Search This Blog

Saturday, December 13, 2008

စင်းဂလစ်ရှ်ကို တူးဆွခြင်း

ကျွန်တော့်ကို အမေရိကန်ရှိ စက်ရုံတစ်ခုထဲမှ အင်ဂျင်နီယာများက စင်ကာပူတွင် အင်္ဂလိပ် စကား ပြောကြသလားဟု မေးဖူးသည်။ ကျွန်တော် မဖြေရသေးခင် မှာပင် အမေရိကန် ရုံးခွဲမှ အင်ဂျင်နီယာက “သူတို့ဆီမှာ သုံးတာ အင်္ဂလိပ်တော့ အင်္ဂလိပ်ပဲ။ ဒါပေမယ့် စင်းဂလစ်ရှ် လို့ ခေါ်တဲ့ အင်္ဂလိပ်စကားမျိုး။ ” ဟု ကျွန်တော့်ကိုယ်စား ဝင်ဖြေသည်။ “ဥပမာ ဆိုရရင် ဒေါ်လာ ၁၀၀ ကျော် ဆိုတဲ့ စကားကို စင်ကာပူမှာ 100 over dollars လို့ သုံးတယ်။ over 100 dollars လို့ ပုံမှန်အတိုင်း မသုံးဘူး။” ဟု သူက ဆက်ပြောသည်။ ထိုအခါမှ ကျွန်တော်တို့ နေ့စဉ် သုံးနေသော်လည်း သတိမထားမိသေးသော စင်းဂလစ်ရှ်များ ရှိသေးသည်ကို သိလိုက်ရသည်။

စင်းဂလစ်ရှ်တွင် စကားပြောရာတွင် One ဆိုသော စကားကို တွင်တွင်ကျယ်ကျယ် ပင် သုံးကြသည်။ Mine ဟု ပြောမည့် အစား My one ဟု ပြောကြသည်။ Yours ဟု ပြောမည့်အစား your one ဟု ပြောကြသည်။ ဒီလိုဟာမျိုး ဆိုသည်ကို ပင် "Like that one" ဟု သုံးကြသေးသည်။ "already" ဟု ပြောမည့်အစား "ready" ကို တွင်တွင် သုံးကြသည်။ "already finished" ကို "finished ready" ဟုပင် အလွယ် ပြောကြသည်။

အမှန်တကယ်တော့ စင်းဂလစ်ရှ်တွင် အင်္ဂလိပ်စာ ဝါကျတည်ဆောက်ပုံ မမှန်ရုံသာမက တရုတ်စကား၊ မလေးစကား၊ ဟောက်ကျန့်(Hokkien) တရုတ်စကား များ ရောထွေး ယှက်နွယ် နေသေးသည်။ အင်္ဂလိပ်စာတွင် တွေ့ရလေ့ မရှိသော အလွန်ထူးခြားသော အသုံးအနှုန်းများကိုလည်း တွေ့ရတတ်သည်။ ကျွန်တော် စင်ကာပူသို့ မလာခင်ကပင် အင်္ဂလိပ်စကားကို ကောင်းစွာ ပြောတတ်သော်လည်း စင်ကာပူ ရောက်ခါစက စင်းဂလစ်ရှ်နှင့် နားမယဉ်သဖြင့် နားထဲတွင် အလွန်ပင် ထော်လော်ကန့်လန့် ဖြစ်နေခဲ့သည်။

ကျောင်းသို့ ရောက်ရောက်ချင်း နေ့က မိတ်ဆက်ကစားပွဲတွင် "Wait Long Long" ဆိုသော စကားကို ကြားတော့ အထူးအဆန်း ဖြစ်နေသည်။ နောက်မှ "Wait Long Long" ဆိုသည်မှာ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး ဟု ခနဲ့တဲ့တဲ့ ပြောသော စကား ဖြစ်ကြောင်း သဘောပေါက်သည်။ ဟောက်ကျန့်စကား "Tan Ku Ku" ကို အင်္ဂလိပ် ဝါကျအဖြစ် တိုက်ရိုက် ပြောင်းထားခြင်း ဖြစ်သည်။ ထို့နောက် ကျောင်းစတက်တော့ လက်တွေ့ခန်းထဲတွင် ဆရာက "Don't Play Play Lah." ပြောတော့ ဆရာ ဘာပြော လိုက်ပါလိမ့် ဟု အချိန်အတော်ကြာ စဉ်းစားယူရသည်။ နောက်မှ ဆရာက မဆော့နဲ့ ဟု ပြောချင်မှန်း သဘောပေါက်သည်။ ထိုစကားမှာလည်း ဟောက်ကျန့်စကား "Mai Sng-Sng" ကို အင်္ဂလိပ်လို တိုက်ရိုက် ပြောင်းထားခြင်း ဖြစ်သည်။

