Search This Blog

Thursday, March 5, 2009

အမှတ်တရ အိန္ဒိယခရီး (၃)

အိန္ဒိယ ရောက်ပြီး ဒုတိယနေ့ကတော့ ဘာမှ ထူးထူးခြားခြား ပြောစရာ မရှိပါ။ မနက်ခင်း ကတည်းက စက်ရုံသွားပြီး မနက်ခင်းပိုင်းမှာ စက်ကို ဘယ်လို သုံးရတယ် ဆိုတာကို အော်ပရေတာတွေကို သင်ပေးရပြီး ညနေပိုင်းမှာတော့ အင်ဂျင်နီယာတွေကို စက်ကို ဘယ်လို Setup လုပ်ရတယ်၊ ဘယ်လို ပြင်ရတယ် ဆိုတာတွေကို သင်ပေးရပါတယ်။ အော်ပရေတာတွေက သိပ်ပြီး မမေးကြပေမယ့် အင်ဂျင်နီယာတွေကတော့ ကတ်သီးကတ်သတ် ဝိုင်းမေးကြပါတယ်။ သူတို့ မေးသမျှ ဖြေနိုင်လို့ တော်ပါသေးတယ်။ ညနေစောင်းမှ သင်တန်းပေးလို့ ပြီးတော့ တာ့ဂ်ျမဟာရ်လည်း မရောက်တော့ပါဘူး။

တာ့ဂ်ျမဟာရ်က အိန္ဒိယက အက်ဂရာ ဒေသမှာ ရှိပြီး ရှားဂျာဟန် ဆိုတဲ့ မူဂယ်ဘုရင်က သူ့ရဲ့ ဇနီးတစ်ယောက် ဖြစ်တဲ့ (သူ့မှာ ဇနီးတွေ အများကြီး ရှိပါတယ်။) မန်တဇ်မဟာရ် ကို ချစ်မြတ်နိုးလွန်းလို့ လွမ်းဆွတ်တသ ရည်စူးပြီး တည်ဆောက်ခဲ့တဲ့ ဂူသင်္ချိုင်းကြီး တစ်ခု ဖြစ်ပါတယ်။ အချစ်ရဲ့ ခမ်းနားကြီးကျယ်တဲ့ သင်္ကေတလို့ ပြောရင် မမှားပါဘူး။ နောက်တစ်နေ့ ညနေ ပြန်တော့မှာ ဖြစ်လို့ တာ့ဂ်ျမဟာရ်သွားမယ့် အကြံ ကိုတော့ လက်လျှော့ လိုက်ပါတယ်။

နောက်ဆုံးနေခဲ့တဲ့ နေ့က သောကြာနေ့ပါ။ ကံကောင်းထောက်မစွာပဲ အစမ်း ထုတ်လုပ်တဲ့ ပစ္စည်းတွေ အကုန်လုံး စံချိန်စံညွှန်း မီပါတယ်။ နောက်တစ်နေ့ စနေနေ့မှာ သူတို့ Pilot-run ကို အကြီးအကျယ် လုပ်ဖို့ အစီအစဉ်ရှိပါတယ်။ အိန္ဒိယ အင်ဂျင်နီယာက ကျွန်တော့်ကို စနေနေ့ ညနေမှ ပြန်ဖို့ အတင်းဆွဲ ပါတယ်။ ပြသနာ ဖြစ်ရင် သူတို့ ရှင်းမရမှာ စိုးလို့ပါ။ ကျွန်တော်ကတော့ စင်ကာပူ မှာ လုပ်စရာတွေ အများကြီး ရှိသေးတယ်။ စနေနေ့လည်း ရုံးပြန်သွားရဦးမယ် လို့ သူ့ကို ဘတ်ကီး ရိုက်ထားပါတယ်။ လိုတာရှိရင် ဖုန်းဆက်လိုက်လေ လို့တော့ မှာခဲ့ပါတယ်။ အမှန်တော့ ရုံးက သွားစရာ မလိုပါဘူး။ စနေ တနင်္ဂနွေ အေးအေးဆေးဆေး နားချင်လို့ အကြံအဖန် လုပ်တာပါ။

