Search This Blog

Monday, March 9, 2009

အခါတော်ပေးတာက

လောကမှာ အပျော်ဆုံးနေ့ ၃ ရက် ရှိတယ် လို့ ပြောကြပါတယ်။ ထက်မြက်အတွက်တော့ ထောင်မကျဖူးတော့ ထောင်ကလွတ်ရင် ဘယ်လောက် ပျော်တယ် ဆိုတာကိုတော့ မသိပါ။ သာမဏေဘဝကနေ လူဝတ်လဲတာထက် စာရင် ဘုန်းကြီးဝတ်ရာကနေ လူထွက်တဲ့နေ့က ပိုပြီး ပျော်စရာ ကောင်းတယ် လို့ ထင်ပါတယ်။ အခုတော့ တတိယမြောက် အမျိုးအစားထဲမှာ ပါတဲ့ အပျော်ဆုံးနေ့ပေါ့။

ထက်မြက် တစ်ယောက် စိတ်တွေ အရမ်းကို လှုပ်ရှား နေပါတယ်။ သူ့ရင်ထဲက စိတ်လှုပ်ရှားမှုက မျက်နှာပေါ်မှာ ထင်ဟပ် နေပါတယ်။ ထက်မြက်ရဲ့ ဘေးမှာ ရပ်နေတဲ့ သူ့ရဲ့ချစ်သူ သီတာ ကလည်း သူ့လို ခံစား နေရတဲ့ ပုံစံမျိုး ပါပဲ။ ဘယ်တုန်းကမှ မျက်နှာချင်း ဆိုင်လို့ မရခဲ့တဲ့ ဘုဂလန့် ကျလွန်းတဲ့ သီတာ့ရဲ့ အဖေ သူ့ယောက္ခဖ ကြီးက သီတာ ရဲ့ နောက်မှာ ရှုတည်တည်နဲ့ ရပ်လို့။ ယောက္ခဖကြီးရဲ့ ဘေးမှာတော့ သူ့ရဲ့ ယောက္ခမကြီးပေါ့။ ထက်မြက်ရဲ့ အဖေနဲ့ အမေကတော့ ထက်မြက်ရဲ့ နောက်မှာ ရပ်နေကြတယ်။ ဘေးနား ပတ်ဝန်းကျင်က သူငယ်ချင်းတွေ အားလုံးကတော့ မျက်နှာပိုး သတ်ထားပေမယ့် စပ်ဖြဲဖြဲ မျက်နှာတွေ ကိုယ်စီနဲ့ပေါ့။ သူတို့ အခု ရောက်နေတဲ့ နေရာကတော့ စင်ကာပူနိုင်ငံရဲ့ ROM လို့ခေါ်တဲ့ လက်ထပ် ထိမ်းမြားခြင်း ဆိုင်ရာ မှတ်ပုံတင် ရုံးမှာပါ။

သူတို့ရဲ့ ရှေ့မှာထိုင်နေတဲ့ မင်္ဂလာ အခမ်းအနားကို ဦးဆောင်ဦးရွက် ပြုပေးမယ့် တရားသူကြီးက စာရွက်ကို ကောက်ကိုင်လိုက်တယ်။ တခန်းလုံး ရှိသမျှ လူတွေ အားလုံးတိတ်ဆိတ် သွားကြတယ်။ နောက်တော့ တရားသူကြီးက အခုလို အဓိပ္ပါယ် ရတဲ့ စကားကို အင်္ဂလိပ်လို စပြီး ပြောတော့တယ်။

“မင်္ဂလာအခမ်းအနား မစတင်ခင်မှာ မင်းတို့ အခုပြုတော့မယ့် ကတိသစ္စာနဲ့ သက်ဆိုင်တဲ့ အနှောင်အဖွဲ့တွေနဲ့ ကတိသစ္စာရဲ့ လေးနက်တည်ကြည်မှု ကို ကျွနု်ပ်ရဲ့ ဝတ္တရားအရ သတိပေးရ ပါလိမ့်မယ်။ လက်ထပ်ထိမ်းမြားခြင်း ဆိုတာဟာ ဥပဒေအရ ပြောရရင် ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက် အခြားသူတွေကို ဘေးဖယ်ပြီး မိမိတို့ သဘောဆန္ဒအရ ဘဝတစ်ခုကို စတင်တဲ့ ပေါင်းစည်းခြင်း ကို ခေါ်ပါတယ်။
အခု မစ္စတာ ထက်မြက် နဲ့ မစ်စ် သီတာ တို့ဟာ ဒီနေရာကို လင်မယားအဖြစ် ပေါင်းစည်းဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကိုယ့်သဘောဆန္ဒနဲ့ကိုယ် လာရောက်ကြတယ် လို့ ကျွနု်ပ် နားလည်ထားတယ်။ အဲဒါ မှန်ပါသလား။”

“ဒီကောင်ကြီး ကောင်မလေးကို ဖျာရောင်းလာပါတယ်လို့ ပြောလိုက်ရမလား။”
သူတို့ နှစ်ယောက် ပြန်မဖြေခင်မှာ နောက်က လေသံတိုးတိုး ကလေးဖြင့် မြန်မာလို ပြောလိုက်သော သူ့သူငယ်ချင်း တစ်ယောက်ရဲ့ အသံကို ထက်မြက် ကြားဖြစ်အောင် ကြားလိုက်ရသေးတယ်။ နေနှင့်ဦးပေါ့ကွာ။ မင်းအလှည့် ရောက်မှ နာမယ်လို့ စိတ်ထဲက ကြိတ်ပြီး ကျိန်ဆဲလိုက်မိတယ်။

“မှန်ပါတယ်။” ထက်မြက်နဲ့ သီတာ နှစ်ယောက်စလုံးက ပြိုင်တူ ဖြေလိုက်ကြတယ်။

တရားသူကြီးက ထက်မြက်ဘက်ကို လှည့်ပြီးတော့ မေးတယ်။

“မစ္စတာ ထက်မြက် မင်းအနေနဲ့ ဒီအမျိုးသမီး မစ်စ် သီတာ ကို မင်းရဲ့ လက်ထပ် ထိမ်းမြားတဲ့ ဇနီးမယား အဖြစ် ပေါင်းသင်း ရယူပြီး တရားဝင် လက်ထပ် ထိမ်းမြားမှာ ဟုတ်ပါသလား။ မင်းအနေနဲ့ မင်းတို့ နှစ်ယောက်စလုံး အသက်ရှင် နေသမျှ ကာလပတ်လုံး သူမကို ချစ်မြတ်နိုးမယ်။ နှစ်သိမ့်မယ်။ တန်ဖိုးထားမယ်။ သူမ နာမကျန်း ဖြစ်တဲ့ အချိန်တွေမှာ ပြုစု စောင့်ရှောက်မယ်။ အခြားသူတွေ အားလုံးကို ဘေးဖယ်ပြီး သူမအပေါ်မှာ သစ္စာရှိမယ် ဆိုတာ ဟုတ်ပါသလား။”

“ဟုတ်ပါတယ်။” ထက်မြက်က စိတ်လှုပ်ရှားနေတဲ့ အသံကိုထိန်းရင်း ပြန်ဖြေလိုက်တယ်။

“မစ်စ် သီတာ၊ မင်းအနေနဲ့ ဒီအမျိုးသား မစ္စတာ ထက်မြက်ကို မင်းရဲ့ လက်ထပ် ထိမ်းမြားတဲ့ ခင်ပွန်းအဖြစ် ပေါင်းသင်းရယူပြီး တရားဝင် လက်ထပ် ထိမ်းမြားမှာ ဟုတ်ပါသလား။ မင်းအနေနဲ့ မင်းတို့ နှစ်ယောက်စလုံး အသက်ရှင် နေသမျှ ကာလပတ်လုံး သူ့ကို ချစ်မြတ်နိုးမယ်။ နှစ်သိမ့်မယ်။ တန်ဖိုးထားမယ်။ သူနာမကျန်းဖြစ်တဲ့ အချိန်တွေမှာ ပြုစု စောင့်ရှောက်မယ်။ အခြားသူတွေ အားလုံးကို ဘေးဖယ်ပြီး သူ့အပေါ်မှာ သစ္စာရှိမယ် ဆိုတာ ဟုတ်ပါသလား။”

