Search This Blog

Tuesday, January 20, 2009

လန်ဒန်မြို့မှာ တစ်နေ့တာ

တစ်ခါတုန်းက ခရီးသွားရင်း ပိုက်ဆံပြတ် သွားဖူးပါတယ်။ ဒါပေမယ့် ကံကောင်းချင်တော့ အဲဒီလို ပိုက်ဆံပြတ်နေတဲ့အချိန်မှာ ကိုယ့်ကို တာဝန်ယူ ပြုစုမယ့် သူငယ်ချင်း တစ်ယောက်ရဲ့ ကောင်းမှုကြောင့် လန်ဒန်ကို တစ်နေ့တာ လည်ပတ်ခွင့် ရခဲ့ပါတယ်။

အဲဒီတုန်းက အိုင်ယာလန်နိုင်ငံမှာ ရှိတဲ့ ဝက်စ်ဖို့ဒ်(Wexford) လို့ ခေါ်တဲ့ အရပ်ဒေသက စက်ရုံတစ်ရုံမှာ တစ်ပတ်လောက် အလုပ်သွားလုပ်ပြီး ပြန်ခဲ့ပါတယ်။ အရင်အခေါက်တွေ ခရီးထွက်တုန်းက ဟိုတယ်စရိတ်ကို အေးဂျင့်တွေက ရှင်းနေကျမို့ ဒီတစ်ခေါက်လည်း သူတို့ပဲ ပေးလိမ့်မယ် အထင်နဲ့ အိတ်ထဲမှာ သုံးစရာ စွဲစရာ ပိုက်ဆံပဲ ထည့်လာပါတယ်။ ဒါပေမယ့် သူတို့က မရှင်းဘဲ ကိုယ့်ဘာသာကိုယ် ပေးပြီး ကုမ္ပဏီ ကျမှ စာရင်းပြန်ရှင်းပါ ဆိုတော့ ခရက်ဒစ်ကဒ်ထဲ ကျန်သမျှ အကုန်ကုန်တဲ့ အပြင် အိတ်ဆောင်ထည့်လာတဲ့ ယူရိုဒေါ်လာတွေပါ ထည့်ရှင်းလိုက်ရပါတယ်။ အဲဒီတုန်းက ကျွန်တော့်မှာ ခရက်ဒစ်ကဒ် ကလည်း တစ်ကဒ်တည်းရှိတော့ အဲဒီကတ်ထဲ ပိုက်ဆံကုန်သွားရင် သုံးစရာ မရှိတော့ပါ။ အဲဒီနေ့က သောကြာနေ့လည်း ဖြစ်နေတော့ စင်ကာပူကိုလှမ်းပြီး ပိုက်ဆံဖြည့် ခိုင်းရင်လည်း တနင်္လာနေ့မှ သုံးလို့ရမှာ ဖြစ်လို့ ဘာမှ မထူးတော့ပါဘူး။

ကျွန်တော် ပြန်ရမယ့် ခရီးက ဘီအမ်မ်အိုင် လေကြောင်းနဲ့ အိုင်ယာလန် ဒပ်ဗလင် လေဆိပ်ကနေ လန်ဒန် ဟိသ်ရိုးလေဆိပ်၊ အဲဒီကမှတဆင့် စင်ကာပူ လေကြောင်းလိုင်းနဲ့ စင်ကာပူကို ပြန်ရမှာပါ။ ဒီညနေအတွက် လန်ဒန်ကနေ စင်ကာပူ ပြန်ဖို့ လေယာဉ်ပျံ ထိုင်ခုံမရတော့လို့ ဒပ်ဗလင်မှာ တစ်ညအိပ်ပြီး စောင့်ဖို့ ကျွန်တော့် ကုမ္ပဏီက ဖုန်းလှမ်းဆက်ထား ပါတယ်။ ဒပ်ဗလင်မှာ တစ်ညအိပ်ရမယ် ဆိုတော့ ဟိုတယ်ထဲမှာ တစ်နေ့နဲ့ တစ်ည အချိန်ဖြုန်းနေမယ့်အစား လန်ဒန်မှာ တစ်ညအိပ်စောင့်ရင် ပိုကောင်းမယ် ဆိုပြီးတော့ စဉ်းစားမိပါတယ်။