စင်းဂလစ်ရှ်တွင် စကား အဆုံး၌ လား ထည့် ပြောသည်ကို တော့ လူတိုင်း သတိထား မိကြသည်။ ရန်ကုန်ရှိ စင်ကာပူ ကုမ္ပဏီများတွင် အလုပ်လုပ် ဖူးသူများပင် သိကြသည်။ ကျွန်တော်တို့ ကုမ္ပဏီ၏ ဥရောပရုံးမှ အင်ဂျင်နီယာ များပင် တယ်လီဖုန်း ပြောလျှင် တစ်ခါတစ်လေ အိုကေလား Like That လား နှင့် နောက်တတ်သေးသည်။ လား မှာ မေးခွန်းအဓိပ္ပါယ် သက်သက်မဟုတ်ပဲ ဝါကျအဆုံးသတ် အနေဖြင့် သုံးခြင်းသာ ဖြစ်သည်။

စင်းဂလစ်ရှ်သုံးသော အနောက်တိုင်းသားများလည်း တစ်ခါတစ်ရံ တွေ့ရတတ်သည်။ စင်ကာပူရှိ နာမည်ကြီး အနောက်တိုင်း စားသောက်ဆိုင် တစ်ဆိုင်နာမည်မှာ Botak-Jones ဟူ၍ ဖြစ်သည်။ ဘိုတ (Botak) မှာ မလေးဘာသာဖြင့် ထိပ်ပြောင် ကို ခေါ်ခြင်းဖြစ်ပြီး ဆိုင်ပိုင်ရှင် အနောက်တိုင်းသား ထိပ်ပြောင်ကြီးက စင်းဂလစ်ရှ် နှင့် ရောယှက်၍ သူ့ဆိုင်နာမည်ကို ပေးထားခြင်း ဖြစ်သည်။ အနောက်တိုင်းသားများကို စင်းဂလစ်ရှ်တွင် အာမော ဟု ခေါ်ကြသည်။ အချို့က သူတို့ကို အာမော ဟု ခေါ်မှန်းသိသော်လည်း အဓိပ္ပါယ်ကို မသိသဖြင့်သာ စိတ်မဆိုးကြခြင်း ဖြစ်သည်။ အာမော ဆိုသည့် စကားမှာ ဟောက်ကျန့်စကားလုံး "Ang Moh Gao" မှ လာပြီး အမွှေးနီများရှိသော မျောက်ကို ခေါ်ခြင်းဖြစ်သည်။

မလေးစကားများထဲမှ စင်ကာပူတွင် အသုံးများဆုံး စကားလုံးတစ်လုံးကတော့ မာကန်း ဖြစ်သည်။ မာကန်း ဆိုသည်မှာ ထမင်းစားခြင်းကို မလေးလို ခေါ်ခြင်းဖြစ်သည်။ ကျွန်တော့် သူငယ်ချင်း တစ်ယောက်က “ငါစင်ကာပူ ရောက်စက အလုပ်ထဲက လူတွေ နေ့တိုင်းနေ့တိုင်း မာကန်း မာကန်း နဲ့ ငါ့ကို ထမင်းစား လာလာခေါ်တာ ငါမသိဘူးကွ။ အဲဒီ မာကန်းကို အဘိဓာန်ထဲမှာ လည်း ရှာလို့ မတွေ့ဘူး။ နောက်မှ မာကန်းဆိုတာ ထမင်းစားတာကို ခေါ်မှန်းသိတယ်။” ဟု မာကန်းကို အင်္ဂလိပ်စာ ထင်နေသော သူငယ်ချင်း တစ်ယောက်က ပြန်ပြောပြ ဖူးသည်။ နောက်ထပ် အသုံးများသော မလေးစကားတစ်လုံးက ကနား (kena) ဖြစ်သည်။ ကနားမှာ အင်္ဂလိပ်စကား "got" နှင့် နီးစပ်သည်။ ဥပမာ ဒဏ်တပ်ခံရပြီ "He got fined" ကို "He kena fined" ဟု ပြောလေ့ရှိသည်။

တစ်ခါတစ်လေတော့လည်း သူတို့ သုံးသော စကားလုံးများကို ရုတ်တရက် နားမလည် တတ်ပါ။ တစ်ခါက ကျွန်တော်နှင့် လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများ ဖြစ်သော အင်ဂျင်နီယာ နှင့် အင်ဂျင်နီယာမ နှစ်ယောက်သား အပြင်တွင် ပုခုံးဖက်၍ တွဲခုတ် နေကြစဉ် ကျွန်တော်နှင့် ပက်ပင်းတိုးသည်။ ကျွန်တော့် သူငယ်ချင်းက ရှက်ရှက်နှင့် "Don't be Kaypoh lah." ဟု ပြောသွားသည်။ သူပြောသွားသော ကေပိုးကို ကျွန်တော် နားမလည်ပါ။ သူငယ်ချင်းတွေ လိုက်မေးကြည့်မှ ကေပိုးမှာ အလုပ်မရှိ သူများကိစ္စကို ဝင်ပါခြင်း (busybody) ကို ပြောခြင်းဖြစ်ကြောင်း တစ်ယောက်က ရှင်းပြသည်။ နောက်တစ်ခါ ရုံးမှာ ဆေးလိပ်ကုန်နေလျှင် ကျွန်တော့်ထံမှ တောင်းသောက်တတ်သော အင်ဂျင်နီယာ သူငယ်ချင်းက "I become Pai Seh already" ပြော၍ နားရှုပ်သွားသည်။ ဖိုင်းဆေ ကို ကြားနေကြ ဖြစ်သော်လည်း အဓိပ္ပါယ်ကို ကျွန်တော်မသိပါ။ ဖိုင်းဆေ မှာ ရှက်လာပြီ ဆိုသော အဓိပ္ပါယ်မျိုး ဖြစ်ကြောင်း သူကပင် ရှင်းပြသည်။

