Search This Blog

Thursday, December 18, 2008

အုတ်စ်ဟောက်ကျေးရွာ (ဒီဇင်ဘာ ၂၀၀၆)

၂၀၀၆ ခုနှစ်က အခုလို ဒီဇင်ဘာအချိန်မှာ ကျွန်တော် ဟော်လန်နိုင်ငံကို ရောက်နေခဲ့ပါတယ်။ ဟော်လန်ကို ရောက်နေခဲ့တယ် ဆိုပေမယ့် ဟော်လန်မှာ အမြဲတမ်း နေဖြစ်တာတော့ မဟုတ်ပါဘူး။ အလုပ်လုပ်တဲ့ ရက်တွေမှာ တစ်ခြားနေရာတွေကို ရောက်နေလေ့ရှိပြီး စနေ တနင်္ဂနွေလို အားလပ်ရက်တွေမှာ အုတ်စ်ဟောက် (Oosterhout) ကျေးရွာကလေးမှာ နေဖြစ်ပါတယ်။ အဲဒီတုန်းက ရိုက်လာခဲ့တဲ့ ဓာတ်ပုံတွေနဲ့ ဗွီဒီယိုတွေကို အမှတ်တရအနေနဲ့ ပြန်တင်လိုက်တာပါ။

ကျွန်တော် တည်းခိုတဲ့ အင်း(Inn) ရဲ့ ရှေ့တည့်တည့်မှာ ခရစ်ယာန် ဘုရားရှိခိုးကျောင်း တစ်ခု ရှိပါတယ်။


အပေါ်က ဓာတ်ပုံကတော့ ခရစ်ယာန် ဘုရားရှိခိုးကျောင်းကို ကျွန်တော် တည်းခိုခဲ့တဲ့ ဟိုတယ်ဘက်က မဟုတ်ဘဲ အခြားတစ်ဖက်က ရိုက်ထားတဲ့ ပုံပါ။ စနေနေ့ဆိုရင် အဲဒီ ဘုရားကျောင်းရဲ့ ရှေ့က မြေကွက်လပ်မှာ ဈေးပွဲလေး တစ်ခု ရှိပါတယ်။ အနီးအနား ပတ်ဝန်းကျင် နေရာတွေကနေပြီး ကားတွေ ကာရာဗင်တွေနဲ့ ဈေးလာရောင်း ကြတာပါ။ အသီးအရွက်တွေ စားစရာတွေ အသားငါးတွေ အစုံပါပဲ။


အဲဒီ ဈေးပွဲကလေးကို ရိုက်ထားတဲ့ ပုံပါ။ အဲဒီဈေးပွဲကလေး ရဲ့ အနီးမှာ Wok စားသောက်ဆိုင် လို့ ခေါ်တဲ့ တရုတ်အစားအစာ ရောင်းတဲ့ ဘူဖေးစားသောက်ဆိုင် တစ်ဆိုင် ရှိပါတယ်။ ညနေပိုင်းမှ ဖွင့်တယ်လို့ ထင်ပါတယ်။ Wok စားသောက်ဆိုင်လို့ ခေါ်ရတာက အဲဒီမှာ ကိုယ်ကြိုက်တဲ့ အသားငါး အသီးအရွက်ကို ရွေးယူပြီး ဘူဖေးကောင်တာ နောက်မှာ အသင့်စောင့်နေတဲ့ စားဖိုမှူးတွေကို ကိုယ်စားချင်တဲ့ ဟင်းပုံစံ ပြောပြီး ပေးလိုက်ရင် သူတို့က အဲဒီပုံစံအတိုင်း Wok ထဲမှာ ထည့်ပြီး ချက်ပေးပါတယ်။ ဥပမာ ဇီချွမ်စတိုင် လို ပူပူစပ်စပ်လား၊ သာမန် ချိုချဉ်အရသာလား စသည်ဖြင့် သူတို့ ရှိတဲ့ စာရင်းထဲက ပုံစံ တစ်မျိုးမျိုးကို ရွေးပေးလို့ရပါတယ်။ ခေါက်ဆွဲကြော်လို ဆူရှီလို ချက်ပြီးသား အစားအစာတွေလည်း ရနိုင်ပါတယ်။ တစ်ယောက်စာကို ၁၈ ယူရိုလောက် ပေးရပါတယ်။

