Search This Blog

Friday, March 13, 2009

နေ့ခင်းဖက် မြည်တတ်သော ဖုန်းသံများ (၁)

ဖုန်းထဲမှာ ပေါ်လာတဲ့ သူတခါမှ မမြင်ဖူးတဲ့ နံပါတ် တစ်ခုကြောင့် စိတ်လှုပ်ရှားသွားတယ်။ ဒီရက်ပိုင်း အလုပ်တွေ လျှောက်ထားတာကလည်း များလှပြီ။ တစ်ခုမှ အခုထက်ထိ အကြောင်း မပြန်ကြသေး။ အခုတော့ ကံဇာတာ စန်းလဂ်က တက်လာပြီ ထင်ပါရဲ့။ သူဖုန်းကို ဖွင့်လိုက်တယ်။

“ဟဲလို”
“မစ္စတာ ထက်မြက်နဲ့ ပြောပါရစေ။”
“ဟုတ်ပါတယ်။ ကျွန်တော် ထက်မြက်ပါ။”
“မစ္စတာ ထက်မြက် စူပါမတ်ကတ် တစ်ခုမှာ လုပ်ခဲ့တဲ့ ကံစမ်းမဲ အစီအစဉ် တစ်ခုမှာ ပါဝင်ခဲ့ဖူးတယ် ထင်တယ်နော်။”

သွားပြီ။ အင်တာဗျူးတော့ မဟုတ်။ အူကြောင်ကြောင် အရောင်းသမား တစ်ကောင် ငါ့ဆီကိုတော့ ဆက်ပြန်ပြီ။ နည်းနည်းတော့ ပြန်စားပေးလိုက်ဦးမယ် လို့ တွေးပြီး ဆက်ပြောဖို့ ဆုံးဖြတ်လိုက်တယ်။

“ဘယ်စူပါမတ်ကတ်လဲ။”
“စူပါမတ်ကတ် တစ်ခုပဲလေ။”
“မဟုတ်သေးဘူးလေ။ အတိအကျ ပြောမှပေါ့။”
“Carrefour ပါ။”
“Carrefour ဟုတ်လား။ ကြားတောင် မကြားဖူးဘူး။”

ဟိုဖက်က ငနဲ နည်းနည်း စိတ်လေသွားပုံ ပေါက်တယ်။ ဒါပေမယ့် မလျှော့သေးဘူး။

“အဲဒါဆို NTUC ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ ကံစမ်းမဲ အစီအစဉ်က NTUC မှာလည်း ရှိပါတယ်။”

ဒီကောင်လည်း ခေသူတော့မဟုတ်။ NTUC တော့ မကြားဖူးဘူး ပြောလို့မရ။ စင်ကာပူမှာ လူတိုင်းလိုလို NTUC နဲ့ မကင်းကြ။ ဒီတော့ နောက်တစ်မျိုးဆက်ပြီး ဦးနှောက် စားဖို့ ကြံလိုက်တယ်။

“ဘယ်တုန်းကလည်း မသိဘူး။”
“လွန်ခဲ့တဲ့ ခြောက်လ လောက်ကပါ။”
“ဟုတ်လား။ အဲဒါဆိုရင်တော့ လူမှားတာ ဖြစ်လိမ့်မယ်။ ကျွန်တော် နိုင်ငံခြား ရောက်နေတာ တစ်နှစ်လောက် ရှိပြီ။ အရင်အပတ်ကမှ ပြန်ရောက်တာ။”

သူ့ကို ဖုန်းခေါ်တဲ့ ငနဲ အသံတိတ်သွားတယ်။ နောက်တစ်မျိုးကြံနေတဲ့ပုံပဲ။

“အဲဒါဆိုရင်တော့ အချိန်မှားသွားလို့ ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ ကံစမ်းမဲ အစီအစဉ်က စခဲ့တာ အတော်ကြာပါပြီ။ မစ္စတာ ထက်မြက် နိုင်ငံခြား မသွားခင်က ထည့်ခဲ့တဲ့ ကံစမ်းမဲ ဖြစ်ပါလိမ့်မယ်။ ရက်စွဲလည်း စာရွက်မှာ ရေးမထားလို့ပါ။”

အင်း။ မဆိုးဘူးဟ။ ဒီကောင်လည်း အတော်လည်တဲ့ကောင်ပဲ လို့ စိတ်ထဲက တွေးရင်း ဆက်ပြောမိတယ်။

