Search This Blog

Thursday, October 28, 2010

သီတင်းကျွတ်တော့ ဘာဖြစ်လဲ

တစ်ခါက အမေရိကန်က ပြည်နယ်တစ်ခုမှာ လိင်တူချင်း လက်ထပ်လို့ ရတယ်လို့ ဥပဒေ ပြဌာန်းလိုက်ပါတယ်။ ဥပဒေ ပြဌာန်းပြီး နောက်တစ်နေ့ မှာပဲ ဂေး စုံတွဲတစ်တွဲ တရားရုံးမှာ လာပြီး လက်ထပ်ကြ ပါတယ်။ သူတို့လည်း ပြန်သွားရော လူတစ်ယောက်က မြင်းတစ်ကောင်နဲ့ အတူ ရောက်လာပါတယ်။ ပြီးတော့ တခြားသူတွေ လိင်တူချင်းတောင် လက်ထပ်လို့ ရသေးတာ သူလည်း သူ့မြင်းနဲ့ လက်ထပ်ချင်တယ် ဆိုပြီး တရားသူကြီးကို အရေးဆိုပါလေတယ်။ တရားသူကြီးလည်း ဘာပြောရမှန်း မသိဘဲ အကျပ်ရိုက်နေ ပါတယ်။ နောက်တော့ အကြံရတာနဲ့ မင်းနဲ့ မြင်းနဲ့တော့ လက်ထပ်လို့ ရတယ်။ ဒါပေမယ့် မင်းရဲ့မြင်းက အသက်မပြည့်သေးလို့ လက်ထပ်လို့ မရဘူးလို့ ပြောလွှတ်လိုက် ပါတယ်။ အဲဒါက ဖတ်ခဲ့ဖူးတဲ့ ဟာသ တစ်ခုပါ။

အခုအချိန် သီတင်းကျွတ်ပြီဆိုတော့ အာဝါဟ ဝိဝါဟက လူတကာ အပြောကြဆုံး တော့ပစ်ပါပဲ။ အမှန်တကယ်တော့ သီတင်းကျွတ်တာ မကျွတ်တာနဲ့ အိမ်ထောင်ပြုတာ ဘာမှ မပတ်သက်ပါဘူး။ ဘုရားကလည်း ဝါတွင်း ၃ လ လက်မထပ်ရဘူးလို့ ဘယ်ကျမ်းဂန် ထဲမှာမှ မဟောခဲ့ ပါဘူး။ ရှေးရိုးစွဲနဲ့သာ ဝါတွင်း လက်မထပ်ရဘူးတွေ ပြာသို လက်မထပ်ရဘူးတွေ လုပ်နေတာပါ။ ဝါတွင်းမှာ လက်ထပ်ရင် ဟိုတယ် ဘွတ်ကင် လုပ်ရတာတောင် ပိုလွယ် ပါသေးတယ်။ ပတ်ဝန်းကျင်နဲ့ အတိုက်အခံ လုပ်ရမှာ စကားများများ ပြောရမှာ တစ်ခုပဲ ရှော့တ် ရှိတာပါ။ ကြောင် ပြာသို၊ ခွေးတော်သလင်း၊ လူ မသေမချင်းလို့ ဆိုရိုးစကားတောင် ရှိသေးတာပဲ။

