ဘူဖေးရောင်းတဲ့ ဆိုင်မှာ အလုပ်လုပ်တော့လည်း တစ်ခါတလေ စားပွဲ မထိုးဘဲ ဘူဖေးကောင်တာ ထိုင်ရပါတယ်။ ဘူဖေးကောင်တာ ထိုင်ရတာကတော့ တစ်မျိုး တစ်ဘာသာပါ။ ပုံမှန် အားဖြင့်တော့ အစားအသောက်က သိပ်ပြီး ပြင်ဆင်စရာ မလိုပါဘူး။ ပြင်ဆင်ပြီးသား အသားထုပ်တွေ ဟင်းသီးဟင်းရွက် အထုပ်တွေက ရေခဲသေတ္တာထဲမှာ အသင့် ရှိတတ် ပါတယ်။ အဲဒီအထုပ်တွေ ဖောက်ပြီး လိုက်ဖြည့်ရုံပါပဲ။ ဒါပေမယ့် ဘူဖေးကောင်တာမှာ ရှိတဲ့ အသားတွေ ဟင်းရွက်တွေ အသီးတွေ နာမည် လိုက်မှတ်ရတာတော့ အတော် ဦးနှောက်စား ပါတယ်။ အားလုံးပေါင်း အမျိုး ၁၀၀ လောက် ရှိတော့ တော်တော်နဲ့ မမှတ်မိပါဘူး။ အခုလို စင်ကာပူပါး ဝနေတဲ့ အချိန်ဆိုရင်တော့ အထွေအထူး သိပ်မှတ်စရာ လိုမယ် မထင်ပါဘူး။ အဲဒီအချိန်ကတော့ စလုံး ရောက်ခါစမို့ Chendol ဆိုတာလည်း ဘာမှန်း မသိ၊ Coleslaw ဆိုတာလည်း မသိ၊ Thousand Island Dressing ဆိုတာလည်း ဘာမှန်း မသိမို့ အတော်ကို မျက်စိလည် ပါတယ်။
ဒါတောင်မှ တခါတလေ ကပ်စတန်မာက လာမေးရင် ဘာမေးလို့ မေးလိုက်မှန်း မသိဘူး ဖြစ်တတ် ပါသေးတယ်။ တစ်ခါက ကပ်စတန်မာက တောင်ကေး ရှိလား ဆိုပြီး လာမေးပါတယ်။ မြန်မာပြည်က လာတဲ့သူပဲ။ ထောင်ကဲ ဆိုတာတော့ ဘောစိကို ခေါ်မှန်း သိတာပေါ့။ အဲဒါနဲ့ ဆူပါဗိုက်ဆာကို ခေါ်ပေးလိုက်ပါတယ်။ ဆူပါဗိုက်ဆာ ရောက်လာမှ သူလိုချင်တာ ပဲပင်ပေါက်မှန်း သိပါတယ်။ ဆူပါဗိုက်ဆာကို မေးကြည့်တော့ အဲဒါက တရုတ်စကားတော့ တရုတ်စကားပဲ ဒါပေမယ့် မန်ဒရင် မဟုတ်ဘူး။ ဒေသခံ စကားနဲ့ ခေါ်တာလို့ ရှင်းပြပါတယ်။ ဘူဖေးကောင်တာမှာ လုပ်တုန်း တစ်ချိန်လုံး ကြားနေရလို့ အလိုလို တတ်သွားတဲ့ တရုတ်စကား နှစ်လုံးကတော့ ဆီ နဲ့ ပုစွန်ပါ။ ခဏခဏ လာမေးကြလွန်းလို့ပါ။
ကျွန်တော်တို့ ဘူဖေးကောင်တာ ထိပ်မှာ အချဉ်ရည်နဲ့ ပဲငံပြာရည် ထည့်ထားတဲ့ ကွန်တိန်နာ နှစ်ခု ရှိပါတယ်။ ကပ်စတန်မာတွေ ဘာဘီကျူး လုပ်တဲ့နေရာမှာ သုံးလို့ ရအောင် ထားပေး တာပါ။ တစ်နေ့တော့ ပဲငံပြာရည် ကုန်သွားလို့ မန်နေဂျာမက ကျွန်တော့်ကို ဖြည့်ခိုင်းလိုက် ပါတယ်။ အဲဒါနဲ့ ပဲငံပြာရည် ကွန်တိန်နာ ကလေးကိုင် မီးဖိုထဲ ဝင်သွားပြီး ပဲငံပြာရည် ရှာပြီး ဖြည့်ပေးလိုက် ပါတယ်။ ပြီးတော့ ကွန်တိန်နာကို သူ့နေရာသူ ပြန်ထားလိုက် ပါတယ်။ နောက်တော့ ကိုယ့်ဘာသာကိုယ် လုပ်စရာ ရှိတာ ဆက်လုပ်နေလိုက်ပါတယ်။ ခဏနေတော့ ကျွန်တော့်ရဲ့ ပဲငံပြာရည် ကွန်တိန်နာကို ကိုင်ပြီး မန်နေဂျာမက မီးဖိုခန်းထဲ ဝင်လာပါတယ်။ ကျွန်တော့်ကို တွေ့တော့ ခုန ပဲငံပြာရည် ဖြည့်လိုက်တာ ဟုတ်လား လို့ လှမ်းမေးပါတယ်။ ကျွန်တော်က ဟုတ်တယ် ပြောတော့ ဘွားတော်က ထရယ်ပါတယ်။
ဘွားတော်က ဆိုင်မှာ ကျွန်တော်တို့ အားလုံးနဲ့ ပိစ်ဖြစ်တာမို့ တော်ရုံတန်ရုံမှားရင် ဘာမှ သိပ်မပြောတတ် ပါဘူး။ လာဦး ပဲငံပြာရည်ကို လာကြည့်ဦး ဆိုတော့ ကျွန်တော်လည်း ကွန်တိန်နာထဲက ပဲငံပြာရည်ကို ကြည့်ပါတယ်။ ဘာမှ မမှားပါဘူး။ အညိုရောင် ပဲငံပြာရည်ပါပဲ။ အဲဒီအချိန်ဘေးက မြန်မာ တစ်ယောက်က ဟေ့ကောင်။ အဲဒါ ပဲငံပြာရည် မဟုတ်ဘူး။ နှမ်းဆီတွေဟ။ လို့ ပြောမှ ကျွန်တော် ပဲငံပြာရည်နဲ့ နှမ်းဆီ မှားထည့်လိုက်မှန်း သိပါတယ်။ ဒီက နှမ်းဆီက အညိုရောင်မို့ မျက်စိမှောက် သွားတာပါ။ ဘွားတော်ကတော့ ငါလည်း အစက မသိဘူး။ ကပ်စတန်မာက ကွန်ပလိန်း လုပ်လို့။ ပဲငံပြာရည်ဆိုပြီး ထည့်လိုက်တာ ဘာတွေမှန်း မသိဘူး ဆိုမှ ကြည့်မိတာ ဆိုပြီး ကျွန်တော်တို့ကို ပြန်ပြော ပါတယ်။ အဲဒီလိုမျိုး ပဲငံပြာရည်နဲ့ နှမ်းဆီ မှားစရာ မရှိတာကိုမှ မှားခဲ့ဖူးတဲ့ ရာဇဝင်လည်း ရှိဖူးပါတယ်။
ဆိုင်မှာ ဘူဖေး လာစားတဲ့သူတွေထဲမှာ ကြုံခဲ့ဖူးတဲ့ ကပ်စတန်မာကလည်း လူအမျိုးမျိုးပါ။ တကယ့်ကို တန်အောင်စားတယ် ဆိုတဲ့သူမျိုးလည်း တွေ့ဖူးပါတယ်။ တစ်ခါက ဆိုင်မှာ တရုတ် အဖိုးကြီး တစ်ယောက် ဘူဖေး လာစားပါတယ်။ ဆိုင်ထဲကို ဝင်လာကတည်းက တခြားဘာမှ မစားပါဘူး။ ပုစွန်ချည်းပဲ ယူပြီး ကင်စားပါတယ်။ ပုစွန် တစ်ပန်းကန် ယူလိုက်။ ကင်လိုက်။ စားလိုက်။ နောက်တစ်ပန်းကန် ထပ်ယူလိုက်။ ကင်လိုက်။ စားလိုက်။ ၃ ခါမြောက်မှာတော့ ဆိုင်မှာ အသစ်ရောက်လာတဲ့ မန်နေဂျာ က ကျွန်တော်တို့ အနားကို