“ကောင်းပြီ။ အဲဒီတော့။”
“မစ္စတာ ထက်မြက် သြစတေးလျကို အသွားအပြန် နှစ်ယောက်စာ လေယာဉ်ပျံလက်မှတ် မဲပေါက်တယ် ဆိုတဲ့အကြောင်း လှမ်းအကြောင်း ကြားတာပါ။ အဲဒါ ကျွန်တော်တို့ ကုမ္ပဏီရဲ့ ရုံးခန်းမှာ လာယူနိုင်ပါတယ်။”

လုပ်ပြန်ပြီဟ။ ဒီကောင်တွေ ငါ့များ အချဉ်မှတ် နေကြသလား မသိဘူး။ လေယာဉ်ပျံ လက်မှတ် မဲပေါက်တယ်။ နာရီ မဲပေါက်တယ် ပြောမယ်။ လောဘကြီးပြီး သွားယူရင် ဟိုမှာ ဘယ်သူမှ မဝယ်တဲ့ ခရီးသွား Package တွေ တခြား Package တွေ အတင်း ထိုးရောင်းမယ်။ Hard Selling Technique လို့ ခေါ်တာတွေပေါ့။ မဝယ်ဘူး ပြောလည်း မရ။ တစ်ယောက်ကို တစ်နာရီနှုန်း လောက်နဲ့ အရောင်းသမားတွေ တစ်ယောက်ပြီး တစ်ယောက် လဲသွားမယ်။ ဝယ်စရာ ပိုက်ဆံ မရှိဘူး ဆိုရင်လည်း အရစ်ကျ စနစ်နဲ့ ဝယ်ပါ ဘာညာနဲ့ ကိုယ့်ဆီက ပိုက်ဆံကို မရရအောင် ညှစ်ထုတ်မယ်။ အားနာတတ်တဲ့သူ နဲ့ စိတ်မခိုင်တဲ့သူ တော်တော်များများကတော့ နောက်ဆုံးမှာ စိတ်ပင်ပန်းတဲ့ ဒဏ်ကို မခံနိုင်လို့ ဈေးအသက်သာဆုံး ဒါမှမဟုတ် အရစ်ကျစနစ်နဲ့ ရောင်းတဲ့ Package တွေကို ဝယ်လိုက်မယ်။ သူတို့ စာချုပ်မှာ ကြံရာမရ လက်မှတ်ထိုး ခဲ့မယ်။ အရစ်ကျ စနစ် နဲ့ ဝယ်မိရင်တော့ ကိုယ်သုံးစရာ မလိုတဲ့ ကိစ္စတစ်ခု အတွက် လတိုင်း ပိုက်ဆံကုန်ဖို့သာ ပြင်ထား ပေတော့။ တဝက်တပျက်နဲ့ ရပ်လိုက်ရင်လည်း သွင်းထားသမျှ ပိုက်ဆံ အားလုံး ဆုံးမယ်။ မဟုတ်ရင်လည်း ကိုယ့်ပိုက်ဆံတွေက ထပ်ခါထပ်ခါနဲ့ ဝင်နေမယ်။

