Search This Blog

Tuesday, January 4, 2011

ဒွဖ်ဖြူ ဒွဖ်မည်း တကောင်တည်း

ညဘက် ကောင်းကင်ကို မော့ကြည့်ပြီး ကြယ်တွေ ကိုကြည့်ရင် ပုံမှာ ပြထားတဲ့ ကြယ်စု ကို ပထမဆုံး ရှာကြည့် ဖြစ်ပါတယ်။ လိပ်တာရာလို့ ငယ်ငယ်တုန်းက သိထားဖူးတဲ့ ကြယ်စုပါ။ ဘေးက ကြယ် ၄လုံးက လိပ်ရဲ့ ခြေထောက် ၄ချောင်း၊ အလယ်ခေါင်က ၃ လုံးတန်းနေတဲ့ ကြယ်တွေက အူ၊ ထိပ်ဖက်က တြိဂံပုံ ကြယ်သုံးလုံးက ခေါင်းလို့ ဦးလေး တစ်ယောက်က ပြောပြဖူး ပါတယ်။ နိုင်ငံတကာ အာကာသ လေ့လာတဲ့ သူတွေကတော့ ဒီကြယ်စုကို အိုရိုင်းယွန်း (Orion) လို့ သိကြ ပါတယ်။ ကိုဗဒင် သီချင်းထဲမှာ စပ်ဖူးတဲ့ ကုန်းမြင့် ထက်က ကြည့်နေ သူလည်း တွေ့နိုင်သလို ကမ်းဘေးနားက ကြည့်နေ သူလည်း တွေ့ရပါတယ် ဆိုတဲ့ အိုရိုင်းယွန်း ကြယ်စုဟာ ဒီကြယ်စု ပါပဲ။

ကျွန်တော် ကြယ်တွေကို စိတ်ဝင်စား ပါတယ်။ ဒါပေမယ့် တခြားသူတွေလိုတော့ အနုပညာ ခံစားမှု အလှအပတစ်ခု အနေနဲ့ စိတ်ဝင်စားလို့ မရပါဘူး။ ကြယ်တွေနဲ့ ပတ်သက်လို့ တင်စား ပြောတာ ဖွဲ့နွဲ့ပြောတာတွေ ကြားရရင် သိပ္ပံနဲ့ ဆက်စပ်ပြီး တွေးမိတာမို့ တစ်ခါတစ်လေ စိတ်ထဲမှာ ကျလိကျလိ ဖြစ်တတ်ပါတယ်။ 

အနုပညာရှင်တွေက ကြယ်တွေကို တင်စားဖွဲ့နွဲ့ စရာ အနေနဲ့ မြင်ပါတယ်။ ဒါပေမယ့် သူတို့တွေ တယ်လီစကုပ် ကြည့်ကြရင် ကောင်းမယ်လို့လည်း တခါတလေ တွေးမိပါတယ်။ ဘာလို့လဲ ဆိုတော့ ကြယ်အကြောင်း ဖွဲ့နွဲ့ကြရင် တစ်ခါလာလည်း ကြယ်ဖြူ တစ်ခါလာလည်း ကြယ်ဖြူနဲ့ပဲ ကြယ်တွေက တချိန်လုံးပဲ ဖြူနေကြ လို့ပါ။ ကောင်းကင်မှာ ရှိတဲ့ ကြယ်တွေကို တယ်လီစကုပ်နဲ့ ကြည့်ရင် ဒါမှမဟုတ် ကြယ်တွေကို ရိုက်ထားတဲ့ ဓာတ်ပုံတွေကို ကြည့်ရင် အပြာရောင်ကြယ်တွေ နဲ့ အနီရောင်ကြယ်တွေပါ တွေ့ရတတ်ပါတယ်။ လူအများစုက ကြယ်တွေကို အဖြူရောင် အနေနဲ့ အမြဲတမ်း တွေ့နေရတော့လည်း ကြယ်နီတွေ ကြယ်ပြာတွေ အကြောင်းရေးရင် ခံစားလို့ ရပါ့မလား ဆိုတာကလည်း ရှိပါသေးတယ်။

