လက်ကိုင် တယ်လီဖုန်းရဲ့ မှန်သားပြင်မှာ မတွေ့ရတာကြာတဲ့ သူငယ်ချင်း တစ်ယောက်ရဲ့ နာမည်ပေါ်လာလို့ ကျော်စွာ ဖုန်းကို ဝမ်းသာအားရ ကောက်ကိုင် လိုက်တယ်။
“ဟဲလို”
“ဟဲလို ကျော်စွာလား။”
ဟုတ်ပါတယ်။ တစ်ဖက်က ကြားရတာ သူ့ရဲ့ ကျောင်းနေဖက် သူငယ်ချင်း နေလွင်ရဲ့ အသံပါ။
“အေး။ နေလွင် ပြော။ ပျောက်လှ ချည်လားဟ။”
“ဒီလိုပါပဲကွာ။ အလုပ်များနေလို့။ ငါတို့ မတွေ့ဖြစ်တာတောင် ကြာပြီ။”
“အေးလေကွာ။ မင်းဆီ ဖုန်းဆက်ရင်လည်း မင်းက မအားတာနဲ့ ဘာနဲ့။ အခုမှ ဘာစိတ်ကူး ပေါက်ပြီး ဖုန်းဆက် ရတာလဲ။”
“မင်းနဲ့ စီးပွားရေး ကိစ္စ တိုင်ပင်ချင်လို့။”
“အောင်မယ်။ ထူးထူးခြားခြား။ မင်းလိုကောင်က။”
“ဒါပေါ့ကွာ ပိုက်ဆံဆိုတာ ရှာရမှာပေါ့။”
“အေး။ အဲဒီလို စကားမျိုး မင်းဆီက ကြားရတာ ဝမ်းသာတယ်။ မင်းနဲ့ ငါနဲ့ ဘယ်တော့ တွေ့မလဲ။”
“လာမယ့် ကြာသပတေးနေ့ ညနေ မင်းအားလား။”
ကျော်စွာ ပြက္ခဒိန်ကို တစ်ချက်လှမ်းကြည့်ရင်း ပြန်ဖြေတယ်။
“အားပါတယ်။”
“အဲဒါဆို ငါမင်းကို ဆယ်မီနာ တစ်ခု ဖိတ်ချင်တယ်။ လာတက်လိုက်ကွာ။ မင်းလည်း တစ်ခါတည်း အကြောင်းစုံ သိသွားရတာပေါ့။”
အဲဒီလိုနဲ့ နေလွင်ဖိတ်တဲ့ ဆယ်မီနာကို ကျော်စွာ သွားတက် ဖြစ်ပါတယ်။ ဆယ်မီနာမှာ ပြောတာကတော့ မဆိုးပါဘူး။ Robert Kiyoski ရဲ့ Rich Dad Poor Dad စာအုပ်ထဲက တိုက်ရိုက်ဝင်ငွေ နဲ့ သွယ်ဝိုက်ဝင်ငွေ အကြောင်းတွေ ပြောပြီး သွယ်ဝိုက်ဝင်ငွေ ရှာပြီး ကိုယ့်အတွက် ပိုက်ဆံကို အလုပ်လုပ်ခိုင်းမှ ငွေဝင်အား (Cashflow) က ပိုကောင်းလာမှာ ဖြစ်လို့ ချမ်းသာဖို့ လွယ်ကူတယ် ဆိုတဲ့ အကြောင်းပါ။ ဒီအချက်ကို လက်ခံပါတယ်။ ရင်းနှီး မြှုပ်နှံမှု ဆိုတာ တကယ်ကို လိုအပ်တဲ့ ကိစ္စပါ။ ဒါပေမယ့် သူတို့ရဲ့ သွယ်ဝိုက် ဝင်ငွေ ရှာတဲ့နည်း ကတော့ အချိုးမကျ ပါဘူး။ ပိရိမစ် ရောင်းဝယ်ရေးလို့ အများ သိကြတဲ့ နည်းလမ်းပါ။ ပိရမစ် ရောင်းဝယ်ရေး ရဲ့ သဘောတရားက ပစ္စည်း ရောင်းတာကို အဓိက ထားပြီး ငွေရှာတဲ့ နည်းမျိုး မဟုတ်ပဲ အရောင်း ကိုယ်စားလှယ် အသစ် ထပ်ရှာပြီး ငွေရှာတဲ့ သဘောမျိုးပါ။ Multi Level Marketing ဆိုတာ သာမန် တီဗွီ ကြော်ငြာဆိုင်းဘုတ် စတဲ့ သမာရိုးကျ ကြော်ငြာ နည်းလမ်းတွေ ကို မသုံးဘဲ အရောင်း ကိုယ်စားလှယ် အဆင့်ဆင့် ကနေ ကုန်ပစ္စည်း တွေကို ဖြန့်ဖြူးတဲ့ နည်းလမ်းပါ။ အဲဒီ နည်းလမ်း မှာမှ ကုန်ပစ္စည်း ဖြန့်ဖြူးလို့ရတဲ့ အမြတ်အစွန်းကို အဓိက မထားဘဲ ကိုယ်စည်းရုံးလို့ ရတဲ့ အရောင်း ကိုယ်စားလှယ်ရဲ့ အသင်းဝင်ကြေးကို အဓိကထားပြီး ပိုက်ဆံ ရှာတာကို ပိရိမစ် ရောင်းဝယ်ရေး လို့ အမျိုးအစား ခွဲခြားသတ်မှတ် ပါတယ်။
ဥပမာအားဖြင့် Mr. A က အဲဒီ စီးပွားရေး လုပ်ချင်တယ် ဆိုရင် သူ့အနေနဲ့ အရောင်း ကိုယ်စားလှယ် အဖွဲ့ဝင်ကြေး အကြမ်းမျဉ်း ဒေါ်လာ ၁ သောင်းခွဲ ပေးရပါတယ်။ အသင်းဝင် ပြီးရင် Mr.A က သူ့လို နောက်ထပ် အရောင်း ကိုယ်စားလှယ် လုပ်ချင်တဲ့ သူကို ရှာရပါတယ်။ အဲဒီမှာ သူက Mr. B နဲ့ Mr. C ကို အရောင်း ကိုယ်စားလှယ် အဖြစ် ဆွယ်နိုင်တယ် ဆိုရင် Mr. B နဲ့ Mr. C တို့ရဲ့ အဖွဲ့ဝင်ကြေး ဒေါ်လာ ၁သောင်းခွဲစီ ထဲက ဒေါ်လာ ၃၀၀၀ ကို ကော်မရှင် အနေနဲ့ ရပါတယ်။ အဲဒီမှာ Mr. B က Mr.D ကို အဖွဲ့ဝင် ဖြစ်အောင် ဆွယ်နိုင်တယ် ဆိုရင် Mr. B က ဒေါ်လာ ၃၀၀၀ ကို ကော်မရှင် အဖြစ်ရပြီး Mr. B ကို အသင်းဝင် ဖြစ်အောင် လုပ်ပေးခဲ့တဲ့ Mr. A ကတော့ ဒေါ်လာ ၁၅၀၀ ရပါတယ်။ အဲဒီလို ကိုယ်ဆွယ်ထားတဲ့ အသင်းဝင်တိုင်းရဲ့ ဆင့်ပွား အဆွယ်အပွားတွေ အားလုံးဆီကနေ အကျိုးအမြတ် ခံစားခွင့် ရတဲ့အတွက် ပိရမစ်ပုံစံ ဖြစ်နေလို့ ပိရိမစ် ရောင်းဝယ်ရေး လို့ ခေါ်ကြတာပါ။
ဆယ်မီနာ ပြီးတော့ နေလွင်နဲ့ အတူ အလုပ်လုပ်နေတဲ့ ဂျွန်ဆိုတဲ့ စလုံးတစ်ယောက်က သူ့ကို စကားစ ပါတယ်။
“မစ္စတာ ကျော် တစ်လ ဝင်ငွေ ဘယ်လောက် ရှိသလဲ ခန့်မှန်းခြေ ပြောပြလို့ ရမလား။”
“ကျွန်တော့်အတွက် ပြောပြရတာ အပန်းမကြီးပါဘူး။ ဒေါ်လာ ၃၀၀၀ ကျော်လောက်တော့ ရှိတာပေါ့။”
“ကိုယ်ပိုင် စီးပွားရေး လုပ်ဖို့ အစီအစဉ် မရှိဘူးလား။ ကျွန်တော်တို့နဲ့ အတူ စီးပွားရေး လုပ်မယ် ဆိုရင် တစ်လကို ဂဏန်း ၅လုံး ရှိတဲ့ ဝင်ငွေမျိုး ရနိုင်ပါတယ်။ ဒီပတ်ဝန်းကျင်မှာ ကြည့်လိုက်ပါ။ အားလုံး ဝင်ငွေကောင်းတဲ့ သူတွေချည်းပဲ။ တစ်လ ၃၀၀၀ လောက်ဆိုတာ ဒီမှာ အလုပ်လုပ်နေတဲ့ သူတွေအတွက် နည်းနည်းလေးပဲ ရှိပါတယ်။ အလုပ် ကြိုးစားတဲ့ သူတွေ အကုန်လုံး ဂဏန်း ၅လုံး ဝင်ငွေ ရှိကြတယ်။ ကျွန်တော်တို့ စီနီယာ တစ်ယောက်ဆို ကိုယ်ပိုင် ပုံနှိပ် လုပ်ငန်း လုပ်ခဲ့တာ ၁၀ နှစ်ကျော် ကြာတယ်။ အဲဒီ ဝင်ငွေနဲ့ ညီမျှတဲ့ ဝင်ငွေကို အခုလုပ်ငန်း လုပ်တဲ့ အချိန်မှာ ၆ လနဲ့ ပြန်ရှာနိုင်တယ်။”
