Search This Blog

Wednesday, January 7, 2009

တောင်တွေကို ဘယ်လို တက်ကြမလဲ

သင်တက်ချင်သော တောင်ကို ရွေးချယ်ပါ

“ဒီတောင်က တော့ ပိုလှတယ်။” “ဒီတောင်ကတော့ ပိုလွယ်တယ်။” ဆိုတဲ့ အခြားသူတွေရဲ့ စကားကို နားမယောင် ပါနဲ့။ သင့်အနေနဲ့ သင့်ရဲ့ စွမ်းအားတွေ အများကြီးနဲ့ စိတ်အားထက်သန်မှုတွေ အများကြီးကို သင့်ရဲ့ ရည်မှန်းချက် အောင်မြင်ရေးအတွက် အသုံးချရမှာပါ။ နောက်ပြီး သင့်ရဲ့ ရွေးချယ်မှုအတွက် တာဝန်အရှိဆုံး လူတစ်ယောက်ဟာ သင်သာလျှင် ဖြစ်မှာပါ။ အဲဒါကြောင့် သင်ဘာလုပ်နေသလဲ ဆိုတာကို သင့်ဘာသာ လုံးဝ သေချာနေဖို့ လိုအပ်ပါတယ်။

တောင်ကို ဘယ်လိုတက်မလဲ ဆိုတဲ့ နည်းလမ်းကို ရှာဖွေပါ

အမြဲမကြာခဏ ဆိုသလို လှပတဲ့၊ စိတ်ဝင်စားစရာ ကောင်းတဲ့ ၊ စိန်ခေါ်မှုတွေ ပြည့်နှက်နေတဲ့ တောင်ကို သင်တွေ့ မြင်နေရမှာပါ။ ဒါပေမယ့် သင်တက်ရောက်ဖို့ ကြိုးစားမယ့် အချိန်မှာ ဘာတွေ ဖြစ်လာမလဲ။ လမ်းတွေက ပတ်ပတ်လည် ဝန်းရံနေမယ်။ သစ်တောတွေက သင်နဲ့ သင့်ရဲ့ ရည်မှန်းချက် အကြားမှာ တည်ရှိနေကြမယ်။ မြေပုံထဲမှာ ရှင်းရှင်းလင်းလင်း တွေ့နေရတဲ့ အရာတွေဟာ တကယ့်လက်တွေ့မှာ ပိုပြီး ရှုပ်ထွေး နေလိမ့်မယ်။ အဲဒါကြောင့် သင့်အနေနဲ့ ရှိသမျှ လမ်းကြောင်းတွေ လမ်းကြမ်းတွေ အားလုံးကို ကြိုးစားပြီး တစ်နေ့မှာ သင်တက်ရောက်ချင်တဲ့ တောင်ထိပ်ကို ရောက်တဲ့အထိ လုပ်ရမှာပါ။

အဲဒီနေရာကို ရောက်ခဲ့ဖူးသောသူတစ်ဦးထံမှ သင်ယူပါ

သင့်ဘာသာသင် ဘယ်လောက်ပဲ အခြားသူတွေနဲ့ မတူပဲ သီးခြားဖြစ်တယ်လို့ ယူဆ ထားပေမယ့် သင်မက်နေတဲ့ အိပ်မက်ကိုပဲ အရင်တုန်းက မက်ခဲ့ဖူးတဲ့ အခြားသူ တစ်ယောက် အမြဲတမ်း ရှိနေတတ် ပါတယ်။ သူက ချန်ထားခဲ့တဲ့ လမ်းညွှန်ချက် တွေကို ကြည့်မယ်ဆိုရင် ခက်ခဲ ကြမ်းတမ်းမှုတွေ လျော့နည်းစေမယ်။ ကြိုးကို ချည်နှောင်ရမယ့် အကောင်းဆုံး နေရာကို တွေ့နိုင်မယ်။ နင်းလျှောက်ပြီးသား လမ်းတွေ ရှိမယ်။ အလွယ်တကူ သွားနိုင်ဖို့ ချိုးဖျက်ခဲ့တဲ့ သစ်ကိုင်းတွေ ရှိမယ်။ ဒါပေမယ့် သင့်ရဲ့ တက်ရောက်မှု အတွက် သင့်မှာလည်း တာဝန်ရှိပါတယ်။ အခြားသူတွေရဲ့ အတွေ့အကြုံကနေ အကူအညီတွေ အများကြီး ရနိုင်တယ် ဆိုတာကိုတော့ ဘယ်တော့မှ မမေ့ပါနဲ့။

