အင်တာနက် ပေါ်ရှိ အွန်လိုင်းသတင်းစာ တစ်စောင်တွင် ဖတ်လိုက်ရသည်။ ၂၀၀၄ ခုနှစ် ဇွန်လ ၁၀ ရက်နေ့တွင် တိုကျို၌ လူတစ်ဦးသည် သူ၏ ညဝတ်အင်္ကျီဖြင့် သေဆုံး နေသည်ကို တွေ့ရှိရသည် ဟူ၍ ဖြစ်သည်။
သိပ်မဆိုးလှပါ။ ကျွန်တော့် အမြင်အရတော့ ညဝတ်အင်္ကျီဖြင့် သေဆုံးနေသူ များမှာ အောက်ပါ (၂) မျိုးမှ တစ်မျိုးမျိုး ဖြစ်နိုင်သည်။
(၁) အိပ်ပျော်နေစဉ် သေဆုံးခြင်း ဖြစ်သဖြင့် အလွန်ကောင်းသော သေခြင်း ဖြစ်သည်။
(၂) သူတို့၏ မိသားစုနှင့်အတူ ဆေးရုံတွင် ရှိနေသဖြင့် သေခြင်းတရားသည် ချက်ခြင်းလက်ငင်း ရောက်မလာပဲ သူတို့အတွက် ဘရာဇီး ကဗျာဆရာ မန်နျူရယ် ဘန်ဒေးရာ ပြောသလို ပြောရမည် ဆိုလျှင် “အလိုမရှိသော ဧည့်သည်” အတွက် ပြင်ဆင်ရန် အချိန်ရသည်။
သတင်းတွင် ဆက်၍ဖတ်ရသည်မှာ ထိုသူသည် သူ၏ အိပ်ခန်းအတွင်းတွင် သေဆုံးနေသည် ဟု ဆိုသည်။ ထို့ကြောင့် ဆေးရုံတွင် သေသည်ဆိုသော အယူအဆကို ပျက်ပြယ်သွား စေသည်။ သူသည် ဝေဒနာ မခံစားရပဲ နောက်တစ်နေ့မနက် အလင်းရောင်ကို ထပ်မံမြင်တွေ့ခွင့် မရတော့သည်ကိုပင် မသိရှိ လိုက်ရပဲ အိပ်နေရင်း သေဆုံးသည် ဆိုသည့် အယူအဆကိုသာ ကျန်ရှိစေသည်။
သို့သော် သူသည် တစ်စုံတစ်ယောက်၏ တိုက်ခိုက်မှုကို ခံရပြီး အသတ်ခံရသည် ဆိုသော အခြားဖြစ်နိုင်ခြေ တစ်ခု ကျန်ရှိနေသေးသည်။
တိုကျိုမြို့အကြောင်းကို သိသော လူများအနေနှင့် တိုကျိုသည် ကြီးမား ကျယ်ပြန့်သော မြို့တော်ဖြစ်သော်လည်း ကမ္ဘာပေါ်တွင် လုံခြုံ စိတ်ချရမှု အရှိဆုံး နေရာတစ်ခု ဖြစ်ကြောင်း သိကြသည်။ တစ်ခါက ကျွန်တော်၏ ဂျပန် စာအုပ်ထုတ်ဝေသူနှင့် ဂျပန်နိုင်ငံ အတွင်းပိုင်းသို့ မသွားရောက်မီ ညစာစားရန်အတွက် ရပ်နားခဲ့သည်ကို သတိရမိသည်။ ကျွန်တော်တို့၏ အိတ်များအားလုံးသည် ကားနောက်ခုံတွင် ကျန်ရှိသည်။ ကျွန်တော်က ချက်ချင်း သတိရ၍ ပြောမိသည်။ ဘေးနားမှ ဖြတ်သန်းသွားသော သူတစ်ယောက်က ကျွန်တော်တို့၏ အိတ်များ ကို မြင်၍ အဝတ်အထည်များ စာရွက်စာတမ်းများ အခြား ပစ္စည်းများ အားလုံးနှင့်အတူ အလစ်သုတ်ပြေးပါက အလွန် အန္တရာယ်များသည် ဟူ၍ ဖြစ်သည်။ သို့သော် ကျွန်တော်၏ ထုတ်ဝေသူက ပြုံးပြီး ကျွန်တော့်ကို စိတ်မပူရန် ပြောသည်။ သူ၏ ဘဝတလျှောက်လုံးတွင် ထိုသို့သော အဖြစ်အပျက်ကို တစ်ခါမှ မကြားဖူးကြောင်း ပြောသည်။ (အမှန်တကယ်ပင် ညလယ်စာ စားနေစဉ် ကျွန်တော် စိတ်ပူပန် နေမိသော်လည်း ဘာမှ မဖြစ်ခဲ့ပေ။)