အိမ်ထောင်ပြုတဲ့ ကိစ္စကို တစ်ချို့က ရန်သူတွေ အဝိုင်းခံရတဲ့ ရဲတိုက်ကြီးနဲ့ နှိုင်းကြပါတယ်။ အထဲက လူတွေက အပြင်ထွက်ချင်ပြီး အပြင်က လူတွေက အထဲဝင်ချင်တယ် ဆိုတဲ့ သဘောပါ။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ပုံပြင် တစ်ပုဒ်လည်း ကြားဖူး ပါသေးတယ်။ တစ်ခါက လူဆိုးတွေ ကန္တာရ တစ်ခုကို ဖြတ်သွားတော့ ရေတွင်းပျက်ကြီး တစ်ခုကို တွေ့ပါတယ်။ ရေတွင်းပျက်ကြီးထဲကို ငုံ့ကြည့်တော့ ရေတွင်းထဲမှာ အရောင် တလက်လက် တောက်နေတဲ့ စိန်တုံးတွေ တွေ့ရပါတယ်။ အဲဒါနဲ့ သူတို့ထဲက တစ်ယောက်ကို ရေတွင်းထဲ ဆင်းပြီး စိန်တုံးကို ယူခိုင်း ပါတယ်။ ရေတွင်းထဲ ဆင်းသွားတဲ့သူက အထဲရောက်မှ အရောင်တလက်လက် တောက်နေတာ စိန်တွေ မဟုတ်ပဲ အဆိပ်ပြင်းတဲ့ မြွေတွေရဲ့ မျက်လုံးတွေ ဆိုတာ သိရပါတယ်။ သူက အပေါ်က လူတွေကို မဆင်းခဲ့နဲ့။ ဒါစိန်တုံးတွေ မဟုတ်ဘူး။ မြွေတွေလို့ လှမ်းအော် ပြောပါတယ်။ အပေါ်က လူတွေကတော့ ဒီကောင် စိန်တုံးတွေကို တယောက်တည်း အပိုင်စီးချင်လို့ ကြံတာပဲ ထင်လို့ မယုံကြပါဘူး။ အဲဒါနဲ့ နောက်တစ်ယောက်ကို ထပ်ဆင်း ခိုင်းပါတယ်။ နောက်တစ်ယောက်ကလည်း အောက်ရောက်တော့ စိန်မဟုတ်ဘဲ မြွေတွေမှန်း သိလို့ မဆင်းခဲ့နဲ့လို့ အော်ပါတယ်။ အပေါ်မှာ ကျန်ခဲ့တဲ့ သူတွေက မယုံကြပါဘူး။ ဒါနဲ့ နောက်တစ်ယောက်ကို ထပ်ဆင်းခိုင်းပြန်ပါတယ်။ ဒီလိုနဲ့ တစ်ယောက်ဆင်းလိုက်။ မြွေမှန်းသိလိုက်။ အပေါ်က လူတွေက မယုံလိုက်နဲ့ တစ်ယောက်ပြီး တစ်ယောက် ရေတွင်းထဲ ဆင်းသွားကြတာ နောက်ဆုံးတော့ အားလုံး မြွေကိုက်ပြီး သေကုန် ပါတယ်တဲ့။ အဲဒါကြောင့် တစ်ချို့က ငါတို့က မြွေမှန်းသိလို့ ပြောတာ မင်းတို့က စိန်လို့ ထင်ရင်လည်း မင်းတို့ သဘောပဲလို့ ပြောကြပါတယ်။

အိမ်ထောင်ကျတယ် ဆိုတာ စိတ်ပါမှ ဖြစ်တာပါ။ အိမ်ထောင် မရှိတဲ့ သူတိုင်း မစွံလို့ မဟုတ်ပါဘူး။ (ဥပမာ စူပါစတား ဘလော့ဂါ ကိုကြီးကျောက် ကို ကြည့်ပါ။ :D ) ငယ်ငယ်တုန်းက ခင်မင်ခဲ့ဖူးတဲ့ မိတ်ဆွေ တစ်ယောက်ကတော့ မိန်းမဆိုတာ ယူရင် တစ်ယောက်ပဲ ရတယ်။ မယူရင် တစ်ယောက် မကဘူးကွ လို့ ပြောဖူးပါတယ်။ ဒါပေမယ့်လည်း နောက်ဆုံးတော့ သူ့မင်္ဂလာဆောင် ဖိတ်စာ ရောက်လာတာပါပဲ။ ခင်ဗျား ပြောတုန်းကတော့ ယူရင် တစ်ယောက်ပဲ ရမယ်ဆို အခု ဘယ်လိုဖြစ်သွားတာလဲလို့ မေးတော့ အမှန်တကယ်တော့ မယူရင် တစ်ယောက်မှ အဖတ်မတင်ဘူးကွ။ အဲဒါကြောင့် အဖတ်တင်သွားအောင် တစ်ယောက်တော့ ယူမှ ဖြစ်မယ်လို့ ပြန်ပြော သွားပါတယ်။

