Search This Blog

Thursday, March 19, 2009

စက်ရုပ်လူသား ဘဝများ

ပေါ်လီမှာ ကျောင်းတက်တဲ့ အချိန်တုန်းက ကျွန်တော်တို့ ဌာနမှာ ဂျာမနီက ဘွဲ့လွန် ရလာတဲ့ မြန်မာဆရာ တစ်ယောက် ရှိပါတယ်။ ကျွန်တော်တို့ အချင်းချင်း မြန်မာမှန်း သိကြပေမယ့် အခြား လူမျိုးခြားတွေရှေ့မှာ အခွင့်အရေး ယူတယ် ဖြစ်မှာစိုးလို့ တော်ရုံတန်ရုံ စကားမပြော ဖြစ်ကြပါဘူး။ တစ်နေ့တော့ ဆရာ့အခန်းကို သင်္ကြန်ပွဲ အတွက် အလှူခံဖို့ ရောက်သွားပါတယ်။ ဆရာက “မင်းတို့ အပင်ပန်းခံတာကို အလေ့အကျင့် ဖြစ်အောင် ကြိုးစားကွ။ လူဆိုတာ အလေ့အကျင့် မရှိရင် ဘယ်တော့မှ အပင်ပန်း မခံနိုင်ဘူး။ အလေ့အကျင့် ဖြစ်သွားရင် ပင်ပန်းတာ မသိသာ တော့ဘူး။ ဒို့ မြန်မာတွေ အပင်ပန်းမခံနိုင်တာ တွေ့ရတာ ငါတော့ အားမရဘူး။” ဆိုပြီး ကျွန်တော်တို့ကို ပြောလိုက်ပါတယ်။

အဲဒီတုန်းကတော့ ဆရာပြောတဲ့စကားကို သဘောမပေါက်တော့ ကျွန်တော်နဲ့ ကျွန်တော့် သူငယ်ချင်း နှစ်ယောက်သား ကြိတ်ရယ်ပြီး ပြန်ခဲ့ကြပါတယ်။ အပင်ပန်းခံတာနဲ့ အလေ့အကျင့် ဘယ်လို ဆက်စပ်ရမလဲ ဆိုတာ သဘောမပေါက် ခဲ့ပါဘူး။

ကျောင်းပြီးလို့ အလုပ်စဝင်တဲ့ အချိန်မှာ ဆရာပြောတဲ့ စကားကို ရေးရေးလေး သဘောပေါက် လာပါတယ်။ ကျွန်တော်တို့ လုပ်ရတဲ့ အလုပ်က ပင်ပန်းပါတယ်။ ၂၄ နာရီလုံး လည်ပတ်နေတဲ့ စက်ရုံတွေကို ဝန်ဆောင်မှု ပေးရတာ၊ နာရီနဲ့ အမျှ ငွေဖြစ်နေတဲ့ ကုန်ထုတ်လုပ်ငန်း တွေထဲမှာ ပါဝင်စီးမျောရတာ မစားသာပါဘူး။ ဒုတိယမြောက် ကုမ္ပဏီ ရောက်ပြီး ၄-၅ လလောက် ကြာတော့ အလုပ်က ဆက်တိုက် ဆိုသလို လုပ်ရတဲ့ အနေအထား ဖြစ်လာပါတယ်။ စနေ တနင်္ဂနွေ ပိတ်ရက်လည်း ရုံးပြန်သွားရ ပုံမှန်ရက်ဆိုရင်လည်း ည ၈နာရီ ၉ နာရီမှ အိမ်ပြန်ရ နဲ့ အလုပ်လုပ်ရတာ အတော် မစားသာပါဘူး။ တစ်ခါတစ်လေ တနင်္ဂနွေလို နေ့မျိုး အိမ်မှာ နေရင်းတောင် နိုင်ငံရပ်ခြားက စက်ကို အိမ်က ကွန်ပြူတာနဲ့ လှမ်းချိတ်ပြီး ပြင်ပေးရတာမျိုးတွေ အထိ ရှိတတ်ပါတယ်။ ကိုယ့်ဘာသာကိုယ်တော့ ငါအတော် အပင်ပန်းခံ ရတာပဲ ဆိုပြီး ပြန်သနားနေပါတယ်။ ဒါပေမယ့် အလေ့အကျင့်ကလေး ရှိလာတော့ စိတ်ထဲမှာ ပင်ပန်းတယ် ဆိုတာတောင် တခါတလေ မေ့နေပါတယ်။