သူက ဘာမှ ပြန်မပြောသေးတော့ ဂျွန်က ဆက်ပြောပါတယ်။
“မစ္စတာကျော် လုပ်ရမယ့် အလုပ်က ရိုးရိုးရှင်းရှင်း လေးပါ။ ဟောဒီမှာ Aromatherapy ပစ္စည်း တစ်ခု ရှိတယ်။ အဲဒီပစ္စည်းက အရမ်းကို အသုံးဝင်တယ်။ လူတိုင်း ကြိုက်တဲ့ ပစ္စည်း။ အဲဒီ ပစ္စည်းကို ဒေါ်လာ တစ်သောင်းခွဲနဲ့ ဝယ်လိုက်။ နောက်ပြီး ရင် အဲဒီလို ဝယ်မယ့်သူ ထပ်ရှာပေါ့။ မစ္စတာကျော်ကနေ ဆင့်ပွားလာတဲ့သူတွေ ဒီပစ္စည်းကို ဝယ်တိုင်း အကျိုးအမြတ်တွေက မစ္စတာကျော်ရဲ့ အိတ်ထဲကို ဝင်နေမှာပါ။”
အပြောကတော့ ရွှေမန်းပါပဲ။ ဒါပေမယ့် ကျော်စွာ့လို စီးပွားရေး အကွက် မြင်တဲ့သူ တစ်ယောက်ကို လာပြီး ချဉ်းကပ် မိတာကတော့ သူတို့ အမှားပါပဲ။ MLM အကြောင်းကို ကျော်စွာ တော်တော် နှံ့နှံ့စပ်စပ် လေ့လာဖူး ပါတယ်။ ဒီကောင်တွေရဲ့လုပ်ပေါက် ကိုလည်း ကျော်စွာ ကောင်းကောင်း ရိပ်မိပါတယ်။ လူအတော် များများမှာ သိမ်ငယ်စိတ် ဆိုတာ ရှိပါတယ်။ အခု ဒီကောင်တွေ လုပ်နေတဲ့ ပုံစံက သူတို့ရဲ့ ပစ္စည်း ဥစ္စာတွေ ဝင်ငွေတွေပြ၊ ကိုယ့်ဘာသာကိုယ် သိမ်ငယ်သွားအောင် လုပ်၊ နောက်မှ အဲဒီ သိမ်ငယ်စိတ်ကို နင်းပြီး အိပ်မက်တွေ ထိုးရောင်း လိုက်တာပါပဲ။
သူစိတ်ထဲကနေ ကြိတ်ပြုံးမိပါတယ်။ နောက်တော့ သူက ဂျွန်ကို “ငါ နေလွင်နဲ့ ခဏ ကိုယ်ရေးကိုယ်တာ ကိစ္စ စကားပြောချင်တယ်။ နားလည်မယ် ထင်ပါတယ်။” လို့ ပြောပြီး အတင်း ပထုတ်လိုက်တယ်။ ဂျွန်က သူပြောမယ့် ကိစ္စက ငွေရေးကြေးရေး ကိစ္စလို့ ထင်သွားပြီး တစ်နေရာကို ထွက်သွား ပါတယ်။ သူထွက်သွားတော့ သူက နေလွင့်ဘက်ကို လှည့်ပြီး မေးခွန်း ထုတ်လိုက် ပါတယ်။
“ဟေ့ကောင်။ မင်းတို့အလုပ်ထဲမှာ မြန်မာတွေ များလှချည်လားကွ။”
“ဒါပေါ့ကွာ။ စလုံး ဆိုတဲ့ကောင်တွေက စီးပွားရေး အမြင်မှ မရှိတာကွာ။ ဒီလုပ်ငန်းမှာ နိုင်ငံခြားသားတွေ များတယ်။ မြန်မာတွေလည်း အများကြီးပဲ။ ဘာပဲပြောပြော ငါတို့ မြန်မာတွေက စီးပွားရေး အမြင်ကျယ်တယ် လေကွာ။”
