ခရီး တစ်ခါ ထွက်ရင် ဆောင်ရန် ရှောင်ရန် အတွက် တစ်ခုခု သင်ခန်းစာ ရတတ်ပါတယ်။ ကိုယ်နဲ့ အကျွမ်းတဝင် မရှိတဲ့ အရပ်ဒေသမှာ ချောက်ကျပြီးမှ ရထားတဲ့ သင်ခန်းစာဆိုတော့ နည်းနည်းတော့ အဖိုးတန်ပါတယ်။ ဒီတစ်ကြိမ် ဒုက္ခရောက်လို့ နောက်တစ်ခါ ထပ်မဖြစ်အောင် သတိထားပေမယ့်လည်း နောက်တစ်ကြိမ်ကျရင် နောက်တစ်မျိုး အသစ်အဆန်း ကြုံရတာပါပဲ။
ပထမဆုံးတော့ Hand Carry နဲ့ ပတ်သက်ပြီး ရဖူးတဲ့ သင်ခန်းစာပါ။ ကျွန်တော် လေယာဉ်ပျံစီးရင် Hand Carry သယ်ဖို့ အတော် ဝန်လေးပါတယ်။ ပျင်းတယ်လို့ ပြောရင်လည်း ရပါလိမ့်မယ်။ ပထမဆုံး အကြိမ် ခရီးရှည် လေယာဉ်ပျံစီးတော့ လက်ပ်တော့ပ်၊ ဖတ်စရာ စာအုပ် တစ်အုပ်၊ အနွေးထည် နဲ့ စီးကရက်ဗူး က လွဲရင် Hand Carry ထဲမှာ ဘာမှ ထည့်မသွား မိပါဘူး။ အဲဒီတုန်းက စင်ကာပူ လေကြောင်းလိုင်းနဲ့ လော့စ်အိန်ဂျလိစ် ကို သွားတာပါ။ ဇနပုဒ်သား အမေရိကား သွားရမယ် ဆိုတော့လည်း ခါတိုင်းလို ပေါ့ပေါ့ပါးပါး ဝတ်စား မသွားပဲ ရှပ်အင်္ကျီ တွေ ဘာတွေနဲ့ သားသားနားနား ဖြစ်နေပါတယ်။
လေယာဉ်ပေါ်မှာကတော့ စင်ကာပူ လေကြောင်းလိုင်းရဲ့ ထုံးစံအတိုင်း Business Class မဟုတ်ပေမယ့်လည်း အစားအသောက်ကို တစ်မျိုးပြီး တစ်မျိုး ကျွေးပါတယ်။ ညနေစာ စားပြီးတော့ ရေခဲမုန့် လာကျွေးတော့ ချော့ကလက် ရေခဲမုန့်ပါ။ အရှေ့က ဖွင့်ထားတဲ့ ရုပ်ရှင်ကြည့်ရင်း စားလိုက်တာ ရေခဲမုန့် တစ်ဝက်ကျိုးတော့မှ အင်္ကျီပေါ် ရေခဲမုန့် ဖိတ်ကျတာ အတော်များမှန်း သတိထားမိပါတယ်။ ရှပ်အင်္ကျီ အပြာရောင်ပေါ်မှာ ချော့ကလက် ရေခဲမုန့် စွန်းနေတာ မြင်မကောင်းပါဘူး။ ဒါပေမယ့် Hand Carry ထဲ အင်္ကျီ တစ်ထည်တောင်မှ အပိုပါ မသွားတော့လည်း လဲစရာက မရှိပါဘူး။ လေယာဉ်ပျံပေါ် ရောက်မှ အဝတ်အစား တစ်စုံတစ်လေ ထည့်မလာ မိတာ အတော် မှားမှန်း သိပါတယ်။ တွိုင်းလက်ထဲသွားပြီး ရေနဲ့ သွားဆေး ပေမယ့်လည်း အစွန်းအကွက်က လျော့မသွားပါဘူး။ လေယာဉ်ပျံပေါ်မှာ အဲဒီ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ဖြစ်နေပါတယ်။ အနွေးထည် အင်္ကျီ ပါလာလို့ မသိမသာ အနွေးထည် အပေါ်က ထပ်ဝတ်ထားလိုက် ရပါတယ်။ ကြည့်ရ မဆိုးတော့ပေမယ့် နေရတာတော့ အတော်အိုက်ပါတယ် ဆိုသလိုမျိုး ဖြစ်သွား ပါတယ်။