ကျွန်တော်တို့ရဲ့ ညဝတ်အကျင်္ီဖြင့် သေဆုံးနေသောသူ အကြောင်း ဆက်ကြပါဦးစို့။ သူ့တွင် ရုန်းကန်ခြင်း အကြမ်းဖက် ခံရခြင်းစသည့် လက္ခဏာများ မရှိကြောင်း ဆိုသည်။ သတင်းစာနှင့် တွေ့ဆုံမေးမြန်းရာ တွင် မြို့တော်ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးမှ ထိုသူသည် ရုတ်တရက် နှလုံးရောဂါဖြင့် မဆိုင်းမတွ ဆိုသလိုပင် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားသည်။ ထို့ကြောင့် ကျွန်တော်တို့သည် အသတ်ခံရသည် ဆိုသော အယူအဆကို ဖယ်ထုတ်၍ ရသည်။
အလောင်းကို တွေ့ရှိသောသူမှာ ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုမှ ဝန်ထမ်းတစ်ဦးဖြစ်ပြီး ဖျက်ခါနီးဆဲဆဲ အိမ်ရာ အဆောက်အအုံ တစ်ခု၏ ဒုတိယထပ်တွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ထိုအရာအားလုံးမှ ကျွန်တော်တို့ကို စဉ်းစားမိစေသည်မှာ ကျွန်တော်တို့၏ ညဝတ်အင်္ကျီဖြင့် သေဆုံးနေသောသူသည် ကမ္ဘာပေါ်တွင် လူဦးရေ အထူထပ် အသိပ်သည်းဆုံးနှင့် ဈေးအကြီးဆုံး နေရာတစ်ခုတွင် အခြားနေထိုင်ရန် နေရာကို ရှာမတွေ့သဖြင့် အိမ်ငှားခ ပေးရန်မလိုသော အဆောက်အဦး တစ်ခုတွင် နေထိုင်ရန် ဆုံးဖြတ်ခဲ့သည် ဟူ၍ဖြစ်သည်။
ယခုအခါ ဇာတ်လမ်း၏ ဝမ်းနည်း ကြေကွဲဖွယ်ရာ အပိုင်းသို့ ရောက်လာပြီ ဖြစ်သည်။ ထိုသို့ သေဆုံးနေသော သူသည် ညဝတ်အင်္ကျီအတွင်းတွင် ကျန်ရှိနေသော အရိုးစု တစ်ခုသာ ဖြစ်သည်။ သူ၏ နံဘေးတွင် ၁၉၈၄ ခုနှစ် ဖေဖော်ဝါရီလ ၂၀ရက် ရက်စွဲဖြင့် သတင်းစာ တစ်စောင်ကို တွေ့ရသည်။ အနီးအနားရှိ စားပွဲပေါ်တွင်ရှိသော ပြက္ခဒိန် တွင်လည်း ထိုနေ့ကိုပင် ညွှန်ပြနေသည်။
သူသည် ထိုနေရာတွင် ရှိနေခဲ့သည်မှာ နှစ်ပေါင်း ၂၀ မျှပင် ကြာရှိခဲ့ပြီ။
သို့သော် တစ်စုံတစ်ယောက်ကမျှ သူပျောက်ဆုံးနေသည်ကို သတိမပြုမိကြပေ။
ထိုသူသည် ထိုအိမ်ရာ အဆောက်အအုံကို ဆောက်လုပ်သော ကုမ္ပဏီမှ ဝန်ထမ်းဟောင်း တစ်ဦးအဖြစ် သိရှိရသည်။ သူသည် ထိုနေရာသို့ ၁၉၈၀ ခုနှစ်များ၏ အစပိုင်း သူ၏ အိမ်ထောင်နှင့် ကွာရှင်းပြတ်စဲပြီး မကြာမီတွင် ရွှေ့ပြောင်းနေထိုင်ခဲ့ကြောင်း ကိုလည်း သိရှိရသည်။ သူသည် ထိုနေ့တွင် အသက် ၅၀ ကျော်ရုံမျှသာ ရှိသေးပြီး သတင်းစာကို ဖတ်နေစဉ်ပင် ရုတ်တရက် ဘဝပြောင်းသွားခဲ့သည်။