“ဟုတ်ပါတယ်။” သီတာရဲ့ ပြန်ဖြေသံက ထက်မြက်အတွက် နားဝင်ချို လှပါတယ်။

“လက်စွပ်လဲ ကြမှာလား။” တရားသူကြီးက သူ့ကို လှမ်းမေးလိုက်တယ်။

လက်စွပ်။ လက်စွပ်ဆိုမှ သတိရတယ်။ လက်စွပ်ဝယ်ဖို့ လုံးဝ သတိမေ့သွားတာပဲ။ ထက်မြက် ဘာဆက်လုပ် ရမလဲ မသိတော့။ သူတို့ နှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ယောင်တိယောင်တောင် ဖြစ်နေကြတယ်။ မိနစ်ပိုင်းလောက် ကြာလိမ့်မယ် ထင်တယ်။ သူ့ပုခုံးကို လာတို့သလို ထင်ရလို့ ထက်မြက် နောက်ကို လှည့်ကြည့် လိုက်တော့ အနောက်မှာ ရပ်နေတဲ့ သူငယ်ချင်း တစ်ယောက်က သူ့ကို မျက်နှာရိပ် မျက်နှာကဲဖြင့် လက်စွပ်ယူဖို့ ပြတာကို တွေ့လိုက်ရတယ်။ ထက်မြက် လက်လှမ်းပြီး ယူလိုက်တော့ သူ့လက်ဖဝါးပေါ်ကို လက်စွပ်နှစ်ကွင်း ရောက်လာတယ်။ အသာ ဆုပ်ကိုင်ယူပြီး လက်စွပ် ၂ကွင်းကို စားပွဲပေါ် ချလိုက်တယ်။ ဒါပေမယ့် လက်စွပ်တွေကို ကြည့်လိုက်တာနဲ့ သူတို့ မျက်လုံးပြူးသွားတယ်။ မိန်းကလေးဝတ်ဖို့ လက်စွပ်က စိန်တစ်လုံးထဲပါတဲ့ ရွှေလက်စွပ် ဖြစ်လို့ ကိစ္စမရှိပေမယ့် ယောက်ျားလေးဝတ် လက်စွပ်ကတော့ သူ့သူငယ်ချင်း ဝတ်တတ်တဲ့ နဝရတ်ကိုးပါး လက်စွပ်ကြီး ဖြစ်နေပါတယ်။ စားပွဲပေါ်က လက်စွပ်ကို ကြည့်ပြီး သီတာ့ရဲ့ သူငယ်ချင်းတွေ ခွိကနဲ ကြိတ်ရယ်လိုက်တဲ့ အသံကိုလည်း ကြားလိုက်ရတယ်။

အခုအခြေအနေမှတော့ မထူးတော့ပါဘူး။ ရှိတဲ့ လက်စွပ်နဲ့ပဲ ဇာတ်လမ်း ဆက်ကြရတာပေါ့။

တရားသူကြီးက မျက်လုံး တစ်ချက် ဝင့်ကြည့်တယ်။ ဘာမှတော့ မပြော။

“လက်စွပ် အဆင်သင့်ပါပဲ။ ” ထက်မြက်က လှမ်းပြောလိုက်တော့ တရားသူကြီးက “လက်စွပ်ကို တတိယမြောက် လက်ချောင်းမှာ ဝတ်ပေးကြပါ။ ပြီးရင် နောက်ကနေ လိုက်ဆိုကြပါ။”

ထက်မြက် နှင့် သီတာတို့ လက်စွပ်ကို တစ်ယောက်လက်မှာ တစ်ယောက် စွပ်ပေးလိုက်ကြသည်။

“အမြဲတသမတ်တည်း ရှိနေမယ့် သစ္စာတရားနဲ့ အဓွန့်ရှည်မယ့် ချစ်ခြင်းမေတ္တာတွေ ရဲ့ သင်္ကေတ အဖြစ် ဒီလက်စွပ်နဲ့ အတူ မင်းကို ငါ လက်ထပ်ပါ့မယ်။”