အဲဒါကြောင့် နောက်တစ်ခေါက်က စပြီး ခရီးသွားတိုင်း Hand Carry ထဲမှာ အင်္ကျီ တစ် စုံ အမြဲတမ်း အပို ထည့်သွားတတ် ပါတယ်။ ဒါပေမယ့်လည်း နောက်တစ်ခါ ကျတော့ နောက်တစ်မျိုး ကြုံရပြန် ပါတယ်။ အဲဒီ အခါက အိုင်ယာလန်သွားတော့ လန်ဒန် ဟိသ်ရိုးမှာ လေယာဉ် ပြောင်းစီးရပါတယ်။ ဟိသ်ရိုးက တခြားလေဆိပ်နဲ့ မတူပါဘူး။ တခြားလေဆိပ်တွေမှာ Hand Carry အတွက် အိတ်တစ်လုံးနဲ့ လက်ပ်တော့ပ် တစ်လုံး သယ်ခွင့် ပေးပေမယ့် ဟိသ်ရိုးမှာက လက်တော့ပ် အပါအဝင်မှ အိတ်တစ်လုံးပဲ သယ်လို့ ရပါတယ်။ အစကတော့ ထရန်စစ် ဆိုလို့ ကိစ္စမရှိဘူး ထင်ပေမယ့် လန်ဒန်မှာ လေယာဉ်ဆင်းတော့ အင်မီဂရေးရှင်း အပြင်ထွက်ပြီး ပါလာတဲ့ အိတ်ကို Check-in လုပ်ခိုင်းပါတယ်။ အိုင်ယာလန် ဒပ်ဗလင် လေဆိပ်ရောက်တော့မှ စပြီး တိုင်ပတ် တော့တာပါပဲ။
ကျွန်တော်တို့ လေယာဉ်က လန်ဒန်မှာ ဆင်းပြီး သိပ်မကြာခင် နောက်လေယာဉ်တစ်စင်းကို ပြောင်းရတာ ဆိုတော့ အိုင်ယာလန် ရောက်တော့ လန်ဒန်မှာ အပြင်ထွက်ပြီး Check-in လုပ်လိုက်တဲ့ အိတ်က ပါလာပေမယ့် စင်ကာပူမှာ Check-in လုပ်လိုက်တဲ့ အဝတ်အစား အိတ်က ပါမလာပါဘူး။ လေဆိပ်က ကောင်တာကို မေးတော့ အိတ်မရောက်သေးဘူး။ ရောက်တာနဲ့ ဟိုတယ်ကို ပို့ပေးမယ် လို့ ပြောပါတယ်။ သူတို့က အိတ်ပို့ပေးဖို့ ဟိုတယ် လိပ်စာတောင်းတော့ ကျွန်တော် မသိပါဘူး။ ဟော်လန်က လာတဲ့ အေးဂျင့်နဲ့ ဒပ်ဗလင် လေဆိပ်မှာ တွေ့ပြီးမှ ဆက်သွားဖို့ စီစဉ်ထားတာ ဆိုတော့ ခရီးဆုံးက လိပ်စာကို ဟော်လန်က အေးဂျင့်ကပဲ သိပါတယ်။ သူ့လေယာဉ်က ဒပ်ဗလင်ကို မဆိုက်သေးပါဘူး။ အဲဒါနဲ့ သူရောက်လာတဲ့ အထိ စောင့်ပြီးတော့မှ သူ့ကို ဖုန်းဆက်ပြီး ဟိုတယ် လိပ်စာ လှမ်းမေးရပါတယ်။ ဖုန်းထဲမှာ သူက Wexford လို့ ပြောလို့ ကျွန်တော် က ကြားတဲ့ အတိုင်း ကောင်တာကို ပြန်ပြောလိုက် ပါတယ်။ ဝက်စ်ဖို့ဒ်က ဒပ်ဗလင်ကနေ မိုင် ၁၀၀ လောက် ဝေးတဲ့ အတွက် အိတ်က ဘယ်အချိန် ရောက်လာမလဲ ဆိုတာတော့ မှန်းလို့ မရပါဘူး။