လန်ဒန်မှာ ကျွန်တော့်ရဲ့ သူငယ်ချင်း အရင်းခေါက်ခေါက် တစ်ယောက်ရှိပါတယ်။ အစကတည်းက သူနဲ့ ကျွန်တော် အပြန်ကျရင် ခဏပဲ ဖြစ်ဖြစ် လေဆိပ်မှာ တွေ့ဖို့တော့ ချိန်းထားပြီးသားပါ။ သူ့ဆီဖုန်းဆက်တော့ သူက ဒီညတည်းဖို့ အားလုံး အဆင်ပြေတယ်။ သူ့အိမ်မှာ နေရာရှိတယ် လို့ လှမ်းပြောပါတယ်။ အဲဒါနဲ့ လေဆိပ်က ကောင်တာမှာ သွားပြီး ဒပ်ဗလင်-လန်ဒန် လက်မှတ်ကို ဒီနေ့ချိန်းပေးဖို့ ပြောပါတယ်။ ကျွန်တော့်ရဲ့ လက်မှတ်က Transit လက်မှတ် ဖြစ်ပြီး Stopover မဟုတ်လို့ သူတို့ စည်းမျဉ်းအရ ချိန်းမပေးနိုင်ဘူးလို့ ပြန်ပြောပါတယ်။ Transit လက်မှတ်က လေယာဉ်ပြောင်းစီးဖို့သာ ဖြစ်ပြီး Stopover ကတော့ ညအိပ်ပြီးမှ နောက်တစ်နေ့ ဆက်သွားနိုင်တဲ့ လက်မှတ်မျိုးကို ခေါ်တာပါ။ လက်မှတ် အသစ်ဝယ်ချင်ရင် ဘယ်လောက် ပေးရမလဲမေးတော့ ၁၅၂ ယူရိုလို့ ပြောတယ်။ ကျွန်တော့်အိတ်ထဲမှာ ကျန်တာက ယူရို ၁၆၀ တောင် မပြည့်။ တစ်ခြား ဘတ်ဂျက်အဲယားလိုင်း လက်မှတ်တွေ လိုက်ကြည့်တော့လည်း ဘတ်ဂျတ် အဲယားလိုင်းက ပိုပြီး ဈေးကြီးနေတယ်။ အားလုံးက ယူရို ၂၀၀ ကျော်ချည်းပဲ။

အဲဒါနဲ့ ကျွန်တော့်သူငယ်ချင်းကို ဖုန်းဆက်ပြီး ပိုက်ဆံပြတ်သွားလို့ ဒီနေ့ မလာဖြစ် တော့ဘူးလို့ လှမ်းပြောလိုက်တယ်။ ကျွန်တော့် သူငယ်ချင်းကတော့ လန်ဒန်သာ ရောက်အောင်လာခဲ့ပါ။ ဟိုရောက်ရင် အားလုံး သူ့တာဝန်ထား လို့ ပြန်ပြောတယ်။ ကျွန်တော် သွားရကောင်းမလား မသွားရကောင်းမလား လေဆိပ်မှာ ထိုင်စဉ်းစား နေတယ်။ နောက်ဆုံးတော့ ဒပ်ဗလင်မှာ အိပ်လည်း ဘာမှ မထူးလို့ လန်ဒန်ပဲ သွားတော့မယ် ဆိုပြီး ကောင်တာကို ပြန်သွားပါတယ်။ ကောင်တာရောက်တော့ လေယာဉ်ပျံလက်မှတ်ဖြတ်တဲ့ အမျိုးသမီးက ကျွန်တော့် လက်မှတ်အဟောင်းအတွက် ၂၅ ယူရို ပြန်အမ်းပေးလို့ အိတ်ထဲမှာ သုံးစရာ ပိုက်ဆံတော့ နည်းနည်း ပြန်ရလိုက်ပါတယ်။