အားကစား ကလပ်တွေရဲ့ လုပ်ပုံကြတော့ တစ်မျိုး။ တစ်ရက် အခမဲ့ အစမ်း လာကစားပါ ဆိုလို့ အလကား ရတယ် ဆိုပြီး သွားကစားမိရင် မဝယ်မချင်း အခုလို ပုံစံနဲ့ သူတို့ ကလပ်မှာ မင်ဘာဝင်ဖို့ အတင်း စည်းရုံးမယ်။ အရင်တစ်ခေါက် ကတောင် ပြေးနိုင်လွန်းလို့ လွတ်လာခဲ့တာ။ အဲဒီတုန်းက သူ အားကစား ကလပ် တစ်ခုမှာ အလကားရလို့ တစ်ကြိမ် သွားကစားပြီး အမောဖြေနေတဲ့ အချိန် မှာပဲ အရောင်း ကောင်မလေး တစ်ယောက်က ကလပ်ကို နှစ်စဉ်ကြေး ထောင်ဂဏန်း ပေးပြီး အသင်းဝင်ဖို့ အတင်းလာပြီး စည်းရုံးတယ်။ မဝင်ဘူး ငြင်းတာလည်း မရ။ တစ်နာရီလောက် ကြာတော့ နောက် အရောင်းသမား တစ်ယောက် ပြောင်းသွားတယ်။ ဒုတိယမြောက် ကောင်မလေးကလည်း အဲဒီလိုပဲ အတင်း တွန်းထိုးပြီး စည်းရုံးတာပါပဲ။ ဝယ်မှပဲ လျှော့တော့မယ့် ပုံနဲ့။ နောက်ဆုံး ၁နာရီခွဲလောက် ကြာတော့ နားမခံနိုင်တော့ တာနဲ့ အကြံထုတ်စမ်း ဆိုပြီး ခေါင်းထဲက ဉာဏ်နီဉာဏ်နက် ဉာဏ်ပြာ ဉာဏ်ဝါတွေ ဖျစ်ညှစ်ပြီး ထုတ်ရတယ်။ နောက်တော့ ပြေးဖို့လမ်းကို စဉ်းစားမိသွားတယ်။ ခပ်တည်တည်နဲ့ တယ်လီဖုန်းကို ထုတ်ပြီး ကောက်ကိုင်လိုက်တယ်။ အမှန်တကယ်က ဘယ်သူမှ ဆက်တာ မဟုတ်ဘူး။ ပြီးမှ ဖိန့်တွေ သုံးပြီး အရမ်း အံ့သြ ထိတ်လန့်တဲ့ အသံတွေပြ၊ အကယ်ဒမီရှော့ခ် အိုက်တင်တွေနဲ့ အရမ်းကို အရေးကြီးတဲ့ပုံ လုပ်ပြီး “ငါ့အစ်မ ဆေးရုံကို အက်ဆီးဒင့်နဲ့ ရောက်နေတယ်။ အခု လိုက်သွားမှ ဖြစ်မယ်။” ဆိုပြီး တချိုးတည်း လစ်ခဲ့ရတယ်။ အရောင်း ကောင်မလေးတော့ ပါးစပ်အဟောင်းသားနဲ့ ကျန်ခဲ့တယ်။ သူမှာ ဘယ်တုန်းကမှ မရှိခဲ့သော အစ်မ ကယ်လို့သာ တော်တော့တယ်။ အခုလည်း တစ်ကောင် လာပြန်ပြီ။ ငါ့ကို လေယာဉ်ပျံ လက်မှတ်နဲ့ မျှားပြီး စည်းရုံးဖို့ ကြံနေပြန်ပြီ။ နည်းနည်းတော့ ဒုက္ခပေးမှ ရမယ် လို့တွေးပြီး ဆက်ပြီး ဦးနှောက်စား ပေးဖို့ ဆုံးဖြတ်လိုက်တယ်။

“ကျွန်တော် မအားဘူးဗျ။ အလုပ်လုပ်နေတယ်။”
“အလုပ်ချိန် လာစရာ မလိုပါဘူး။ အလုပ်ပြီးမှ ဆိုလည်း ရပါတယ်။”
“မဟုတ်ဘူး။ ကျွန်တော် ဒီရက်ပိုင်း အလုပ်အရမ်းများတယ်။ ည ၁၁ နာရီလောက်မှ ပြီးတယ်။ ခင်ဗျားတို့ ရုံးခန်းကို ည၁၂ နာရီ လာလို့ရမလား။”
“ည ၁၂ နာရီ။အဲဒီ အချိန်တော့ ရုံးမဖွင့်ဘူးဗျ။ ဒီလိုလုပ်ပါလား။ စနေ တနင်္ဂနွေရော မအားဘူးလား။ ကျွန်တော်တို့ စနေ တနင်္ဂနွေလည်း အလုပ်လုပ်ပါတယ်။”
“စနေ တနင်္ဂနွေလည်း မသေချာဘူး။ ကဲ ခင်ဗျားရော ကျွန်တော်ရော အဆင်ပြေ သွားအောင် ဒီလိုလုပ်ဗျာ။ လေယာဉ်ပျံ လက်မှတ်ကို စာတိုက်ကနေ ကျွန်တော့်ဆီ ပို့ပေးလိုက်။ ကျွန်တော် ကျသင့်တဲ့ စာပို့ခ ပေးပြီး ရွေးယူလိုက်မယ်။”
“အဲဒီလိုတော့ မဖြစ်ဘူးဗျ။ ရရှိကြောင်း လက်မှတ်ထိုး ပေးရမယ်။”
“ဒါလည်း ကိစ္စ မရှိပါဘူးဗျ။ အဲဒီစာရွက်နဲ့ ခင်ဗျားတို့ ကုမ္ပဏီ လိပ်စာ ထည့်ပေးလိုက်လေ။ ကျွန်တော် လက်မှတ်ထိုးပြီး စာတိုက် ကနေပဲ ပြန်ထည့် ပေးလိုက်မယ်။ ခင်ဗျားတို့ စင်ကာပူက စာပို့စနစ်က စိတ်မချစရာမှ မရှိတာ။”
“ဆောရီးပဲ။ မဖြစ်နိုင်လို့ပါ။ ကျေးဇူးတင်ပါတယ်။”
“ဘာလို့ မဖြစ်နိုင်ရတာလဲ။”
သူ့စကား ဆုံးအောင်ပင် နားမထောင်တော့ပါ။ ဟိုဖက်က ဖုန်းခေါ်သည့် ငနဲ ဂွပ်ကနဲ ချသွားတော့သည်။ မင်းတို့လည်တာလောက်တော့ ပျင်းတောင်ပျင်းသေးတယ်လို့ စိတ်ထဲကတွေးပြီး ထက်မြက်တစ်ယောက် ဟက်ဟက်ပက်ပက် အော်ရယ်လိုက်မိပါတယ်။

