Search This Blog

Tuesday, March 24, 2009

အင်ဂျင်နီယာတစ်ယောက် နှင့် မီးခိုးငွေ့များ

ကျွန်တော် အင်ဂျင်နီယာ ဖြစ်ခါစ လုပ်ငန်း အတွေ့အကြုံ နည်းတုန်း အချိန်မှာ ပေါက်တတ်ကရ လုပ်ခဲ့တာ မနည်းပါဘူး။ တစ်ချို့ အဖြစ်အပျက်တွေကတော့ အခုထက်ထိ မှတ်မှတ်ရရ ရှိနေတုန်း ပါပဲ။ အခြားသူတွေ ဆင်ခြင်နိုင်ဖို့ ဘယ်လိုတွေ ပေါက်တတ်ကရ လုပ်ခဲ့တယ် ဆိုတာကို ပြန်ပြောပြ ပါ့မယ်။

တစ်နေ့မှာ မလေးရှားနိုင်ငံ ဂျဟိုးဘာရူးမှာ ရှိတဲ့ စက်ရုံတစ်ရုံက ကျွန်တော့်ဆီကို ဖုန်းခေါ် ပါတယ်။ သူတို့ ဆီမှာ စက်ရပ်သွားပြီး ဘာဖြစ်မှန်းမသိလို့ လာကြည့်ပါဦးလို့ ပြောပါတယ်။ သူတို့ စက်ရုံမှာ ကျွန်တော်တို့ ရောင်းထားတဲ့ စက် ၃ လုံးက အာမခံ ပေးထားတဲ့ ကာလထဲမှာ ဖြစ်နေတာက တစ်ကြောင်း၊ တခြား စက်တွေနဲ့ ယှဉ်ကြည့်ရင် ကျွန်တော်တို့ စက်က ခဏခဏ ဒုက္ခပေး တတ်တာက တစ်ကြောင်းမို့ စက်ပျက်လို့ ခေါ်ပြီ ဆိုရင် အခမဲ့ ပြင်ပေးရတာ များပါတယ်။ အဲဒီ ဖုန်းလာပြီးတဲ့ နောက်မှာတော့ ကျွန်တော်လည်း ထုံးစံအတိုင်း အငှားကား တစ်တန်၊ ဘတ်စ်ကား တစ်တန်နဲ့ ဂျဟိုးကို သွားခဲ့ပါတယ်။ ရုံးကနေ မလေးရှားနယ်စပ် Woodland စစ်ဆေးရေး ဂိတ်အထိ အငှားကားစီး၊ ပြီးရင် ဘတ်စ်ကားနဲ့ နယ်စပ်တံတား ကိုဖြတ်၊ တခြားတစ်ဘက်ကမ်း ဂျဟိုးကို ရောက်မှ အငှားကား ထပ်ငှားပြီး စက်ရုံကို သွားရတာပါ။

