Search This Blog

Friday, January 2, 2009

တိမ်တိုက်ငယ်၏ အချစ်ဇာတ်လမ်း

မြေထဲပင်လယ် အပေါ်တွင် တိုက်ခတ်နေသော မုန်တိုင်းကြီးတစ်ခု၏ အလယ်တွင် တိမ်တိုက်ငယ်ကလေးတစ်ခု မွေးဖွားလာခဲ့သည်။ သို့သော် သူ့အတွက် ထိုနေရာတွင် ကြီးပြင်းရန်ပင် အချိန်မရလိုက်ပေ။ လေပြင်းတစ်ခု က တိမ်တိုက်များ အားလုံးကို အာဖရိကတိုက်ဖက်သို့ တွန်းပို့နေသောကြောင့် ဖြစ်သည်။

တိမ်တိုက်တို့သည် အာဖရိက တိုက်ကြီးပေါ်သို့ ရောက်သောအခါတွင် ရာသီဥတုက ပြောင်းလဲသွားသည်။ တောက်ပသောနေမင်းကြီးက သူတို့၏အထက် ကောင်းကင်ယံတွင် ထွန်းလင်းလျှက် ရှိပြီး သူတို့၏ အောက်တွင်မူ ရွှေရောင်လွှမ်းသော ဆာဟာရ သဲကန္တာရ၏ သဲမှုန်များက မျက်စိတစ်ဆုံး ဖြန့်ကျက်လျှက်ရှိသည်။ သို့သော် သဲကန္တာရတွင် ဘယ်သောအခါမှ မိုးရွာလေ ့မရှိသည့် အတွက် လေသည် တိမ်တိုက်များကို တောင်ဖက်ရှိ သစ်တောအုပ်များဆီသို့ ဆက်လက်တွန်းပို့ လျှက်ရှိသည်။ ထိုအချိန်အတွင်းမှာပင် တိမ်တိုက်ငယ်ကလေးသည် လူငယ်များတွင် ဖြစ်လေ့ဖြစ်ထရှိသည့် စိတ်သဘာဝ အတိုင်း သူ၏ မိဘများနှင့် အသက်အရွယ် ကြီးပြင်းသော မိတ်ဆွေများကို စွန့်ခွာ၍ ကမ္ဘာကို စူးစမ်းရှာဖွေရန် ဆုံးဖြတ်လိုက်သည်။

“မင်းဘာလုပ်တာလဲ။ သဲကန္တာရဆိုတာ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် အတူတူချည်းပဲ။ တခြား တိမ်တိုက်တွေ ဆီကို ပြန်သွားပါ။ ငါတို့တတွေ အံသြစရာ ကောင်းတဲ့ တောင်ကုန်းတွေ နဲ့ သစ်ပင်တွေ ရှိတဲ့ အာဖရိက အလယ်ပိုင်းဆီကို သွားကြမယ်။” လေပြင်းက သူ့ကို အော်ပြောသည်။

သို့သော် မွေးရာပါ ပုန်ကန်ချင်စိတ်ပါလာသော တိမ်တိုက်ငယ် ကလေးသည် နားထောင်ရန် ငြင်းဆန်ပြီး ရွှေရောင်တောက်ပနေသော သဲမှုန်များပေါ်တွင် သူ့ဘာသာသူ လှည့်ပတ် သွားလာနိုင်ရန် ခွင့်ပြုသည့် သိမ်မွေ့ရက်ရောသော လေညင်းကို တွေ့သည်အထိ အောက်သို့ တဖြည်းဖြည်း နိမ့်ဆင်းလာခဲ့သည်။ အတန်ကြာ လှည့်ပတ်သွားလာပြီးသော အခါ သဲတောင်ကုန်းများ ထဲမှ တစ်ခုမှာ သူ့ကို ပြုံး၍ ကြည့်နေသည်ကို သတိထားမိလိုက်သည်။

ထိုသဲတောင်ကုန်းကလေးမှာလည်း အလွန်ပင် သက်တမ်းငယ်ပြီး လတ်တလော ဖြတ်သန်း တိုက်ခတ်သွားသော လေကြောင့် မွေးဖွားလာခြင်း ဖြစ်ကြောင်းကိုလည်း သူတွေ့လိုက်ရသည်။ သူသည် သူမ၏ ရွှေရောင်တောက်ပသော ဆံပင်များကို ထိုနေရာ ထိုအချိန်မှာပင် ချစ်မိသွားသည်။