13 comments:

မဇနိ said...

အယ် ဂလိုတွေလား။ မလွယ်ပါ့လားနော်။ လည်လိုက်တာမွှတ်လို့။ ဟိုဖက်ကလူတော့ ထက်မြက်လိုလူနဲ့တွေ့မှ ရပ်သွားတော့မယ်။

ရွက်လွင့်ခြင်း said...

its good idea n most of people facing this problem. We should respone by this way.

JuneOne said...

မှတ်သားထားပါ့မယ်။

တောရိုင်းနှင်းဆီ said...

အဲဒီလိုမျိုး idea လေး သဘောကျတယ်
မှတ်လောက်သားလောက်အောင် ပြန်ပညာပေးတာပေ့ာ ...

khin oo may said...

အိ..အိ..အိ...

သီဟသစ် said...

ဂလိုကြီးလား
ပညာတွေရ သွားပြီ။

Anonymous said...

ဖတ်၊ မှတ်၊ ပြန်

SDL

Phyo Maw said...

သီဟသစ်နောက်ဆုံး ပြောသလိုပဲ...
လယ်မှဖြစ်မယ် လယ်မှဖြစ်မယ် ဂျင်လိုမွတ်နေအောင် လည်မှဖြစ်မယ် :D

မိုးချိုသင်း said...

အဲဒီလို လုပ်လိုက်တာ ကောင်းလိုက်တာ။ တို့လဲ ခံရဖူးတယ်။ ၁၉၉၉ တုန်းက ထင်တယ်။ Orchard Road မှာ shopping ထွက်တုန်း survey လုပ်တာ ဖြေပေးပါလို့ ကျောင်းသားလေးတွေ အကူအညီတောင်းလို့ အားနာပြီး ဖြေမိတယ်။
ကိုယ့်မှာ credit card ရှိသလား မေးလို့ ရှိတယ် ပြောမိတာ လေယာဉ်လက်မှတ် မဲပေါက်တယ် ဆိုပြီး Resort ကို လပေးနဲ့ ရောင်းတယ်လေ။ မလိုချင်ပါဘူးဆိုလဲ ပြောမရ။ နောက်ဆုံး အမျိုးသားက အချိန်တွေ ကုန်လို့ စိတ်ဆိုးပြီး ကိုယ့်ကို အားနာတာ ခံချင်အုံး တဲ့။ ကိုယ့်အချိန်တွေ ပေးလိုက်ရတာ နှမြောလိုက်တာ။ ကုမ္ပဏီ ဖွင်ပြီး အုပ်စုလိုက် လိမ်နေကြတာကိုး။
အခုလို ဖတ်ရတာ ကိုယ်တိုင်ခံဖူးသူမို့ အတော်အရသာ ရှိသွားတယ် ZT ရေ..

khin oo may said...

revised again

PAUK said...

မနေ့က ဖုန်းတစ်လုံးဝင်တယ်..
ယောကျင်္ားကြီးတစ်ယောက်ငိုယိုနေတဲ့အသံနဲ့
ကယ်ပါ..ကယ်ပါ..ပေါ့..
ကျနော်ကတော့ ချက်ချင်းဖုန်းချလိုက်တယ်..
ဒီမှာ ဒီလိုပဲ..ဒီလိုနည်းနဲ့ အိမ်ထောင်ရှင်မတွေကို လိမ်ပြီး
ငွေညစ်တာ...

MrDBA said...

သေသေချာချာမှတ်သားသွားသည်။ ခုတလောတော့ အာမခံကုပ္မဏီတွေက လိုက်လံဆက်သွယ်နေကြသည်။ ဟိဟိ။

ဘာတွေတုန်း said...

လေ့လာ မှတ်သား ဖတ်ကြားကြောင်း