ညနေခင်း မှာတော့ စင်ကာပူက လာတဲ့ ဂျပန် အင်ဂျင်နီယာက ကျွန်တော်တို့ကို အနောက်တိုင်း စားသောက်ဆိုင် တစ်ခုမှာ ညစာ လိုက်ကွေျးပါတယ်။ အစားအသောက် ကတော့ မထူးခြားပါဘူး။ ထူးခြားတာက စားနေတဲ့အချိန်မှာ စားပွဲထိုးတွေက ဆိုင်ရဲ့ တစ်နေရာမှာ စုပြီး သံချပ်ထိုးသလို လက်ခုပ်တီးပြီး သံပြိုင် အော်ကြတာပါ။ ဘာထုံးစံလဲတော့ မသိပါ။ သူတို့ရဲ့ အိန္ဒိယသံဝဲဝဲ သံချပ်ထဲမှာ Chicken Bone ဆိုတဲ့ တစ်လုံးပဲ နားလည်လိုက် ပါတယ်။ စားသောက်ဆိုင်က ပြန်ထွက်တော့ ဂျပန်က သူတို့ကို ဟိုတယ် အရင် ပြန်ပို့ပေးပါလို့ ပြောလို့ သူတို့ကို ဟိုတယ် ပြန်ပို့ခဲ့ပါတယ်။

လမ်းမှာ ဂျပန်အင်ဂျင်နီယာနဲ့ ကျွန်တော် ဂျပန်လို တွတ်နေကြလို့ အိန္ဒိယ အင်ဂျင်နီယာက သူမသိစေချင်တဲ့ အကြောင်းမို့ ဂျပန်လို ပြောနေတယ် ထင်သလားတော့ မသိပါ။ ဘေးကနေ မျက်နှာကြီး မဲနေပါတယ်။ အမှန်တကယ်တော့ ကျွန်တော်တို့ နှစ်ယောက် ပါးစပ်ထဲ တွေ့ကရာ လျှောက်ပြောနေကြတာပါ။ ဂျပန်ကို ဟိုတယ်မှာ ပို့ထားခဲ့ပြီးမှ သူပြောပြလို့ အဲဒီဂျပန်က ရိုးရိုး အင်ဂျင်နီယာ မဟုတ်ဘဲ သူတို့ ကုမ္ပဏီရဲ့ အာရှ-ပစိဖိတ် ဒေသမှာ အကြီးဆုံး ဘောစိ ဆိုတာ သိလိုက်ရပါတယ်။ လက်စသပ်တော့ သူ့အကြောင်း သူ့ဘောစိကို တိုင်မှာ လန့်နေတာကိုး ဆိုတာ အဲဒီတော့မှ သဘောပေါက် သွားပါတယ်။ ငါတို့ ဒီလိုပဲ ရောက်တတ်ရာရာ ပြောနေကြတာ ပါကွာဆိုမှ သူ့ရဲ့ ခုနက ပုပ်သိုးနေတဲ့ မျက်နှာက ပြန်ကြည်လာပါတယ်။

ဟိုတယ်မှာ သူတို့ကို ချထားခဲ့ပြီး ကျွန်တော်တို့ လေဆိပ်ဆင်းခဲ့ကြပါတယ်။ လေယာဉ်ပျံ ထွက်ဖို့ ၃ နာရီလောက် လိုပါသေးတယ်။ ဒါပေမယ့် လမ်းမှာ ယာဉ်ကြောတွေ ပိတ်နေလို့ နယူးဒေလီ လေဆိပ်ကို ရောက်ဖို့ ၂ နာရီ လောက် ကြာသွားပါတယ်။ ကျွန်တော် လေဆိပ်ရောက်တော့ လေယာဉ်ပျံထွက်ဖို့ ၄၅ မိနစ်လောက်ပဲ လိုပါတော့တယ်။ ပထမဆုံး လုံခြုံရေးဂိတ် ကို ဖြတ်ပြီးတော့ Check-in ဝင်ဖို့ ကောင်တာ လိုက်ရှာတာ မတွေ့တော့ပါဘူး။ အဲဒီအနားမှာ ရှိတဲ့ သူတွေကို လိုက်မေးတော့ ကျွန်တော့်ကို လမ်းညွှန်ပေးကြ ပါတယ်။ ဒါပေမယ့် သူတို့ပြောတဲ့ နေရာမှာလည်း ရှာမတွေ့ပါဘူး။ လေယာဉ်ထွက်ဖို့ အချိန်ကလည်း နီးနေပါပြီ။ ကျွန်တော်လည်း ဂျွတ်စ်ကိုက် နေပါပြီ။