ကပ်ပြီး အဲဒီ အဖိုးကြီးကို ကြည့်စမ်းပါဦးကွ။ သူ့မျက်နှာက ပုစွန်စားနေတယ် ဆိုတာနဲ့ မတူဘူး။ ငါပိုက်ဆံတွေ စားနေတယ်။ မင်းတို့ ဘာတတ်နိုင်သေးလဲ ဆိုတဲ့ မျက်နှာထားမျိုးကွ လို့ အသံတိုးတိုးနဲ့ ပြောပါတယ်။ ကျွန်တော်တို့မှာ သူ့စကားကြားမှ အဖိုးကြီး မျက်နှာကို ကြည့်မိပြီး ရယ်မိကြ ပါတယ်။
မလိမ့်တပတ်နဲ့ ဘူဖေးဝင်အုပ်တဲ့သူလည်း တွေ့ဖူးပါတယ်။ ဘူဖေးဆိုင် ဆိုတော့ ဝင်လာရင် ဘယ်နှစ်ယောက် ဝင်လာသလဲ ဆိုတာအပေါ်မူတည်ပြီး ပိုက်ဆံကောက်ပါတယ်။ တစ်နေ့တော့ လူငယ် ၃ ယောက် ဆိုင်ထဲဝင်လာပေမယ့် သူတို့က ၂ ယောက်ပဲ စားမယ်။ တစ်ယောက်က အအေးပဲ သောက်မယ် ဆိုလို့ ၂ ယောက်စာပဲ ပိုက်ဆံယူလိုက် ပါတယ်။ ဒါမျိုးက ထူးထူးခြားခြားမို့ သူတို့ဝိုင်းကို အားလုံးက မသိမသာ အကဲခတ်နေကြပါတယ်။ အစက ၂ ယောက်တည်း စားပေမယ့် ဆိုင်မှာ လူရှုပ်လာတဲ့ အချိန်ရောက်တော့ ကျန်တဲ့ တစ်ယောက်ကပါ ဝင်စား ပါတယ်။ ငွေသိမ်းကောင်တာမှာ ထိုင်တဲ့သူကလည်း လက်အလွန်မြန် ပါတယ်။ ချက်ချင်းပဲ တစ်ယောက်စာ ဘီလ်ထုတ်ပြီး ဝိုင်းကို သွားပို့လိုက် ပါတယ်။ အဲဒီတော့မှ သူတို့ မဟုတ်သလိုနဲ့ နောက်တစ်ယောက်စာ ထပ်ရှင်း ပါတယ်။
အဲဒီ အချိန်တုန်းက စင်ကာပူမှာ မြန်မာတွေ အခုလောက် မများသေးပါဘူး။ ကျွန်တော်တို့ ဆိုင်မှာတော့ စားပွဲထိုးက မြန်မာ ယောက်ျားလေး ချည်းပဲ ၇ ယောက် ရှိပါတယ်။ ကျွန်တော်တို့ အားလုံး တစ်ကျောင်းတည်း အတူတက်နေကြတဲ့ သူတွေမို့ ဆိုင်မှာ လာမလုပ်ခင် ကတည်းက အချင်းချင်း သိပြီးသား သူငယ်ချင်းတွေပါ။ တစ်နေ့တော့ လူအရမ်းကျတဲ့ အချိန် ကျွန်တော်တို့ အားလုံး ဆိုင်ထဲမှာ ပြေးလိုက် လွှားလိုက် အချင်းချင်း စလိုက် နောက်လိုက် လုပ်နေကြပါတယ်။ ကျွန်တော့် သူငယ်ချင်း တစ်ယောက်ကတော့ စားပွဲတစ်လုံးကို ဝုန်းဒိုင်းကြဲပြီး သိမ်းနေပါတယ်။ အဲဒီအချိန် နောက်တစ်ယောက်က လှမ်းအော်ပြီး နောက်ပါတယ်။
"ဟေ့လူ။ ဖြည်းဖြည်းပေါ့။ သိပ်စိတ်မကြီးနဲ့လေ။"
"မရဘူးကွ။ စိတ်ကြီးတယ်။ စနေသား။ နေတက်ရေတက်မှာ မွေးတာ။ ဘာမှတ်နေလဲ။"
