Search This Blog

Sunday, February 15, 2009

ရွှေမင်းသမီးသို့ အိပ်မက်ခြင်း

တယ်လီဖုန်းခွက်ကို ကိုင်ရင်း သူ့စိတ်တွေ လှုပ်ရှားနေတယ်။
ဖုန်းက လိုင်းဝင်နေပေမယ့် တူ..တူ ဆိုတဲ့ အသံရှည်မြည်ပြီး တစ်ဖက်က ဖုန်းမကိုင်သေးပါ။
“ဟဲလို”
အသံချိုချို ကလေးကို ကြားလိုက်ရလို့ ဝမ်းသာသွားတယ်။
“ပပလား။”
“သြော်..ကိုကျော်လား။ ဟုတ်ပါတယ်။”
ပပ က သူ့အသံကို မှတ်မိနေလို့ ထပ်ပြီး ဝမ်းသာသွားတယ်။
“ပပ။ ဒီနေ့ ရှုတင်မရှိဘူးလား။”
“အင်း။ မရှိဘူး။”
“အခု ဘာတွေ လုပ်နေသလဲ။”
“ဘာမှ မလုပ်ပါဘူး။ ကိုကျော် အခု ဘယ်ရောက်နေလဲ။”
“ကိုယ်လား။ အခုပဲ သင်္ဘောဆိုက်လို့ စင်ကာပူ ရောက်နေတယ်။”

ဒီလိုနဲ့ပဲ သူတို့ နှစ်ယောက်ကြားက ဆက်ဆံရေးက အလွန်ကို ဖြောင့်ဖြူးနေတာပါ။ ရန်ကုန်က နာမည်ကျော် မော်ဒယ်ဂဲလ် တစ်ယောက်က သူ့ကို အရေးတယူ လက်ခံ စကားပြောနေလို့ သူအလွန်ပျော်နေပါတယ်။ သူသာ ရန်ကုန်မှာ ဆိုလျှင်တော့ ကောင်မလေးက အဖက်လုပ်ပြီး စကားပြောချင်မှ ပြောမှာပါ။ အခုတော့ နိုင်ငံခြားက ဆက်နေတာမို့ အထင်ကြီးပြီး စကားပြန် ပြောနေတာ ဖြစ်မှာပေါ့။

အမှန်တကယ်တော့ ဒီဇာတ်လမ်းကို စခဲ့တဲ့သူက သူတို့ သင်္ဘောပေါ်က ကဒက် အရာရှိလောင်း မောင်သက် ပါပဲ။ သူကလည်း သင်္ဘောသား ပေါက်စ ကဒက် အရာရှိလောင်း တစ်ယောက်ပါပဲ။ မောင်သက် သင်္ဘောပေါ် စရောက်လာတော့ သူ့ကို ရန်ကုန်က နာမည်ကြီး မော်ဒယ်လ်ဂဲလ် တစ်ယောက်ရဲ့ ဖုန်းနံပါတ် ကို ပေးပါတယ်။ အစကတော့ လက်တည့်စမ်းတဲ့ သဘောနဲ့ သင်္ဘော ကမ်းကပ်နေတုန်း ဖုန်းဆက်ကြည့် တာပါ။ သူက နိုင်ငံခြားက ဆက်နေတဲ့ အကြောင်း ပြောပြီး မိတ်ဆက်တော့ ကောင်မလေးက ကြည်ကြည်သာသာပဲ ပြန်ပြီး လက်ခံ စကားပြော ပါတယ်။

