စီအတွက် ရေဒီယိုလှိုင်းပေါ်မှာ ၀.၂ စက္ကန့် အပိုင်းအခြား ရှိတဲံ နေရာ တစ်နေရာစီ ရပါတယ်။ ဖုန်းတစ်လုံးထဲ ပြောနေတယ် ဆိုရင်တောင်မှ ၀.၂ စက္ကန့် အပိုင်းအခြားကိုပဲ သုံးပြီး ကျန်တဲ့အချိန် အပိုင်းအခြားကို ဘာမှ မလွှင့်ပဲ ထားပါတယ်။ အဲဒီလိုမျိုး အသံလှိုင်းတွေကို စုပေါင်းပြီးမှ လှိုင်းတစ်ခု အနေနဲ့ လွှင့်ပါတယ်။ မလွှင့်ခင်မှာလည်း အသံလှိုင်းကို အင်နာလော့ အနေနဲ့ မလွှင့်ပဲ ဒီဂျစ်တယ် လှိုင်း အဖြစ် ပြောင်းပါသေးတယ်။ ဒါကြောင့်မို့ ဂျီအက်စ်အမ် ဖုန်းကို ကြားဖြတ်ပြီး ရေဒီယိုနဲ့ နားထောင်ဖို့ ဆိုတာ သာမန်လူအတွက် မဖြစ်နိုင် သလောက် ပါပဲ။

နောက်ဆုံးတစ်ခေါက် ရန်ကုန်ပြန်တော့ ရန်ကုန်မှာ ဂျီအက်စ်အမ်ဖုန်းတွေ အတော် ပေါလာပါပြီ။ ဒါပေမယ့် အလုပ်ကြမ်းသမား ဟင်းန်ဖုန်း ကိုင်နိုင်တဲ့ အခြေအနေတော့ မရောက်သေးပါဘူး။ အဲဒီအချိန်ကို ဘယ်တော့များမှ ရောက်ဦးမလဲလို့ မေးကြရင်တော့ Don't Cry ကို မြန်မာမှုပြုထားတဲ့ ရင်ဂိုရဲ့ သီချင်းထဲကလို တစ်နေ့နေ့ပေါ့ မေရယ်။ စိတ်ရှည်လက်ရှည် စောင့်ကွယ် လို့ပဲ ဆိုပြရလိမ့်မယ် ထင်ပါတယ်။ 

(ပုံကတော့ ဘယ်က ကူးမိမှန်းမသိပါ။ Google ကနေ ရှာထားတယ်ပဲ ထားလိုက်ပါတော့။ :D )

15 comments:

Rita said...

ကာတွန်းဆရာက မသိလို့ မဟုတ်ဘဲ လှောင်ပြီးရေးထားတာလည်း ဖြစ်နိုင်ပါတယ်။
ထင်တာပြောတာ။
=)

Anonymous said...

ကာတွန်းဆရာ အဲဒီလောက်မညံ့လောက်ပါဘူး.. ရွဲ့ရေးတာပဲ ဖြစ်မှာပါ...ကိုယ့်ဆရာလဲ ဗမာပြည်မှာ မနေတာကြာတော့ ရွှေနိုင်ငံက အထာတွေကို လိုက်မမှီတော့ဘူးဖြစ်သွားတယ်ထင်တယ်.. :)

Anonymous said...

ကွန်ယက်တွေ အကြောင်း ရှင်းပြထားတာ ဗပာုသုတ ရလို့ ကျေးဇူးတင်ပါတယ် ကိုZT

Anonymous said...

ကာတွန်းဆရာက သရော်တာပါ...
မသိလို့ ရေးတယ်မထင်ဘူး

Vista said...

ကာတွန်းဆရာက သရော်ထားတာပါ။
ကိုဇက်တီက ကျနော်တို့ လို ကာတွန်းမခံစားတတ်
လို့ နေပါလိမ့်မယ်။း)
အလုပ်ကြမ်းသမားတော့မကိုင်နိုင်သေးပါဘူး ခုတော့ရန်ကုန်မှာ ဆိုက်ကားစီးရင် ဖုန်းပြောနေပါပီ။
အရင်တုန်းက အဲဒီလိုမျိုးဆိုက်ကားစီးရင်း မိုဘိုင်းပြောတာ ကို ကာတွန်းဆရာတစ်ယောက်လှောင်ပီး ဆွဲဖူးတာမှတ်မိပါသေးတယ်။ မောင်ဝဏ္ဏလို့ ထင်တာပါပဲ။

ZT said...

ကိုယ့်ဘာသာကိုယ်တော့ အဲဒီလောက် မပိန်းဘူး ထင်တာပဲ။ တကယ် ပိန်းနေရင်လည်း မသိဘူးပေါ့။ :D

sosegado said...

ဈေးကြီးမှာပေါ့၊ ကိုယ်ပိုင်တွေမှမဟုတ်ပဲ၊ သူများဆက်ကြောင်းနဲ့ လုပ်စားနေတာ၊
ဆယ်ရောက်လောက်ဝေစားတော့ကြီးပြီပေါ့၊ အမြတ်ထွက်တာတော့ ရှန်ဟိုင်းဘဲလ်နှင့် ဆင်းတယ်ပဲ၊

Law Shay said...

ယခု ဂျီအက်စ်အမ် ပြင်ပပေါက်ဈေး ကျပ် ၉ သိန်းကျော် ဖြစ်နေပါပြီ

Anonymous said...

ဟုတ်လောက်ပါတယ် ကာတွန်းဆရာက သရော်တာဖြစ်ပါလိမ့် မယ်။

Anonymous said...