“ဟေ့ကောင်။ နေလွင်။ မင်း သောက်ရူးပဲကွ။ စလုံးတွေမှာ စီးပွားရေး လုပ်ငန်းရှင် ဖြစ်ချင်တဲ့စိတ် ငါတို့ မြန်မာတွေလောက် မရှိဘူး ဆိုတာ ငါလက်ခံလို့ ရတယ်။ ဒါပေမယ့် မင်း စလုံးမှာ နေလာတာ ဒီလောက် ကြာပြီ။ ဒီကောင်တွေ အကြောင်း အခုထိ မသိသေးတာ ငါအံ့သြတယ်။ ဒီကောင်တွေ ထောင့်စေ့အောင် မေးတတ်တဲ့ နေရာမှာ ငါတို့ထက်သာတယ်။ ကတ်သီးကတ်သတ် တွက်တတ်တဲ့ နေရာမှာလည်း အတူတူပဲ။ နောက်ပြီး ဒီကောင်တွေ က အားမနာတတ်ဘူး။ ငါတို့က တစ်ခုခု ပြန်မေးဖို့ ဆိုရင် ရွံ့သလို ကြောက်သလို ဖြစ်တတ်တယ်။ သူများကို စော်ကားသလို ဖြစ်မှာလည်း ကြောက်တတ်တယ်။ ဒီလုပ်ငန်းနဲ့ ပတ်သက်ပြီး လှည့်ပတ် မေးနိုင်ရင် ဟာကွက်တွေ အများကြီးပဲ။ ဒါနဲ့ နေပါဦး။ အဲဒီ လူတွေ အကုန်လုံးက လက်ထဲမှာ ပိုက်ဆံ ၁ သောင်းခွဲ ရင်းနှီးဖို့ ရှိကြ သတဲ့လား။”
“ဘယ်ရှိမလဲ။ ဒါပေမယ့် ဒီလောက်ကောင်းတဲ့ စီးပွားရေး အခွင့်အလမ်းပဲကွာ။ ဘယ်လက်လွတ် ခံမလဲ။ ရတဲ့ နေရာက ချေးငှား၊ ရှိတာ ရောင်းချပြီး လုပ်ကြတာပေါ့။”
“ဘယ်နှစ်ယောက် အရင်း ပြန်ရပြီလဲ။”
နေလွင်က မဖြေနိုင်ပဲ အင်းအဲ ဖြစ်နေပါတယ်။ နောက်မှ
“မင်း ခက်ခက် ကို သိတယ်မဟုတ်လား။”
“ဟို အင်ဂျင်ဝိုင်ကလေးကို ပြောတာမဟုတ်လား။ သိတာပေါ့။”
“ဘာလဲကွ။ အင်ဂျင်ဝိုင်။”
“စက်ဆီ ကို ပြောတာဟ။”
“ဟားဟား။ အေး ဟုတ်တယ်။ သူတော့ အရင်းကြေတဲ့ အပြင် အမြတ်ပါ တော်တော် ရနေပြီ။”
“မင်းနဲ့ တခြားကျန်တဲ့ သူတွေကရော။”
“လုပ်ကြတုန်းပဲဟ။ မရကြသေးဘူး။”
“ဘယ်တူမလဲဟ။ မင်းတို့လို နှုတ်က မသွက်တဲ့ ကောင်နဲ့ ခက်ခက်လို မွှတ်နေအောင် လည်တဲ့ ကောင်မလေးနဲ့။ ဟိုက တစ်ချက်နှစ်ချက် ညုလိုက်ရင် လျော်ချင်နေတဲ့ ကောင်တွေက အများကြီး။ မင်းတို့လို ကောင်တွေကျ ဘယ်သူက လျော်မှာလဲ။”
“အဲဒီလိုလည်း မဟုတ်သေးဘူးကွ။ ရှိသေးတယ်။ ကိုထွဋ်ဆိုရင် အစကတည်းက လုပ်တာ။ သူလည်း အခု ဆိုရင် အတော် ဝင်ငွေကောင်းနေပြီ။”
