Search This Blog

Monday, March 23, 2009

မြို့ပြတံငါတစ်ယောက်ရဲ့ မှတ်စုများ

စင်ကာပူ ဆိုတာ တစ်ချိန်တုန်းကတော့ တံငါလုပ်ငန်းနဲ့ အသက်မွေးတဲ့ နေရာတစ်ခုပါပဲ။ ဒါပေမယ့် အခု အချိန်မှာတော့ တိုးတက်တဲ့ မြို့ပြ တစ်ခု အဖြစ် ပြောင်းလဲခဲ့ပါပြီ။ လူတွေ ကားတွေနဲ့ မြို့ပြရဲ့ အရိပ်အငွေ့တွေ အမြဲတမ်း လွှမ်းခြုံနေတဲ့ နေရာမှာ သဘာဝနဲ့ နီးစပ်နိုင်ဖို့ ဆိုတာ အတော့်ကို ခဲယဉ်းတဲ့ ကိစ္စတစ်ခုပါပဲ။ အဲဒီလို ဆူညံ မွန်းကျပ်တဲ့ မြို့ပြ ပတ်ဝန်းကျင်ကနေ ခဏတာ ရုန်းထွက်နိုင်ဖို့ အတွက် သူ့ရဲ့ ရွေးချယ်မှုကတော့ စင်ကာပူမှာ တစ်ချိန်က အသက်မွေးဝမ်းကြောင်း အလုပ် ဖြစ်ခဲ့ပြီး အခုအခါမှာတော့ အပန်းဖြေနည်း တစ်မျိုး ဖြစ်နေတဲ့ ငါးမျှားခြင်း ပါပဲ။

စင်ကာပူမှာ ငါမျှားတဲ့သူ အမျိုးမျိုး အစားစား ရှိပါတယ်။ တစ်ချို့က ပင်လယ်ကမ်းစပ် နံဘေးက ဥယျာဉ်တွေထဲမှာ ငါးမျှားလေ့ ရှိကြပါတယ်။ တစ်ချို့ကတော့ ငါးမျှားဖို့ သီးသန့်လုပ်ထားတဲ့ ငါးကန်တွေမှာ ငါးမျှားလေ့ရှိကြပါတယ်။ ဒါပေမယ့် သူကတော့ အဲဒီလို နေရာမျိုးတွေမှာ ငါးမျှားလေ့ မရှိဘဲ သဘာဝကျကျ ပင်လယ်ပြင်ထဲကို ထွက်ပြီး ငါးမျှားလေ့ ရှိတဲ့သူပါ။

သူတို့လို လူစားမျိုးတွေအတွက် ရွေးချယ်စရာ ၂ မျိုး ရှိပါတယ်။ ပထမ တစ်မျိုးကတော့ စင်ကာပူ၊ မလေးရှား နဲ့ အင်ဒိုနီးရှား အနီးတဝိုက်မှာ ရှိတဲ့ ကေလောင်း (Kelong) လို့ ခေါ်တဲ့ ပင်လယ်ထဲမှာ တည်ဆောက်ထားတဲ့ ငါးဖမ်းစခန်းတွေပါ။ ကေလောင်းတွေကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက ပင်လယ်ထဲမှာ ငါးဖမ်းဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တံငါတွေက တည်ဆောက် တတ်ကြပါတယ်။ ပုံမှန်အားဖြင့် ၆ မီတာကနေ ၈ မီတာ အထိ နက်တဲ့ ပင်လယ်ထဲမှာ တည်ဆောက်ထားလေ့ ရှိပေမယ့် တစ်ချို့ ကေလောင်းတွေ ကတော့ ပိုပြီး နက်တဲ့ ပင်လယ်ပြင်ထဲမှာ တည်ဆောက်ထားလေ့ ရှိပါတယ်။ ကေလောင်းတွေရဲ့ မူလ ရည်ရွယ်ချက်က ငါးဖမ်းဖို့ သက်သက်ဖြစ်ပေမယ့် အခုလို ခေတ်ကာလမျိုးမှာ ပြုပြင်ထိန်းသိမ်းခ စရိတ်နဲ့ တွက်ခြေ မကိုက်တာကြောင့် မြို့ပြ ပတ်ဝန်းကျင်ကနေ ခေတ္တခဏ ရုန်းထွက်ချင်တဲ့ သူ့လို လူတွေ အတွက် အပန်းဖြေစရာ နေရာ အဖြစ် ငါးဖမ်းစခန်းနဲ့ တွဲဖက်ပြီး ဖွင့်လှစ်ထားလေ့ ရှိပါတယ်။