ဒီလိုနဲ့ တစ်နာရီလောက် လေယာဉ်ပျံစီးပြီးတော့ လန်ဒန်ကို ရောက်သွားတယ်။ အိုင်ယာလန်ကနေ လန်ဒန်ကို အဝင်မှာ လူဝင်မှုကြီးကြပ်ရေးကို ဖြတ်စရာမလိုပါဘူး။ လေဆိပ်မှာ ခဏထိုင်စောင့်ပြီးတော့ ကျွန်တော့်သူငယ်ချင်း ရောက်လာတယ်။ ကျွန်တော်တို့ နှစ်ယောက်သား ရှားလော့ဟုမ်း ဝတ္ထုထဲမှာ ဖတ်ဖူးနေတဲ့ လန်ဒန်ရထားနဲ့ မြို့ထဲကို သွားကြပါတယ်။ လန်ဒန်ရထားက စင်ကာပူ အမ်အာရ်တီလောက် မသားနား။ ဆစ်ဒနီက ရထားတွေနဲ့တော့ သိပ်မကွာပါဘူး။

ကျွန်တော့် သူငယ်ချင်းက ညစာ တရုတ်စာ စားမလားမေးတယ်။ တရုတ်စာ က စင်ကာပူမှာ စားနေကျ။ တစ်ခြားတစ်ခုခု စားရအောင် ဆိုပြီး လိုက်ရှာကြပေမယ့် နောက်ဆုံးမှာတော့ မစားဖူးတဲ့ Burger King ကို ရောက်သွားပါတယ်။

ညကျတော့ အိမ်ပြန်ရောက်ပြီး တော်တော်နဲ့ မအိပ်ဖြစ်ကြပါဘူး။ မတွေ့တာ ၆ နှစ်လောက်ရှိပြီ ဆိုတော့ ကျွန်တော်တို့မှာ ပြောစရာမကုန်။ ကျွန်တော့်သူငယ်ချင်းနဲ့ ရှေးဟောင်း နှောင်းဖြစ်တွေ၊ နေရာအနှံ့ ရောက်နေတဲ့ သူငယ်ချင်းတွေ အကြောင်း ကျွန်တော်တို့ လိုက်ပြီး မရခဲ့တဲ့ ကောင်မလေးတွေ အကြောင်း တော်တော် ညဉ့်နက်တဲ့ အထိ ပြောဖြစ်ကြပါတယ်။ မနက်ကျတော့ မထချင်။ ၈ နာရီ ထိုးခါနီးမှ သူငယ်ချင်းက ဟေ့ကောင် ဒီအချိန် မထရင်တော့ ငါတို့ ဘယ်မှ လည်လို့ရမှာ မဟုတ်ဘူး ဆိုတာနဲ့ ကုန်းရုန်းထလိုက်ရတယ်။

အိမ်ကထွက်လာတော့ တစ်နေ့စာ ကားရော ရထားပါ စီးလို့ရတဲ့ လက်မှတ် တစ်ခု ကျွန်တော့် သူငယ်ချင်းက ဝယ်ပေးတယ်။ ၆ ပေါင်လား မသိဘူး ပေးရတယ်။ ဘတ်စ်ကားနဲ့ပဲ မြို့ထဲကို ထွက်ခဲ့ကြတယ်။ လမ်းမှာ စာအုပ်ဆိုင် တစ်ဆိုင်ကို ခဏ ဝင်မွှေပြီးတော့ တရုတ်တန်းဘက် ဆက်သွားကြတယ်။ အဲဒီမှာ ဓာတ်ပုံနည်းနည်းပါးပါး ရိုက်ပြီး ကျွန်တော်တို့ ဘက်ကင်ဟမ် နန်းတော်ဘက်ကို ခရီးဆက်ခဲ့ပါတယ်။

