Search This Blog

Friday, February 6, 2009

စိတ်ညစ်ပျောက်ဖို့ ရေးတဲ့စာ (၁)

လူတိုင်း စိတ်ညစ်တတ်ကြတယ်။ စိတ်ညစ်စရာ အကြောင်းကလည်း အမျိုးမျိုး ရှိတယ်။ နောက်တစ်ပတ် ဖြေရမယ့် စာမေးပွဲအတွက် စိတ်ညစ်မယ်၊ အလုပ်က လူလျှော့တဲ့အထဲ ပါသွားမှာ စိုးလို့ စိတ်ညစ်မယ်၊ ပိုက်ဆံမရှိလို့ စိတ်ညစ်မယ် ၊ ရည်းစားနဲ့ ကွိုင်တက်လို့ စိတ်ညစ်မယ် စသည်ဖြင့် တစ်ယောက်တစ်မျိုး မရိုးနိုင်အောင် ရှိကြတယ်။

တစ်ချို့က အမြဲတမ်း ပါးစပ်က “စိတ်ညစ်ပါတယ်။” ဆိုတဲ့ စကားကို ထပ်ခါတလဲလဲ ရွတ်နေပြီး စိတ်ညစ်တာကို ဖျောက်ဖျက်ပစ်ဖို့ နည်းလမ်း မရှာကြဘူး။ တစ်ချို့ကတော့ စိတ်ညစ်စရာကို ခေါင်းထဲမှာ ခဏထားပြီး ဘာမှ မဟုတ်သလို ဆက်နေနိုင်တယ်။ အဲဒီတော့ စိတ်ညစ်စရာကို ခေါင်းထဲမှာ ထည့်မထားတတ်တဲ့ လူစားမျိုး မဖြစ်ချင် ဘူးလား။ နည်းလမ်းတွေ အလုံအလောက် ရှိပါတယ်။ အောက်မှာ ရေးထားတဲ့ နည်းလေးတွေ စမ်းကြည့်ပါလား။

ပထမဆုံးနည်းကတော့ တစ်နေ့တစ်ခါ နေဖို့ပဲ။ ဆိုလိုချင်တာက အတိတ်ဆိုတာ ပြီးသွားပြီ။ အတိတ်ကို ပြန်စဉ်းစားမနေနဲ့။ အနာဂတ်ဆိုတာ ရောက်မလာသေးဘူး။ အနာဂတ်အတွက် တွေးမပူနဲ့။ အခုလက်ရှိ ပစ္စုပ္ပန်က ကိုယ့်အတွက် အနာဂတ်ပဲ။

အလုပ်မှာ လူလျော့တဲ့အထဲ ပါမှာ စိုးရိမ်လား။ အရင်တုန်းက ငါသာ ကြိုးကြိုးစားစား လုပ်ခဲ့ရင် ပြုတ်ဖို့ စိုးရိမ်စရာမရှိဘူး ဆိုပြီး နောင်တ ရမနေနဲ့။ နောင်တရတော့ ရော ဘာတတ်နိုင်သလဲ။ ဘာမှ မတတ်နိုင်ဘူး မဟုတ်လား။ အတိတ်ဆိုတာကြီးကို ပြန်တွေးပြီး ညစ်မနေနဲ့။ ခေါက်ထားလိုက်။ နောက်ပြီး ပြုတ်တော့မယ် ဆိုတာကြီးကို တွေးပြီး စိတ်ပူမနေနဲ့။ ပြုတ်မယ် မပြုတ်ဘူး ဆိုတာ သေချာပေါက် ပြောလို့ရတာမှ မဟုတ်တာ။ အခု မပြုတ်သေးဘူး မဟုတ်လား။ တတ်နိုင်သလောက် အခု အကောင်းဆုံး လုပ်လိုက်ဦး။ အလုပ် မပြုတ်ရင် စိုးရိမ်တာ အလကားသက်သက် စိတ်အနှောင့်အယှက် ဖြစ်တယ်။

ရည်းစားနဲ့ ကွိုင်တက်လို့ စိတ်ညစ်နေသလား။ ဘာလုပ်လို့ ရသလဲ။ ပြန်ချော့လို့ ရသလား။ ချော့လိုက်ပေါ့။ ပြန်ချော့လို့ မရဘူးလား။ မရတော့လည်း မရဘူးပဲ ထားလိုက်ပေါ့။ ဒီလိုသာ မဖြစ်ခဲ့ရင် သူနဲ့ ကွိုင်မှာ မဟုတ်ဘူး ဆိုပြီး တွေးပြီး စိတ်ညစ် မနေနဲ့လေ။ ကွိုင်က တက်ပြီးပြီပဲ။ ပြန်မပြေလည်ရင် ဒုက္ခ ဆိုပြီးတော့လည်း တွေးမပူနဲ့။ မပြေလည်ကာမှ ရှိစေတော့ ။ အခုတော့ ဘာမှ တပ်အပ်ပြောလို့ ရတာမှ မဟုတ်တာ။ ပျော်ပျော်နေပေါ့။