ကျွန်တော် စက်ရုံကို ရောက်သွားတော့ စက်က တကယ်ပဲ ရပ်နေပါပြီ။ စက်ကို လှည့်ပတ် ကြည့်တော့ ရုပ်ပိုင်းဆိုင်ရာ အရ ဘာမှ ထိခိုက် ပျက်စီးထားတာ မတွေ့ရ ပါဘူး။ အဲဒါနဲ့လျှပ်စစ် ထိန်းချုပ်ရေး ခလုပ်ခုံ (Electrical Control Panel) ကို စစ်ဖို့ စက်ရဲ့ အဖုံးကို ဆွဲဖွင့်လိုက် ပါတယ်။ စက်ထဲကနေ ပလတ်စတစ် ညှော်နံ့က စူးစူးဝါးဝါး ထွက်လာပါတယ်။ တစ်ခုခုတော့ လောင်သွားပြီ ဆိုတာ သိလိုက်ရ တာပေါ့။ အဲဒီတော့ နှာခေါင်းကို အလုပ်ပေးပြီး ဘယ်ပစ္စည်း လောင်သွားသလဲ ဆိုတာကို အနံ့ခံ ပါတယ်။ စက်ပြင်ရင် အနံ့ခံရမယ် ဆိုတာတော့ ကျောင်းက သင်မပေးလိုက် ပါဘူး။ အနံ့က လျှပ်စစ် ခလုပ်ခုံကနေ ထွက်လာတာပါ။ လျှပ်စစ် ခလုပ်ခုံကို လှမ်းကြည့်တော့ အဲဒီမှာ တပ်ထားတဲ့ ကတ်ဒ်တစ်ကဒ်က အိုင်စီတစ်လုံး အရည်ပျော် ကျနေတာကို တွေ့လိုက်ရ ပါတယ်။ အိုင်စီ အရည်ပျော် လောက်အောင် ဖြစ်တယ် ဆိုတော့ တစ်ခုခု ရှော့ခ် ဖြစ်နေပြီ ဆိုတာ မှန်းလို့ ရပါတယ်။ အဲဒါနဲ့ စက်ကို ခလုပ်ပိတ်ပြီး ဘာဖြစ်တာလည်း ဆိုတာ လိုက်ရှာပါတယ်။ ဒါပေမယ့် စက်ကို ခလုပ်ပိတ်ထားတော့ ဘာဖြစ်တယ် ဆိုတာ ခန့်မှန်းရ မလွယ်ပါဘူး။ ဗို့အားကို တိုင်းကြည့်ဖို့မှ မဖြစ်နိုင်တာ။ စက်ထဲမှာ ရှိတဲ့ ထောင်ဂဏန်း လောက်ရှိတဲ့ ဝိုင်ယာကြိုးတွေကို တစ်ချောင်းချင်း လိုက်စစ်ဖို့က မလွယ်လှပါဘူး။

အဲဒီအချိန်မှာပဲ ကျွန်တော်နဲ့ ရင်းနှီးနေတဲ့ စက်ရုံထဲက အင်ဂျင်နီယာ တစ်ယောက် စက်အနားကို ရောက်လာ ပါတယ်။ သူက ကျွန်တော့်ကို မနက်က စက်ရပ်သွားလို့ စစ်ကြည့်တဲ့ အခါမှာ ဝိုင်ယာကြိုး တစ်ကြိုး ပြုတ်ထွက် နေတာကို သတိထားမိကြောင်း၊ အဲဒါနဲ့ ပြန်တပ်တာလည်း စက်က အလုပ် မလုပ်တဲ့ အကြောင်းကို ပြောပြ ပါတယ်။ အဖြေမှန်ရဖို့ နည်းနည်းတော့ နီးစပ်လာ ပါပြီ။ ကျွန်တော် သူ့ကို ပြန်တပ်ထားတယ် ဆိုတဲ့ ဝိုင်ယာကြိုးကို ပြခိုင်း လိုက်ပါတယ်။

အဲဒီ ဝိုင်ယာက ကွန်ပြူတာထဲမှာ ထည့်ထားတဲ့ ဆာဗိုမော်တာ ထိန်းချုပ်တဲ့ ကတ်ဒ်ကို ဓာတ်အား ပေးထားတဲ့ ဝိုင်ယာပါ။ ဆာဗို မော်တာ ဆိုတာက ရိုးရိုး သာမန် မော်တာတွေလို မဟုတ်ပဲ ကိုယ်ရွှေ့ချင်တဲ့ နေရာကို သုည နောက်က ဒသမ နှစ်လုံး သုံးလုံးလောက် တိကျတဲ့ ဒီဂရီ အကွာအဝေး အထိ ရွှေ့လို့ရတဲ့ မော်တာမျိုးပါ။ ကြည့်လိုက်တာနဲ့ သိလိုက်ပါပြီ။ သူက ပြုတ်နေတဲ့ ဝိုင်ယာကြိုးကို ပြန်ထည့်တဲ့ အချိန်မှာ ၅ဗို့ ဝိုင်ယာနဲ့ ၂၄ဗို့ ဝိုင်ယာ ကို သပ်သပ်စီ ပြန်မထည့်ဘဲ နှစ်ချောင်းပူးပြီး ထည့်ထား ပါတယ်။