စကြာဝဠာထဲမှာ ရှိတဲ့ ကြယ်တွေက ရောင်စုံရှိတတ်ပါတယ်။ ကျွန်တော်တို့ သိထားတာက အနီရောင်က ပူတဲ့ အရောင် အပြာရောင်က အေးတဲ့ အရောင်ဆိုပြီးတော့ပါ။ ဒါပေမယ့်လည်း ကြယ်တွေမှာတော့ နေလောက် အပူရှိန် ပြင်းတဲ့ ကြယ်တွေက အနီရောင် ရှိပြီး အဲဒီထက် ပိုပြီး အပူရှိန် ပြင်းတဲ့ ကြယ်တွေက အပြာရောင် ရှိတတ်ပါတယ်။ မီးတောက်တွေ အပူရှိန် ပြင်းလာရင် အနီရောင် မဟုတ်တော့ပဲ ပြာလဲ့လဲ့ ဖြစ်လာတတ်တဲ့ သဘောမျိုးပါ။ အဲဒီတော့ တကယ်တမ်းမှာတော့ အပြာရောင်က အနီရောင် နဲ့ ယှဉ်ရင် ပိုပူတယ်လို့ ပြောလို့ ရပါတယ်။ မျက်ထောင့်နီကြီးနဲ့ စိုက်ကြည့်တယ် ဆိုတာနဲ့ မျက်ဝန်းလဲ့ပြာပြာနဲ့ စိုက်ကြည့်တယ် ဆိုတာ ဘယ်ဟာက ပိုပူမလဲ ဆိုတာ စဉ်းစား စရာပါ။

မော်တော်ကားတွေ ကြာကြာ မောင်းရင် ဓာတ်ဆီကုန်သလို ကြယ်တွေလည်း ကြာကြာ လောင်ရင် လောင်စာကုန် ပါတယ်။ အဲဒီလို အခါမျိုးမှာတော့ အရွယ်အစားပေါ် မူတည်ပြီး ဘဝပြောင်းကြ ပါတယ်။ ကျွန်တော်တို့ရဲ့ နေ က အလယ် အလတ်စားကြယ် စာရင်းမှာ ပါပါတယ်။ အဲဒီလို ကြယ်မျိုးက လောင်ကျွမ်းစရာ လောင်စာကုန်ရင် ပြန့်ကားပြီး ထွက်လာတတ် ပါတယ်။ ကမ္ဘာကြီး ၂၀၁၂ မှာ ပျက်ပျက် မပျက်ပျက် နောက်ထပ် နှစ်ပေါင်း ၅ ဘီလီယံ ကြာရင်တော့ ပျက်မှာ အသေအချာ ပါပဲ။ အဲဒီအခါမှာ နေဟာ ပြန့်ကားထွက်လာပြီး ကမ္ဘာပတ် လမ်းကို ကျော်သွားမှာ ဖြစ်တယ်လို့ ဆိုကြပါတယ်။ အဲဒီအချိန်မှာ ကမ္ဘာဟာ ပိုပြီးဝေးတဲ့ လမ်းကြောင်းတစ်ခုကို လွင့်ထွက်သွားလိမ့်မယ်လို့ ပြောတဲ့ သိပ္ပံပညာရှင်တွေ ရှိသလို အဲဒီအချိန် မတိုင်ခင်ကပဲ ကမ္ဘာကို နေက ဝါးမျိုးပစ်လိမ့်မယ်လို့ ပြောတဲ့ သိပ္ပံပညာရှင် တွေလည်း ရှိပါတယ်။

ကားတွေ ဓာတ်ဆီကုန်ရင် ဆီဆိုင်မှာ ဝင်ထည့်လို့ရပေမယ့် ကြယ်အတွက် လောင်စာကုန်ရင်တော့ ဖြည့်ပေးမယ့်သူ မရှိပါဘူး။ လောင်ကျွမ်းစရာ ကုန်ရင်တော့ ကြယ်ဟာ အနီရောင် မဟုတ်တော့ဘဲ ဝှိုက်ဒွဖ်လို့ ခေါ်တဲ့ ဖြူဖျောဖျော့ ကြယ်တစ်လုံး အဖြစ် ပြောင်းသွားပါလိမ့်မယ်။ မင်းခိုက်စိုးစန်လို ကဗျာဆရာသာ မြင်ရင်တော့ မန္တလာရေ ခရုသင်းစွဲနေတဲ့ မြို့ကြီးလို့ ဖွဲ့ခဲ့ဖူးသလို ဆိုလာ​ရေ ခရုသင်းစွဲနေတဲ့ ကြယ်ကြီးလို့များ ဖွဲ့ဦးမလား မသိပါ။ ဝှိုက်ဒွဖ် ဆိုတာကလည်း အလင်းရောင် ထွက်နေသရွေ့ပဲ ဖြူနေပါတယ်။ နောက်ဆုံး အလင်းရောင် ထွက်စရာ ကုန်သွားရင်တော့ ဒွဖ်ဖြူတစ်ပွေတည်း ဖြူရာကမည်းလို့ ဒွဖ်မည်းလို့ ခေါ်တဲ့ ဘလက်ဒွဖ်အဖြစ် ဘဝပြောင်းသွားရပါတယ်။