စင်ကာပူ လေကြောင်းလိုင်းက ပုံမှန် လေယာဉ်ပျံ မထွက်ခင် ၁ နာရီ ကြိုပြီး ကောင်တာ ပိတ်တတ်ပါတယ်။ နောက်ဆုံးတော့ ဟိုလူ့မေး ဒီလူ့မေးနဲ့ စင်ကာပူ လေကြောင်းလိုင်း ကောင်တာကို ရှာတွေ့သွားပါတယ်။ ကောင်တာကို ရှာမတွေ့ရတဲ့ အကြောင်းရင်း ကတော့ သူတို့က ကောင်တာပိတ်လိုက်ပြီ ဖြစ်လို့ မီးတွေပါ ပိတ်လိုက်လို့ပါ။ ကံကောင်း ထောက်မစွာပဲ အဲဒီမှာ စင်ကာပူ လေကြောင်းလိုင်းက ဝန်ထမ်းတစ်ယောက် ရှိနေ ပါသေးတယ်။ ကျွန်တော် သူ့ဆီသွားပြီး Check-in လုပ်ချင်တယ် ပြောတော့ မရတော့ဘူး။ ကောင်တာ ပိတ်သွားပြီ ဆိုပြီး လက်မခံ တော့ ပါဘူး။ နောက်မှ သူက Business Class က ခရီးသည်လား လို့ ပြန်မေးပါတယ်။ နောက်သလိုတော့ ဖြစ်နေပြီ။ လေယာဉ်ပျံစီးတိုင်း ဘယ်တုန်းကမှ Business Class က မစီးဖူးပါဘူး။ Business Class ခရီးသည် ဆိုရင်တော့ လုပ်ပေးမယ် လို့ သူက ပြောပါတယ်။ အခု လေယာဉ်ပျံနဲ့ ပါသွားဖို့ပဲ Business Class က ပြောင်းစီးရမလို ပုံစံပါပဲ။ အကြံရတာနဲ့ ကျွန်တော့် အိတ်ထဲက ကတ်ဒ် ကလေး ထုတ်ပြပြီး ငါ Business Class က ခရီးသည်တော့ မဟုတ်ဘူး Star Alliance Gold Member ပါ။ ကူညီပါ ဆိုပြီး အထွန့်တက် ကြည့်ပါတယ်။ သူက ဝေါ့ကီတော့ကီ ကိုထုတ်ပြီး နောက်ဆုံးအိတ် လာမယ် ဆိုပြီး လှမ်းပြောလိုက်တာ ကြားရမှ ပျော်သွားပါတယ်။ အဲဒီနားမှာ အိတ်ဆိုလို့ ကျွန်တော့်အိတ်တစ်လုံးပဲ ရှိပါတော့တယ်။ အဲဒီ ကတ်ဒ်ပြားကလေး ကယ်လိုက်လို့ တော်ပါသေးတယ်။

ကိစ္စတစ်ခုတော့ ငြိမ်းသွားပါပြီ။ ဒါပေမယ့် နောက်ထပ် ရှင်းရမယ့် ကိစ္စတွေ ရှိပါသေးတယ်။ လူဝင်မှုကြီးကြပ်ရေး ကောင်တာမှာတော့ ၂ ယောက်လောက်ပဲ စောင့်ရပါတယ်။ အဲဒီ ကောင်တာ ဖြတ်ပြီးတဲ့ အချိန်မှာတော့ လေယာဉ်ပျံထွက်ဖို့ နာရီဝက်တောင် မလိုတော့ပါဘူး။ အထဲဝင်လိုက်တော့ ရှေ့မှာ လုံခြုံရေး စစ်ဖို့ စောင့်နေတဲ့ လူတန်းက လူ ၇၀ လောက် ရှိပါတယ်။ ဒီလူတန်းကိုသာ နောက်က ဝင်တန်းစီရင်တော့ လေယာဉ်ပျံ ဘင်္ဂလား ပင်လယ်အော်ပေါ်က ဖြတ်ပျံတဲ့အချိန် ကျမှပဲ လုံခြုံရေးဂိတ်က ထွက်ရမယ့်ပုံ ရှိပါတယ်။ သနားစဖွယ် မျက်နှာကလေးနဲ့ ကျွန်တော့်မှာ လေယာဉ်ပျံ အချိန်နီးနေလို့ ကြားဖြတ် ပါရစေ ဆိုပြီး နောက်ဆုံးကနေ စပြီး တောင်းတောင်းပန်ပန်နဲ့ပဲ ရှိသမျှလူ အကုန် ကျော်တက် ရပါတယ်။ လုံခြုံရေး ကောင်တာမှာတန်းစီ နေတဲ့သူတွေ အထဲမှာ ရစ်တတ်တဲ့သူ မပါတာ ကံကောင်းပါတယ်။ ကျွန်တော့်လိုမျိုး ဖြစ်တဲ့သူ တစ်ယောက်ကို အမ်စတာဒမ် လေဆိပ်မှာ တွေ့ဖူးပါတယ်။ ကျွန်တော်တို့က သူ့ကို ကြားဖြတ်ခွင့် ပေးပေမယ့် အရှေ့က အဖြူကောင် တစ်ယောက်က ရစ်ပြီး ကြားဖြတ်ခွင့် မပေးလို့ အဲဒီကောင်လေးတွေ လေယာဉ်ပျံ လွတ်သွား ကြပါတယ်။