သူတို့ နှစ်ယောက်စလုံး နောက်က လိုက်ဆိုကြတယ်။

“မင်းတို့ နှစ်ဦးစလုံးက ငါ့ရဲ့ ရှေ့မှောက်မှာ လက်ထပ် ထိမ်းမြားပြီး အတူတကွ နေထိုင်ကြ ပါမယ်လို့ သဘော တူညီပြီး လေးလေးနက်နက် ကတိသစ္စာ ပြုခဲ့ပြီးပြီ ဖြစ်တဲ့အတွက် အခု အချိန်က စပြီး မင်းတို့ နှစ်ယောက်ကို အကြင် လင်မယား အဖြစ် ကြေငြာ လိုက်ပါပြီ။ မင်းအနေနဲ့ သတို့သမီးကို အခု နမ်းနိုင်ပါပြီ။”

ဘေးနားက လက်ခုပ်သံတွေ ထွက်လာတယ်။ ထက်မြက်က သီတာ့ကို ဆွဲယူပြီး နမ်းဖို့ ပြင်လိုက်တယ်။ သူမရဲ့ ခေါင်းကို ဆွဲမော့ပြီး နှုတ်ခမ်းကို နမ်းဖို့ ပြင်လိုက်တဲ့ အချိန်မှာပဲ မထင်မှတ်တာ တစ်ခုက ဖြစ်ပျက် သွားပါတယ်။ ထက်မြက်ရဲ့ ပုခုံးကို နောက်ကနေပြီး ဆောင့်ဆွဲလိုက်သလို ခံစားလိုက်ရပြီး ကြားလိုက်ရတာကတော့ သူ့ယောက္ခဖကြီးရဲ့ ဒေါသတကြီး အသံပါပဲ။

“ဟေ့ကောင်။ ဘာလုပ်တာလဲကွ။ ဒီမှာ လူကြီးတွေ အကုန်လုံး ရှိတယ်။ မင်း မြန်မာဆိုတာ မေ့နေပြီလား။ မင်းတို့ဘာသာ မင်းတို့ နမ်းချင်ရင် နောက်ကွယ်မှ နမ်းပေါ့။ အခု ငါတို့ မျက်နှာ ဘယ်သွားထား ရမှာလဲ။”

ဘေးနားက လက်ခုပ်တီးနေတဲ့ သူတွေ အားလုံး ကြောင်သွားကြပါတယ်။ ထက်မြက်လည်း ဆန့်ငင် ဆန့်ငင်နဲ့ ဘာလုပ်ရမှန်း မသိဘူး ဖြစ်သွားပါတယ်။ သီတာလည်း ငိုမဲ့မဲ့ နဲ့ မျက်နှာညှိုး သွားပါတယ်။ တရားသူကြီးကတော့ မြန်မာလို ပြောတာ ဘာမှ နားလည်ပုံတော့ မရပါဘူး။ ဒါပေမယ့်လည်း မျက်နှာပျက် သွားပါတယ်။ အားလုံး ဘာလုပ်ရမယ်မှန်း မသိ ဖြစ်နေကြတဲ့ အချိန်မှာပဲ တရားသူကြီးက ခေါင်းကို ခါရမ်းရင်း ပြောလိုက်ပါတယ်။

“ဝမ်းနည်းပါတယ်။ စင်ကာပူ နိုင်ငံရဲ့ ဥပဒေအရ မင်္ဂလာပွဲကို အထ မမြောက်ကြောင်း ကြေငြာ ရပါလိမ့်မယ်။ လက်ထပ်ဖို့ ကတိသစ္စာ ပြုနေတဲ့ အချိန်မှာ ဘယ်လို နှောက်ယှက်မှု မျိုးကိုမှ လက်ခံပေးလို့ မရပါဘူး။ အဲဒီတော့ ဥပဒေအရ နောက်ထပ် သုံးလအကြာမှာမှ နောက်တစ်ကြိမ် ကတိသစ္စာပြု လက်ထပ်ဖို့ ပြန်စီစဉ်ခွင့် ရှိပါတယ်။ ကျွန်တော် စိတ်မကောင်း ပါဘူး။”

