Search This Blog

Monday, December 1, 2008

ကတ်သီးကတ်သတ် အတွေးများ

မြင်းမြင်းချင်း နွားနွားချင်း ချစ်ကြသည်ဟု ဆိုလျှင် အဆန်း ဖြစ်မည်မထင်ပါ။ တစ်ခါတစ်လေတော့လည်း မြင်းတွေ နွားတွေမှာကော ချစ်စိတ်ရှိသေးသလား၊ ချစ်ရင်တစ်ကောင်နဲ့ တစ်ကောင် ဘယ်နှယ့်လုပ်ပြီး ရည်းစားစကား ပြောကြလဲ ၊ မြင်းမက မြင်းထီးကို ပြန်မချစ်လို့ မြင်းထီးမှာ အသည်းကွဲနေတာတွေ ဘာတွေများ ရှိသလားဟု ကတ်သီးကတ်သတ် စဉ်းစားမိသည်။ အမှန်တကယ်တော့ ကျွန်တော် တကယ်ပြောလိုသည့် အကြောင်းအရာက မြင်းမြင်းချင်း ချစ်သည့် အကြောင်းမဟုတ်ဘဲ မြင်မြင်ချင်း ချစ်သည့် အကြောင်းသာ ဖြစ်ပါသည်။

Love at first Sight ဆိုသည့် စကားကို လက်ခံသူရှိသလို လက်မခံသူလည်း ရှိသည်။ ကျွန်တော်က မြင်မြင်ချင်း ချစ်သည် ဆိုသည့်အချက်ကို လက်ခံသည်။ အချစ်ကြောင့် မြင်မြင်ချင်း ချက်ချင်း သဘောကျသွားတတ်သလို တစ်စက်မှ ကြည့်မရခြင်းလည်း ဖြစ်သွားနိုင်သည်။ အမှန်တကယ်ကတော့ ဒုတိယအချက်မှာ လူလည်ကျခြင်း သာဖြစ်သည်။ ထိုသို့ပြော၍ ကိုယ့်ကို ကြည့်မရဟု ပြောသော ကောင်မကလေးများကို ကိုယ့်ကို ကြိုက်နေသည့် ပမာ ရောချ၍ ရသောကြောင့် ဖြစ်ပါသည်။ တစ်ခါကတော့ သူငယ်ချင်း တစ်ယောက်က ကျွန်တော့်ကို ပြန်၍ ကတ်တီးကတ်ဖဲ့ မေးခွန်းထုတ်ဖူးသည်။ မြင်တာနဲ့ ချစ်သွားပြီ ဆိုပါတော့။ နောက်မှ ဓာတ်ပုံတွေ ထဲကလို ရှီမေး(Shemale) ကြီးမှန်း သိရင် ချစ်နိုင်ပါဦးမလား ဟူ၍ ဖြစ်သည်။ အဲဒီတော့လည်း ဒါကတော့ ဒါပေါ့ကွာ ဟူ၍ လျှောချခဲ့ရသည်။

ကောင်မလေး တစ်ယောက် ကိုယ့်ကို အဖြေမပေးဘဲ စဉ်းစားဦးမည်ဟု မူလကျီ လုပ်နေသည်ဟု ထင်လျှင် အချစ်ဆိုသည်မှာ ရင်ထဲတွင် အလိုလို ဖြစ်ပေါ်လာသော ခံစားချက် တစ်ခုသာ ဖြစ်ကြောင်း၊ ထိုခံစားချက်ကို ဦးနှောက်ဖြင့် စဉ်းစားရန် မလိုဘဲ နှလုံးသားကပင် အလိုလို သိနိုင်သည့်အတွက် စဉ်းစားနေရန် မလိုကြောင်း စသည်ဖြင့် ထင်ယောင်ထင်မှား ဖြစ်သွားစေရန် လျှောက်ပြောရသည်။ ထိုသို့ ပြောခြင်းကြောင့် အချိန်ယူပြီး စဉ်းစားတယ် ဆိုတာပဲ သူတို့ဖက်က မူမမှန်သလို ဇဝေဇဝါ ဖြစ်သွားတတ်သော ကောင်မလေးများ ရှိသည်။

သို့သော် သိပ်လည်သော ကောင်မလေး များကတော့ “အစကတည်းက ဘာခံစားချက်မှ မရှိဘူး။ အဲဒီတော့ နောက်ကို ဘယ်တော့မှ စဉ်းစားစရာ မလိုတော့ဘူး ပေါ့နော်။” ဟု အခွင့်ကောင်းယူ၍ အပြတ်ငြင်းလွှတ် နိုင်သဖြင့် အခြားနည်းလမ်း တစ်လမ်းကို ကြိုတင် ပြင်ဆင် ထားရသည်။ “လူဆိုတာ တစ်ယောက် တစ်မျိုးပဲလေ၊ ကိုယ့်အတွက် ဒီလိုခံယူလို့ ရပေမယ့် မင်းအတွက် ဒီလို ခံယူလို့ ရချင်မှရမှာပေါ့။ ” ဟု စသည်ဖြင့် ခုနက ပြောခဲ့သူမှာ ကိုယ်မဟုတ်သလို လှည့်ပတ် ပြောတတ် ရသေးသည် ။ တစ်ခါတစ်လေ အဓိပ္ပါယ်ဖွင့်ဆိုချက် ဆိုတာ အချိန်နှင့် အမျှ ပြောင်းလဲတတ်တာမျိုး မဟုတ်လား။ Globalization ခေတ်ကြီးမှာ အပြောင်းအလဲအတွက် အဆင်သင့် မဖြစ်ရင် စောစောစီးစီး ဂိမ်းအိုဗာ ဖြစ်သွားမှာပေါ့။