ကို ZT ကာတွန်းသိပ် မဖတ်ဘူးနဲ့တူတယ်.. မြန်မာပြည်က ကာတွန်းဆရာတွေ သရော်စာမှာ အင်မတန် ညဏ်ထက်တာမသိလို့ဖြစ်မှာပါ.... တခြားရေးထားတာတွေအရမ်းကောင်းပြီးတကယ်ဗဟုသုတရပါတယ်.. "ကာတွန်းကိုဖတ်ပြီးနိုင်ငံတကာဗဟုသုတနည်းတဲ့ကာတွန်းဆရာကိုအပြစ်မတင်ချင်တော့ဘဲ...." ဆိုတာလေးပဲ မြန်မာပြည်က ကာတွန်းသရော်စာမှာဗဟုသုတနည်းတဲ့ ကို ZTကိုအပြစ်မတင်ချင်ပါဘူးလေ.... :D

ZT said...

အဲဒီ ကာတွန်းက အခု လက်ရှိ အချိန်မဟုတ်ဘူး။ အဲဒီအချိန်က မြန်မာပြည်မှာ စူပါတန်းဝင် ရုပ်ရှင်မင်းသမီး တစ်ယောက်က Handphone ကိုင်တာကို အင်တာဗျူးမှာ ရေးကြီးခွင်ကျယ် လုပ်ပြီး ပြောနေတဲ့အချိန်၊ ဘတ်စ်ကားပေါ် ဖုန်းပြောရင် အထူးအဆန်း ဝိုင်းကြည့်ခံရတဲ့ အချိန်၊ နယ်မှာ လမ်းသွားရင်း ဖုန်းပြောရင်လည်း လူဝိုင်းကြည့်ခံရတဲ့ အချိန်၊ ရန်ကုန်က Handphone မန္တလေးကို သယ်ဖို့ ရုံးမှာ လျှောက်လွှာတင်ရတဲ့ အချိန်မျိုးမှာပါ။

ကာတွန်းပုံ မမြင်ရတော့ ပြောရခက်တယ်။ ကျွန်တော်က ကာတွန်းပုံကြည့်ပြီး ကာတွန်းဆရာ ကိုရီးယားကားကို သရော်ဖို့ ကြိုးစားတယ် လို့ပဲ မြင်တယ်။ ဆက်သွယ်ရေး စနစ်ကို သရော်တယ်လို့ မြင်လို့ မရဘူး။ ကျွန်တော် တစ်ယောက်တည်း မဟုတ်ဘူး။ ကျွန်တော့် သူငယ်ချင်းတွေလည်း အဲဒီကာတွန်း ဖတ်မိကြလို့ အဲဒီအကြောင်း ပြောပြီး ကျွန်တော်တို့ ရယ်ဖြစ်ကြသေးတယ်။ ဖတ်မိသမျှလူ အားလုံး သဘောမပေါက်တာတော့ မဖြစ်နိုင်လောက်ဘူး။

ကျွန်တော်လား ကာတွန်းမဖတ်မှာ။ ကာတွန်းက ဖတ်ရတဲ့ အထဲမှာ အပေါ့ပါးဆုံးပဲ။ ၁၉၉၀ ကနေ ၉၈ လောက်အထိ လစဉ် ထွက်သမျှ မဂ္ဂဇင်း အားလုံးနီးပါး တခြား ဘာမှ မဖတ်ရင်နေ။ ကာတွန်းတော့ အနည်းဆုံး ဖတ်ဖြစ်တယ်။

Anonymous said...

ဟုတ်ကဲ့ပါ..အဲ့ဒီလိုဆိုရင်တော့အဲဒီလိုလဲဖြစ်နိုင်ပါတယ်.. တော်တော်ရှည်ရှည် ပြန်ရှင်းပြထားလို့လဲကျေးဇူးပါ..
ကာတွန်းဆရာဘက်ကမနေနိုင်မထိုင်နိုင် ဝင်ပြောမိတာပါလေ..:D

ZT said...

ကျွန်တော်လည်း မငြင်းရ မနေနိုင်လို့ပါ။ :D

Anonymous said...

ဒါဆိုရင်တော့ ကိုဇက်တီက ပြန်သာသွားပြန်ပြီ.. ကျနော်တောင် ရန်ကုန်မှာနေပြီး အဲဒါတွေ မသိဘူး.. ရန်ကုန်ကဖုန်းမန်းလေးကို သယ်ဖို့ လျှောက်လွှာတင်ရတယ်လို့. ဟေးဟေး.. ဟန်းဖုန်းဆိုတာကို စသိတာနဲ့ နိုင်ငံခြားမှာ လူတိုင်းကိုင်နိုင်တာကိုလဲ တန်းသိလို့ပါ.. ကိုဇက်တီလဲ စယ်လီဘရယ်တီကိတ်စတွေ ဖတ်တာပဲ.. အင်တာဗျူးမှာ မင်းသမီးဟန်ဖုန်းကိုင်တာကို ရေးကြီးခွင်ကျယ်လုပ်ပြောတယ်တဲ့..အံ့ရော...:D

ချော(အစိမ်းရောင်လွင်ပြင်) said...

ဖုန်းတွေအကြောင်းတော့ စိတ်ဝင်စားတယ်
ခုလိုရှင်းပြတာ ကျေးဇူး
မဟုတ်ရင် တစ်အိမ်တည်းကနေ ဆက်တာတောင် ဆက်သွယ်မှု ဧရိယာပြင်ပရောက်နေတယ်ဆိုလို့ ထူးဆန်းအံ့သြနေမိရတယ်..
ခုလိုတော့လည်း ရှင်းပါပြီ။
အင်မတန်ကောင်းမွန်တဲ့ ဆက်သွယ်ရေးစနစ်ကို ရထားတာ ဂုဏ်ယူစရား)