တရုတ်စားသောက်ဆိုင်ကနေ ညာဘက်ကို ဆက်သွားမယ် ဆိုရင်တော့ လူနေအိမ်တွေပဲ ရှိပါတော့တယ်။

ဒါကတော့ အဲဒီအနားမှာ ခန့်ခန့်ကြီးနဲ့ စန့်စန့်ကြီး ထိုင်နေတဲ့ ခွေးကို သဘောကျလို့ ရိုက်လာတဲ့ပုံပါ။

အဲဒီကနေ ဆက်သွားရင် တွေ့ရတဲ့ လူနေအိမ်တွေပါ။ အရှေ့ကို ဆက်သွားရင် ကြည့်စရာ မရှိတော့ပါဘူး။ နောက်ကိုပြန်လှည့်ရင်တော့ ဈေးပွဲကလေးထဲကို ပြန်ရောက်ပါတယ်။ အဲဒီအချိန်က ခရစ်စမတ်စ် နီးနေတဲ့ အချိန်ဖြစ်လို့ ဈေးပွဲကလေးထဲမှာ လမ်းဘေး တီးဝိုင်းတစ်ဝိုင်းက ခရစ်စမတ်စ် သီချင်းတွေ သီဆိုပြီး အလှူခံ နေပါတယ်။ အမှတ်တရ ဖြစ်အောင် သူတို့ တီးမှုတ်နေတဲ့ သီချင်း နှစ်ပုဒ်ကို အပြည့်မဟုတ်ပေမယ့် တစ်စိတ်တစ်ပိုင်း ဒစ်ဂျစ်တယ် ကင်မရာနဲ့ ဗွီဒီယိုရိုက်ခဲ့ပါတယ်။






ဈေးပွဲကလေးရဲ့ အဆုံးလောက်မှာ အင်ဒိုနီးရှား စားသောက်ဆိုင်ကလေး တစ်ဆိုင်ရှိပါတယ်။ အင်ဒိုနီးရှား စားသောက်ဆိုင်ကတော့ ဟော်လန်မှာ နေရာတကာမှာ ရှိတယ်လို့ ပြောကြပါတယ်။ ရှေ့ကို ဆက်ပြီး သွားရင်တော့ ဈေးပွဲကလေးလို ပျံကျဈေးသည်တွေ မဟုတ်ပဲ အမြဲတမ်း ဆိုင်ခန်းတွေနဲ့ ရောင်းတဲ့ ဈေးတစ်ဈေး ရှိပါတယ်။ အဝတ်အထည်ဆိုင်၊ ကစားစရာဆိုင်၊ စာအုပ်ဆိုင် စတဲ့ ဆိုင်ကလေးတွေ အများအပြားရှိတဲ့ အပြင် မောလ်(Mall) တစ်ခုလည်း ရှိပါတယ်။ အဲဒီမောလ်မှာ ကျွန်တော် နေ့လည်စာ စားလေ့ရှိပါတယ်။

အဲဒီမောလ် ထဲမှာ ရှိတဲ့ဆိုင်ကတော့ Fast Food ရောင်းတဲ့ ဆိုင်ပါ။ အာလူးကြော် ကော်ဖီလို အစားအသောက်မျိုးကို ကောင်တာမှာ မှာရပြီး အသားလိပ်လိုလို ကော်ပြန့်လိပ်လိုလို ဘာခေါ်မှန်း မသိတဲ့ အစားအသောက်တွေကို တော့ အကြွေစေ့ ထည့်ပြီး မှန်ပုံးထဲက ဖွင့်ယူရပါတယ်။ ပုံမှန်အားဖြင့် နေ့လည်စာအတွက် ၈ ယူရို ဝန်းကျင်လောက် ကုန်လေ့ရှိပါတယ်။