“ကောင်းသော မနက်ခင်းပါ။ အောက်မှာ နေရ ထိုင်ရတာ ဘယ်လိုနေသလဲ။” သူက လှမ်း၍ မေးသည်။
“ငါ့မှာ တစ်ခြား သဲတောင်ကုန်းတွေရယ် နေရယ် လေရယ် မကြာမကြာ ဆိုသလို ဖြတ်သွားတတ်တဲ့ လှည်းတန်းကြီးတွေရယ် အဖော်ရှိတယ်။ တစ်ခါတစ်လေတော့ အရမ်းပူတယ်။ ဒါပေမယ့် ငါခံနိုင်ပါတယ်။ အပေါ်မှာကရော နေရထိုင်ရတာ ဘယ်လိုလဲ။”
“ငါတို့မှာလည်း နေနဲ့ လေရှိတယ်။ ကောင်းတာက ငါ့အနေနဲ့ ကောင်းကင်ပေါ်မှာ လျှောက်သွားလို့ရပြီး အရာတွေ အများကြီးကို မြင်ရတာပဲ။”
“ငါ့အတွက်တော့ ဘဝက သိပ်တိုတယ်။ လေက သစ်တောအုပ်တွေ ဆီက ပြန်လာတဲ့ အချိန်ဆို ငါကွယ်ပျောက်သွားရတာပဲ” သဲတောင်ကုန်းငယ်မလေးကပြန်ပြောသည်။
“အဲဒီလို ဖြစ်တဲ့အတွက် မင်းဝမ်းနည်းလား။”
“ငါ့အတွက်တော့ ဘဝဟာ အဓိပ္ပါယ်မရှိသလိုပဲ။”
“ငါလည်း အဲဒီလိုပဲ ခံစားရတယ်။ နောက်ထပ် လေတစ်ခု လာရင် ငါလည်း တောင်ဖက်ကို သွားပြီး မိုးရေစက်တွေ အဖြစ် ငါ့ဘာသာငါ ပြောင်းလဲ လိုက်ရတာပဲ။ အဲဒါ ငါ့ဘဝရဲ့ ခရီးလမ်းဆုံးပဲ။”
သဲတောင်ကုန်းငယ်မ ကလေးသည် ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ဆက်ပြောသည်။ “ငါတို့ သဲကန္တာရထဲမှာ မိုးရေစက်တွေကို နိဗ္ဗာန်ဘုံလို့ ခေါ်ကြတယ်။ အဲဒါကို မင်းသိလား။”
“ငါ့ကိုယ်ငါ ဒီလောက် အရေးပါတယ်လို့ ငါဘယ်တုန်းကမှ မတွေးမိဘူး။” ဟု တိမ်တိုက်ငယ် ကလေးက ဂုဏ်ယူ ဝင့်ကြွားစွာဖြင့် ပြောသည်။
“အသက်ကြီးတဲ့ သဲတောင်ကုန်းကြီးတွေ ပြောတဲ့ မိုးရေစက်တွေ အကြောင်း ပုံပြင်တွေကို ငါကြားဖူးတယ်။ မိုးရွာပြီးတဲ့နောက်မှာ ငါတို့ဟာ မြက်ခင်းတွေ ပန်းပွင့်တွေနဲ့ ဖုံးလွှမ်းသွားလေ့ရှိတယ် ဆိုပဲ။ ဒါပေမယ့် ငါတော့ တစ်ခါမှ မကြုံဖူးဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကန္တာရမှာ မိုးရွာတာဟာ အလွန် ကြုံတောင့်ကြုံခဲ ကိစ္စ မို့ပဲ။”
ဒီတစ်ခါတော့ တိမ်တိုက်ငယ်ကလေးအတွက် တုံ့နှေးရမည့် အလှည့်ဖြစ်သည်။ ထို့နောက် သူသည် အားပါးတရ ပြုံးပြလိုက်ပြီး ပြောသည်။ “မင်းနှစ်သက်မယ်ဆိုရင် ငါမင်းအပေါ်ကို အခု မိုးရွာချပေးလို့ ရပါတယ်။ ငါဒီနေရာကို အခုမှ ရောက်တယ်။ ဒါပေမယ့် ငါမင်းကို ချစ်သွားပြီ။ ငါဒီနေရာမှာပဲ အမြဲနေချင်တယ်။”
“ငါလည်း မင်းကို ကောင်းကင်ပေါ်မှာ စမြင်ကတည်းက ချစ်မိသွားတယ်။ ဒါပေမယ့် မင်းရဲ့ ဆံပင်ဖြူဖြူတွေကို မိုးရေစက်တွေ အဖြစ်ပြောင်းလိုက်ရင် မင်းသေသွားမှာပေါ့။” ဟု သဲတောင်ကုန်း ငယ်မကလေးက ပြန်ပြောသည်။
“အချစ်ဆိုတာ ဘယ်တော့မှ သေဆုံးတယ်လို့ မရှိပါဘူး။ သူ့မှာ ပြောင်းလဲခြင်းပဲ ရှိတယ်။ နောက်ပြီး ငါမင်းကို နိဗ္ဗာန်ဘုံဆိုတာ ဘာနဲ့တူသလဲ ဆိုတာကို ပြချင်သေးတယ်။” ဟု တိမ်တိုက်ငယ်က ပြန်ပြောပြန်သည်။
ထို့နောက် တိမ်တိုက်ငယ် ကလေးသည် သူတို့ နှစ်ဦး အတူတကွ ကြာရှည်စွာ နေနိုင်ရန်အတွက် သဲတောင်ကုန်းငယ်မကလေးအား မိုးစက်မိုးပေါက်ငယ်ကလေးများဖြင့် ဖြည်းဖြည်းချင်းပွတ်သပ်ပေးသည်။ နောက်ဆုံး သက်တန့်ပေါ်ထွက်လာသည့် အချိန်အထိပင် ဖြစ်သည်။

