Search This Blog

Monday, December 22, 2008

ဒီကျွန်း ဒီတောင် ဒီအကောင်တွေ

ကျွန်တော်တို့ စင်ကာပူ ရောက်ရောက်ချင်း သူငယ်ချင်းတွေက စန်တိုဆာကျွန်း ကို အလည်သွားဖို့ ခေါ်ကြပါတယ်။ ဒါပေမယ့် ကျွန်တော် လိုက်မသွားဖြစ်ခဲ့ပါဘူး။ သူတို့ ပြန်လာတော့ ဘယ်လိုလဲလို့ မေးတဲ့ အခါ သူငယ်ချင်းတစ်ယောက်က “မမိုက်ပါဘူးကွာ။ ကျောက်တုံးကလဲ အတု။ သဲကလဲ အတု။ ဘာမှကို အစစ်မရှိဘူး။” လို့ ဝေဖန်ပါတယ်။ နောက်တော့ သိပ်မကြာခင်မှာ တောထဲမှာ သင်းခွေချပ် တစ်ကောင် တွေ့တယ် ဆိုတဲ့ အကြောင်း သတင်းစာမှာ မျက်နှာဖုံး သတင်း အနေနဲ့ ပါလာပါတယ်။ ကျွန်တော်တို့ အားလုံး အဲဒီ သတင်းကို ဖတ်ပြီး ရယ်ကြပါတယ်။ မြန်မာနိုင်ငံမှာသာ တောထဲ သင်းခွေချပ် တွေ့တာကို သတင်းစာထဲ ထည့်ရရင် သတင်းစာမှာ တစ်ခြား ရေးစရာ အကြောင်းကို ရှိမှာ မဟုတ်ဘူး ဆိုပြီး ဟားကြပါတယ်။

အဲဒီလို သတင်းစာထဲမှာ သင်းခွေချပ် တွေ့တဲ့ အကြောင်း သတင်းပါပြီးတဲ့ နောက်မှာ ကျွန်တော့် သူငယ်ချင်း ၃ ယောက်ကတော့ မနေနိုင်မထိုင်နိုင် ဘူကစ်တီးမား (Bukit Timah) တောထဲကို ဝင်ကြပါတယ်။ သင်းခွေချပ်ကို တွေ့လိုတွေ့ငြား သွားကြတာ လို့ ဆိုပါတယ်။ စင်ကာပူမှာ နေရာတကာ တိုက်တာတွေချည်း ရှိပေမယ့် ဘူကစ်တီးမား တောကတော့ သဘာဝကို ထိန်းသိမ်းတဲ့ အနေနဲ့ တောအတိုင်း ထားပါတယ်။ အမှန်တကယ် ကတော့ သင်းခွေချပ်ကို တိရိစ္ဆာန်ရုံထဲ သွားကြည့်ရင် ရရဲ့သားနဲ့ ဘာလို့ တောထဲ သွားရှာကြသလဲ ဆိုတာတော့ ကျွန်တော်လည်း စဉ်းစားလို့ မရပါဘူး။ သူတို့တစ်တွေ သင်းခွေချပ်နဲ့တော့ မတွေ့ခဲ့ ရပါဘူး။ ငါးမရတော့ ရေချိုးပြန် အမဲမရတော့ မှိုနှုတ်ပြန်ဆိုသလို သင်းခွေချပ် မတွေ့တော့လည်း ကွမ်းရွက်ခူးပြီးတော့ ပဲ ပြန်လာကြပါတယ်။ သူတို့ အပြောအရတော့ ကွမ်းပင်သာ မကပါဘူး။ ဒူးရင်းပင်လည်း တွေ့ခဲ့တယ်လို့ ဆိုပါတယ်။ ဒူးရင်းပင်ရဲ့ နေရာကို မှတ်ထားပြီးတော့ ညဖက် တစ်ခေါက်ပြန်ပြီး ဒူးရင်းသီး ကြွေတာ သွားစောင့် ကြသေးတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒူးရင်းပင်အောက်မှာ သူတို့ထက် ဝီရိယ ကောင်းတဲ့ စလုံးတွေ ဓာတ်မီးလေးတွေ ကိုယ်စီနဲ့ စောင့်နေကြတာ တွေ့ရလို့ တပ်ခေါက်ပြန်ခဲ့ရပါတယ် တဲ့။

အမ်အာရ်တီ လို့ခေါ်တဲ့ စင်ကာပူ ရထားလမ်းမှာ ခရမ်းရောင်လိုင်းကို စပြီး ဖောက်ခဲ့တာ နှစ်မကြာသေးပါဘူး။ ခရမ်းရောင်လိုင်းရဲ့ မြောက်ဖက် ဂိတ်ဆုံးဖြစ်တဲ့ ပန်ဂေါ(Punggol) ရပ်ကွက်ဟာလည်း ခရမ်းရောင်လိုင်း ဖွင့်တာနဲ့ တိုးတက်လာခဲ့ပါတယ်။ ပန်ဂေါ အရပ် စတင် ဖွံ့ဖြိုးတဲ့အချိန်က အဲဒီမှာ ငါးဖမ်းလို့ ရတယ်လို့ ဆိုကြပါတယ်။ ပင်လယ်ကနေ ကျောက်တန်းလေးနဲ့ ကာဆီးထားပြီး ရေကျသွားတဲ့ အချိန် ရေကန်ကလေးလို ဖြစ်ကျန်နေခဲ့တဲ့ နေရာမှာ စလုံးတွေ ငါးလာမျှားကြပါတယ်။ မြန်မာတွေ ရောက်သွားတော့ ငါးမမျှားကြပါဘူး။ အဲဒီရေကန်ကို ဝိုင်းပြီး အိုင်ပက်လိုက်ကြတာနဲ့ စလုံးတွေ မျှားစရာ ငါးတောင် မကျန်ဘူး ဖြစ်သွား ပါတယ်။ ငါးလာမျှားတဲ့ စလုံးတွေ ခမျာတော့ မြန်မာတွေ အိုင်ပက်တာကို မမြင်ဘူးလို့ ပါးစပ် အဟောင်းသား လေးတွေနဲ့ပဲ ငေးကြည့်နေရပါတယ် လို့ ဆိုပါတယ်။