မင်း လုပ်ထားတာလား မေးတော့ အင်ဂျင်နီယာက ဟုတ်တယ် သူလုပ်ထားတာ လို့ ပြောပါတယ်။ စက်ကို ပါဝါ ပြန်ဖွင့်ပြီး ခုန အိုင်စီ အရည်ပျော်တဲ့ ကတ်ဒ်ရဲ့ အဝင်ဗို့အားကို တိုင်းကြည့်တော့ ၅ ဗို့ ဖြစ်ရမယ့် အစား ၂၄ ဗို့ ဖြစ်နေပါတယ်။ သူကတော့ အကောင်းနဲ့ ပြင်တာပါပဲ။ ဒါပေမယ့် ကံဆိုးပြီး စက်က ပိုပျက်သွားပါတယ်။ လျှပ်စစ် သဘောတရား အရ ကြီးတဲ့ ဗို့အားနဲ့ ငယ်တဲ့ ဗို့အားတွေ့ရင် အမြဲတမ်း ကြီးတဲ့ ဗို့အားက လွှမ်းမိုးသွား တတ်ပါတယ်။ အဲဒါကြောင့် ၂၄ ဗို့နဲ့ ၅ ဗို့ ဝိုင်ယာ ၂ ချောင်းပူးသွားတဲ့ အခါမှာ ၅ ဗို့ ဝိုင်ယာထဲမှာ ၂၄ ဗို့ ဓာတ်အား စီးသွားပါတယ်။ အဲဒါကြောင့် ၅ ဗို့ ပေးထားတဲ့ ကတ်ဒ်ထဲကို ၂၄ ဗို့ ဝင်ပြီး ကတ်ဒ်လောင် သွားတာပါ။

ကျွန်တော်လည်း ဘာမှ ပြောမနေတော့ဘဲ သူမှားတပ်ထားတဲ့ ကြိုးကို ၂၄ ဗို့ နဲ့ ၅ ဗို့ သပ်သပ်စီ ဖြစ်သွားအောင် ပြန်ခွဲပေးလိုက်ပါတယ်။ ရုံးကို ဖုန်းပြန်ဆက်ပြီး ကျွန်တော့် အထက်က အင်ဂျင်နီယာကို ကတ်ဒ်လောင်သွားတဲ့ အကြောင်းနဲ့ ဘယ်လို ဖြစ်သွားတယ် ဆိုတဲ့ အကြောင်း လှမ်းပြောပြ လိုက်ပါတယ်။ အဲဒီ အင်ဂျင်နီယာကလည်း အဲဒါ ဆိုရင်တော့ အခု ဘာမှ လုပ်မရဘူး။ မနက်ဖြန်မှ သူ ကတ်ဒ်အသစ် ယူပြီး လာခဲ့မယ်။ ပြန်လာခဲ့တော့ လို့ ပြန်ပြောပါတယ်။ အဲဒါနဲ့ ကျွန်တော်လည်း စက်ရုံက အင်ဂျင်နီယာကို အကျိးအကြောင်း ပြောပြပြီး ပြန်လာခဲ့ပါတယ်။

နောက်တစ်နေ့ မှာတော့ ကျွန်တော့် အထက်အရာရှိ အင်ဂျင်နီယာ စက်ရုံကို သွားမယ် ဆိုလို့ ကျွန်တော် ရုံးမှာပဲ နေပြီး တခြား လုပ်စရာ ရှိတာတွေ လုပ်နေပါတယ်။ နေ့လည်ပိုင်းလောက် မှာတော့ ဂျဟိုးက ဖုန်းဝင်လာ ပါတယ်။ ဒီတစ်ခါ ဆက်တဲ့သူ ကတော့ ကတ်ဒ်သွားလဲတဲ့ အင်ဂျင်နီယာပါ။ မနေ့က စက်ပျက်လို့ စက်ရုံက အင်ဂျင်နီယာတွေ ကြိုးမှားတပ်တာနဲ့ ကတ်ဒ်တစ်ကဒ် လောင်သွားတယ်လို့ မင်းပြောတယ်။ မင်းလုပ်ခဲ့တာ နောက်တစ်ကဒ် ထပ်ပြီး လောင်သွားတယ်။ မင်းသိလား။ လို့ မေးပါတယ်။ ကျွန်တော်လည်း မျက်လုံးပြူး သွားပါတယ်။ ဘယ်လို ဖြစ်တာလဲ မေးတော့ မင်းက ၂၄ ဗို့နဲ့ ၅ ဗို့ကို သေသေချာချာ မကြည့်ဘဲ ပြောင်းပြန် ထိုးခဲ့လို့ ၅ ဗို့ ဝင်ရမယ့် နေရာမှာ ၂၄ ဗို့ ဝင်ပြီး အဲဒီ ဓာတ်အားပေးထားတဲ့ ဆာဗိုကတ်ဒ်ပါ လောင်သွားပြီ လို့ ပြောပါတယ်။ ပိုဆိုးတာက ငါလည်း ဒီမနက် အဲဒါကို သတိမထားမိပဲ ဆာဗိုကတ်ဒ် အသစ်တစ်ကဒ် လဲထည့်မိလို့ အဲဒီကတ်ဒ် အသစ်ပါ ထပ်လောင် သွားတယ် လို့ ပြောပါတယ်။