ကျွန်တော်တို့ ရောက်ခါစက စင်းဂလစ်ရှ် ပြောသံကြားလျှင် နှာခေါင်းရှုံ့ချင်သော်လည်း အခုတော့ တဖြည်းဖြည်း နားယဉ် လာပြီ ဖြစ်သည်။ သူ့အရပ် သူ့ဇာတ်နှင့် ဖြစ်ပေါ်လာသော ဘာသာစကားတစ်ခု အနေဖြင့် လက်ခံနိုင်လာပြီဖြစ်သည်။ စင်ကာပူ နိုင်ငံသား သူငယ်ချင်းများနှင့် တောင်စဉ်ရေမရ ပြောရာတွင် (စင်းဂလစ်ရှ် လိုတော့ တော့ကော့ (tok cok) ပေါ့။) စင်းဂလစ်ရှ် ဖြင့် ပြောပါက ပို၍ အဆင်ပြေသည်။ ကိုယ့်ဘာသာကိုယ် ဘယ်ဟာက စင်းဂလစ်ရှ် ဘယ်ဟာက အင်္ဂလိပ် ခွဲတတ်ပြီး သူ့နေရာနှင့် သူ ပြောတတ်လျှင် ဆက်ဆံရေးတွင် ပို၍ အံဝင်ခွင်ကျ ဖြစ်နိုင်မည်ဟု ထင်ပါသည်။

(Singlish ကို ထပ်မံ လေ့လာလိုပါက စင်ကာပူ ဟာသ ဝက်ဘ်ဆိုက်ဒ် http://www.talkingcock.com ရှိ ကောက်စဖို့ဒ် စင်းဂလစ်ရှ် အဘိဓာန် (Coxford Singlish Dictionary) နှင့် အစိုးရ ဝက်ဘ်ဆိုဒ် http://www.goodenglish.org.sg တွင် လေ့လာနိုင်ပါသည်။)

4 comments:

ဇနိ said...

စင်းဂလစ်ရှ်က တမျိုးပဲလို့ ပြောသံကြားဖူးပေမယ့် ခုမှ သေချာသိတော့တယ်။ ပို့စ်တိုင်းကို စောင့်ဖတ်နေပါတယ်။
စာအရေးအသားကောင်းပြီး အတွေ့အကြုံတွေကလည်း စိတ်ဝင်စားစရာကောင်းလှတယ်။
မဇနိ

ZT said...

ကိုဇနိ နဲ့ မဇနိတို့ အားပေးတာ ကျေးဇူးတင်ပါတယ်။

mabaydar said...

ဟုတ်ပနော်.. လူတွေက စင်းဂလိပ်ကို နှာခေါင်းရှုံ့ကျပင်မယ်.. သူ့အရပ် သူ့ဇာတ်နဲ့ လိုက်ဖက်တာကို ပြောမှ လူမှုရေးကောင်းမှာ ကိုယ်က အမှန်သိဖို့ပဲလိုတယ်.. အာမော အဓိပ္ပါယ်ကို ခုမှပဲသိတယ်.. နောက်ဆိုရမ်းမပြောရဲတော့ဘူး.. ဖိုင်စေဆိုတာက ရှက်တာထက်.. guilty အပြစ်ရှိသလိုခံစားရတာ လို့နားလည်ထားတယ်.. ဟုတ်မဟုတ်တော့မသိ.. ခုအလုပ်ရောက်မှ အလုပ်ထဲကလူတွေနောက်ပြောတဲ့ စကားလုံးတစ်ခုရှိသေးတယ်.. die flat flat တဲ့.. အလုပ်တွေအရမ်းများလို့ ရွဲ့ပြီး ညီးတာလေး.. ဟီး.. ဟီး..

ZT said...

အခုမှ Die Die must try တို့၊ Blur Like Sotong တို့ဆိုတဲ့ စကားတွေ အကြောင်း သတိရတယ်။ ဖိုင်းစေကို Coxford အဘိဓာန်က Embarrassed လို့ ဘာသာပြန် ထားလို့ မြန်မာမှု ပြန်ပြုလိုက်တာမှာ ရှက်တာ ဖြစ်သွားတာပါ။ :D