သီတာက ရုတ်တရက် ငိုချလိုက်ပါတယ်။ ထက်မြက်လည်း ဒေါသတွေ အလိပ်လိုက် ထွက်ပြီး မျက်နှာကြီး နီရဲ လာပါတယ်။ သီတာ့ရဲ့ အဖေကြီးကတော့ မျက်လုံးကြီး ပြူးပြီး ဘာဆက်ပြောရမှန်း မသိအောင် ဖြစ်နေပါတယ်။ သီတာ့ရဲ့ အမေကတော့ “ရှင်..ရှင်” နဲ့ ဘာစကားမှ ဆက်ပြီး ထွက်မလာဘဲ သူ့ယောက်ျားကို ရန်တွေ့ဖို့ ကြိုးစားနေပါတယ်။ ကျန်တဲ့ သူတွေ အားလုံးလည်း ဘာလုပ်ရမယ်မှန်း မသိ ဖြစ်နေ ကြပါတယ်။ ဒီလိုနဲ့ပဲ ထက်မြက်နဲ့ သီတာတို့ရဲ့ မင်္ဂလာ လက်မှတ် ရေးထိုးပွဲဟာ မအောင်မြင်စွာနဲ့ပဲ ပြီးဆုံးသွားခဲ့ပါတယ်။

20 comments:

Ko Boyz said...

ဟင်... ဖြစ်ရပ်မှန်လား။ ဝတ္ထုလား။ အတော်ဆိုးတဲ့ ယောက္ခမပဲ။
အဖြစ်မှန်ဆိုရင်တော့ တော်တော့်ကို ကြေကွဲရတယ်...။

(စကားမစပ် - ယောက္ခဖ ဆိုတာ မရှိသလို ယောက္ခထီးဆိုတာလဲ မရှိပါဘူး။ ယောက္ခမ ဆိုတာပဲ ရှိပါတယ်။ နှစ်ယောက်စလုံးကို ယောက္ခမ ခေါ်တာပါပဲ...။)

khin oo may said...

စင်ကာပူမှာရေးတဲ့ ဟာသဝတ္ထူတို ကလေး ကိုဖတ်ပြီူး ငိုချင် ရယ်ချင်ဖြစ်သွားပါတယ် ။ နောက် ဆို ရန်ကုန်ပြန် ပြီး လက်ထပ်ကြပါလို့ လေးနက်စွာ အကြံြ့ပူလိုပါတယ။်

နွေးနေခြည် said...

သြော်.. ဒီလိုလည်း ရှိလား.. မှတ်ထားရမယ်။ ဒါမျိုးမဖြစ်စေရအောင် :P

စကားမစပ်.. အသိထဲမှာ ထက်မြက်နဲ့သီတာ ဆိုတဲ့ လင်မယားရှိတယ် း)

ZT said...

ကိုဘွိုင်း -> အဖြစ်မှန်တော့ အဖြစ်မှန်ပါပဲ။ ဒါပေမယ့် အဲဒီနမ်းတဲ့ ကိစ္စက Solemnizer ပြန်ပြောပြတဲ့ ဇာတ်လမ်းပါ။ မြန်မာတွေ ဖြစ်ခဲ့တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ အိန္ဒိယက အတွဲတစ်တွဲမှာ ဖြစ်ခဲ့တဲ့ ဇာတ်လမ်းပါ။ ယောက္ခဖ ဆိုတာကတော့ ပေါင်ချိန်ကြည့်တုန်းက သတိထားမိလို့ ယူသုံးလိုက်တာပါ။
ma kom -> မနမ်းချင်ရင် တရားသူကြီးကို ကြိုပြောထားလို့ ရပါတယ်။ မနမ်းချင်တာနဲ့တော့ ရန်ကုန် ပြန်စရာ မလိုပါဘူး။
နွေးနေခြည် -> နာမည်က တိုက်ဆိုင်သွားတာပါ။ :D

Thant said...