အခုတော့လည်း ခေတ်က ပြောင်းသွားပြန်ပြီလား မသိပါဘူး။ တလောက သူငယ်ချင်း တစ်ယောက်နဲ့တွေ့တော့ အခုခေတ်က အိမ်ထောင်ရှိတဲ့သူ ကိုမှ ပိုသဘောကျတဲ့ ကောင်မလေးတွေ အများကြီးပဲ။ လို့ ပြောလို့ အံ့အားသင့် သွားပါတယ်။ ဘာဖြစ်လို့လဲ မေးတော့ အိမ်ထောင်ရှိတော့ နောက်ပိုင်း သူတို့ကို လိုက်နွယ်မှာ စိတ်မပူရ ဘူးပေါ့။ အတည်လည်း ယူစရာ မလိုဘူးပေါ့။ လို့ ပြန်ဖြေပါတယ်။ အဲဒါ ငါတို့ ယောက်ျားလေးတွေ ပြောရမယ့် စကား မဟုတ်ဘူးလားလို့ မေးတော့လည်း ဒီခေတ် ကောင်မလေးတွေ ထဲမှာ ဒါမျိုးတွေ ရှိတယ်ဟ။ မင်းမယုံလည်း မတတ်နိုင်ဘူးလို့ ပြန်ပြော သွားပါတယ်။ ရည်းစားထားတာနဲ့ ယူရမယ်လို့ ဘယ်သူက ပြောသလဲ ဆိုတဲ့စကားကို မိန်းကလေးတွေ တစ်ယောက်မက ပြောတာ နားနဲ့ဆတ်ဆတ် ကြားဖူးတော့လည်း သူပြောတာ မယုံရခက် ယုံရခက်ပါပဲ။ တကယ့် အပြင်လောကမှာ သစ္စာတွေ မေတ္တာတွေ ကိုယ်ကျင့်တရားတွေကို တန်ဖိုး မထားတတ်တဲ့သူက အများသားပါ။

စကားကြုံလို့ ရယ်စရာ ပြောပါဦးမယ်။ နည်းနည်း ဇာတ်လမ်း ရှုပ်တတ်တဲ့ သူတစ်ယောက်ကို ကျွန်တော့် သူငယ်ချင်း တစ်ယောက်က ခင်ဗျား အခုလို ရှုပ်နေတော့ ခင်ဗျားမိန်းမကလည်း ခင်ဗျား နောက်ကွယ်မှာ ရှုပ်ချင် ရှုပ်နေမှာပေါ့။ အဲဒီလိုဆို ဘယ့်နယ့်လုပ်မလဲလို့ မေးဖူးပါတယ်။ သူပြန်ဖြေတဲ့ စကားက အံ့ဩစရာပါ။ ဒါကတော့ ကိုယ် ၅ ခါ သူ ၃ ခါလောက်တော့ ခွင့်လွတ်ရမှာပေါ့တဲ့။

အစကတည်းက ခပ်ရှုပ်ရှုပ် ဖြစ်နေတဲ့သူတွေ အတွက် အိမ်ထောင်ပြုတာ မပြုတာ သူတို့အတွက် ဘာမှ သိပ်မကွာပါဘူး။ အိမ်ထောင်ကျပြီးလို့ ခြေငြိမ်သွားတယ် ဆိုတာ တခြားနေရာမှ ခြေရှုပ်နေတဲ့သူတွေပါ။ ဒီလိုကိစ္စမှာမှ ခြေရှုပ်တတ်တဲ့ သူမျိုးတော့ အိမ်ထောင်ကျပြီးလည်း ခြေငြိမ်ဖို့ မလွယ်ပါဘူး။ ဇ ဆိုတာ ဖျောက်ရ ခက်ပါတယ်။ အဲဒီလို လူစားတွေကို သီတင်းကျွတ်ပြီ မစားရသေးဘူးလား မေးရင် ပြုံးပြုံးပါပဲ။ မရရင် မယူသေးဘူးလို့မှတ်လို့ ဖြေပါလိမ့်မယ်။

တချို့ကျတော့လည်း အိမ်ထောင် မပြုသေးဘူးလားလို့ မေးလိုက်ရင် တီကောင်ကို ဆားနဲ့တို့လိုက် သလို တွန့်သွား တတ်ပါတယ်။ ရည်းစား မရှိမှန်း သိသိကြီးနဲ့ မယူသေးဘူးလား မေးတာ တနည်းပြောရရင် အချွန်နဲ့ မတာပါပဲ။ အိမ်ထောင်ပြုတယ် ဆိုတာ ရှော့ပင်း ထွက်သလို စူပါမတ်ကတ်သွား ကြိုက်တဲ့ တစ်ယောက် ကောက်ယူ လုပ်လို့ ရတာမျိုးမှ မဟုတ်တာ။ တခြားသူတွေ ပြောတာ မခံချင်လို့ မရရတာ ကောက်ယူထားမယ် ဆိုရင်တော့ တကယ့်ကို မြွေပွေး ကိုက်ပါလိမ့်မယ်။ အိမ်ထောင်မှု ဘုရားတည် ဆေးမင်ရည်စုတ်ထိုး ဤသုံးခု ချက်မပိုင် နောင်ပြင်နိုင်ခဲတဲ့ အရာမျိုးလို့ ရှေးစကား ရှိပါတယ်။ ဒါပေမယ့် ခေတ်က Tattoo တောင် ပြန်ဖျက်လို့ ရတဲ့ ခေတ်ဖြစ်နေတော့လည်း အဲဒီစကားမှန်တယ် ပြောရမှာ ခပ်ခက်ခက် ပါပဲ။