နောက်တစ်မျိုး ရွေးချယ်စရာ ရှိတာကတော့ စက်လှေငှားပြီး ပင်လယ်ထဲမှာ ငါးမျှားဖို့ နည်းလမ်းပါပဲ။ စင်ကာပူမှာ သူ့လို ငါးမျှားတာ ဝါသနာ ပါတဲ့သူတွေ အများကြီး ရှိပါတယ်။ တစ်ခါတစ်လေမှာတော့ အဲဒီလို လူမျိုးတွေ ၁၀ ယောက်လောက် စုပြီးတော့ စက်လှေတစ်စင်းကို ၂ ရက် ၃ ရက် အပြတ်ငှားပြီး ပင်လယ်ထဲထွက် ငါးမျှားလေ့ ရှိပါတယ်။ သူတို့ သွားလေ့သွားထ ရှိတဲ့ နေရာတွေကတော့ စင်ကာပူ ပိုင်နက် အဖြစ် နောက်ဆုံး သတ်မှတ်လိုက်တဲ့ ပီထရာ ဘရန်ကာ ကျွန်းအနီးက တောင်တရုတ်ပင်လယ် နဲ့ မလေးရှား ကမ်းရိုးတန်း အနီးတဝိုက်ပါပဲ။ ဒါပေမယ့် ဥပဒေ အရ သူတို့ အနေနဲ့ စင်ကာပူနဲ့ မလေးရှားရဲ့ ရေပိုင်နက်ထဲမှာ ငါးဖမ်းလို့မရပဲ နိုင်ငံတကာ ပင်လယ်ပြင်ထဲကို ထွက်ပြီးတော့ပဲ ငါးမျှားရပါတယ်။ အဲဒီလို ငါးမျှားတဲ့ နေရာမှာလည်း တစ်နေရာတည်းမှာ စက်လှေကို အသေ ကျောက်ချပြီး မျှားလေ့မရှိပဲ ငါးမိတာ အနည်းအများ ပေါ်မူတည်ပြီး နေရာ ရွှေ့လေ့ ရှိပါတယ်။

တစ်ချို့ စက်လှေသူကြီးတွေက အဲဒီလို နေရာ ရွှေ့ခိုင်းရင် အလုပ်ရှုပ်တယ် ဆိုပြီး ရွှေ့မပေးချင်ပါဘူး။ အဲဒီလို စက်လှေ သူကြီးမျိုးနဲ့ တွေ့ရင်တော့ သူတို့ အဲဒီစက်လှေကို နောက်တစ်ခါ ထပ်ငှားလေ့ မရှိပါဘူး။ တစ်ချို့ စက်လှေ သူကြီးတွေကတော့ စိတ်ပါလက်ပါ နေရာ ရွှေ့ပေးတဲ့ အပြင် ငါးစာပါ ရှာပေးလေ့ ရှိပါတယ်။ သူတို့ ငါးမျှားထွက်ရင် အဲဒီလို စက်လှေသူကြီးမျိုးကိုပဲ မှတ်ထားပြီး သူ့ရဲ့ စက်လှေကိုပဲ နောက်တစ်ခါ ပြန်ငှားလေ့ ရှိပါတယ်။

ငါးမျှားတယ် ဆိုတာ တချို့က ကံတရားနဲ့ အများကြီး ဆိုင်တယ်လို့ အထင်မှားကြ ပါတယ်။ ဒါပေမယ့် အမှန်တကယ် ကတော့ ကျွမ်းကျင်မှုနဲ့ အများကြီး ဆိုင်ပါတယ်။ လူနှစ်ယောက် ၂ ပေ လောက် အကွာမှာ ထိုင်ပြီး ငါးမျှား နေကြတဲ့ အခါမှာ တစ်ယောက်က ငါးတွေ ဆက်တိုက်မိနေပြီး နောက်တစ်ယောက်က ငါးသိပ်မမိတာကို ကံတရားလို့ ပြောရမှာ ခပ်ခက်ခက်ပါပဲ။ အမှန်တကယ်ကတော့ ငါးမျှားတဲ့ နေရာမှာ ငါးမျှားတဲ့ နည်းစနစ်တွေနဲ့ ငါးတွေရဲ့ သဘာဝကို ကျွမ်းကျင်ဖို့က တကယ်ကို လိုအပ်ပါတယ်။