“မင်းတို့ကောင်တွေ ငအ တွေပဲကွာ။ မလေ့မလာပဲနဲ့ သောက်ရမ်း စွတ်စွတ်လုပ်တယ်။ ဟေ့ကောင်။ မင်းကိုငါ ပြောပြမယ်။ ပိရမစ် လုပ်ငန်းတွေမှာ ရှုံးတဲ့သူက ၈၈ ရာခိုင်နှုန်း ရှိတယ်။ အမြတ် ရတဲ့သူက ၁၂ ရာခိုင်နှုန်းပဲ ရှိတယ်။ ကိုထွဋ်လို လူမျိုး အမြတ်ရတယ် ဆိုတာ အဲဒီ ၁၂ ရာခိုင်နှုန်းထဲမှာ ပါနေလို့။ မင်းစဉ်းစားကြည့်ကွာ။ ငါက လူ ၆ ယောက်ရှာတယ်။ အဲဒီ လူ ၆ယောက်က နောက်ထပ် လူ ၆ယောက် ထပ်ရှာတယ်။ ၁၃ ဆင့်လောက် အောက်ဆင်းသွားရင် ၁၃ ဘီလီယံ ဖြစ်နေပြီ။ အဲဒါ ကမ္ဘာ့ လူဦးရေထက် ပိုများသွားပြီကွ။”
“ဟ။ ဒါပေမယ့် လူတိုင်းက တကယ့်ကို လုပ်နိုင်ကြတာမှ မဟုတ်တာ။ အဲဒီထဲမှာ ကိုယ်လုပ်နိုင်ရင် ကိုယ်စားရမှာပဲလေ။”
“ဟေ့ကောင်ရ။ လူတိုင်း ကမင်းလို တွေးကြမှာပဲလေ။ ပိုက်ဆံ ၁သောင်းခွဲ ပေးထားပြီး ဘယ်ကောင်က ဒူးနှန့်နေမှာလဲ။ အကုန်လုံးက ကိုယ်ပြန်ရမယ် ထင်လို့ပဲ ဒီလောက် ပိုက်ဆံ အကုန်ခံကြတာပေါ့။”
သူပြောတဲ့စကားကြောင့် နေလွင် တွေသွားပါတယ်။ အဲဒီအချိန်မှာပဲ ဂျွန်က မယောင်မလည်နဲ့ အနားကို ပြန်ရောက်လာပါတယ်။
“ဘယ်လိုလဲ မစ္စတာကျော်။ ဆွေးနွေးလို့ ပြီးပြီလား။”
“ပြီးပါပြီ။ ကျွန်တော် ပိုက်ဆံ ဘယ်လောက်ရရ ဥပဒေနဲ့ မကင်းတဲ့ လုပ်ငန်းတွေ မလုပ်ချင်ပါဘူး။”
သူ့စကားကြောင့် ဂျွန်ရော နေလွင်ပါ မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်သွားတယ်။ ဂျွန်က အကြောက်အကန် ငြင်းတယ်။
“ကျွန်တော်တို့ လုပ်ငန်းက ဥပဒေဘောင်အတွင်းက လုပ်တဲ့ လုပ်ငန်းပါ။”
“မဟုတ်သေးဘူး ဂျွန်။ စင်ကာပူမှာ MLM နဲ့ ပိရိမစ် ရောင်းဝယ်မှုကို ပိတ်ပင်တဲ့ ဥပဒေ ကို ပြဌာန်းထားတာ ၁၉၇၃ ခုနှစ် ကတည်းကပါ။ အမေရိကန် အပါအဝင် နိုင်ငံတွေ အတော်များများမှာလည်း ဥပဒေအရ ပိတ်ပင်ထားတယ်။ ကျွန်တော် လေ့လာဖူးတယ်။ ၂၀၀၀ ခုနှစ်မှာမှ စင်ကာပူမှာ ၁၉၇၃ ဥပဒေကို ခြွင်းချက်ပေးတဲ့ ပြင်ဆင်ချက် ဥပဒေ ထွက်ထားတယ်။ အဲဒီ ခြွင်းချက်ပေးထားတာကလည်း အာမခံ ကုမ္ပဏီတွေနဲ့ ရောင်းဝယ် ဖောက်ကားမှုကနေ အမြတ်အစွန်းကို ခွဲဝေပေးတဲ့ ကုမ္ပဏီတွေပဲ ပါပါတယ်။ အရောင်း ကိုယ်စားလှယ် အသစ် ထပ်ရှာပြီး အမြတ်အစွန်း ရှာတဲ့ ကုမ္ပဏီက ဥပဒေနဲ့ ငြိစွန်း နေတယ်။ ဒဏ်ငွေ ၂ သိန်းအထိ ဒါမှမဟုတ် ထောင် ၅ နှစ်အထိ ချလို့ ရတယ်။”
ကြည့်ရတာ သူကိုယ်တိုင်လည်း ကြားဖူးပုံ မပေါ်ပါဘူး။ သူ့ကို ပါးစပ် အဟောင်းသားနဲ့ ငေးကြည့် နေပါတယ်။ ကျော်စွာ ကိုယ်တိုင်တောင်မှ အရင်က အသေအချာ လေ့လာဖူးလို့ ဒီလောက် သိတာပါ။ ကျော်စွာက ပြောလက်စနဲ့ ဆက်ပြောတယ်။