ဒီလိုနဲ့ပဲ တန်းစီနေတဲ့ လူအကုန်လုံးကို ကျော်တက်ပြီး ရှေ့ဆုံး ရောက်သွားပါတယ်။ လုံခြုံရေးဂိတ်ကို ဖြတ်ပြီးတော့ ၁၅ မိနစ်ပဲ လိုပါတော့တယ်။ လေယာဉ်ထွက်မယ့် အပေါက်ကို အသားကုန် သွန်ရတော့တာပါပဲ။ အပေါက်ဝ ရောက်မှ ဂိတ်စောင့်တဲ့ ကောင်မလေးက ဖြေးဖြေးလုပ်ပါ လေယာဉ်ပျံ မထွက်သေးပါဘူး ဆိုလို့ နည်းနည်း အမောပြေသွားပါတယ်။ လေယာဉ်ပျံပေါ် ရောက်တော့ ခြေပစ်လက်ပစ်ပါပဲ။ ဒါပေမယ့် အဲဒီ အပြန်ခရီးမှာ ကိုယ်နဲ့ တစ်ပါတည်း ယူလို့ရတဲ့ အိတ်က တစ်အိတ်တည်း သယ်လို့ရတာမို့ ခရီးဆောင် ကွန်ပြူတာကို အဝတ်အစားထည့်တဲ့ ကျောပိုးအိတ်ထဲ ထည့်သယ် လာခဲ့ပါတယ်။ စင်ကာပူ ပြန်ရောက်တော့ ကွန်ပြူတာရဲ့ မှန်မှာ အပေါ်ကနေ အောက်အထိ ဒေါင်လိုက် အစင်းကြောင်း တစ်ကြောင်း အိန္ဒိယပြန် လက်ဆောင်အနေနဲ့ ရလိုက်ပါတယ်။

5 comments:

မီယာ said...

စိတ်ပူတတ်လို့ အမြဲ စောစော လေဆိပ်ဆင်းတတ်တယ်.. တခါတလေ ဂိတ်တောင် မဖွင့်သေးဘူး အထဲရောက်နေပြီ... ကွန်ပြုတာကြီး နှမြောစရာ.. တပ်ဂ်ျမဟာကို ချစ်သူနဲ့ ကျသွားပေါ့... ညနေဖက် နေစောင်းချိန်ဆို တအားလှတယ်။ တပ်ဂ်ျမဟာ အပေါ်ကနေ မြစ်ကို လှမ်းကြည့်ရတာ လွမ်းစရာ...

မဇနိ said...

အယ် လူတန်းကြီးစီတာ မမှီတော့ရင် မဇနိလိုလုပ်။ တားထားတဲ့ကြိုးတွေအောက်က ကျော်ခွ ငုံ့ဝင်ဖြစ်ပြေး။ ကွန်ပြူတာအစင်းကြီးထင်သွားတယ် နှမြောစရာ။ ဂျပန်စာလည်းတတ်သပေါ့။ အစုံတတ် အားကျတယ်။ ကိုယ်မသိတဲ့ဘာသာစကားနဲ့ သူများပြောနေတာကြားရင် အူယားတယ်။ အကုန်သင်ထားရရင် ကောင်းမလား။ အလကား ပြောတာ အင်္ဂလိပ်စကားတောင် ကောင်းကောင်းမတတ်သေးဘူးရယ်။

JuneOne said...

ဒီခရီးတွေ နဲ့ နှိပ်စက်နေတယ်။ဘယ်မှ မရောက်ဖူးလို့ ZT ကိုအားကျလိုက်တာ။

ဂျပန်လိုလဲရတယ်ပေါ့လေ။တော်လိုက်ထှာနော်။

(ထှာ....ကို KB ဆီမှငှားသုံးပါကြောင်း)

sin dan lar said...

အိန္ဒိယပြန် လက်ဆောင်လေးပဲ နှမြောတယ်။

Ko Boyz said...

တဂ်ခ်ျမဟာရ်ဆိုလို့ slumdog ထဲက Jamal တစ်ယောက် တိုးရ်ဂိုက်လုပ်တာကိုပဲ သဘောကျတယ်။ မကြည့်ရသေးရင် ကြည့်ဖြစ်အောင် ကြည့်လိုက်ကြပါ။ တပ်ခ်ျမဟာ အကြောင်းကို အရင်ဖတ်ပြီးမှ အဲဒီ အခန်းလေးကို ကြည့်ပါလေ...။ ဟိဟိ