ပိုက်ဆံ မရှိဘူးလား။ ရှာပေါ့။ နိုင်ငံခြားမှာ နေရင် ပိုက်ဆံရှာလို့ ရတဲ့နည်းလမ်းတွေ အများကြီး ရှိတာပဲ။ အရင်က မရှာမိခဲ့လေခြင်း ဆိုပြီး နောင်တ မရနဲ့လေ။ အသက်ကြီးလာတဲ့ အချိန် ပိုက်ဆံမရှိရင် ဒုက္ခဆိုပြီး တွေးပူမနေနဲ့။ အချိန်ကုန်တယ်။ အခုရှာလို့ရ သလောက်သာ ရှာပေတော့။ အဲဒါ လက်တွေ့ အကျဆုံးနည်းလမ်းပဲ။ လောလောဆယ် သုံးစရာမရှိရင်တော့ ခဏတဖြုတ် ချေးငှားပြီး သုံးလိုက်ဦးပေါ့။

အဲဒီလို အနာဂတ်ကို ပြင်ဆင်ရုံ ပြင်ဆင်ပြီး ကြိုတွေးမပူဘူး ဆိုရင် စိတ်ထဲမှာ ခွန်အား တွေပိုရှိလာမယ်။ အတွေးအခေါ်ကောင်းတွေ ဆုံးဖြတ်ချက်ကောင်းတွေ ပိုပြီး ထွက်လာမယ်။ အခု လက်ရှိပစ္စုပ္ပန်မှာ လုပ်နေတဲ့ အလုပ်တွေကို ပိုပြီး အောင်မြင်အောင် လုပ်နိုင်မယ်။

အဲဒီလို လုပ်လို့ မပြေလည်သေးဘူးလား။ ဒုတိယနည်း ရှိတယ်။ အဆိုးဆုံး ဘာဖြစ်နိုင်သလဲ ဆိုတာကိုတွေး။ အဲဒီ အခြေအနေကို ရင်ဆိုင်နိုင်အောင် အားမွေးကြည့်။ ပြီးရင် အခုကြုံနေရတဲ့ အခြေအနေကို ပြန်တွေးကြည့်။ အခု ကြုံနေရတာ ဘာမှမဟုတ်ဘူး ဆိုပြီး စိတ်သက်သာရာ ရသွားလိမ့်မယ်။

ခုန ဥပမာ တွေနဲ့ ပြန်စဉ်းစားကြည့်ပါ။ အလုပ်ပြုတ်မှာ တွေးပူနေသလား။ အဆိုးဆုံး အခြေအနေ တွေးကြည့်ပါ။ ဘာဖြစ်နိုင်မလဲ။ အလုပ် ပြုတ်ဖို့ ပေါ့။ အလုတ်ပြုတ်တော့ ဘာလုပ်မလဲ စဉ်းစားကြည့်။ အလုပ်အသစ် ရှာမှာပေါ့။ အခုလက်ရှိ အလုပ်ထက် ပိုကောင်းတဲ့ အလုပ်တောင် ရနိုင်သေးတယ်။ မရတော့ကော ဘာဖြစ်လဲ။ မရတော့ ရွာပြန် ခဏတဖြုတ် နားပြီး ပြန်လာပေါ့။ တစ်သက်လုံး အလုပ်ရှာလို့ မရတဲ့သူဆိုတာ မရှိပါဘူး။ ကဲ အခု အခြေ အနေ ပြန်စဉ်းစားကြည့်။ အခု အလုပ်လက်ရှိ ရှိနေသေးတယ်။ ခုန စဉ်းစားသလောက် အခြေအနေ ဆိုးသွားပြီလား။ ဟင့်အင်း။ အခု အဲဒီလောက် မဆိုးသေးဘူး မဟုတ်လား။ အလုပ်အကိုင်က လက်ရှိ ရှိနေသေးတယ် မဟုတ်လား။ အခု အခြေအနေက မဆိုးသေးပါဘူး လို့ ခံစားလို့ ရသွားပြီ မဟုတ်လား။

ရည်းစားနဲ့ ကွိုင်တက်လို့ စိတ်ညစ်တဲ့ ဥပမာ ကြည့်ကြည့်ပါ။ အဆိုးဆုံး ဘာဖြစ်နိုင်မလဲ ။ ကွဲရုံပေါ့။ စိတ်မကုန် သေးဘူးလား။ နောက်ကြုံရင် ထပ်ကြိုးစားကြည့်ဦးပေါ့။ စိတ်ကုန်ပြီလား။ အဲဒါဆို နောက်တစ်ယောက် ရှာပေါ့။ လွယ်လွယ်လေးပဲ။ ကံကောင်းရင် ဝတ်မှုန်ရွှေရည်တို့ Megan Fox တို့လို ကောင်မလေး ချောချောလေး တွေတောင် ရနိုင်သေးတယ်။ ကဲ ပြန်စဉ်းစားကြည့်။ အခု ရည်းစားနဲ့ ကွဲပြီလား။ မကွဲသေးဘူး မဟုတ်လား။ အဲဒါဆို သိပ် မဆိုးသေးဘူး မဟုတ်လား။