အဲဒီလိုနဲ့ပဲ သူကမ်းဆင်းတိုင်း ကောင်မလေးဆီကို ဖုန်းဆက် ဖြစ်တယ်။ ကောင်မလေးရဲ့ ဓာတ်ပုံတွေပါတဲ့ မဂ္ဂဇင်းတွေ ကိုလည်း ကြုံတိုင်းကြိုက်တိုင်း ဝယ်သိမ်း ထားရတာပေါ့။ ဒီလို နာမည်ကြီးတဲ့ စူပါမော်ဒယ်လ် တစ်ယောက်နဲ့ ဇာတ်လမ်း ဖြစ်ရတာ နည်းနည်းနောနော အခွင့် အရေးမှ မဟုတ်တာ။ ရှေ့မှာလည်း သာဓကတွေ ရှိတယ်လေ။ နာမည်ကြီးတဲ့ မင်းသမီးတွေ အဆိုတော်မတွေ ယူလိုက်ရင် နိုင်ငံခြားက ပြန်လာတဲ့ သူတွေနဲ့ ချည်းပဲ မဟုတ်လား။ သူ့သူငယ်ချင်းတွေကလည်း သူ့ကို နာမည်ကြီး မော်ဒယ်ဂဲလ် တစ်ယောက်နဲ့ အဆင်ပြေနေလို့ ကြိတ်ပြီး မနာလို ဖြစ်နေကြတယ်။

သူ့အတွက်တော့ သင်္ဘောကမ်းကပ်တိုင်း ဖုန်းကတ် ပြေးဝယ်ပြီး ကောင်မလေးဆီကို ဖုန်းဆက်ရတာ အမောပါ။ ရန်ကုန် ဖုန်းဆက်ဖို့ ဖုန်းကတ်ဝယ်ရတဲ့ ပိုက်ဆံက ကုန်လိုက်တာ သောက်သောက်လဲ ပါပဲ။ တစ်ခါတစ်လေ ဖုန်းကတ် မရှိရင်လည်း ဟင်းန်ဖုန်းနဲ့ပဲ ခေါ်ရတာပေါ့။ တစ်ခါတစ်ခါ ဖုန်းဆက်ရင်လည်း နာရီဝက်လောက် ကတော့ အနည်းဆုံး ကြာတာပါပဲ။ ဘာပဲဖြစ်ဖြစ်လေ။ နာမည်ကျော် မော်ဒယ်ဂဲလ် တစ်ယောက်ကို ရဖို့ ဒီလောက်တော့ ရင်းရမယ် ဆိုတာ သူနားလည် ပါတယ်။ သူကပဲ စကားပြော ကောင်းတာလား။ ကံကိုကပဲ သူ့ဖက်မှာ ရှိနေလို့လားတော့ မသိပါဘူး။ ကောင်မလေးနဲ့ သူနဲ့ ဇာတ်လမ်းက ခြောက်လ နီးပါးလောက် ကြာရှည်တဲ့ အထိ အဆင်ပြေနေတုန်းပါ။

ဒီလိုနဲ့ တစ်နေ့မှာတော့ ထုံးစံအတိုင်း ကမ်းဆင်းတာနဲ့ သူကောင်မလေးဆီကို ဖုန်းခေါ်ဖြစ်ပါတယ်။
“ဟဲလို၊”
“ပပလား။”
“ဟုတ်ပါတယ်။ အော်.. ကိုကျော်လား။”
“အင်း။ ဟုတ်တယ်။ အခု စင်ကာပူ ရောက်နေလို့ လှမ်းခေါ်လိုက်တာ။”
“ဒီမယ်။ ကျွန်မ ရှင့်ကို အတည် စကားပြောစရာ ရှိတယ်။”
“အင်း။ ပြော။”
“ကျွန်မ ပပဝင်းခင် မဟုတ်ဘူးရှင့်။ ရှင် နိုင်ငံခြားက ဆက်နေတယ် ဆိုတာလည်း ကျွန်မမယုံဘူး။”
“ဘာ။ ဘယ်လို။”
“ဟုတ်တယ်။ ရှင်က ဖုန်းဆက်ပြီး ကျွန်မကို ပပဝင်းခင် လားလို့ မေးတော့ ကျွန်မကလည်း နောက်ပြီး ဟုတ်တယ် လို့ ပြန်ဖြေတာ။ ရှင်က သိသိကြီးနဲ့ မဟုတ်မှန်း သိရက်နဲ့ မေးတာကိုး။ ဒါပေမယ့် ရှင်ကလည်း နိုင်ငံခြားက ဆက်နေတယ်လို့ ကျွန်မကို နောက်ပြီး ပြောတာပဲ မဟုတ်လား။”
“ပပ တကယ်ပြောနေတာလား။”
“သြော် ရှင့်ကို ပြောပြီးပြီပဲ။ ကျွန်မ ပပဝင်းခင် မဟုတ်ပါဘူးလို့။ ရှင်လည်း ကျွန်မကို ဘတ်ကီး မရိုက်နဲ့။ ရှင်နိုင်ငံခြားက ဆက်နေတယ် ဆိုတာ ဘယ်လိုပြောပြော ကျွန်မ မယုံဘူး။”