ပထမဆုံး သတိထားရမယ့် အချက်ကတော့ ငါးမျှားချိတ်ပါ။ ကိုယ်မျှားချင်တဲ့ ငါးရဲ့ အရွယ်အစားပေါ် မူတည်ပြီး ငါးမျှားချိတ်ကို ရွေးရပါတယ်။ တစ်တောင်လောက် ရှိတဲ့ ငါးကို မျှားဖို့အတွက် ငါးမန်းမျှားတဲ့ နေရာမှာ သုံးတဲ့ ငါးမျှားချိတ်မျိုး သုံးရင် အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ အဲဒီလိုပဲ ငါးမျှားချိတ်ကို ဝယ်တဲ့ နေရာမှာလည်း အရည်အသွေးကောင်းတဲ့ ငါးမျှားချိတ်မျိုးကို ရွေးဝယ်တတ်ဖို့ လိုပါတယ်။ ဒါမှလည်း ငါးကို မိတဲ့အချိန်မှာ ငါးရဲ့ ရုန်းအားကြောင့် ငါးမျှားချိတ်က ကောက်ကွေး သွားတာတို့ ငါးလွတ်ထွက်သွားတာတို့ မဖြစ်ပဲ ရှိပါလိမ့်မယ်။

နောက်တစ်ချက်ကတော့ ငါးစာပါ။ ငါးလည်း လူလိုပါပဲ။ အကောင်းကြိုက်တတ်ပါတယ်။ လတ်ဆတ်တာကို ကြိုက်ပါတယ်။ ပုံမှန်အားဖြင့် သူတို့အနေနဲ့ ရေဘဝဲ အသားကို ငါးစာအတွက် သုံးလေ့ ရှိပါတယ်။ အဲဒီလို သုံးတဲ့ နေရာမှာ ရေဘဝဲကို ဈေးထဲက ဝယ်သွားပြီး ငါးစာအနေနဲ့ တပ်မယ် ဆိုရင် ငါးက သိပ်မကြိုက်ပါဘူး။ လတ်ဆတ်တဲ့ ရေဘဝဲအသားနဲ့ မျှားမှ ငါးက ပိုကြိုက်ပါတယ်။ ကေလောင်းတွေမှာ ငါးမျှားတဲ့ အချိန်မှာ ရေဘဝဲက လတ်လတ်ဆတ်ဆတ် ရနိုင်တာမို့ ပြသနာ မရှိပေမယ့် ပင်လယ်ထဲမှာ စက်လှေနဲ့ ထွက်ပြီး ငါးမျှားတဲ့ အချိန်မှာတော့ ရေဘဝဲ ရဖို့ တစ်မျိုးကြံရပါတယ်။ တစ်ချို့ စက်လှေသူကြီးတွေက သူတို့ အတွက် ရေဘဝဲကို ဖမ်းပေးလေ့ရှိပါတယ်။

သူတို့ ရေဘဝဲ ဖမ်းတဲ့ နည်းကတော့ စက်လှေရဲ့ ဘေးမှာ အင်မတန် အလင်းရောင်စူးတဲ့ မီးကို ရေထဲစိုက်ပြီး ထိုးထား ရပါတယ်။ အဲဒီလို ရေထဲကို ထိုးထားပြီ ဆိုရင် အလင်းရောင် ရှိတဲ့ နေရာကို ရေဘဝဲတွေ ရောက်လာတတ် ပါတယ်။ ရေဘဝဲတွေ ရောက်လာပြီလို့ ထင်ရတဲ့ အချိန်မှာတော့ မီးအလင်းရောင်ကို တဖြည်းဖြည်း လျှော့ချရ ပါတယ်။ မီးအလင်းရောင် လျော့သွားရင် ရေဘဝဲက မီးရောင် ပိုရဖို့ ရေနက်ထဲကနေ အပေါ်ကို တက်လာတတ် ကြပါတယ်။ တဖြည်းဖြည်းနဲ့ အပေါ်ကို ရောက်လာပြီ ဆိုမှ လက်ကိုင် ငါးဖမ်းပိုက်နဲ့ ရေဘဝဲကို ဖမ်းရပါတယ်။