စက်ရုံက အင်ဂျင်နီယာကြောင့် လောင်သွားတဲ့ ကတ်ဒ်က ဒေါ်လာ ၂၀၀ လောက်ပဲ တန်ပါတယ်။ ကျွန်တော့်ကြောင့် လောင်တဲ့ကတ်ဒ်က ဒေါ်လာ တစ်ထောင်ကျော် တန်ပါတယ်။ ကျွန်တော့် အင်ဂျင်နီယာက နောက်ဆိုရင် ဓာတ်အားပေးတဲ့ကြိုး (Power Cable) တွေနဲ့ ပတ်သက်ရင် ဘယ်တော့မှ ရမ်းမတုတ်နဲ့ ၊ Drawing ဖြစ်ဖြစ် လက်စွဲစာအုပ် ဖြစ်ဖြစ် အရင် သေချာအောင်ကြည့် ဆိုပြီးတော့ မှာပါတယ်။ အဲဒါက ပထမဆုံး ပြောပြချင်တဲ့ အဖြစ်အပျက်ပါ။

နောက်ထပ် အဖြစ်အပျက်ကလည်း အဲဒီစက်ရုံမှာပါပဲ။ ကျွန်တော့် အထက်အရာရှိ အင်ဂျင်နီယာ ပြောဖူးတဲ့ စကားတစ်ခွန်း ရှိပါတယ်။ ဆော့ဖ်ဝဲလ်ကို ပြင်ချင်တာပြင်၊ Backup ပဲ သိမ်းထား၊ မရရင် Backup ကို ပြန်ထည့် ဘာမှ ကြီးကြီးကျယ်ကျယ် မဖြစ်နိုင်ဘူး ဆိုတာပါ။ ဒါပေမယ့် အဲဒီတစ်ခါကတော့ သူ့စကား မှားသွားပါတယ်။ အဲဒီအခါက စက်မှာ တပ်ထားတဲ့ အပေါ်အောက် ရွေ့လျားတဲ့ ဆာဗိုမော်တာက ကောင်းကောင်း အလုပ်မလုပ် တာနဲ့ ကျွန်တော် ဆော့ဖ်ဝဲလ်ကို ဖွင့်ပြီး ကလိပါတယ်။ ဟိုပြင်ဒီပြင် နဲ့ ကောင်းမလား လို့ စမ်းကြည့်တာပါ။ အဲဒီမှာ ကျွန်တော် ဆော့ဖ်ဝဲလ် ထဲက စာကြောင်း တစ်ကြောင်းကို အမှတ်တမဲ့ ဖြုတ်လိုက် မိပါတယ်။ ပြီးတော့ စက်ထဲက အပေါ်အောက် ရွေ့တဲ့ မော်တာကိုပဲ သည်းကြီးမည်းကြီးနဲ့ ကြည့်နေမိ ပါတယ်။