သူ၏ ဇနီးဟောင်းမှာလည်း သူနှင့် ဘယ်တုန်းကမျှ ထပ်မံ၍ ဆက်သွယ်ခြင်း မပြုခဲ့ပေ။ သတင်းစာဆရာများသည် သူအလုပ်လုပ်ခဲ့သော ကုမ္ပဏီသို့ သွားရောက်ရန် ကြိုးစားရာတွင် တွေ့ရှိရသည်မှာ ထိုကုမ္ပဏီသည် ထိုပရော့ဂျက် ပြီးပြီးချင်းပင် ဒေဝါလီခံခဲ့သည် ဟူ၍ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့ အနေနှင့် တိုက်ခန်း တစ်ခန်းမျှပင် ရောင်းချ မရခဲ့၍ ဖြစ်သည်။ ထို့ကြောင့် သူတို့အနေနှင့် ထိုသူ အလုပ်မတက်ခြင်းကို အထူးအဆန်း ဖြစ်မနေခဲ့သည့် အကြောင်းကို ရှင်းပြပြီး ဖြစ်သွားသည်။ သတင်းစာဆရာများသည် သူ၏ သူငယ်ချင်းများကို ခြေရာခံ လိုက်ကြသောအခါ သူတို့ကလည်း ထိုသူသည် သူတို့ထံမှ ပိုက်ဆံချေးထားပြီး ပြန်မဆပ် နိုင်သောကြောင့် ပေါ်မလာခြင်း ဖြစ်သည်ဟု မှတ်ယူကြကြောင်း သိရသည်။
သူ၏ ကျန်ရှိနေသော ရုပ်ကလာပ် အကြွင်းအကျန်များကို သူ၏ ဇနီးဟောင်းသို့ ပို့ဆောင်ပေးလိုက်ကြောင်းကို ရေးသားပြီး သတင်းမှာ အဆုံးသတ်ထားသည်။ ကျွန်တော် ထိုသတင်းဆောင်းပါးကို ဖတ်၍ ပြီးဆုံးသွား သောအခါတွင် နောက်ဆုံး စာကြောင်းကို ပင် ထပ်ပြန်တလဲလဲ တွေးမိသည်။ သူ၏ ဇနီးဟောင်းမှာ သက်ရှိထင်ရှား ရှိနေသေးသည်။ သို့သော် အနှစ် ၂၀ လုံးလုံး တစ်ခါမျှပင် သူ့ကို ဆက်သွယ်ရန် မကြိုးစားခဲ့ပေ။ သူမ၏ စိတ်ထဲတွင် ဘာတွေ ရှိနေမည်နည်း။ သူသည် သူမကို မချစ်တော့သဖြင့် သူ၏ ကောင်းရာကောင်းကြောင်း အတွက် သူမကို ဘဝအတွင်းမှ အပြီးအပိုင် ထုတ်ပစ်လိုက်ပြီ ဟု တွေးမည်လား။ သူသည် အခြားမိန်းမတစ်ယောက် ကိုတွေ့သဖြင့် ပျောက်ဆုံးသွားသည်ဟု တွေးမည်လား။ ဘဝဆိုသည်မှာ ထိုသို့ပင် တရားဝင် ကွာရှင်းပြတ်စဲခြင်း ပြီးမြောက်သွားသော အခါတွင် တရားဥပဒေကြောင်းအရ ပြီးစီးသွားသော ဆက်ဆံရေးတစ်ခုကို ရှေ့ဆက်ရန် မဖြစ်နိုင်တော့ပြီလား ။ သူမ၏ ဘဝအစိတ်အပိုင်း အတော်များများကို အတူတကွ ဖြတ်သန်းခဲ့သော သူတစ်ယောက်၏ ကံကြမ္မာကို သိရှိရသော အချိန်တွင် သူမမည်သို့ ခံစားရမည်ကို ကျွန်တော် စဉ်းစားကြည့်မိသည်။