ဘက်ကင်ဟမ် နန်းတော်မှာ လာပြီးလည်ပတ်တဲ့သူတွေက အများကြီးပါပဲ။ Mr Beam ရုပ်ရှင်ထဲကလို ဦးထုပ် အမြင့်ကြီးတွေ ဆောင်းထားတဲ့ အစောင့်တွေလည်း ရှိတယ်။ အစောင့်လဲတဲ့ အခမ်းအနားက နေ့လည်မှာ ရှိတယ်လို့ ပြောပေမယ့် အချိန် သိပ်မရတာနဲ့ ဓာတ်ပုံနည်းနည်းပါးပါး ရိုက်ပြီး ထွက်ခဲ့ပါတယ်။ အပြင်ဖက်မှာ စောင့်နေတဲ့ အစောင့်တစ်ယောက်နဲ့တောင် ဓာတ်ပုံတွဲရိုက်ခဲ့ပါသေးတယ်။ ကျွန်တော်တို့ နန်းတော်ရှေ့ ရောက်တော့ တော်ဝင်မိသားစုဝင် ကောင်လေး ၂ ယောက် အစောင့်အကြပ်တွေနဲ့ နန်းတော်ထဲက ထွက်လာတာကိုတော့ တွေ့လိုက်ရတယ်။ မကိုဋ်တွေ ဥသျှောင်တွေ စလွယ်တွေ မပါတဲ့ မင်းသားတော့ တွေ့ဖူးလိုက်တာပေါ့။




အဲဒီကနေ ပါလီမန် အဆောက်အဦးဖက် ဆက်ထွက်ခဲ့ကြတယ်။ မြစ်ဘေးကနေ ဖြတ်လျှောက်လာတော့ အခု စင်ကာပူ ဖလိုင်ယာလို ပုံစံ လန်ဒန်အိုင်း ကို တွေ့ခဲ့ရတယ်။



ပါလီမန် အဆောက်အဦးနဲ့ အဲဒီအနားက နာရီစင်ကြီးက အတော်ကို ကြည့်လို့လှပါတယ်။ Big Ben လို့ ခေါ်ကြတဲ့ နာရီစင်ကြီးပါ။ ရှေးခေတ်တုန်းက လက်ရာတွေ ဖြစ်ပေမယ့် ဘယ်နှစ်ရာစုက လက်ရာလဲတော့ မသိပါ။


(Image Source: wikimedia.org)

ပါလီမန် အဆောက်အဦးရှေ့မှာ ဆန္ဒပြနေတဲ့သူတွေ တွေ့ရတယ်။ ဘာရည်ရွယ်ချက်နဲ့ ဆန္ဒပြနေကြသလဲတော့ သေသေချာချာ မသိပါ။ တစ်ယောက်ကတော့ အဏုမြူ လက်နက်အတွက် ဆန္ဒပြနေကြောင်း မှန်းကြည့်လို့ရတယ်။ အဏုမြူဗုံးလို အရုပ်ကြီးကို တွေ့လို့ပေါ့။ စင်ကာပူမှာ ဒါမျိုးက မတွေ့ရဘူး ဆိုတော့ ဓာတ်ပုံတော့ အမှတ်တရ အနေနဲ့ ရိုက်ခဲ့တယ်။



အဲဒီကနေ ထွက်လာတော့ နေ့လည် ရောက်နေပြီ။ လန်ဒန်တာဝါ ဘက်ကို ဆက်ထွက်လာခဲ့တယ်။ လန်ဒန်တာဝါရှေ့မှာ ဓာတ်ပုံရိုက်ပြီး အဲဒီကနေမှ မလှမ်းမကမ်းမှာ ရှိတဲ့ တာဝါဘရစ်ခ်ျ ကို ဆက်လျှောက်လာခဲ့ ကြတယ်။


(Image Source: http://www.donniedid.com/img/EnglandLondonTower.jpg)