“တီထွင်ကြံဆတဲ့နည်းနဲ့ လုပ်တဲ့ သာမန် MLM နဲ့ ပိရိမစ် ရောင်းဝယ်ရေးရဲ့ ကွာခြားချက်က အသိအသာ ကြီးပါ။ ခင်ဗျား ကျွန်တော့်ကို ပြတဲ့ Aromathreapy ပစ္စည်းကို စီးပွားရေး မျှော်လင့်ချက်သာ မရှိဘူး ဆိုရင် ဘယ်သူက ဝယ်မှာလဲ။ ကျွန်တော့်ကို ဒီအတိုင်းသာ လာရောင်းရင် ဒေါ်လာ ၅၀ တောင် ပေးမှာ မဟုတ်ဘူး။ ခင်ဗျားလည်း အဲဒီ မျှော်လင့်ချက်သာ မရှိရင် ဝယ်မှာ မဟုတ်ဘူး။ လူတိုင်း ကြိုက်တဲ့ ပစ္စည်းပဲ ထားအုံးဗျာ။ လူတိုင်းက ကိုယ်နည်းနည်း သဘောကျတာနဲ့ ပစ္စည်းဝယ်မှာမှ မဟုတ်တာ။ အားလုံးက နောက်ထပ် ပိုက်ဆံရှာလို့ ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီပစ္စည်းကို ဝယ်ကြတယ်။ အဲဒီတော့ ခင်ဗျားတို့လုပ်တာ ရိုးရိုး MLM မဟုတ်ဘဲ ပိရိမစ် ရောင်းဝယ်ရေး ဆိုတာ အရှင်းကြီးပဲ။ ပိုက်ဆံ ဘယ်လောက်ရရ ကျွန်တော်တော့ မလုပ်ဘူးဗျာ။ ပထမ အချက်က ကိုယ်နဲ့ ခင်မင်တဲ့ မိတ်ဆွေတွေရဲ့ ကိုယ့်အပေါ် ယုံကြည်မှုကို ရင်းပြီး သူတို့ကို အိပ်မက်တွေ ရောင်းစားရမယ်။ အဲဒီလူတွေနဲ့ အခင်အမင် ပျက်မယ်။ ကိုယ့်မိတ်ဆွေ သူငယ်ချင်းတွေလည်း ကိုယ်ကြောင့် ဒုက္ခရောက် ရမယ်။ နောက်ဆို လူတော သူတော မတိုးဘူး ဖြစ်သွားလိမ့်မယ်။ အဲဒီတော့ ခင်ဗျားတို့ကို အကြံပေးချင်တာက ခင်ဗျားတို့လည်း လူဝင်ဆန့်ချင်သေးတယ် ဆိုရင် အချိန်မလွန်ခင် နောက်ဆုတ်လိုက်ပါ။”
အဖြစ်အပျက် ကတော့ ရယ်ရပါတယ်။ အစတုန်းက သူတို့နှစ်ယောက်က သူ့ကို ဆွယ်ဖို့ ခေါ်တာပါ။ ဒါပေမယ့် အခုတော့ သူက သူတို့နှစ်ယောက်ကို ဒီအထဲက ပြန်ဆွဲထုတ်တဲ့ အခြေအနေ ဖြစ်နေပါပြီ။ ကြည့်ရတာ သူတို့ နှစ်ယောက်စလုံးလည်း ဒီလုပ်ငန်းမှာ အတွေ့အကြုံ သိပ်ရှိသေးပုံ မပေါ်ပါဘူး။ အတွေ့အကြုံ ရှိတဲ့ ကောင်ဆိုရင်တော့ ဇွတ်အတင်းငြင်းမှာမို့ အတော်ကို ငြင်းရခုံရ ဦးမှာ သေချာပါတယ်။ ဂျွန်နဲ့ နေလွင် သူ့စကားအဆုံးမှာ ပါးစပ်အဟောင်းသားနဲ့ ဘာပြောရမှန်း မသိဖြစ်နေကြပါတယ်။ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်နေကြပါတယ်။