တစ်ခါတစ်လေတော့လည်း သူတို့ ပင်လယ်ထဲ ထွက်တဲ့ အချိန်မှာ အနီးအနားမှာ ရှိတဲ့ ကေလောင်းကို ရေဒီယိုနဲ့ လှမ်းခေါ်ပြီး ရေဘဝဲ လာပို့ဖို့ လှမ်းမှာရပါတယ်။ အဲဒီလို လှမ်းမှာရင် ကေလောင်းကနေ ရေဘဝဲ လတ်လတ်ဆတ်ဆတ်ကို စက်တပ် သမ္ဗာန်နဲ့ လာပို့လေ့ရှိပါတယ်။ နောက်တစ်မျိုး သူတို့ သုံးလေ့ရှိတဲ့ ငါးစာကတော့ ပုစွန်အရှင်နဲ့ ငါးအရှင် သေးသေးကလေးတွေပါ။ အဲဒီလို ငါးစာမျိုးကို ပင်လယ်ထဲ မထွက်ခင် ကတည်းက ကြိုပြီး ရှာလာရ ပါတယ်။ ပုစွန်အရှင် ကတော့ ငါးတွေရဲ့ စိတ်ကြိုက် အစာပါပဲ။ ငါးသေးသေးကလေး တွေကိုလည်း ငါးကြီးတွေကို မျှားဖို့ အတွက် သုံးလေ့ ရှိပါတယ်။

ရေထဲကို ငါးစာချပြီး သွားတဲ့ အခါမှာတော့ အချိန်တန်ရင် ငါးက လာဟပ်မှာပဲ ဆိုပြီး ထားလို့ မရပါဘူး။ အဲဒီလို လုပ်မယ်ဆိုရင် လမ်းကြုံတဲ့ငါးက အစာတွေ့လို့ ဝင်ဟပ်မှပဲ ငါးကို ရပါလိမ့်မယ်။ အဲဒါကြောင့် ငါးမိဖို့ မသေချာပါဘူး။ ငါးစာချပြီးလို့ အချိန်အတော် ကြာတဲ့အထိ ငါးက လာမဟပ်ရင် ငါးစာကို တစ်ခြား တနေရာ ရွှေ့ပေးရ ပါတယ်။ ငါးစာကို ချပြီးတဲ့ အခါမှာ လာဟပ်မဲ့ ငါးကို စိတ်ဝင်စားအောင် ငါးမျှားကြိုးကို လှုပ်ပေး ရပါတယ်။ ငါးတွေက အစာရှာတဲ့ နေရာမှာ အကြားအာရုံကို သုံးတတ်ပါတယ်။ အဲဒီတော့ ငါးစာက လှုပ်နေမယ် ဆိုရင် ငါးက လာဟပ်နိုင်တဲ့ အခွင့်အလမ်း ပိုများပါတယ်။ အဲဒါမှ မရသေးဘူး ဆိုရင် ငါးစာကို လဲပေးရပါတယ်။ ငါးစမျှားတဲ့ အချိန် ကတည်းက ငါးစာ တစ်မျိုးတည်းကို သုံးပြီး မျှားမယ် ဆိုရင် ငါးကို ရဖို့ ရာခိုင်နှုန်း နည်းပါတယ်။