ဒီလိုနဲ့ ဟော်တယ်ကနေပြီး ကျွန်တော့် အိတ်ကို စောင့်ပါတယ်။ ပထမတစ်ရက် ရောက်မလာ ပါဘူး။ ပထမ တစ်ရက်နဲ့ ကိစ္စ မရှိသေးပါဘူး။ ကျွန်တော့် Hand Carry ထဲမှာ အဝတ်အစား တစ်စုံ အပိုပါလာသေးတယ် ဆိုတော့ လဲစရာ ရှိပါသေးတယ်။ သေချာအောင် နောက်တစ်နေ့ မနက် လေဆိပ်ကို ဖုန်းဆက် မေးကြည့်တော့ ပို့လိုက်ပြီ လို့ ပြောပါတယ်။ ဒါပေမယ့် ညနေစောင်းတော့လည်း ရောက်မလာသေးပါဘူး။ ကျွန်တော် မျက်လုံးပြူးနေပါပြီ။ လဲစရာ အင်္ကျီလည်း မကျန်တော့ ပါဘူး။ ညဘက် ပြန်ရောက်တာ မိုးချုပ်တော့ အပြင်ထွက်ဝယ်ဖို့လည်း အချိန်မမီ တော့ပါဘူး။ ဒါနဲ့ပဲ မနေ့က ဖြန့်လှန်းထားခဲ့တဲ့ အင်္ကျီ လေး အသာ ပြန်ဝတ် ရပါတယ်။ နောက်တစ်နေ့လည်း ရောက်မလာပါဘူး။ သေချာအောင် ဖုန်းဆက်မေးတော့ လိပ်စာ ရှာမတွေ့လို့ အိတ်က လေဆိပ်ပြန်ရောက်နေပြီ ပြောပါတယ်။ နည်းနည်းတော့ တင်းသွား ပါတယ်။ ဒီလောက် မြို့ကလေး သေးသေးကလေးမှာ ရှိတဲ့ ဟော်တယ် အကြီးကြီးကို ရှာမတွေ့ဘူး ဆိုတာ နည်းနည်းတော့ တရားလွန်ပါတယ်။ အဲဒါနဲ့ လိပ်စာကို ပြန်ပြောတော့မှ လေဆိပ်က လူတွေ Westport နဲ့ Wexford ကို နားကြားလွဲသွားတယ် ဆိုတာ သိလိုက်ရပါတယ်။ Westport က အိုင်ယာလန် မြောက်ဖက်မှာပါ။ ကျွန်တော်သွားတဲ့ Wexford ကတော့ တောင်ဖက်မှာပါ။ ညနေမှပဲ အိတ်က ဟိုတယ်ကို ရောက်လာပါတယ်။ ဒီညနေမှ ရောက်မလာ ရင်လည်း နောက်နေ့ စက်ရုံကနေလစ်ပြီး အင်္ကျီ သွားဝယ်ဖို့ စီစဉ် ထားပြီးသားပါ။ နောက်ဆို ကိုယ်မသိတဲ့ နေရာသွားရင် Hand Carry ထဲ ရှိသမျှ အဝတ်အစား အကုန် ထည့်ယူရမယ့် ပုံပဲလို့ တွေးမိပါတယ်။ (အဲလောက်တော့လည်း မလုပ်ဖြစ်ပါဘူး။ :D ) မသွားခင် သွားရမယ့် ခရီးဆုံးက လိပ်စာ ကြိုမေးတတ်တဲ့ အကျင့်တစ်ခုတော့ ရသွားပါတယ်။