အဲဒီတုန်းက ရန်ကုန်က ဖုန်းတွေမှာ Caller ID မပေါ်သေးပါဘူး။ သူ လေကုန်ခံ ရှင်းပြပေမယ့်လည်း ကောင်မလေးက သူနိုင်ငံခြားက ဆက်တယ် ဆိုတာကို ဘယ်လိုမှ မယုံပါဘူး။ တမင်တကာ ဇာတ်လမ်း လာလုပ်နေတယ် လို့ပဲ ထင်ပါတယ်။ သူ့မှာတော့ ပပဝင်းခင် ထင်လို့ ၆ လလုံးလုံး ဖုန်းခတွေ အကုန်ခံ ခဲ့ပါတယ်။ အခုတော့လည်း သူ့ကို ချောက်ချတဲ့ မောင်သက်ကို အမှုန့်ကြိတ်ပစ် ချင်စိတ် ပေါက်နေပါတယ်။

ဒါပေမယ့် မောင်သက်ကို သွားပြသနာရှာမိတာ သူ့ရဲ့ ဒုတိယမြောက် အမှားပါပဲ။ မောင်သက်က အဲဒီကိစ္စကို ဖွလိုက်လို့ ဒီကိစ္စက ဟားစရာ တစ်ခု အနေနဲ့ ပြန့်သွားပါတယ်။ ဒီလိုနဲ့ပဲ နောက်ဆုံးတော့ သူတို့ သူငယ်ချင်းတွေကြားမှာ မောင်ကျော်တစ်ယောက် ရန်ကုန်က ဘယ်သူမှန်းမသိတဲ့ ကောင်မလေး တစ်ယောက်ကို ပပဝင်းခင်လို့ ထင်ပြီး ၆ လတိတိ ဖုန်းခ အကုန်ခံ ဇာတ်လမ်း လုပ်ခဲ့တယ် ဆိုတဲ့ အဖြစ်က တွေ့တိုင်း ပြောစရာ ဟာသ တစ်ခုအဖြစ် ကျန်ခဲ့ပါတော့တယ်။

10 comments:

Anonymous said...

ဖြစ်ရလေ။ အဲဒီလူကလဲ မမေးမစမ်းဘူးလားနော်။
တကယ်ဖြစ်မယ်လို့ယုံတယ်။ လူနောက်တွေချည်းပဲမို့။
mm

JuneOne said...

ဟုတ်ပကွယ်။

khin oo may said...

တို့သာဆိုရင် ဇာတ်လမ်းကလေး ဆက်လိုက်ဦးမယ်။ ခြောက်လ တိတိ ဖုံးပြောခဲ့တဲ့သံယောဇဥင်္ဆိုတာ မနညး်ပါဘူး.တစ်ယောက်နဲ့တစ်ယောက် စကားပြောလို့ရတယ်ဆိုတာ ခံစားချက်ခြင်းတူမှ ပြောလို့ရတာပါ။ ခံစားချက်ခြင်းမတူရင် ပြောလို့မရပါဘူး.ခဏဘဲပြောတယ်ဆိုရင်ောတ့ မသိသာပေမဲ့ လူတစ်ယောက် ကို နာရီဝက် စကားပြောဘိုိ့ဆိုတာ မလွယ်ပါဘူး။