ပုံမှန်အားဖြင့် စက်လှေနဲ့ ငါးထွက်မျှားတဲ့ သူတိုင်းတော့ ငါးမျှားတတ်ကြတာ မဟုတ်ပါဘူး။ တစ်ချို့က အဖော်ကောင်းလို့ အပျော်လိုက်လာတတ်တဲ့ သူမျိုးပါ။ တစ်ချို့ကတော့ ငါးဖမ်းတာ ကြာလှပြီ ဖြစ်ပေမယ့် ငါးဖမ်းနည်းကို သင်ဖို့ စိတ်မဝင်စားပဲ ငါးမျှားတာ ကံတရားနဲ့ ဆိုင်တယ်လို့ပဲ ထင်နေတတ်တဲ့ လူစားမျိုးတွေပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့ရဲ့ ငါးဖမ်းတဲ့ ခရီးစဉ် ပြီးဆုံးသွားတဲ့ အချိန်မျိုးမှာတော့ သူတို့လို ကျွမ်းကျင်တဲ့ ငါးဖမ်းသမားတွေမှာ ဖမ်းမိတဲ့ ငါးတွေ အများအပြား ရှိနေတတ်ပါတယ်။ အဲဒီလို အချိန်မျိုးဆိုရင် သူတို့က ငါးမမိတဲ့ တခြားသူတွေကို ပြန်ပြီး ဝေမျှ ပေးတတ် ပါတယ်။ ကိုယ်က ငါးကို ခုတ်ထစ်နေတဲ့ အချိန်မှာ ဘေးနားကနေ စားလို့ ကောင်းမှာပဲနော် လို့ လာပြောတာမျိုး ကြားရရင် မပေးလို့ ဘယ်ကောင်းပါ့မလဲ။ ကိုယ့်မှာ သူတို့ထက်ပိုပြီး ကျွမ်းကျင်မှု ရှိတယ် ဆိုပြီး ဂုဏ်ယူချင်တဲ့ စိတ်လည်း ပါတာပေါ့လေ။

ဘယ်လိုပဲ ဖြစ်ဖြစ် ငါးဖမ်းတာဟာ သူ့ရဲ့ အဓိက အသက်မွေးဝမ်းကြောင်း အလုပ် မဟုတ်ပါဘူး။ စင်ကာပူလို နိုင်ငံမျိုးမှာ အပျော်တမ်း ငါးဖမ်းတာ တစ်ခုတည်းနဲ့တော့ ရပ်တည်ဖို့ မဖြစ်နိုင်ပါဘူး။ အိမ်စရိတ် သားသမီး တွေရဲ့ ပညာရေး အတွက် ကုန်ကျမယ့် စရိတ်တွေ အများကြီး ရှိနေပါသေးတယ်။ အဲဒီအတွက် သူ့မှာ အချိန်ပြည့် အလုပ်တစ်ခု လုပ်နေရ ပါတယ်။ ၂ လ တစ်ခါလောက် ကေလောင်းကို သွားပြီး ငါးမျှားလိုက် တစ်နှစ်ကို ၂ ခါ ၃ခါလောက် ပင်လယ်ထဲ ထွက်ပြီး ငါးမျှားလိုက်နဲ့ပဲ မြို့ပြရဲ့ ပတ်ဝန်းကျင်က ခေတ္တခဏ ပြေးထွက်ပြီး အပန်းဖြေလေ့ ရှိပါတယ်။ သူနေ့စဉ် လုပ်နေတဲ့ အဓိက အသက်မွေး ဝမ်းကြောင်း အလုပ်ကတော့ ကွန်ပြူတာ ဆော့ဖ်ဝဲတွေ ရေးတဲ့ ပရိုဂရမ်မာ အလုပ် ဖြစ်ပါတယ်။

13 comments:

khin oo may said...

သူနေ့စဉ် လုပ်နေတဲ့ အဓိက အသက်မွေး ဝမ်းကြောင်း အလုပ်ကတော့ ကွန်ပြူတာ ဆော့ဖ်ဝဲတွေ ရေးတဲ့ ပရိုဂရမ်မာ အလုပ် ဖြစ်ပါတယ်။

ွှွှအဲဒါဘယ်သူလဲ။

khin oo may said...

အကျိူးပြူစာပေကိုလာဖတ်သွားပါသည်။

ZT said...

ကျွန်တော်တော့ မဟုတ်ပါ။ အလုပ်ထဲက လုပ်ဖော်ကိုင်ဖက် တစ်ယောက် ဖြစ်ပါတယ်။

မိုးခါး said...