ကျားကြီးရင် ခြေရာကြီးတယ် ဆိုကြပါတယ်။ ကြယ်ကြီးရင်တော့ အသက်တိုပါတယ်။ ဒြပ်ထုကြီးမားတဲ့ ကြယ်တွေဟာ သက်ဆိုး မရှည်ကြပါဘူး။ သူတို့ဟာ ဒြပ်ထုကြီးမားတဲ့အတွက် ပြင်ပက ဗဟိုထုထဲကို ပိုပြီး ဖိနှိပ်တဲ့ အတွက် တခြား ကြယ်တွေထက် ပိုပြီး မြန်မြန်ဆန်ဆန် လောင်ကျွမ်းကြ ပါတယ်။  နေထက် ပိုကြီးတဲ့ ကြယ်တွေကတော့ စူပါနိုဗာလို့ ခေါ်တဲ့ ကြယ်ပေါက်ကွဲမှုနဲ့ အဆုံးသတ်ရ ပါတယ်။ စူပါနိုဗာ ကြယ်ပေါက်ကွဲပြီးတဲ့ နောက်မှာတော့ ကြယ်တွေဟာ နျူထရွန်ကြယ် အဖြစ် ဘဝ ပြောင်းသွားရပါတယ်။ နျူထရွန်ကြယ်ဆိုတာကတော့ ဆွဲငင်အား ကြီးလွန်းလို့ အက်တမ်ပတ်လမ်းက အီလက်ထရွန်တွေတောင် လပ်လျားလပ်လျား လမ်းမသလား နိုင်တော့တဲ့ အခြေအနေပါ။ နျူထရွန် တွေချည်းသက်သက် နျူထရွန် သာအမိ နျူထရွန် သာအဖ လုပ်ကြပြီး ပေါင်းစပ်သွားကြ ပါတယ်။ နျူထရွန်ကြယ်ထဲက ဒြပ်ထု လက်ဖက်ရည် တစ်ဇွန်းစာဟာ ကမ္ဘာရဲ့ အလေးချိန်လောက် ရှိမယ် ဆိုကြ ပါတယ်။

ကြယ်က အဲဒီထက် ပိုကြီးရင်တော့ ဘလက်ဟိုး ဘဝနဲ့ အဆုံးသတ်ရလေ့ ရှိပါတယ်။ ဘလက်ဟိုးကတော့ စားမှာပဲ စားမှာပဲ ငါ့ကိုလာ မတားနဲ့ ဆိုသလို သူ့အနား ကပ်လာသမျှ အကုန် ဆွဲစား ပစ်ပါတယ်။ ဘလက်ဟိုးနဲ့ တွေ့ရင် အလင်းရောင်တောင် လွတ်လမ်းမရှိပါဘူး။ ဘလက်ဟိုး ဖြစ်ရတဲ့ အကြောင်းကတော့ လူဝကြီး ဝလွန်းလို့ လမ်းမလျှောက်နိုင်ပဲ ပုံကျတဲ့ ပုံစံ လိုပါပဲ။ ကြယ်ဖက်တီးကြီးလည်း ဝိတ်ကများလွန်းလို့ သူ့ဘာသာသူ ကျွံကြပြီး ဘလက်ဟိုး ဖြစ်ရပါတယ်။ ဒါပေမယ့်လည်း စူပါနိုဗာ ကြယ်ပေါက်ကွဲမှုတွေက သက်ရှိတွေ ဖြစ်ဖို့ အတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ကြ ပါတယ်။ စူပါနိုဗာ ကြယ်ပေါက်ကွဲမှုကနေမှ တဆင့် ဓာတုဗေဒ ဒြပ်ပေါင်းတွေ ဖြစ်ပေါ်လာတတ် တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ စကြာဝဠာထဲမှာ စူပါနိုဗာတွေကတော့ တဝုန်းဝုန်း တဒိုင်းဒိုင်း ပေါက်ကွဲနေကြတာပါပဲ။ တခြား ဂယ်လက်ဆီတွေက စူပါနိုဗာတွေကို ကမ္ဘာကနေ တစ်နှစ်ကို အခု ၃၀၀လောက် မြင်ရတယ် ဆိုကြပါတယ်။