ပိုက်ဆံလဲတဲ့ ကိစ္စနဲ့ ပတ်သက်လို့လည်း သင်ခန်းစာ ယူစရာ ကြုံဖူးပါတယ်။ စင်ကာပူမှာ နိုင်ငံခြားပိုက်ဆံလဲရင် တခြားနိုင်ငံတွေထက် သက်သာပါတယ်။ ပိုလန်လို ချက်ရီပတ်ဘလစ်လို သိပ်မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတွေမှာလည်း အတူတူပါပဲ။ ဒါပေမယ့် ဟော်လန်လို နိုင်ငံမျိုးမှာတော့ ပိုက်ဆံလဲနှုန်းချင်း သိပ်မကွာပေမယ့် ပိုက်ဆံလဲခ ကော်မရှင် ပေးရပါတယ်။ အဲဒီတော့ သိပ်မစားသာ လှပါဘူး။ ပထမဆုံး အခေါက် ချက်ရီပတ်ဘလစ်က ပြန်လာတော့ အိတ်ထဲမှာ ချက်နိုင်ငံ သုံးတဲ့ ပိုက်ဆံတွေ ပြန်ပါလာပါတယ်။ အဲဒါကို ချက်လေဆိပ်မှာ မလဲခဲ့ဘဲ ဟော်လန် ရောက်မှ လဲဖြစ်ပါတယ်။ သူတို့ရေးထားတဲ့ နှုန်းထားကြည့်တော့ ချက်မှာ လဲတာနဲ့ သိပ်မကွာလှပါဘူး။ ဒါပေမယ့် ပိုက်ဆံရတော့ မှန်းသလောက် မရတာမို့ ဖြတ်ပိုင်း စာရွက်ကလေးကို ပြန်ပြီး စစ်ကြည့်တော့ ကော်မရှင်ဆိုပြီး ဖြတ်ယူ ထားတာ ယူရို ၂၀ လောက်မို့ အတော် မြိန်သွားပါတယ်။
တခါတလေတော့ ပိုက်ဆံ လဲလို့မရလို့ သုံးစရာ မရှိတာလည်း ကြုံဖူးပါတယ်။ ပိုလန် ရောက်သွားတော့ ကျွန်တော်သွားတဲ့ စက်ရုံ ကျွန်တော်နေတဲ့ ဟိုတယ်က မြို့နဲ့ အတော်ဝေးတာမို့ ပိုက်ဆံလဲတဲ့ နေရာမရှိပါဘူး။ အိတ်ထဲမှာ ယူရို ပါလာပေမယ့် ပိုလန်မှာ ဇွာတာ (zloty) ပဲ သုံးလို့ ရတာမို့ ဘာမှ အသုံးမဝင် ပါဘူး။ နောက်ဆုံးတော့ ကြံရာမရတာနဲ့ အေတီအမ် စက်ကို သွား ပိုက်ဆံထုတ်ခ ပေးပြီး ခရက်ဒစ်ကတ်ဒ် ထဲကနေပဲ ပိုက်ဆံ ထုတ်သုံး လိုက်ရပါတယ်။
အေတီအမ် စက်နဲ့ ခရက်ဒစ် အကြောင်း ပြောရင်း ကျွန်တော်တို့ ကြုံခဲ့ဖူးတာ တစ်ခု ပြန်သတိရပါတယ်။ တစ်ခါက ကျွန်တော်တို့ ပြင်သစ်မှာ ကားမောင်းရင်း မိုင်နှုန်းကျော်လို့ ညကြီး သန်းခေါင် ရဲအဖမ်းခံရပါတယ်။ အဲဒီအကြောင်းကို နော်မန်ဒီရဲ့ည ဆိုတဲ့ ပို့စ်မှာ ရေးဖူးပါတယ်။ ရဲကို ဒဏ်ငွေဆောင်ဖို့ အေတီအမ်မှာ ပိုက်ဆံ သွားထုတ်တော့ ထူးထူးခြားခြား ကြုံရပါတယ်။ ကျွန်တော် ကိုယ်တိုင် မဟုတ်ပါဘူး။ ကျွန်တော်နဲ့ အတူသွားတဲ့ အေးဂျင့် ကြုံတာပါ။ သူ့မှာ ခရက်ဒစ်ကတ်ဒ် ၂ ကတ်ဒ် ပါပါတယ်။ ဘဏ်က ညဘက်ဆိုတော့ တံခါးပိတ်ထားပြီး အေတီအမ်ကို သွားဖို့ တံခါးပေါက်ဝမှာ ခရက်ဒစ်ကတ်ဒ် ဆွဲပြီး တံခါးဖွင့်ရပါတယ်။ သူ့ကတ်ဒ် ၂ ကတ်ဒ်ထဲက တစ်ကတ်ဒ်ကို တံခါးက လက်မခံပါဘူး။ အထဲရောက်လို့ အေတီအမ်မှာ ပိုက်ဆံ ထုတ်တော့ တံခါးဖွင့်လို့ရတဲ့ ကတ်ဒ်ကို စက်က လက်မခံပါဘူး။ နောက်တစ်ကတ်ဒ်နဲ့ပဲ ပိုက်ဆံ ထုတ်လို့ရပါတယ်။ အဲဒီအကြောင်း ကျွန်တော်တို့ ပြန်ပြောကြရင်း တစ်ကတ်ဒ်တည်းသာ ရှိရင် ပိုက်ဆံ ထုတ်ရမှာ မဟုတ်ဘူး ဆိုတဲ့ အကြောင်း ပြောဖြစ်ပါသေးတယ်။