“ကဲ။ ခင်ဗျားတို့ စဉ်းစားကြပေါ့ဗျာ။ ခင်ဗျားတို့လို ကိုယ်ပိုင်စီးပွားရေး လုပ်ငန်း လုပ်ချင်တဲ့သူတွေနဲ့ ဆုံခွင့်ရတာ ဝမ်းသာပါတယ်။ နောင်တစ်ချိန်မှာ MLM မဟုတ်ဘဲ တခြား စီးပွားရေး လုပ်ငန်းတစ်ခုခုကို လုပ်ဖို့ စိတ်ဝင်စားတယ် ဆိုရင် ပြန်ဆုံကြ သေးတာပေါ့။”
စကားအဆုံးမှာတော့ ကျော်စွာ လှည့်ထွက်ခဲ့ပါတယ်။ ကျန်ခဲ့တဲ့ နှစ်ယောက်တော့ သူ့ကျောပြင်ကို စိုက်ကြည့်နေသလား။ တစ်ယောက်မျက်နှာ တစ်ယောက်ပဲ ကြည့်နေသလား။ နောက်တစ်ယောက်ကိုပဲ အချဉ်ဖမ်းဖို့ သွားကြပြီလားတော့ မပြောတတ်တော့ပါ။
Reference:
What's wrong with Multi-Level Marketing?
Singapore: Ministry of Trade and Industry: Multi-Level Marketing and Pyramid Selling
Wikipedia: Pyramid Scheme
Related Post:
ကိုနဗန - လင်ဇီးမုန်တိုင်း မွှေတဲ့နေ့ ( အပိုင်းတစ် )
ကိုနဗန - လင်ဇီးမုန်တိုင်း မွှေတဲ့နေ့ ( အပိုင်းနှစ် )
(ဒီပို့စ်ဖြစ်အောင် အချက်အလက်တွေ ပေးခဲ့တဲ့ Gunner နဲ့ MLM သမားတွေ အကြောင်း ရှင်းပြပေးတဲ့ မြန်မာ Tycoon ကြီး တို့ကို အထူးပဲ ကျေးဇူးတင် ပါတယ်။ :D )
8 comments:
ဟုတ်တယ် ရန်ကုန်မှာတုန်းကတောင် တခါကြုံဖူးသေးတယ်။ Multi Level Marketing ဆိုပြီး အတင်းမြူဆွယ်တယ်။ အဲဒီစီးပွားရေးကို စင်ကာပူမှာ ကျောင်းတက်နေတယ့် မြန်မာကောင်လေးနဲ့ကောင်မလေးက ယူလာတာတဲ့။ မြန်မာပြည်ကလူတွေကိုလည်း မျှဝေပြီး ခံစားစေချင်တဲ့ စေတနာနဲ့တဲ့။ ဒါမျိုး အတွေ့အကြုံ ဗဟုသုတ မရှိသေးတော့ ကျော်စွာလိုတော့ ဘယ်ပြောတတ်ပါ့မလဲ။ အူတူတူနဲ့ အထင်တွေကြီးပြီး ပြန်လာပြီး အဖေ့ကိုပြောပြတော့ ဆူခံထိပါရော။ အဲဒါမျိုးတွေယုံရလားဆိုပြီးတော့ း)
အခုလိုမျိုး နဲ့ ပြောဆိုလုပ်ကိုင်နေကြတာကို မြန်မာနိုင်ငံအတွင်းမှာရော ..... အခြားနိုင်ငံအချို့အတော်များများမှာ ကြားဖူး ကြုံဖူးပါတယ် .... ကုန်ပစ္စည်း ဒါမှမဟုတ် အခြား အာမခံလုပ်ငန်းတို့ ဘာတို့ စတဲ့လုပ်ငန်းအမျိုးအစားသာ ကွာသွားပါတယ် ...... အပေါ်ယံကြည့်ရင်တော့ တော်တော်စိတ်ဝင်စားဖို့ကောင်းသလိုပဲ .... ကို ZT ရဲ့ပို့စ်ထဲမှာရေးသလိုပဲ
သေသေချာချာ ပြန်စဉ်းစားကြည့်တော့မှ သူတို့ပြောသလိုဖြစ်လာဖို့ဆိုတာ မလွယ်ဘူး မဖြစ်နိုင်ဘူးလို့ယူဆမိပါတယ် .....