လောလောဆယ်တော့ ဘယ်နေရာကနေပဲ ကြည့်ကြည့် ကြယ်ကို မမြင်ရပဲ တိမ်ပဲ မြင်ရတဲ့ နေရာမှာ နေတဲ့အတွက် ကြယ်တွေကို ခေါင်းထဲက ခဏ ထုတ်ထားပါတယ်။ အခွင့်အခါသင့်ရင်တော့ ကွဲကွာနေတဲ့ အချစ်ဟောင်းနဲ့ ပြန်ဆုံသလို ကြယ်တွေကိုလည်း ပြန်လေ့လာ ဖြစ်ဦးမယ် ထင်ပါတယ်။

8 comments:

Anonymous said...

ကြယ်တံခွန်အချစ်လေးရေ...
အဝေး..
အို ပြန်ဆုံရန်လမ်း ဝေး...
ဝေးပြီ။
ဘလက်ဟိုးလို့ မြင်လိုက်တိုင်း သနပ်ခါးသီချင်းပဲ
နားယောင်နေတတ်တာ ခက်တယ်..။
ဟိ
စတာပါ ။
အစအဆုံးဖတ်မိတယ်တယ်..။ ရေးထားတာ ပြုံးရလို့။
မဟုတ်ရင် အတည်အတန့်ရေးထားလို့ကတော့..
သိပ်ပံ(ပ၂လုံးဆင့်ရေးမရလို့)တွေ အာကာသတွေ
စိတ်မဝင်စားတော့ ဖတ်မိမှာမဟုတ်။
ကျေးဇူးပါ..။

ပေါက်

PhotoVigor said...

Again, happen to visit your site although cant read anything. :)
The picture is nice.
Cheers..

Rita said...

စိတ်ကူးယဉ်လို့ မရတော့တာလား အယဉ်လွန်နေတာလား မသိ။ ဒါဖတ်ပြီး စကြဝဠာထဲမှာ နေရတာ အကာအကွယ်မဲ့လိုက်တာလို့ ခံစားရတယ်။ ပေါက်တာတွေက ပေါက်၊ လောင်တာတွေက လောင်၊ ကျွံတာတွေက ကျွံ၊ အရေးထဲမှာ ကမ္ဘာက တနေရာတည်း ငြိမ်နေတာမဟုတ်ဘူး ပတ်နေတာဆိုတော့ မတော်လို့ ဝင်တိုက်မိလည်း ဒုက္ခ။

ကိစ္စမရှိပါဘူး။ အများနဲ့ပဲလေ။

ShwunMi- said...

ဪ.. ဖောင့်မတူလို့များ ခေါင်းစဉ်ကို ဖတ်မရတာလားလို့..

ShwunMi- said...

chrome နဲ့ကျ ဇော်ဂျီembed လုပ်မထားရင် ဖတ်လို့မရတော့ပြန်ဘူး။ written with myanmar3 တွေကိုပဲ မြင်ရတော့တယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

အချစ်ဟောင်းနဲ့ အမြန်ဆုံးပြန်ဆုံပါစေလို့ ဆုတောင်းတယ်
ဒါမှ ကြယ်အကြောင်းထပ်ပြီး ဖတ်ရမှာ
စိတ်ဝင်စားဖို့ကောင်းတယ်.. ဒီလိုအကြောင်းအရာလေးတွေက ဗဟုသုတပါဘဲ.. ကျေးဇူး

ကိုအောင် said...

အချစ်ဟောင်းနဲ့ အမြန်ဆုံး ပြန်ဆုံပါစေဗျာ ...

ÁLVARO BÓMEZ CASTRO said...

Good morning: I've followed with great interest publications. I'm teaching and I am dedicated to trying to implement strategies that can bring culture to all corners of the world. If you want to visit my blog dedicated to literature and philosophy, the address is:

http://alvarogomezcastro.over-blog.es
Greetings