တစ်နေ့မှာတော့ အလုပ်ကိစ္စတစ်ခုနဲ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူကို ရောက်သွားပါတယ်။ တိတိကျကျ ပြောရရင်တော့ ဆလန်ဂေါ (Selangor) ကိုပါ။ တနင်္လာနေ့မနက် အလုပ်ဝင်ဖို့ ဆိုတော့ တနင်္ဂနွေ ညနေဖက် ဖလိုက်နဲ့ ကွာလာလမ်ပူကို လိုက်သွားပြီး ညပိုင်းမှာ ရောက်သွားပါတယ်။ ဟိုတယ် ရောက်ပြီး ခဏနေတော့ ဗိုက်ဆာလာတာနဲ့ အောက်ဆင်းပြီး ဟိုတယ်ဘေးကပ်ရပ်က မလေးဆိုင်မှာ နာဆီလီမက် (အုန်းထမင်း) စားရင်း လက်ဖက်ရည် ဆင်းသောက်ဖြစ် ပါတယ်။ ရောက်လေရာ အရပ်မှာ တွေ့ကရာလူနဲ့ အဖွဲ့ကျတတ်တဲ့ ကျွန်တော့် ဝသီအတိုင်း စားရင်း သောက်ရင်း ဆိုင်ရှင် မလေးမနဲ့ စကားလက်ဆုံ ကျနေပါတယ်။ သူကလည်း ကျွန်တော် ဟိုတယ်ထဲက ထွက်လာတာ တွေ့တော့ ဘာကောင်မှန်းမသိလို့ အရေးတယူ စကားတွေ လာပြောနေပါတယ်။ ဆိုင်ရှင်က ကျွန်တော့်ကို ဘာလူမျိုးလဲ မေးလို့ မြန်မာလို့ ပြောပြလိုက်ပါတယ်။ သူက ဝမ်းသာအားရနဲ့ သူ့ဆိုင်မှာ မြန်မာရှိတယ်။ စကားပြော ရအောင် သူခေါ်ပေးမယ် ဆိုပြီး ပလာတာရိုက်တဲ့ အစ်ကိုကြီး တစ်ယောက်ကို သွားခေါ် ပေးပါတယ်။ အဲဒီအစ်ကိုကြီးက မွန်လူမျိုးပါ။ ကျွန်တော့်ထက် ၃ ၄ နှစ်လောက် ကြီးမယ် ထင်ပါတယ်။

ဆိုင်မှာလည်း လူရှင်းနေတော့ အဲဒီအစ်ကိုကြီးက ကျွန်တော်နဲ့ လာထိုင်ပြီး စကားပြောနေပါတယ်။ ဘယ်ကလာသလဲ ဘာညာနဲ့ မေးပြီးတဲ့နောက်မှာတော့ ခဏအကြာမှာ သူ့ အကြောင်းတွေ ပြောပြပါတယ်။ သူ့ရဲ့ အပြောအရဆိုရင် သူက မော်လမြိုင်ဘက်ကနေ စက်လှေနဲ့ လိုက်လာပြီး မလေးရှားကို ခိုးဝင်လာတာ လို့ ပြောပါတယ်။ သူ့မှာ နိုင်ငံကူးလက်မှတ်တွေ ဘာတွေ မရှိပါဘူး။ ရောက်ခါစက ဝပ်ရှော့တစ်ခုမှာ အလုပ်လုပ်ပြီး ဝပ်ရှော့မှာ မြန်မာတစ်ယောက်နဲ့ အင်ဒိုတွေ ရန်ဖြစ်တာနဲ့ ဝပ်ရှော့ပိုင်ရှင်က စိတ်ဆိုးပြီး မြန်မာတွေရော အင်ဒိုတွေပါ အကုန်နှင်ထုတ်လိုက်တယ် လို့ ပြောပါတယ်။

အဲဒီနောက်တော့ သူမြို့ထဲက အိန္ဒိယ ဆိုင်တစ်ဆိုင်မှာ ပလာတာ ဝင်ရိုက်ပါတယ်။ ဆိုင်ရှင်က သူတို့ကို တရားမဝင် နေမှန်းသိနေတော့ ညစ်ပြီး လခ မပေးပါဘူး။ တစ်လကျော်လောက် ထိ လခမရတော့ အဲဒီဆိုင်က ထွက်ပြီး တစ်ခြားဆိုင် ပြောင်းလုပ်တယ် လို့ ပြောပါတယ်။ အခုတော့ မနက်တိုင်း ၄ နာရီခွဲလောက် အိပ်ရာကထ၊ ကွာလာလမ်ပူ မြို့ထဲက ဆိုင်ကို သွားပြီး မနက် ၇ နာရီလောက်က စပြီး အလုပ်ဝင်၊ မနက်ကနေ ညနေအထိ ပလာတာရိုက်ပြီး ညနေမှာ ဆလန်ဂေါကို ပြန်၊ ညနေဘက်ဆိုရင် အခု ကျွန်တော်တို့ ထိုင်နေတဲ့ ဆိုင်မှာ ည ၁၂ နာရီလောက်အထိ ပလာတာ ရိုက်တယ် လို့ ပြောပြပါတယ်။ ကျွန်တော်တို့ အခု ထိုင်နေတဲ့ ဆိုင်က တစ်ခါတစ်လေ ညနေပိုင်း ပိတ်တာမို့ ညနေပိုင်းတော့ တစ်ခါတစ်လေ နားရတယ် လို့ သူက ပြန်ပြောပြ ပါတယ်။