အဲဒီတော့ သူမကလေးက ပပဝငး်ခင် မဟုတ်ပါဘူးဆိုလဲ ကိစ မရှိပါဘူး. ကိုယ် က ပပဝင်းခင် နဲ့ ခင်နေတာ မဟုတ် အခု ညီမ နဲ့ဘဲ ခင်နေတာ ဆိုောတ့ညီမ ကိုဘဲ သံ့ယောဖဉ် ဖြစ်နေပါပြီ. ဆိုပြိး အပြန်မှာ တွေ့ခွင့်တောင်..ရေမွေးတို့ ပိုက်ပိုက်အိတ် တို့အနွေးထည် တို့ ဘာတို့ ညာတို့လက်ဆောင်သွားပေး..ရုပ်ကလေးက သင့်တယ် ဆိုရင် ကဲ.. အဲဒါဆိုရင်...

ဒါနဲဘဲ တို့မှာ ရည်းစားများသွားရခြင်းဖြစ်ပါတယ်ကွယ်။

sin dan lar said...

၆ လတောင်ဖုန်းပြောပြီးမှ ကောင်မလေးက သစ်စိမ်းချိုးချိုးတယ်ပေါ့...။
ပထမတုံးကတော့ သူပါအလိုတူအလိုပါ ပြောနေပြီးမှ.....။
မမကေအိုအမ် မန့်တာဖတ်ရင်း.. ဟုတ်သားပဲလို့ထောက်ခံလာတာ...
အောက်ဆုံးပိုဒ်ရောက်တော့မှ ရယ်ရတယ်...။

နွေးနေခြည် said...

မမကေအိုအမ်ပြောတာ ဟုတ်တယ်။ အဲလိုပြောလိုက်ပြီးရော...
သူကိုက မော်ဒယ်မလေးနဲ့ရည်းစားဖြစ်ချင်တယ်ဆိုတဲ့ လောဘကြီးနေတာ...
တကယ်အချစ်စစ် လိုချင်တာမှမဟုတ်တာ

မီယာ said...

နံမည်ကိုကြိုက်တာလား လူကိုကြိုက်တာလား။ မမကတော့ သူ့ပညာတွေ ထုတ်ပြနေပါပြီ...

သဥ္ဇာ - Thinzar said...

ဟုတ်တော့ဟုတ်သား။ Caller ID မရှိသေးတော့ ကောင်မလေးက ဘယ်လိုမှ ယုံချင်စရာမှ မရှိတာ။ ဆက်တဲ့သူကသာ ပိုက်ဆံအကုန်ခံပြီး ပင်ပင်ပန်းပန်း ဆက်ရတော့ အဲဒါ မတွေးမိဘူးနေမယ်။

Moe Cho Thinn said...

နွေးနေခြည် ပြောတဲ့အတိုင်း တသွေမတိမ်း ပြောသွားသည်။

Ko Boyz said...

တစ်ကယ်လို့ ပပဝင်းခင် အစစ် ဖြစ်နေပြီးတော့ သူ့ဆီက ဖုန်းဆက်တာကို လက်ခံ မပြောချင်တော့လို့ ဒီလို လုပ်ကြံလီဆယ်လိုက်ရတာပါဆိုရင်...။ အဲလို ဆိုရင်ကော ဘယ်လိုပြောကြမလဲ...။ အခုပြန်မဆက်ကြည့်မိဘူူးလား...။ အစမ်းပေါ့ဗျာ။ ခုက ကောလား အိုင်ဒီတွေ ပေါ်နေတော့ ...။

Phyo Maw said...

Ko Boyz ကလည်း ပင့်တတ်လိုက်တာနော် အချွန်နဲ့။ ၆ လစာက နေ လေဆာ ဖြစ်ခိုင်းတာ ကျနေတာပဲ။