အော်ရီ(ရယ်)လိုက်ချင်ပါတယ် ။ Bossက အရှေ့တည့်တည့်မှာ မတ်တပ်ရပ်ပြီးစကားပြောနေပါတယ် ။ ဟုတ်ကဲ့ ။ တော်တော်ဒုက္ခရောက်နေပါတယ် ။ SOS.....

ဇနိ said...

:)

sin dan lar said...

တကယ်အဖြစ်အပျက်တဲ့.....
သြော်.. ဆန့်ငင်ဆန့်ငင်ဇာတ်လမ်းပေါ့နော်

သီဟသစ် said...

အော ကိုZT ရယ်
ဇာတ်သိမ်းခန်းရောက်မှ လုပ်ရက်လေခြင်း
:P

khin oo may said...

မဟုတ်ဘူး zt အစ်မပြောချင်တာက နမ်းတာနဲ့မဆိုင်ဘူး..နောက်ထပ် သုံးလ မစောင့်နို်င်လို့ မတော်တဆ ဒီလိုမျိူး အဖြစ်မျိူးတွေ မဖြစ်အောင် ဘာဘဲဖြစ်ဖြစ် ရွေ့ဆိုငး်စရာ မလိုအောင် ရန်ကုန်ပြန် ဘို့ပြောတာပါ။ (လည်မလိုလိုနဲ့ တော်တော်..)

MrDBA said...

ဒွတ်ခ ... တော်သေးတယ် စောစောစီးစီးကိစ္စပြီးထားလို့ .. (အဟိ)

JuneOne said...

တော်သေးတာပေါ့ တို့တုန်းက သက်သေသူငယ်ချင်း၂ယောက်ပဲပါလို့ အောင်မြင်သွားပါတယ်ကွယ်။

sin dan lar said...

ဒီမှာလက်မှတ်ထိုးလက်ထပ်မယ့် သူငယ်ချင်းရှိတယ်...။
ကြိုပြောထားဦးမှပဲ... တရားသူကြီးကို ကြိုပြောထားရင် ရတယ်ဆိုလားပဲ

မီယာ said...

ရီရတယ်... ယောက္ခမကို ကြည်ဖြူအောင် ထားကြဖို့ သင်ခန်းစာပေါ့..

Aung Khin said...

တော်သေးတယ် စောစောစီးစီး know လို့ ,,,,thanks

nyimuyar said...

ဗဟုသုတ ရပါ့ဗျား

Moe Cho Thinn said...

ဒီလိုအဖြစ်မျိုး ရှိသလား။ တရားသူကြီးက မတရားသူကြီးပဲ။ သူ့ဓလေ့ထုံးစံဆိုတာ ရှိတာနားလည်ပေးသင့်သလားလို့။ သနားပါတယ်နော်..

ponyate said...

ဖြစ်မှဖြစ်ရလေ ဆန့်တငင်ငင်နဲ့ :D

ဆောင်း said...

နောက်တခါ သူငယ်ချင်းဘဲခေါ် ကိုယ့်မိဘရော သူ ့မိဘရော ခေါ်မသွားနဲ ့

Phyo Maw said...

အဟောင်းတွေ ဖတ်ရင်း ဒါလေး မြင်လို့ ဖတ်ရင်းကနေ ဘယ်လိုပြောရမလဲကို မသိဘူး။ ဟင်း ဟင်း
ဖြစ်ရပ်မှန်ဆိုရင်တော့ ဆိုးသား... ဟုတ်လောက်ပါဘူး
န၀ရက်ကိုးပါး လပ်စွပ်ပဲမြင်ယောင်တယ် ဟ ဟ။

Anonymous said...

လက်စွပ်က ဘယ်သူ့  လက်စွပ်တွေလဲ... သူများလက်စွပ် တွေဆို မရဘူးဟုတ်?? After marriage, U 2 must wear these rings always...