လာလေ့လာသွားပါတယ် .. း)

နွေးနေခြည် said...

စိတ်ဝင်စားဖို့လည်းကောင်း
ငါးမျှားတာ အဲလောက်ပညာပါမှန်လည်း ခုမှသိရ လို့ကျေးဇူးပါ...

အောင်သာငယ် said...

သူနေ့စဉ် လုပ်နေတဲ့ အဓိက အသက်မွေး ဝမ်းကြောင်း အလုပ်ကတော့ ကွန်ပြူတာ ဆော့ဖ်ဝဲတွေ ရေးတဲ့ ပရိုဂရမ်မာ အလုပ် ဖြစ်ပါတယ်။

ငါးမျှားတဲ့သူဟာ စိတ်လည်း အတော်ရှည်တဲ့ လူမျိုးပါပဲ...

လွိုင်လင်တို့ကတော့ အတော် စိတ်ရှည်တဲ့သူ ဖြစ်မှာပါ... း)

မဇနိ said...

ငါးကလည်း ရေဘဝဲ၊ ပုဇွန်ကြိုက်တာပဲနော်။ သူလည်း အကောင်းကြိုက်တတ်တယ်။ ငါးမျှားတာလည်း ငါးစာကိုပြောင်းပေးရတာနဲ့ လတ်ဆတ်တာလဲပေးရတာနဲ့ပါလား။ သူ့နေရာနဲ့သူ ပညာတွေရှိနေတာပဲ။ မြို့ပြကနေ ခဏတာ ကင်းဝေးရုံဆိုရင်တော့ ပျော်စရာကောင်းမှာပါ။

sin dan lar said...

ငါးဆို တီကောင်နဲ့မျှားတာပြ ကြားဖူးတယ်.. အဟဲ

Moe Cho Thinn said...

မိတ်ဆွေတယောက်အကြောင်းဆိုပေမဲ့ ဖတ်ရတာ ကောင်းတယ်နော်။ ဗဟုသုတ ရတယ်မောင်လေးရေ။
ဒီမှာလဲ အနောက်ဖက်ကမ်းခြေမို့ ဘိခ်ျတွေမှာ ငါးဖမ်းသူတွေ တွေ့ရတတ်တယ်။ ဒီလောက် ပညာပါမှန်း မသိခဲ့ဘူး။ တခါလောက်တော့ ငါးမျှားတံကို ကိုင်ပြီး ငြိမ်ငြိမ်လေး နေကြည့်ချင်မိတယ်။ မဂျူးရဲ့ ငါးမျှားခြင်း ကိုတောင် သတိရသွားတယ်။

khin oo may said...

ထပ်လာဖတ်တယ်။

သီဟသစ် said...

ကိုZTရေ
တင်စားပြီး ရေးထားတာ မှတ်နေတာ။ တကယ်ရေးထားတာကိုး။
ကိုယ်တိုင်တော့ မဖမ်းချင်ဘူး။ လိုက်ကြည့်ချင်တယ်။

မီယာ said...

ငါးမျှားတာ ဝါသနာကြီးတဲ့သူတွေ ထဲက တယောက် ထင်တယ်နော်... ပိုက်ဆံလည်းကုန်ဦးမှာ... အဖော်တွေနဲ့ သွားရရင်တော့ ပျော်စရာကြီးနေမှာ.. ဗဟုသုတ ရတာ ကျေးဇူးပါ

ဇနိ said...

ငါးကို ကင်စား၊ ချက်စား ကြိုက်ပေမယ့်၊ ငါးမျှားချိတ်မှာ ဒုက္ခခံပြီးပါလာတဲ့ ငါးတွေကို သနားလို့ ဒီတသက် မမျှားဖြစ်တော့ပါဘူး။
ငါးမျှားတာကို - ဒီဖက်နိုင်ငံတွေမှာလည်း အတော်များများလုပ်ကြတယ်.. အမျိုးသမီးတွေရောပေါ့..
ကျနော်တော့ အပျင်းပြေ ငါးမျှားတယ် ဆိုတဲ့ သူတွေတွေ့ရင် အံ့သြတယ်၊ သူတို့တွေ ငါးတွေကို မသနားကြဘူးလားလို့