ဘယ်လောက်ကြာကြာ လုပ်ဖို့ အစီအစဉ် ရှိသလဲလို့ မေးတော့ အခု သူရှာလို့ရတဲ့ ပိုက်ဆံနဲ့ သူ့မြို့မှာ တိုက်တစ်လုံး ဆောက်နေတာ ပြီးတော့မယ်။ အဲဒီအိမ် ဆောက်ပြီးသွားရင် အလုပ်လုပ်ဖို့ အရင်းအနှီး ရအောင် ပိုက်ဆံရှာပြီး ပြန်တော့မယ်လို့ ပြောပါတယ်။

ကျွန်တော် သူ့ဘဝနဲ့ ကျွန်တော့် ဘဝကို နှိုင်းယှဉ်ပြီး စဉ်းစားကြည့်ပါတယ်။ ကျွန်တော်ကတော့ နေ့တိုင်း နောက်အကျဆုံး ည၉ နာရီလောက် ဆို နားရပြီး နောက်တစ်နေ့မနက် ၇ နာရီခွဲလောက်အထိ အားချိန်ရပါတယ်။ စနေ တနင်္ဂနွေ ဆိုတာလည်း တစ်နေကုန် လုပ်စရာ မလိုပါဘူး။ သူ့လို နေ့တိုင်းသာ မနက်ကနေ ညနေအထိ လုပ်ရရင်တော့ ဘယ်လိုနေမလဲ မပြောတတ်ပါ။ သူ့လို အိမ်ဆောက်ဖို့ ဆိုတာလည်း ဝေးပါသေးတယ်။ ကျွန်တော့်ကို ဘယ်တော့ ပြန်မလဲ မေးရင်လည်း တစ်နေ့နေ့ပေါ့ ဆိုတဲ့ အဖြေက လွဲရင် ရေရေရာရာ အဖြေ မပေးနိုင်ပါဘူး။

သူအလုပ်လုပ်နေတဲ့ အခြေအနေနဲ့ နှိုင်းယှဉ်ပြီး စဉ်းစားကြည့်တော့ ကိုယ့်ဘာသာကိုယ် ပင်ပန်းတယ်လို့ ပြောရမှာတောင် ရှက်လာပါတယ်။ အဲဒီနေ့က စပြီး ကျွန်တော် ကိုယ့်ဘာသာကိုယ် အလုပ်များလွန်းလို့ ပင်ပန်းတယ် ထင်မိတဲ့အခါတိုင်း ကျွန်တော်နဲ့ စကားပြောခဲ့ဖူးတဲ့ မွန်အမျိုးသား အစ်ကိုကြီးကို စိတ်ထဲမှာ သတိရမိရင် ငါဒီလောက် မဆိုးသေးပါဘူး လို့ တွေးပြီး နည်းနည်းတော့ စိတ်သက်သာရာ ရမိပါတယ်။

6 comments:

khin oo may said...

အခုကတော့ကိုယ့်ဒုက်ခ ကိုယ်ရှာနေမိတာဘဲ။ အိပ်ရမဲ့အချိန်မှာ မအိပ်မိဘူး

Ko Paw said...

လုပ်တာလည်း လုပ်ပေါ့။ လူဖြစ်တုန်း လူ့ဘဝရဲ့ အရသာလေးတွေကိုလည်း အချိန်ပေး ခံစားပါဦး။ နုပျိုတုန်းက အချိန်တွေဆိုတာ နောင်ကျရင် ပြန်မရနိုင်တော့ဘူး။

နွေးနေခြည် said...

မှတ်သားနာယူသွားပါတယ် အကိုzt
ညီမလည်း ကိုယ့်ကိုကိုယ့် သိပ်သနားတတ်တယ် (ဆင်ခြင်ဦးမှ)

nu-san said...

အမတို့လည်း အရင်တခေါက် အလုပ်လုပ်ရတုန်းက အရမ်းပင်ပန်းတယ်လို့ ကိုယ့်ကိုကိုယ် ခံစားရတယ်.. ကိုယ်လုပ်နိုင်စွမး်ရှိတဲ့ အတိုင်းအတာတစ်ခုထိတော့ အစွမ်းကုန် ကြိုးစားလုပ်ပေးခဲ့တာပဲ။ ဒါပေမယ့် အခု လုပ်ရတဲ့ အလုပ်မှာ အဲဒီလောက် မပင်ပန်းတော့ ကိုယ့်ကိုကိုယ် အလုပ်လုပ်နေတယ်လို့ကို မထင်မိတော့ဘူး.. စိတ်က ပင်ပန်းတယ်မခံစားရတော့တာပေါ့.. နောက်ပြီး ကိုယ့်ထက် ပိုဆိုးတဲ့သူတွေ ရှိနေသေးတယ်လို့ ခံစားမိလိုက်ရင် စိတ်သက်သာရာ ရတာတော့ အမှန်ပဲ.. :)

P.Ti said...

အစွန်းနှစ်ဖက်မျှနိုင်ရင် အကောင်းဆုံးပါပဲ။ ကြိုးစားလုပ် နားသင့်သလိုနား... း)

Yan Yan said...

ကျေးဇူတင်ပါတယ် အကို
အကိုပေးတဲ့ အသိနဲ့ သတိက
ကျွန်တော်ကို လှုပ်နိုးလိုက်သလိုပါပဲ
အမြဲ လာဖတ်ဖြစ်ပါတယ်