အဲဒီအချိန်တုန်းက Black Eyes Pea ရဲ့ London Bridge ဆိုတဲ့ သီချင်း မထွက်သေးပါဘူး။ အမှန်တကယ်ကတော့ သူ့သီချင်းထဲမှာ ရိုက်ပြတဲ့ တံတားက တာဝါဘရစ်ခ်ျပါ။ လန်ဒန်ဘရစ်ခ်ျ မဟုတ်ပါဘူး။ လန်ဒန်ဘရစ်ခ်ျဆိုတာ တာဝါဘရစ်ခ်ျနဲ့ မလှမ်းမကမ်း နေရာမှာ ရှိတာပါ။ တာဝါဘရစ်ခ်ျ ပေါ်ကနေ လှမ်းကြည့်ရင် မြင်ရပါတယ်။ တာဝါဘရစ်ခ်ျက သင်္ဘောတွေအောက်က ဖြတ်သွားရင် အပေါ်ကို လှန်ပြီးဖွင့်လို့ရတဲ့ တံတားမျိုးပါ။


(Image Source: Wikimedia.org)

လန်ဒန်ရဲ့ သိမ်းမြစ်က နာမည်ကျော်အောင်လည်း တကယ်လှပါတယ်။ တာဝါဘရစ်ခ်ျ ပေါ်ကနေ သိမ်းမြစ်ကို ကြည့်ရတဲ့ မြင်ကွင်းဟာ တကယ့်ကို အံ့မခန်းပါပဲ။





ကျွန်တော့် သူငယ်ချင်းက ဂရင်းဝစ်ခ်ျမျဉ်းကို သွားမလား ဘေကာလမ်းကို ဆက်သွားမလား မေးပါတယ်။ ဘေကာလမ်းက ရှားလော့ဟုမ်းအိမ်မှာ ဘာကြည့်စရာ ရှိသလဲတော့မသိပါ။ ကျွန်တော်ကတော့ စိတ်ထဲမှာ လောနေတာနဲ့ ငါတို့ ပြန်ရမှာလည်း အဝေးကြီး ညနေ လေယာဉ်မမီရင် ပြသနာတက်မယ် ဆိုပြီး ပြန်ဖို့ လောဆော်ပါတယ်။ စင်ကာပူ လေကြောင်းလိုင်းက လန်ဒန်-စင်ကာပူ ခရီးစဉ်မှာ ထိုင်ခုံတစ်နေရာစာ ရဖို့ မလွယ်ပါ။ ဒီတစ်ရက် ရတာတောင် ကံကောင်းလို့ ရတာပါ။ အဲဒါနဲ့ တာဝါဘရစ်ခ်ျရဲ့ စက်ခန်းထဲကို ဝင်ကြည့်ပြီးကျွန်တော်တို့ အိမ်ပြန်ခဲ့ကြပါတယ်။



အိမ်မှာ ညနေစာ စားသောက်ပြီး လေဆိပ်ကို သွားတာတောင် ကျွန်တော်တို့ လေဆိပ် ရောက်သွားတော့ လူတွေတန်းစီပြီး Check-in ဝင်နေကြပါပြီ။ အချိန်မီရုံလေးပါပဲ။ ကျွန်တော့်ရဲ့ သူငယ်ချင်းကြီးကို နှုတ်ဆက်ပြီး ကျွန်တော်တို့ လေဆိပ်အပြင်ဖက်ထွက် ဆေးလိပ်တစ်လိပ်စီ သောက်ပြီး လမ်းခွဲခဲ့ကြပါတယ်။ အဲဒီလိုနဲ့ပဲ ကျွန်တော် တက်သုတ်ရိုက် လည်ပတ်ခဲ့တဲ့ လန်ဒန်မြို့ရဲ့ တစ်နေ့တာ ခရီးစဉ် ပြီးဆုံးခဲ့ပါတယ်။

(မှတ်ချက်။ ။ တစ်ချို့ ဓာတ်ပုံတွေမှာ ကျွန်တော့်ပုံတွေ ပါနေလို့ Google ကနေပဲ ရှာပြီး တင်ပေးလိုက်ပါတယ်။ :D Image Source ရေးထားတဲ့ ဓာတ်ပုံတွေက Google က ဓာတ်ပုံတွေပါ။ ကျန်တာကတော့ ကျွန်တော်ရိုက်လာတဲ့ ပုံတွေပါ။)

12 comments:

Moe Cho Thinn said...