ဒီပို့စ်ကို ရေးဖို့ ကြံနေတာ တစ်နှစ်လောက် ရှိပါပြီ။ နေ့ရွှေ့ညရွှေ့နဲ့ အခုမှပဲ ရေးဖြစ်တော့တာပါ။ ဆက်ရန်တွေ ရှိရင်လည်း ရှိပါဦးမယ်။
8 comments:
Hand carryမှာပါပခုံးစောင်းအောင်သယ်နေကြလေ..ခုနောက်ပိုင်းတိုလီမိုလီတွေပါအသယ်မခံတော့လို့...မသယ်ရင် ဒုက္ခရောက်တတ်တာ နည်းမျိုးစုံပဲ
ရေးပါ စိတ်ဝင်စားပါတယ်။
ကိုယ်ဆို ဟန်းကယ်ရီထဲကို အဝတ်ထည့်ကို မထည့်တာ...။
အိမ်ကလူကတော့ဘယ်သွားသွား ယူရို၊US နဲ့ CREDIT CARD သယ်သွားတယ်။အိမ်မှာ နိုင်ငံတော်တော်များများက အကြွေစေ့တွေ အများကြီးပဲ အစေ့ တစ်ရာကျော်လောက်ရှိတယ်။ ဘာမှလဲလုပ်လို့မရဘူး။
ကို zt ကောအကြွေတွေကိုဒီအတိုင်းပဲသိမ်းထားလား။အိမ်ကလူတော့ တစ်ခါ ROME ကနေ SG ပြန်လာတာ အိတ်က SG ကိုပါမလာပဲ ဖရန့်ဖတ်ကိုရောက်သွားလို့ ၁ ရက်လောက်စောင့်လိုက်ရသေးတယ်။
စိတ်ဝင်စားတယ်ဗျို့။ ဆက်ရေးပါဦး။
မကျော့ -> အကြွေတွေ အရင်ကတော့ အများကြီးပဲ။ နောက်တော့ အကြွေစုတဲ့ ကလေးတစ်ယောက်ကို လက်ဆောင် ပေးလိုက်တယ်။ ဒါတောင် အခုထိ ဟိုတစ်စေ့ ဒီတစ်စေ့ ထွက်လာတုန်းပဲ။
ကြုံခဲ့တာလေးတွေ သတိရသွားတယ်၊
တိုင်ဝန်လေဆိပ်မှာ ထရန်ဆစ်ကထွက်ပြီး မြို့ထဲလျှောက်လဲတာ ပြန်လာတော့ နံဆော်နေပြီ၊
ထရန်ဆစ်က ထွက်ပြီးရင်ပြန်မရောက်တော့ဘူး၊ ခပ်တည်တည်နဲ့ အပေါ်ထပ်တက် ရေချိုးလိုက်၊ တီရှပ်ကိုဈေးကြီးပေမဲ့ ဝယ်လိုက်ရ၊
ထရန်ဆစ်တွေမှာ မြန်မာဘုန်းကြီးတွေတွေ့ရင် ဝင်ကန်တော့ဖြစ် ဘွဲ့မေးဘို့အမြဲတန်းမေ့၊ နောက်မှ နာမည်ကြီးဆရာတော်တွေ ဖြစ်နေတယ်၊
သီတဂူဆရာတော်ကြီးတောင်မသိတာ မင်းလူမိုက်တဲ့၊ မိုက်နေဆဲပါပဲ။
လိန်မြန်သိပ်မစီးရတော့ သူများရေးတဲ့ကောမန့်တွေ စောင့်ဖတ်နေတာ...။ ကိုယ့်အတွေ့အကြုံရေးဖို့က မရှိဘူးလေ....။
Post a Comment