အချစ်ဆိုသည်မှာ မဟာဗျူဟာဖြင့် ဒီကနေ ဒီလို ဟိုကနေ ဟိုလို သွားမယ် ဟု အကွက်ချ တိုက်ခိုက်လျှင် အောင်မြင်မည်ဟု မုချပြော၍ရသည်မဟုတ်။ အကောင်းဆုံးကတော့ ဟိုကွေ့ရောက်တော့ ဟိုတက်နဲ့လှော်မယ် ဒီကွေ့ရောက်တော့ ဒီတက်နဲ့လှော်မယ် ဟူ၍ ဖြစ်လာသည့် အခြေအနေပေါ် မူတည်၍ ရှိသည့်လက်နက်ကို ထုတ်၍ တိုက်ခြင်းက အောင်မြင်ဖို့ ပို၍ အခွင့်အလမ်းများသည်။ ဥပမာအားဖြင့် ကောင်မလေး သရဲ ကြောက်တတ်သည်ကို သိပါက “လူဆိုတာ ကွေးသောလက် မဆန့်မီ ဆန့်သောလက် မကွေးမီ သေဆုံးနိုင်တယ်။ အဲဒီတော့ အခုအချိန်သာ မင်းကို စွဲလမ်းတဲ့ စိတ်နဲ့ ငါသေသွားခဲ့ရင် မင်းနောက်က အရိပ်လို လိုက်နေမိမလား မသိဘူး။ ” စသည်ဖြင့် တရားပေါက် သလို ခြိမ်းခြောက်သလို ရူးချင်ယောင်ဆောင်၍ အဖြေရအောင် တောင်းတတ် ရသေးသည်။

တစ်ခါတစ်ရံတွင်တော့ မိန်းကလေးတစ်ယောက်၏ ပါးစပ်မှ ချစ်တယ်ဟူသော စကားထွက်လာရန် ကြိုးပမ်းခြင်းသည် ပုပ္ပါးတောင် က မျောက်အုပ်ထဲ ဝင်၍ ငှက်ပျောသီး လုစားရခြင်းထက်ပင် ပို၍ ခက်နိုင်သည်။ ထိုအခါတွင် ချစ်တယ်ဟူသော စကားကို အတင်းထွက်လာအောင် မလုပ်ပဲ အခြားနည်းဖြင့် အဖြေရအောင် တောင်းသင့်သည်။ ချစ်သည်နှင့် နီးစပ်သော အဓိပ္ပါယ်တစ်မျိုးမျိုးရှိသည့် စကားလုံး ကောင်မလေး၏ ပါးစပ်မှ ထွက်လာပါက “ဒါကိုယ့်ကို ချစ်တယ်လို့ ပြောတာမဟုတ်လားဟင်။ ” စသည်ဖြင့် အရှက်မရှိ မေးရဲဖို့လည်း လိုအပ်ပေသေးသည်။ ထိုသို့မဟုတ်ပဲ သူမက ပါးစပ်မှ မပြောလိုဟု ဇွတ်ငြင်းနေပါက အီးမေးလ်ဖြင့် လည်းကောင်း ၊ SMS သို့ Text ဖြင့်လည်းကောင်း၊ Gtalk Chat မှလည်းကောင်း တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ရသည့်နည်းဖြင့် တောင်းရာ၏။

(ဒီနေ့ ရုံးတွင် ပျင်းပျင်းရှိသဖြင့် လက်ဆော့ထားသော ပို့စ်ဖြစ်သည်။ :D )

3 comments:

mabaydar said...

ပေါက်တတ်ကရမဟုတ်ပါဘူး.. မိန်းကလေးတစ်ယောက်အနေနဲ့ သိရတာပေါ့.. ဆက်ရေးပါအုံး နောက်ထပ်ဗျူဟာတွေ... ဒါဆို ယောကျင်္ားတွေ အတွက် စိတ်ထဲက စေတနာစစ်စစ်နဲ့လာတဲ့ ဂရုစိုက်မှု .. အချစ်.. အဲဒါတွေရော ရှိသေးရဲ့လား.. တွေ့ဖူး.. မြင်ဖူး.. သိဖူးသလောက်တော့ မရှိသလိုပဲ.. မိန်းကလေးက လက်ခံပြီးလို့ကတော့ ဒီ relationship ခိုင်မြဲဖို့က မိန်းကလေးဘယ်လောက်သည်းခံနိုင်လဲပေါ်ပဲမူတည်သွားတယ်.. ယောကျာင်္းတွေကတော့ don't care ပဲ..

ZT said...

နောက်ထပ် ဗျူဟာတွေက ဘလော့ခ်ထဲမှာ ရေးလို့ မကောင်းဘူး။ ထိပ်တန်း လျှို့ဝှက်တွေ။ :D relationship တစ်ခုမှာ ယောက်ျားလေး ဖက်ကဖြစ်ဖြစ် မိန်းကလေး ဖက်ကဖြစ်ဖြစ် တစ်ဖက်တည်းက သည်းခံရင်တော့ ကြာရှည်မှာ မလွယ်ပါဘူး။ သည်းမခံနိုင်တဲ့နေ့ က ပြတ်တဲ့နေ့ ဖြစ်မှာပါပဲ။ အပြန်အလှန် နားလည်မှု ရှိမှသာ ရေရှည်အတွက် ကောင်းလိမ့်မယ်လို့ ထင်ပါတယ်။

အချစ်ဆိုတာ တကယ်ရှိပါတယ်။ ရှာမတွေ့သေးလို့ နေမှာပါ။ ရှင်းပြရခက်လို့ ဘာမှ မရှင်းတော့ပါဘူး။ ဟီးဟီး။

sin dan lar said...

တယ်ဟုတ်ပါလား.. ဒါတွေလည်းရသကိုး။