ပိုက်ဆံမရှိဘူးလား။ ဒါမှမဟုတ် အကြွေးတွေ လည်ပင်းခိုက်နေလား။ အဆိုးဆုံးက ဘာလဲ။ လူမွဲစာရင်း ခံလိုက်ရုံပေါ့။ လူမွဲစာရင်း ခံလည်း အလုပ်လုပ်လို့ ရသေးတာပဲ။ အကြွေးကို ဖြည်းဖြည်းချင်း ပြန်ဆပ်ပြီး လူမွဲစာရင်းက လွတ်အောင် လုပ်လို့ ရသေးတာပဲ။ ဟုတ်ပြီလား။ အဲဒီတော့ အခု အခြေအနေကို ပြန်စဉ်းစားကြည့်။ လူမွဲစာရင်း ခံတဲ့ အခြေအနေ ရောက်နေပြီလား။ မရောက်သေးပါဘူး။ လူမွဲစာရင်း ခံနေရတာနဲ့ စာရင် အခု လက်ရှိ အနေအထားက တော်သေးတယ် မဟုတ်လား။

(ဝန်ခံချက်။ ။ Dale Carnegie ၏ How to stop worrying and start living ထဲမှ နည်းလမ်းများကို ထပ်ဆင့် အတွေးပွား ထားခြင်း ဖြစ်ပါသည်။)

10 comments:

မီယာ said...

ပျော်ပျော်နေ သေခဲ... စိတ်ညစ်ရင် ဂီတာတီး.. ကာရာအိုကေသွားဆို .. လမ်းလျှောက်ထွက်... ရေခဲမုန့်ဝယ်စား.. လုပ်စရာတွေ အများကြီး

Moe Cho Thinn said...

ဟုတ်တယ်။ ကြိုတွေး စိတ်ညစ်နေလို့လဲ အပိုပါပဲ။
ငယ်ငယ်က လေရူးသုန်သုန် ထဲက စကားလက်အိုဟာရာရဲ့ စကားတခွန်းကို စိတ်ညစ်လာရင် အမြဲသတိရတယ်။ အခု မစဉ်းစားသေးဘူး၊ မနက်ဖြန်ကျမှ စဉ်းစားမယ် တဲ့။ ကြိုစဉ်းစားနေလဲ ကြိုစိတ်ညစ်ရုံပဲ ရှိတော့မပေါ့။ အခုကြုံလာရတာကို အခု အကောင်းဆုံး ဖြေရှင်းလိုက်။ စိတ်ညစ်စရာ ဒုက္ခဆိုတာ ပေါ လွန်းလို့လေ။ တခါတလေတော့လဲ အဲဒီလို စိတ်ညစ်စရာကို မနက်ဖြန် မနက်ဖြန် နဲ့ ရက်ရွှေ့လိုက်တာ တကယ်အသုံးဝင်တာ လက်တွေ့။ :)

Craton said...

အစ်ကိုပြောသလို ခေါက်ထားလိုက်ပြီ း)

sin dan lar said...

မနက်ဖြန်ကျမှ ညစ်ပါတော့မည်။

khin oo may said...

ကျန်းမာရေးကောငး်ရင်ပြီးတာဘဲ။။

ပုံရိပ် said...

ပုံရိပ်လည်း စိတ်ညစ်ရင် ကိုယ့်ထက် ဆိုးနိုင်တဲ့ အခြေအနေကို စဉ်းစား ကြည့်တယ်။ ကိုယ့်မှာ ရှိနေတဲ့ အခြေအနေလေးတွေကို တန်ဖိုးထား ကြည့်တယ်။ အဲဒါဆို သက်သာတယ်။

♥ Acacia ♥ said...

သိပ်တန်ဖိုးရှိတဲ့စကားပါပဲ ပြန်လာလည်ပြီးစာတွေဖတ်သွားပါတယ်

JuneOne said...

ခေါက်ထားလိုက်ပြီ။

အပြုံးပန်း said...

စိတ်ညစ်တယ်ဆိုတဲ့စကား ဘယ်တော့မှ မပြောဘူး။
အဲဒီလိုခပ်ဆင်ဆင်တူတဲ့ စကားတွေလဲ မပြောဘူး၊
လောကကြီးကို အကောင်းပဲမြင်တယ်။
တခါတလေပဲ.... ဘာမှမတတ်နိုင်တာကို ...စိတ်ရူတ်တတ်တယ်. ခဏပါ။

pandora said...

မှန်ပါတယ်။ အခုအချိန်မှာ ဒီလိုစာမျိုးရေးသင့်တယ်။