အန္တရာယ်တွေဟာ အနီးကပ် မြင်ရတဲ့အခါ သင့်အနေနဲ့ ချုပ်ထိန်းနိုင်လိမ့်မယ်

သင်အိပ်မက်မက်နေတဲ့ တောင်ကို တက်ရောက်တဲ့အခါမှာ သင့်အနားမှာ ရှိနေတဲ့ အရာတွေကို ဂရုစိုက်ပါ။ အလွန်ကို မတ်စောက်နေတဲ့ ကျောက်ချွန်းတွေ ရှိမှာကတော့ အမှန်ပါပဲ။ သင်လုံးဝမမြင်နိုင်တဲ့ အက်ကွဲကြောင်းတွေလည်း ရှိနေလိမ့်မယ်။ မိုးရေနဲ့ လေရဲ့ တိုက်စားမှုကြောင့် ရေခဲတမျှ ချော်နိုင်တဲ့ ကျောက်တုံးတွေလည်း ရှိနေလိမ့်မယ်။ ဒါပေမယ့် သင့်ရဲ့ ခြေကို ဘယ်မှာ ချမယ်ဆိုတာကို သိတဲ့အခါမှာ သင့်အနေနဲ့ ထောင်ချောက်တွေကို တွေ့မြင်ပြီး ရှောင်ရှားနိုင်မှာပါ။

ရှုခင်းတွေဟာ ပြောင်းလဲနေတယ်။ အကောင်းဆုံး ဖြစ်အောင် ခံစားပါ

ပုံမှန်အားဖြင့်တော့ သင့်ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ထိပ်ဆုံးကို ရောက်ဖို့ဆိုတာကို သင့်အနေနဲ့ စိတ်ထဲမှာ အမြဲထားရှိ ရမှာပါ။ ဒါပေမယ့်လည်း သင်တက်နေတဲ့ အချိန်မှာ မြင်ကွင်းတွေဟာ ပြောင်းလဲသွားလိမ့်မယ်။ သင့်အနေနဲ့ မကြာခဏ ဆိုသလို ရပ်ပြီး အဝေးက မြင်ကွင်းတွေကို ခံစားပျော်မွေ့တာ ပြသနာမရှိပါဘူး။ တစ်မီတာတက်တိုင်း တက်တိုင်းမှာ သင့်အနေနဲ့ အဝေးကို တစ်စထက်တစ်စ ပိုပြီး မြင်နိုင်မယ်။ အဲဒါကြောင့် အချိန်ယူပြီး ယခင်က သင်မမြင်ဖူးခဲ့တဲ့ အရာတွေကို ရှာဖွေကြည့်ရှုပါ။

သင်၏ ခန္ဓာကိုယ်ကို အလေးထားပါ

သင့်အနေနဲ့ သင့်ရဲ့ ခန္ဓာကိုယ်ကို ထိုက်တန်သော ဂရုစိုက်မှုပေးမှသာ သင်တက်လိုတဲ့ တောင်ကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ သင့်မှာ တစ်ဘဝလုံး နေထိုင်ရမည့် အချိန်တွေ အများကြီးရှိနေပါတယ်။ အဲဒါကြောင့် သင့်ရဲ့ ခန္ဓာကိုယ်ကို အလွန်အကျွံ မတောင်းဆိုပါနဲ့။ သင့်အနေနဲ့ အလွန် မြန်မြန်ဆန်ဆန် လျှောက်ခဲ့ရင် ပင်ပန်းလာမှာ ဖြစ်ပြီး ခရီးတစ်ဝက်တွင် ရပ်နားချင်စိတ် ပေါက်လာပါလိမ့်မယ်။ သင့်အနေနဲ့ အလွန် နှေးနှေးကွေးကွေး လျှောက်ခဲ့ရင်လည်း ညမိုးချုပ်လာတဲ့ အချိန်မှာ လမ်းပျောက်နေ ပါလိမ့်မယ်။ ရှုမြင်ကွင်းတွေကို ပျော်မွေ့စွာ ခံစားပါ။ အေးမြတဲ့ တောင်ကျ စမ်းရေကို သောက်သုံးပါ။ သဘာဝက ရက်ရောစွာ ပေးထားတဲ့ သစ်သီးတွေကို စားသုံးပါ။ ဒါပေမယ့် လမ်းတော့ ဆက်လျှောက်နေဖို့ လိုပါလိမ့်မယ်။