US မှာဆိုရင်လဲ အခုလိုမျိုး မြန်မာအသိုင်းအဝိုင်းတွေကြားထဲ မြန်မာအချင်းချင်းကနေတဆင့် ထိုးဖောက်စည်းရုံးနေတာ တွေ့ရပါတယ် ...
English လိုဘာမှမတတ်တဲ့သူတောင် ကိုယ့်လူမျိုးအချင်းချင်းကြားထဲမှာ ကိုယ့်ဘာသာစကားနဲ့ စည်းရုံးလုပ်ဆောင်နိုင်လို့ အောင်မြင်နေပြီဆိုတဲ့အကြောင်း .... သားရေကျစရာမက်လုံးအမျိုးမျိုးနဲ့ စည်းရုံးနေတာတွေ့ဖူးပါတယ် ....
ကိုနဗနရေးဖူးတဲ့ လင်ဇီးမုန်တိုင်း မွှေတဲ့နေ့ နဲ့ အခု ကို ZT ရေးတဲ့ အိပ်မက်အရောင်းအဝယ် တို့ထဲကအတိုင်း ကျနော်လည်းထင်မြင်မိပါတယ် ...
အခုလို သတိထားစရာလေးတွေကို ပြည့်ပြည့််စုံစုံ အချက်အလက်တွေနဲ့ ရေးပြပေးတဲ့အတွက် ကျေးဇူးပါ ... ကို ZT
ကျွန်တော်လည်း ကြားဖူးတာက အဆင့်ဆင့်ပွားပြီး အမြတ်ငွေရှာတဲ့နည်းလို ့ ကြားဖူးတာပါ။ တကယ် ထိထိရောက်ရောက် သေချာ မလေ့လာဖူးဘူး။ ဖတ်ပြီး စဉ်းစားကြည့်တော့ အတော်ဇောခွေျးပြန်တဲ့ စီးပွားရေးလုပ်ငန်း ဖြစ်နေတာပဲဗျာ။ လူတယောက်ကနေ လူတယောက်ကို အပူတွေ လက်ဆင့်ကမ်းပေးတဲ့ နည်းပဲ။ ဒီနည်းက တဖြည်းဖြည်းနဲ ့ ဘယ်သူသေသေ ငတေမာရင် ပြီးရော ဖြစ်လာတာပဲ။ ဒါကြောင့်လည်း illegal ဖြစ်သွားရတာကိုး။ ကို ZT ရေ ဒီ post အတွက် ကျေးဇူးပါ..။
ကို ကြီးရေ ကျေးဇူးတင်ပါတယ်
ရန်ကုန်မှာ တွေ့ခဲ့ပါတယ်။
ကျွန်တော်တို့ နိုင်ငံမှာလည်း ဒါမျိုးတွေကို ဥပဒေသစ်တွေနဲ့ ထိထိရောက်ရောက်လေ ဖြစ်လာရင် သိပ်ကောင်းမယ်နော်
အင်း သူတို့တွေသိသင့်တာပေါ့နော်
မသိသေးတဲ့သူတွေ မြန်မြန်သိကြပါစေ
တွေ့ဘူးပါတယ် ရန်ကုန်မှာ တခု နှစ်ခု မကဘူး .. မသိတဲ့လူတွေ အပြောကောင်းတဲ့နောက်ပါကြတယ် .. ခုလိုပြောပြပေးမှ ရေရေလည်လည်သိပါတော့တယ် .. ကျေးဇူးပါ း)
ဒါလေးရေးပြတာ တော်တော် ကောင်းပါတယ်..
အဲဒီလို အကျိုးအကြောင်းနဲ့ ပြန်ပြောပြနိုင်တာ မှတ်သားစရာပါ။
ဗဟုသုတ ဖြစ်စရာ အသိပညာပေး စာစုလေးအတွက် ကျေးဇူးပါ ကိုဇက်ရေ...။
မှတ်သားသွားပါတယ်။
Post a Comment