ထို့နောက်တွင် လုံးဝ အထီးကျန်ဖြစ်နေသော ညဝတ်အကျင်္ီဖြင့် သေဆုံးနေသော သူအကြောင်းကို ဆက်၍ စဉ်းစားမိသည်။ အနှစ် ၂၀ လုံးလုံးပင် ကမ္ဘာပေါ်ရှိ လူတစ်ဦးတစ်ယောက်ကမျှ သူ၏ ခြေရာမျှမကျန်အောင် အလွယ်တကူ ပျောက်ဆုံးသွားမှုကို သတိမမူ မိကြပေ။ နောက်ဆုံးအနေနှင့် ကောက်ချက်ဆွဲမိသည်မှာ ဆာလောင်မွတ်သိပ်ခြင်း ရေငတ်ခြင်းတို့ ထက်ဆိုးသော၊ အလုပ်မရှိခြင်း ၊ အချစ်တွင် မပျော်ရွှင်ခြင်း၊ ရှုံးနိမ့်ခြင်း၊ စိတ်ပျက်အားငယ်သော အခြေအနေတွင် ရှိနေခြင်းတို့ထက် ဆိုးသော ထိုအရာများ အားလုံးထက် ဆိုးသော ခံစားချက်မှာ တစ်စုံတစ်ဦးကမျှ ကျွန်တော်တို့ကို ဂရုမစိုက်တော့သည့် ခံစားမှုပင်ဖြစ်သည် ဟူ၍ ဖြစ်သည်။
ထိုသူအတွက် ကျွန်တော်တို့ တိုးတိုးတိတ်တိတ်ဆုတောင်းရင်း ကျွန်တော်တို့ကို မိတ်ဆွေသူငယ်ချင်း၏ အရေးကြီးပုံကို စဉ်းစားမိစေသည့်အတွက် သူ့ကို ကျေးဇူးတင်ကြ ပါစို့။
(Paulo Coelho ၏ Like the flowing River: Thoughts and Reflection မှ The Dead Man Wore Pyjamas ကို ပြန်ဆိုထားပါသည်။)
5 comments:
အဆက်အသွယ်မလုပ်တဲ့ သူငယ်ချင်းအိမ်တွေကို အတင်းလိုက်လည်ပြီး အသက်ရှိသေးလား အမြဲစုံစမ်းရင် ကောင်းမလား။
မမွန် - အကြွေးရစရာ ရှိတဲ့ သူငယ်ချင်းတွေကို ဆက်သွယ်ချင်ရင် ဆင်ခြေပေးလို့ ကောင်းတာပေါ့။ :D
အဲဒီလို မိတ်ဆွေ အပေါင်းအသင်းမရှိတာ တော်တော် ဝမ်းနည်းဖို့ ကောင်းတာဘဲ။ ဇာတ်လမ်လေး တော်တော်ကောင်းတယ်။ အစက ဖတ်နေတော့ တကယ့် အဖြစ်အပျက်လားလို့ ထင်နေတာ။ ဒါပေမယ့် ကမာ္ဘပေါ်မှာ အဲဒီလို လူမသိ သူမသိ သေဆုံးသွားရတဲ့သူတွေ နည်းမှာမဟုတ်ဘူးဆိုတာတော့ သေချာတယ်။
ကိုလွိုင်လင်ရေ ဘာသာပြန်ထားတာလေးတွေ လာဖတ်သွားပါတယ် .........
ကိုလွိုင်လင်ကတော့ လာဖတ်တဲ့သူတွေကို ဗဟုသုတတွေပေးဝေနေသလို ဦးဏှောက်လဲပေးစားထားတာဘဲ .....
အားပေးပါတယ်ဗျာ .... အသစ်တွေထပ်မျှော်နေပ့ာမယ်
ပို့စ်အဟောင်းတွေလဲ ပြန်ဖတ်နေပါတယ် .....
Thinzar - တကယ့် အဖြစ်အပျက်လို့တော့ ထင်ပါတယ်။ ကျွန်တော်ကိုယ်တိုင် မကြုံတာပဲ ရှိတာပါ။
တောရိုင်းနှင်းဆီ - တစ်ယောက်တည်း ဦးနှောက်မစားချင်လို့ အားလုံးအတူတူ စားရအောင် အဖော်ညှိတဲ့ သဘောပါ။ :P လာဖတ်တဲ့ အတွက် ကျေးဇူးပါ။
Post a Comment