တစ်ခါက ကျွန်တော်တို့ ရုံးမှာ အမေရိကန်ရုံးက အင်ဂျင်နီယာတစ်ယောက် စက် လာယူပါတယ်။ ပုံမှန်အားဖြင့် သူတို့လာရင် အရောင်းမန်နေဂျာတွေက သူတို့ အကြိုက်ကိုမေးပြီး ဧည့်ဝတ်ကျေအောင် ဧည့်ခံကြပါတယ်။ ဒီတစ်ခါ လာတဲ့ အင်ဂျင်နီယာကတော့ သဘာဝ ချစ်သူ တစ်ယောက် လို့ ပြောပါတယ်။ အဲဒီတော့ စင်ကာပူက အရောင်းမန်နေဂျာတွေ ခေါင်းခြောက်ရပါတော့တယ်။ ဘူကစ်တီးမား တောထဲပဲ လိုက်ပို့ရမလို မရှိမဲ့ရှိမဲ့ သစ်ပင်ကလေးတွေပဲ လိုက်ပြရမလိုနဲ့ ကြံရာမရ ဖြစ်ကုန်ပါတယ်။ နောက်ဆုံးမှာတော့ ကံကောင်း ထောက်မစွာနဲ့ သူ့ရဲ့ အခြား ဝါသနာတစ်ခုကို သိလိုက်ရပါတယ်။ အဲဒါကတော့ ငါးမျှားတာပါ။ ကျွန်တော်နဲ့ သူ ကော်လိုရာဒိုမှာ ဆုံတုန်းက သူက ပြောပြဖူးပါတယ်။ သူတို့ ကော်လိုရာဒိုမှာ ဆိုရင် ရေခဲတွေကို လွန်နဲ့ဖောက်ပြီး အထဲက ငါးကို မျှားကြတာ ပျော်စရာ အလွန်ကောင်းတယ် ဆိုတဲ့ အကြောင်းပါ။

အဲဒီလိုနဲ့ အရောင်းမန်နေဂျာက သူ့ကို စနေ တနင်္ဂနွေ ပိတ်ရက်မှာ ငါးသွားမျှားဖို့ ဆိုပြီး ချိန်းပါတယ်။ စနေနေ့ နေ့လည်ကျရင် ဟိုတယ်မှာ လာခေါ်ပြီး ငါးသွားမျှားကြမယ်ပေါ့။ အမေရိကန်ကတော့ သူ့ကို နေ့လည် လာခေါ်မယ် ဆိုတော့ နည်းနည်း အံ့အားသင့် သွားပါတယ်။ သူက ဘာလို့ မနက်ခင်းမသွားတာလဲ။ မနက်ခင်းက သွားပြီး ငါးမျှားမယ် ဆိုရင် အေးအေးဆေးဆေး တနေကုန် မျှားရတာပေါ့။ မဟုတ်ဘူးလား။ လို့ မေးပါတယ်။ အဲဒီတော့ အရောင်းမန်နေဂျာက သူတို့ငါးသွားမျှားမယ့်ကန်မှာ ၁၂ နာရီလောက်မှ ငါးကို ကန်ထဲလွှတ်တာမို့ ၂ နာရီလောက် မျှားရင် အကောင်းဆုံးပဲ လို့ ဆိုပါတယ်။ အမေရိကန် ခမျာမှာတော့ အော် မင်းတို့ စင်ကာပူမှာ ငါးကို မျှားဖို့ ကန်ထဲအရင်လွှတ်ရတယ်လား ဆိုပြီး အတော်လေး အံအားသင့် သွားရ ရှာပါတော့တယ်။

3 comments:

star said...

ပိုစ့်အသစ်တင်တိုင်းလာဖတ်ဖြစ်ပါတယ်။ ကော်မန့်တော့မရေးဖြစ်ဘူး။ ဒီပိုစ့်ကို အိမ်နဲ့သူငယ်ချင်းတွေကိုမျှဝေလိုက်ပါတယ်။ :D

May Moe said...

စလုံး ကအကြောင်းတွေဖတ်သွားပါတယ် တော်တော်ရယ်ရတယ် နော် :P

ThuHninSee said...

အဟဲ..ကြမ်းပိုး ဆိုတာနဲ့ သိသွားပြီ။
ဟားဟား ကမ်ဘာကြီးတယ် ကျဉ်း အဟိဟိ။