နောက်တစ်နေ့တွင် သဲတောင်ကုန်းငယ်မကလေးမှာ ပန်းပွင့်များဖြင့် ဖုံးလွှမ်းနေသည်။ အပေါ်မှ ဖြတ်သန်းပြီး အာဖရိကသို့ ဦးတည်သွားနေသော တိမ်တိုက်များမှာလည်း ထိုနေရာသည် သူတို့ရှာဖွေနေသော သစ်တောအုပ်၏ အစိတ်အပိုင်းတစ်ခု ပင်ဖြစ်ရမည်ဟု ထင်မှတ်ကြ သည့်အတွက် မိုးစက်မိုးပေါက်များကို ထပ်မံရွာချ ကြပြန်သည်။ နှစ် ၂ဝမျှ ကြာသောအခါတွင် သဲတောင်ကုန်းငယ်မကလေးမှာ အိုအေစစ်အဖြစ် ပြောင်းလဲသွားပြီး ခရီးသွားများအား သူမ၏ သစ်ပင်ရိပ်များဖြင့် တဖန်ပြန်၍ လန်းဆန်း တက်ကြွ စေခဲ့သည်။

ထိုအရာအားလုံး၏ အရင်းခံမှာ တစ်နေ့သော အခါက တိမ်တိုက်ငယ်ကလေးတစ်ခုသည် အချစ်ကို ရှာဖွေတွေ့ရှိခဲ့ပြီး သူ၏ အချစ်အတွက် ဘဝကို မကြောက်မရွံ့ ပေးဆပ်ခဲ့သော ကြောင့်ပင်ဖြစ်သည်။

(Paulo Coelho ၏ Like the flowing River:Thought and Reflection မှ The Cloud and the Sand Dune ကို ဘာသာပြန်ဆိုထားပါသည်။)

3 comments:

ဇနိ said...

ဖတ်လို့ကောင်းတယ်ဗျို့....
တခုခု အောင်မြင်ဖြစ်ထွန်းဖို့ ပေးဆပ်ရတာ သဘာဝပဲပေါ့ဗျာ

sin dan lar said...

တိမ်တိုက်လေးသေသွားပေမယ့် နောင်တစ်ချိန်မှာ အိုအေစစ်လေးဖြစ်လာလို့ တော်သေးတာပေါ့ ။
ဘာသာပြန်ကောင်းတစ်ပုဒ်် ဖြစ်ပါသည်။

Craton said...

ကောင်းလိုက်တာ...