"xx ရင်တောင် အံကြိတ်ခံတယ် ဆိုတာမျိုးလား။" နောက်တစ်ယောက်က ဝင်နှောက်ပါတယ်။
သူရပ်နေတဲ့ နေရာဘေးက စားပွဲမှာ ထိုင်နေတဲ့ အန်တီကြီး လက်ထဲက တူ လွတ်ကျသွား ပါတယ်။ အဲဒီဝိုင်းမှာ ကလေးတွေ အပါအဝင် မိသားစု တစ်စု ထိုင်နေတာပါ။ နောက်တော့ အဲဒီစားပွဲက လူကြီးတွေ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ဘာပြောရမှန်း မသိအောင် ပါးစပ် အဟောင်းသား ဖြစ်နေကြ ပါတယ်။ ကျွန်တော်တို့လည်း သိလိုက်ပါပြီ။ မြန်မာ မိသားစုဘေးမှာ မြန်မာလို ပေါက်တတ်ကရ ပြောမိပြီ ဆိုတာကိုပါ။ မျက်နှာပူပူနဲ့ ကိုယ်ဘာမှ မသိလိုက် သလို အသာလေး လစ်ပြေး ကြပါတယ်။ နောက်ဖေး မီးဖိုချောင်ထဲ ရောက်မှ တစ်ယောက်နဲ့ တစ်ယောက် ပြန်ပြောပြီး ရယ်မိကြ ပါတယ်။
ဆိုင်က အလုပ်သမားတွေ ထဲမှာတော့ ကျွန်တော်တို့ မြန်မာတွေက လွဲရင် မလေးရှား တရုတ်တွေ များပါတယ်။ စလုံး အတော်များများက ဆိုင်မှာ လာ အလုပ်လုပ်ရင် ပင်ပန်းလွန်းလို့ ခဏနဲ့ ပြေးကြတာ ချည်းပါပဲ။ ဆိုင်မှာ အချိန်ပြည့် အလုပ်လုပ်ကြတဲ့ ဆူပါဗိုက်ဆာ၊ မန်နေဂျာ၊ စားပွဲထိုး အတော်များများကလည်း မလေးတရုတ် တွေပါ။ စားပွဲထိုးထဲမှာတော့ မလေးတရုတ်မ တွေ များပါတယ်။ အဲဒီ အထဲမှာ အလန်စား ကလေးတွေတော့ တစ်ယောက်တလေ ပါလာတတ် ပါတယ်။
တစ်နေ့တော့ ကျွန်တော်တို့ အထဲက တစ်ယောက်က သူ့ဘာသာသူ တိတ်တိတ်ကလေး မလေး တရုတ်မကလေး တစ်ယောက်နဲ့ ဒိတ်ပါတယ်။ သူက တိတ်တိတ်ကလေး ဒိတ်တာပေမယ့် ကောင်မလေးက တိတ်တိတ် မနေပါဘူး။ သူဒိတ်ထားတဲ့ အကြောင်း မန်နေဂျာမကို ပြောသွား ပါတယ်။ လူစုံနေတဲ့ အချိန် မန်နေဂျာမက ပြန်ဖွတော့ ကျွန်တော်တို့ အားလုံး သူကြိတ်ကြံတာ သိသွားကြပါတယ်။ ညနေကျတော့ ဆိုင်ထဲမှာ သူတို့ အကြောင်းက ပွနေပါပြီ။ အားလုံး သူတို့နှစ်ယောက် ဘယ်လို ပြန်လာကြမလဲ ဆိုတာ စောင့်နေကြ ပါတယ်။ ဟိုလူကြီးမင်းကတော့ ညနေဘက် ဆိုင်ထဲကို သူမဟုတ်သလို အလုပ်လာဆင်းပါတယ်။ ကျွန်တော်တို့က သူ့ကို ဝိုင်းကြပ် ကြပါတယ်။ အစက မသိချင်ယောင် ဆောင်နေပေမယ့် ဒီနေ့ ဟိုကောင်မလေးနဲ့ ဒိတ်တာ ဘယ်လိုလဲ မေးတော့မှ ငြင်းမရတော့လို့ အဆင်ပြေပါတယ်ကွာ။ ကောင်မလေးက ငါ့ကို သိပ်ပြီး လူကြီးလူကောင်းဆန်တာပဲ လို့ပြောတယ်။ လို့ စပ်ဖြဲဖြဲနဲ့ ပြောပါတယ်။ ကောင်မလေးကလည်း တစ်ဆိုင်တည်းမှာ အတူ လုပ်လာတာ ကြာပြီမို့ ကျွန်တော်တို့နဲ့ ခင်နေတာကြောင့် ကောင်မလေးကိုလည်း သွားစကြပါတယ်။ ဒီနေ့ဒိတ် ဘယ်လိုလဲ မေးတော့။ နင့်သူငယ်ချင်းက အလိုက်တာ အလွန်ပဲ။ ငါ့ကို နေ့လည်စာကျွေးပြီး ပြန်လွှတ်လိုက်တယ်။ လို့ ပြောလို့ ကျွန်တော်တို့ ဝိုင်းရယ်ကြ ပါတယ်။ မန်နေဂျာမက နင်က ဘာလုပ်ချင်လို့လဲ မေးတော့ ဟင်။ ဒိတ်ပါတယ် ဆိုမှ။ နေ့လည်စာ စားရုံသက်သက်နဲ့တော့ ဘာလုပ်မှာလဲ။ ပျင်းစရာကြီး ဆိုလို့ ကျွန်တော်တို့မှာ ထပ်ရယ်ကြပါသေးတယ်။
5 comments:
ပြောရအုံးမယ်။ကျောင်းတက်တုံး တို့ က dissertation ယူတယ်။project supervisor ဆရာကအလုပ်မလုပ်စေချင်ဘူး။project ကိုပဲအာရုံစိုက်စေချင်တယ်။lab ခန်းမှာပဲတွေ့ချင်တယ်လို့ပြောပေမယ်.တို့ကတော့ခိုးလုပ်တာပဲ.အဲတစ်ရက်ကျတော့ ဆရာနဲ့သူ့ မိသားစု ဆိုင်မှာ လာစားတာနဲ့ တည့်တည့်ကြီးတိုးပါလေရော။ကိုယ့်တာဝန်ယူတဲ့ section မှာထိုင်တာ။ကိုယ့်မှာဒုက္ခရောက်လိုက်တာ။သူငယ်ချင်းတစ်
ယောက်ကို သွားအော်ဒါယူခိုင်းပြီး ဦးထုပ်ကိုခပ်ငိုက်ငိုက်ဆောင်း
ပြီး အဲဒီ နား ဖြတ်တောင် မသွားဝံ့ဘူး။
အဲဒီ သူငယ်ချင်းက ပြန်ဒိတ်လိုက်သေးလား..။
ဒါမျိုးက မိုးကောင်းတုန်း ရေခံထားရတာ...။
ဟိုကကောင်မလေးက ပါချင်နေတာကို သူက မဟဘူးကိုး...။
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
အေးလေ... ဟ လိုက်ရင် ကောင်မလေး ပါချတာ ပါးစပ်ထဲ ဝင်ကုန်မှာပေါ့...။ ဟားဟားဟား
ဖတ်ပြီး ရယ်လိုက်ရတာ..
အတွေ့အကြုံလေးတွေ ပြန်လည်ဝေမျှတာ ကျေးဇူးပါ။
၁ ရော ၂ပါ ပေါင်းဖတ်သွားတယ်..
နောက်လဲ ရေးပါဦး
ဖတ်ကောင်းတယ်
Thanks for an idea, you sparked at thought from a angle I hadn’t given thoguht to yet. Now lets see if I can do something with it.
ကို ZTတို့သာဆိုရင်တော့ ကာရာအိုကေ ပါဆိုပလိုက်မှာပဲ...ဟင်း...
Post a Comment