လန်ဒန်ကို တက်သုတ်ရိုက် လည်သွားတယ်။ ဒါတောင် အတော်စုံပါတယ်။ တခါမှ မရောက်ဖူးသေးဘူး။ သွားချင်တယ်။ ရှားလော့ဟုမ်းရဲ့ ဘေကာလမ်းကိုတော့ သွားဖြစ်အောင် သွားမယ်။ အလုပ်သဘောက ဒီလို လျှောက်သွားရတာဆိုတော့ ဟန်ကျလိုက်တာနော်။

ဇနိ said...

ကောင်းပေစွ.. ဒီဘလော့ဂ်ဖတ်တိုင်း အဲသလိုတွေ သွားချင်စိတ် ပေါ်တယ်..

ThuHninSee said...

ူညည်းက သွားနိုင်လွန်းပါတယ်အေ။ မနာလိုဘူး

မီယာ said...

မရောက်ဖူးတဲ့ နေရာတွေ အများကြီး ရှိသေးတယ်။ ဘေကာလမ်းကိုတော့ ရောက်ဖူးတယ်။ အဲ့ဒီပြတိုက်ကို မရောက်ဖူးသေးပါ။ အလုပ်နဲ့ ခရီးသွားရတာ ကံကောင်းတာပေါ့။ ကိုယ်တို့များ စုလိုက်ရတာ တမေ့တမော။

တောရိုင်းနှင်းဆီ said...

နိုင်ငံအတော်များများကို အလုပ်ကိစ္စနဲ့ဘဲဖြစ်ဖြစ် ရောက်ဘူးတယ်ဆိုတော့ ..... ကုသိုလ်ကံကောင်းတယ်လို့ ပြောရမယ် ..... အားကျတယ်ဗျာ .... အခုလို မျှဝေပေးတဲ့အတွက် ကျေးဇူးပါဘဲ .......

မဇနိ said...

ပိုက်ဆံကလည်း အူယားစရာကောင်းလိုက်တာ။ လျှောက်လည်ခဲ့ရတာတော့ တရက်ပေမယ့် ပျော်စရာကြီးနော်။

sin dan lar said...

ပျော်စရာကြီး.....။
ကိုယ့်ပုံပါတာနဲ့ ဓာတ်ပုံမတင်တော့ဘူးရယ်လို့.....။
ဘာကြောင့်ပါလိမ့်...?????? :P:P

Anonymous said...

ဟားဟား ဟုတ်ပ မမွန်ပြောသလိုပဲ

MayMoe

TZA said...

မိုက်တယ်ဗျာ၊ အဲလိုဖြစ်ရမှာ။ အားကျ၊ မနာလို၊ အူတို ဖြစ်ပြီး ပြန်သွားပါတယ်ဗျား၊ ဟီးဟီး။

ငယ်လေး said...

လာလည်သွားတယ်ရှင့် လန်ဒန်တစ်ခေါက် :P

မဗေဒါ said...

ကဲ.. အားကျ မနာလိုတဲ့သူတွေများနေလို့.. ဒီမှာ မနာလိုဖြစ်မလို့တောင် အားနာသွားပြီ..
ဘယ်အလုပ်လုပ်တာလဲဟင်.. အလုပ်တူနေလို့ကတော့.. အဲဒိရာထူးရအောင် ကို တီဇက်ကို ကုန်းချောပြစ်မယ်.. အဟား.. ဟား.. (စတာ)...
နောက်သွားရင် လက်တို့လိုက်နော်.. မဗေဒါလဲ လိုက်ချင်တာပေါ့လို့.. အဟင့်.. ခုတလော ခရီးမထွက်ရလို့ stress ပိနေတယ်.. ဒီပိုစ့်ဖတ်လိုက်တာ ဒီပရက်ရှင် ပါဝင်သွားပြီ... (အော်.. လူ့စိတ်...)

apyonepan said...

လန်ဒန်ကိုတစ်နေ့တာ ခေါ်သွားလို့ကျေးဇူးပဲ။ တကယ့်နေရာကောင်းတွေ ရောက်သွားတာပဲ။