ဘယ်လိုပဲ ဖြစ်ဖြစ် အိမ်ထောင်ပြုပြီးမှတော့ ဖြစ်နိုင်ရင် သေတပန် သက်တဆုံး ပေါင်းကြတာ အကောင်းဆုံးပါပဲ။ ကိုယ်နဲ့ တသက်လုံး ပေါင်းရမယ့် သူက ကိုယ်နဲ့ စိတ်သဘောထားချင်း တထပ်တည်း မကျတောင် တယောက်နဲ့ တယောက် နားလည်ပေး နိုင်ဖို့တော့ အနည်းဆုံး လိုအပ်ပါတယ်။ နားလည် ပေးနိုင်သလား မပေးနိုင်ဘူးလား ဆိုတာတော့ မယူခင် နည်းနည်း အချိန်ယူပြီး လေ့လာကြည့်မှ သိပါလိမ့်မယ်။ အိမ်ထောင်ပြုပြီးမှ သူငယ်ချင်းနဲ့ တခါတလေ အပြင် ထွက်တာတောင် မသွားရ၊ ကိုယ်လုပ်နေကျ အလုပ်တွေလည်း မလုပ်ရ ဆိုတာမျိုးကတော့ မဖြစ်သင့် ပါဘူး။ အိမ်ထောင်ကျတဲ့ သူတိုင်း ဒီလို ဖြစ်သွားတာပဲ ဆိုတာမျိုးတော့ မဟုတ်ပါဘူး။ အဲဒါ ကိုယ့်အိမ်ထောင်ဖက်ကို နားလည် ပေးနိုင်တဲ့ သူနဲ့ နားလည် မပေးနိုင်တဲ့ သူနဲ့ ကွာတာပါ။ (ဒီတစ်ခါတော့ တကယ်ကို အချွန်နဲ့ မပေးသလို ဖြစ်နေပြီ။ :D )

အဲဒီတော့ မရရင် ရတာယူမယ်လို့ ဆုံးဖြတ်ထားတဲ့ သူတွေကို ငယ်ငယ်က တီဗွီက နေ့တိုင်းလာနေတဲ့ ဒေါက်တာမောင်မောင် ရဲ့ မိန့်ခွန်းကို ပြင်ပြီး "ဆန္ဒတွေ မစောကြပါနဲ့။ အိမ်ထောင်ဆိုတာ ကျမှာပေါ့" လို့ ပြောချင် ပါတယ်။ မနေနိုင်လို့ ဖလမ်းဖလမ်း ထနေတဲ့သူတွေကိုတော့ see n be seen ရဲ့ see and be seen remix 4 ဆိုတဲ့ပို့စ်ကို ဖတ်ကြည့်စေချင်ပါတယ်။ ဆင်ခြင်စရာတွေ ရသွားပါလိမ့်မယ်။

ဒါမှမဟုတ် ဘေးပတ်ဝန်းကျင်က ဖိအားတွေ သိပ်များနေလို့ အိမ်ထောင်ပြုချင်တယ် ဆိုရင်တော့ အခုတလော ရေပန်းစား နေတဲ့ ထိုင်ဝမ်က ကောင်မလေးလို လုပ်လို့ ရပါတယ်။ အဲဒီ ကောင်မလေးကတော့ အသက် ၃၀ ပြည့်ပြီး သင့်တော်တဲ့သူ မတွေ့လို့ မင်္ဂလာဆောင်ဖို့ကလည်း အချိန်ကျပြီ ဆိုပြီးတော့ တစ်ယောက်တည်း ကိုယ့်ဘာသာကိုယ် မင်္ဂလာ ပြန်ဆောင် တစ်ယောက်တည်း ဟန်းနီးမွန်း ထွက်မယ်လို့ ပြောပါတယ်။ (တစ်မျိုးကြီးပဲ။) အဲဒီသတင်းကို ဒီမှာ ဖတ်ကြည့်လို့ ရပါတယ်။

ဒီလိုတွေ ရေးနေလို့ ကျွန်တော် အိမ်ထောင် ပြုတာကို ဆန့်ကျင်တာ မဟုတ်ပါဘူး။ ပတ်ဝန်းကျင်မှာ ဖလမ်းဖလမ်း ထနေတဲ့သူတွေ အချွန်နဲ့ ဝိုင်းမသူတွေ တွေ့နေရလို့ စိတ်ထဲ ရှိတဲ့ အတွေးစတွေ ချရေး ဖြစ်သွားတာပါ။

14 comments:

ဖိုးသင်္ကြန် said...