ဈေးနေရာ ဆုံးသွားတော့ အမြင်ဆန်းတဲ့ မြင်းလှည်းတစ်စီးကို တွေ့ရပါတယ်။ အဲဒီဈေးကလေးကို ကျော်သွားရင်တော့ ဟိုဖက်မှာ ကျောက်ခင်းလမ်းကလေး တစ်ခု ရှိပါတယ်။


အပေါ်ကပုံကတော့ ကျောက်ခင်းလမ်းကလေး ပေါ်ကနေ ဈေးရဲ့ အဝင်ဝလမ်းကို ပြန်ရိုက်ထားတဲ့ ပုံပါ။


လမ်းရဲ့ ညာဘက် အခြမ်းမှာ ကျောက်ရုပ်တွေ ရှိတဲ့ ပန်းခြံလို နေရာကလေးတစ်ခု ရှိပါတယ်။

ကျောက်ခင်းလမ်း ကလေးရဲ့ ဘေးတစ်ဖက်တစ်ချက်မှာ သစ်ပင်ကြီးတွေ ရှိပါတယ်။


ဆောင်းရာသီမို့ သစ်ပင်တွေက အရွက်တွေ လမ်းမပေါ်ကို ကြွေကျနေပါတယ်။ လမ်းကလေး ရဲ့ ဘေးတစ်ဘက် တစ်ချက်မှာ ရေကန်ကလေး တစ်ကန်စီရှိပြီး ဘဲတွေက ဟိုဘက်ရေကန်ကနေ ဒီဘက်ရေကန်ကို လမ်းကို ဖြတ်ပြီး ပျံသန်းကာ ကူးလေ့ရှိပါတယ်။

6 comments:

khin oo may said...

လွမ်းစရာဘဲ

mabaydar said...

နာလိုဝူး.... နာလိုဝူး........ ဟီး... ဟီး.. (ရီသံဟုတ်ဘူး. ငိုသံ).. သူပဲတွားနေတာပဲ.. ဟော်လန်ဆိုတာ tulip ပန်းလေးတွေ ပွင့်တဲ့နိုင်ငံမှတ်လား.. တွားချင်တယ်... အဟင့်.. ဘာအလုပ်လုပ်တာလဲပြော.. လာလျှောက်မယ်... မီးက ပေါ်လီ ဂရက်ဂျူရိတ် အာဝါးဒါးပရောဂျက်မှာ merit ရထားတာ.. တီပီမှာ နာမည်ကြီး... ဟီး.. ဟီး.. စတာ.. ဂယ်ဟုတ်ဝူး...

ZT said...

မခင်ဦးမေ - ကျွန်တော်လည်း ဒီအချိန် အဲဒီနေရာကို ပြန်လွမ်းသလိုပဲ။ :) ဟိုမှာတုန်းကတော့ စင်ကာပူပဲ ပြန်လာချင်တယ်။

မဗေဒါ - Tulip ပန်းတော့ မသိဘူး။ Golden Tulip တော့ တရုတ်ကားထဲမှာ တွေ့ဖူးသလိုပဲ။ ကျွန်တော်က အရင်က Automation ကုမ္ပဏီ တစ်ခုမှာ Software Engineer အနေနဲ့ လုပ်ပါတယ်။ အမှန်တကယ်ကတော့ ခရီးထွက် ရတယ် ဆိုတာ များသောအားဖြင့် Software Engineer ညံ့လို့ပါ။ ဟီးဟီး။ :D

ThuHninSee said...

ဘယ်မှာလုပ်တာလဲ မသိဘူးနော်။
ခရီးတွေထွက်ရတယ်..ပျော်စရာကောင်းမယ့် အလုပ်ပဲ။

ZT said...

Ma Mon - If I am not wrong, you know me. You only don't know who I am. hehe. :D

ThuHninSee said...

now i know u darling. :P