သင်၏ စိတ်ဝိဉာဉ်ကို အလေးထားပါ

“ငါဒါကို လုပ်ကို လုပ်ရမယ်။” ဆိုပြီး ထပ်ခါတလဲလဲ ပြောမနေပါနဲ့။ သင့်ရဲ့ စိတ်ဝိဉာဉ်က သိပြီးသားပါ။ သင့်အနေနဲ့ လုပ်ရမှာက ရှည်လျားတဲ့ခရီးကို အသုံးချပြီး သင့်ရဲ့ စိတ်ဝိဉာဉ်ကို ဖွံ့ဖြိုးအောင်လုပ်ဖို့၊ မိုးကုပ်စက်ဝိုင်း တလျှောက်မှာ ဖြန့်ကျက်ဖို့နဲ့ မိုးကောင်းကင် အထိ ထိတွေ့ဖို့ပါ။ သင့်ရဲ့ ရည်မှန်းချက် ပန်းတိုင်ကို ရောက်ဖို့အတွက် စိုးရိမ် ကြောင့်ကြမှုတွေက အကူအညီပေးမှာ မဟုတ်ပါဘူး။ သင့်ရဲ့ တောင်တက် နေရတဲ့ ပျော်ရွှင်မှုကိုတောင် ဖယ်ထုတ်သွားနိုင် ပါသေးတယ်။ သတိပြုရမှာ တစ်ခုက “ငါထင်ထားတာထက် ပိုခက်တယ်။” ဆိုတဲ့ စကားကို ထပ်ခါတလဲလဲ ပြောမနေဖို့ပါ။ အဲဒီလိုဆိုရင် သင့်ခန္ဓာကိုယ်ထဲက စိတ်ခွန်အားတွေ ပျောက်ကွယ်သွားစေနိုင်ပါတယ်။

မိုင်အပိုတွေကို သွားဖို့ ပြင်ဆင်ထားပါ

တောင်ထိပ်ကို ရောက်ဖို့ခရီးဟာ သင်ထင်ထားတာထက် အမြဲတမ်း ရှည်လျားနေတတ်ပါတယ်။ သင့်ဘာသာသင် အရူးမလုပ်ပါနဲ့။ တကယ်တမ်း နီးနီးလေးလို့ ထင်တားတဲ့ အရာတွေက အရမ်းကို ကွာဝေးလွန်းနေတယ်ဆိုတာ သိရတဲ့ အချိန်ကာလတွေ ကြုံရပါလိမ့်မယ်။ သင့်အနေနဲ့ မျှော်မှန်းထားတာထက် ပိုပြီး သွားဖို့ အသင့်ပြင်ထားရင်တော့ အဲဒါဟာ တကယ့် ပြသနာမဟုတ်လောက်ပါဘူး။

တောင်ထိပ်ကို ရောက်တဲ့အခါမှာ ပျော်ရွှင်ပါ

ငိုကြွေးရင်း လက်ခုပ် လက်ဝါးတီးရင်း ပျော်ရွှင်လိုက်ပါ။ လေးဘက်လေးတန်က တိုက်ခတ်နေတဲ့လေတွေကို သင်ပြီးမြောက် အောင်မြင်ခဲ့ပြီ ဆိုတာကို အော်ပြောလိုက်ပါ။ အဲဒီမှာ အမြဲတမ်း တိုက်ခတ်နေတတ်တဲ့ လေတွေနဲ့ သင့်ရဲ့စိတ်ကို သန့်စင်လိုက်ပါ။ ညောင်းညာပြီး ခွေျးစိုနေတဲ့ သင့်ရဲ့ ခြေထောက်တွေကို အားသစ်လောင်းပါ။ သင့်ရဲ့ မျက်လုံးတွေကို ဖွင့်ထားပါ။ သင့်ရဲ့ နှလုံးသားက ဖုန်မှုန့်တွေကို သန့်ရှင်းရေး လုပ်လိုက်ပါ။ အဲဒါဟာ တစ်ကယ်ကို ကောင်းတဲ့ ခံစားမှုပါပဲ။ တစ်ချိန်တုန်းက အိပ်မက် တစ်ခုသာ ဖြစ်ခဲ့တဲ့ ဝေးကွာလွန်းတဲ့ စိတ်ကူးစိတ်သန်းတစ်ခုသာ ဖြစ်ခဲ့တဲ့ အရာဟာ အခုအခါမှာတော့ သင့်ဘဝရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာပါပြီ။ သင်ပြီးမြောက် အောင်မြင်ခဲ့ပါပြီ။