ထိုင်ဝမ်ကကောင်မလေး လိပ်စာလေး မစပါခင်ဗျာ...
နောက်တာပါ
ကျွန်တော်ကတော့ ကိုသီဟသစ်သမီးမွေးမှာစောင့်လိုက်ဦးမယ်

ShwunMi- said...

သီတင်းကျွတ်တော့ လူကြီးသူမတွေ စီနီယာတွေကို လိုက်ကန်တော့ရမှာပေါ့..
(လာခဲ့မုန့်ဖိုး.. ငှဲငှဲ)

PAUK said...

ဒီမှာတော့ တစ္ဆေလ (တရုတ် ၇လပိုင်း) ကို
မင်္ဂလာမဆောင်ကြဘူး..
ဒါနဲ့ စကားမစပ်..
သီတင်းကျွတ်ပြီနော်..
ကိုဇက်တီ ..။

CalmHill said...

ဒီရက်ပိုင်းမှာ အဲဒီ့ဟာလာပြောရင် စိတ်အဆိုးဆုံးပဲ ဘယ်နှယ့် စူပါမားကက် သွားဝယ်သလို ယူလို့ရတဲ့အမျိုးမှမဟုတ်ပဲ :P

JuneOne said...

ပေါက်ပြောသလိုပဲ

သီတင်းကျွတ်ပြီနော်..
ကိုဇက်တီ ..။

သူများတွေ ရာထူး၂ဆင့်တောင်ရနေပြီ။

ZT said...

မပေါက် နဲ့ မကျော့ -> မကြာခင်ပေါ့။ အဟဲ။ :D

sosegado said...

အစီအစဉ်ရှိနေပြီပေါ့၊
‘ကျမကို လက်ရှိအခြေအနေအတိုင်း ရှင်လက်ခံနိုင်သလား’ ဆိုတဲ့ မေးခွန်းတွေ
ပြီးတော့ ဒီဘက်မှာ
- My money is my money, your money also my money.
- My money is my money, your money is your money.
- OK you take care to me don’t take care about my money.
- 50:50 ဆိုတာတွေ စဉ်းစားဦး။
‘ရှိတာတွေ အကုန်လုံးယူ’ ဆိုတဲ့ခေတ်တော့ မရှိသလောက်ပဲ။

Rita said...

ရေတွင်းထဲ ခုန်ဆင်းမှာလား။
ရဲတိုက်ထဲ ဝင်မှာလား။

ရွှေရတုမှတ်တမ်း said...

အော....ကိုZT မရသေးတာ..မယူသေးလို့ လို့မှတ်သားသွားပါသည်..၊
ထိုင်ဝမ်မင်္ဂလာဆောင်တော့ မလုပ်နဲ့ဗျို့....

ဆွေလေးမွန် said...

မပေါက် နဲ့ မကျော့ -> မကြာခင်ပေါ့။ အဟဲ။ :D

လူပျိုကြီး မကြာခင်က...အချိန်ဘယ်လောက်ကြာမှာ
ပါလိမ့်...ဟားဟား

++++ - +++++ = ?????????????

KT said...

ZT....

Is that post defensed yourself? :)

KT

သက်ဝေ said...

အခုမှ ဖတ်မိတယ်... ရေးထားတာကို ကြိုက်လိုက်တာ... ခေါင်းစဉ်ကအစ...
သီတင်းကျွတ်တော့ ဘာဖြစ်လဲ တဲ့...း))

စားရတော့မယ်ဆို သတင်းပေးပါအုံး...

ချော(အစိမ်းရောင်လွင်ပြင်) said...

ဒီပိုစ့်လေးဖတ်ပြီး သဘောကျလို့ အသံထွက်အောင် ရယ်မိသေး
အိမ်ထောင်ရှိတဲ့သူတွေက သီတင်းကျွတ်တာကိုဘဲ စကားထဲ ထည့်ပြောနေကြတယ်
တကယ်တမ်းက သူတို့ကိုယ်တိုင် နောင်တရနေတာကိုတော့ လူသိမခံကြဘူး
လူအထင်ကြီးအောင် ခပ်တည်တည်နဲ့ မယူသေးဘူးလား ဘာညာ လုပ်နေကြတာ..
အတွင်းစိတ်က ပြန်အမ်းချင်နေတာ ခိခိး)

Raymond.Kyaw Minn Naing said...

ကို ZT ရေ..။ အဲဒါ မြွေတွေဗျ။ ကျွန်တော်တော့ သီတင်းမကျွတ်ခင်လေးတင် တွင်းထဲဆင်းကြည့်တာ။ တကယ်ပြောတာ...။