သင့်ဘာသာသင် ကတိပေးပါ

သင်အရင်တုန်းက လုံးဝ သတိမမူ မိခဲ့တဲ့ သင့်ရဲ့အားတစ်ခုကို အခုအချိန်မှာ သင်ရှာဖွေ တွေ့ရှိ ခဲ့ပါပြီ။ အခုအချိန်ကနေစပြီး ကျန်ရှိနေတဲ့ နေ့တွေအားလုံးမှာ ဒီအားကို အသုံးပြုသွားမယ်လို့ သင့်ဘာသာ ပြန်ပြောလိုက်ပါ။ ပိုကောင်းတာကတော့ နောက်ထပ် တောင်တစ်လုံးကို ရှာဖွေဖို့ကတိပြုပြီး အခြား စွန့်စားမှု အသစ်ကို စတင်ပါ။

သင့်ရဲ့ ပုံပြင်ကို ပြန်ပြောပြပါ

ဟုတ်ပါတယ်။ သင့်ရဲ့ ပုံပြင်ကို ပြန်ပြောပြပါ။ သင့်ဘာသာ ဥပမာတစ်ခု အနေနဲ့ ပြပါ။ အားလုံးကို ဒီအရာဟာ ဖြစ်နိုင်ပါတယ် လို့ပြောပါ။ အဲဒါမှလည်း အခြားသူတွေဟာ သူတို့ရဲ့တောင်တွေကို တက်ဖို့အတွက် ခွန်အားသတ္တိတွေ ရရှိနိုင်ပါလိမ့်မယ်။

(Paulo Coelho ၏ Like the flowing River: Thoughts and Reflection မှ How to climb Mountains ကို ပြန်ဆိုထားပါသည်။)

4 comments:

sin dan lar said...

သူများတွေကို ဆြာလုပ်ရန် ဖတ်သွားပါသည်။
(အသက်ရလာတော့ ပင်ပင်ပန်းပန်း တောင်မတက်နိုင် တော့ဘူး၊ တစ်ခါမှလည်း တက်ဖူးပါဝူးးး ဟဲ)
နောက်တာပါနော်......
စိတ်ရှည်လက်ရှည် ဘာသာပြန်ပေးသည်ကို ကျေးဇူးတင်ပါ၏။

မီယာ said...

တောင်ထိပ်ရောက်ပြီး မြင်ရတဲ့ ရှုခင်းက နောက်တစ်တောင် ထပ်တက်ဖို့ ခွန်အားအသစ်တွေ ပေးလိုက်သလိုပဲ။ ကိုယ်ခန္ဓာကို ဂရုစိုက်ရမှာကတော့ အမှန်ပဲ။ ဒါမှလည်း တောင်တွေ များများ ထပ်တက်နိုင်မှာလေ။ ဘာသာပြန်ထားတဲ့ အတွက် ကျေးဇူးပါ။

ဗညား said...

တကယ်တန်ဖိုးရှိတဲ့ စာလေးပါ... ဘာသာပြန်တာ ကိုယ်တိုင်ရေးတာ က သိပ်အရေးမကြီးပါဘူး.. အရေးကြီးတာက စာဖတ်သူကို ကိုယ့်အသိအမြင်ကို စေတနာထားပြီး ပြန်မျှပေးတာကသာ ပိုအရေးကြီးတာပါ...

ဒီလိုဘာသာပြန်တဲ့လူတွေရှိလို့... စာကောင်းပေမွန်လေးတွေ တစ်ခြားမှာ အမြဲလိုက်မရှာဖတ်နိုင်တဲ့လူတွေ အတွက်.. ပိုလက်လှမ်းမှီလာပါတယ်...

ဒီပိုစ့်လေးကနေ စိတ်ခွန်အားတွေ အများကြီး ရယူသွားပါတယ်...
တကယ်ကို လေးလေးစားစား ကျေးဇူးတင်ကြောင်း ပြောပါရစေ...

mabaydar said...

တောင်ထိပ်ရောက်ပြီးရင် နောက်တစ်တောင်ကို ရှာဆိုတာနားမလည်ဘူး.. ဉာဏ်တိန်တယ်ပဲပြောရမလား.. ကိုယ်လိုချင်တဲ့ ရည်မှန်းချက်ရပြီးတော့.. နောက်တစ်ခုကို ထပ်ကူးရမယ်ဆိုတော့.. ဘယ်လိုကြီးလဲ.. ဟိုပင်ဒီပင်ကူးတဲ့ မျောက်ကြီးလိုဖြစ်နေတော့မပေါ့..

ဒါပေမဲ့ ဒီပိုစ့်ကတော့ မဗေဒါ စိတ်ဝင်စား လုပ်ချင်ပင်မဲ့ မစွန့်စားရဲတဲ့ မဗေဒါရဲ့ စိတ်ကို နဲနဲတော့ အားပေးလိုက်သလိုပဲ.. အားတက်သွားတယ်