အဲဒီအချိန်မှာ အော်ပရေတာ တစ်ယောက်က ပုခုံးလာပုတ်ပြီး လက်ညှိုးထိုးပြလို့ ကြည့်လိုက်တော့ စက်ရဲ့ အောက်ဖက်က မီးခိုးတွေ အူပြီး ထွက်နေပါပြီ။ လှမ်းကြည့် လိုက်တော့ အဲဒီ အပေါ်အောက် ရွေ့တဲ့ ဆာဗိုမော်တာကို ထိန်းချုပ်ပေးတဲ့ ဆာဗိုဒရိုင်ဗာ (Servo Driver) ကနေ မီးခိုးတွေ အူပြီး ထွက်နေတာပါ။ အဲဒါနဲ့ စက်ရဲ့ ပါဝါကို အမြန် ပိတ်ချလိုက် ရပါတယ်။ ဆာဗိုဒရိုင်ဗာတော့ လောင်သွားပါပြီ။ ဘာလို့ လောင်ရတာလဲ ဆိုတာကို စဉ်းစားလို့ မရပါဘူး။ အဲဒါနဲ့ ခုန ကျွန်တော်ပြင်လိုက်တဲ့ ဆော့ဖ်ဝဲလ်ထဲက ကုတ်ဒ်ကို ပြန်ကြည့်မိ ပါတယ်။ ပုံမှန်အားဖြင့် အပေါ်အောက် ရွေ့လျားတဲ့ မော်တာတွေကို သူတို့ သယ်ဆောင်ရတဲ့ ဝန်ရဲ့ အလေးချိန်ကြောင့် အောက်ကို ပြုတ်မကျအောင် ရပ်ထားတဲ့ အချိန်တွေမှာ ဘရိတ်နဲ့ ထိန်းထား ရပါတယ်။ ရွှေ့ချင်တဲ့ အချိန်ကျမှ အဲဒီဘရိတ်ကို လွှတ်ပြီး ရွှေ့ရပါတယ်။ ရပ်သွားရင် ဘရိတ် ပြန်ဖမ်း ရပါတယ်။ ကျွန်တော် လုပ်လိုက်မိတာက မော်တာ မရွှေ့ခင် ဘရိတ်ကို လွှတ်ပေးတဲ့ ဆော့ဖ်ဝဲလ်ထဲက ကုတ်ဒ်ကို ဖျက်လိုက်မိတာပါ။ အဲဒီတော့ မော်တာက ဘရိတ်အုတ်ထားတဲ့ အချိန်မှာ ရွှေ့ဖို့ ကြိုးစားရင်း ဘရိတ်အားကို မကျော်နိုင်ပဲ လောင်သွားတာပါ။ ဖြစ်ပြီးမှတော့ မတတ်နိုင် ပါဘူး။ သင်္ခါရပဲ သဘောထားရတော့တာပေါ့လေ။

နောက်တစ်ခေါက်လည်း အဲဒီစက်ရုံမှာ ဖြစ်ခဲ့ပါတယ်။ အဲဒီတစ်ခါကတော့ ကျွန်တော် တို့ကို အချက်ပြကြိုး (Signal Wire) တွေက ဒုက္ခပေးတာပါ။ ပုံမှန်အားဖြင့် စက်ထဲက မော်တာကို ကိုယ်လိုချင်တဲ့ နေရာကို ရွှေ့ဖို့ အဲဒီ ဝိုင်ယာ တွေကနေ တစ်ဆင့် အချက်ပြလှိုင်း (Signal) တွေ ပို့ရပါတယ်။ ဒါပေမယ့် အဲဒီ အချက်ပြကြိုး တွေ အချင်းချင်း ဆက်ထားတဲ့ ကြားက Connector တွေက ချောင်နေရင် Signal အချို့ ပျောက်သွားတတ် ပါတယ်။ အဲဒီလို Signal ပျောက်သွားရင် မော်တာက ကိုယ်လိုချင်တဲ့ နေရာ မရောက်ခင် ရပ်သွားတတ်ပါတယ်။ ကျွန်တော်တို့ စက်က ဆားကစ်ပြားတွေကို ဖြတ်တဲ့စက် ဖြစ်တော့ မော်တာက ကိုယ်လိုချင်တဲ့ နေရာ မရောက်ရင် ဆားကစ်ပြားကို ဖြတ်ရမယ့် နေရာ သွားမဖြတ်ဘဲ တစ်ခြား တစ်နေရာမှာ သွားဖြတ်တော့ ဆားကစ်ပြားတွေ ဆုံးရှုံးမှု ရှိလာပါတယ်။ အဲဒါကြောင့် ဒီလောက်တောင် ဒုက္ခပေးတဲ့ Connector တွေ အကုန် ဖြုတ်ပစ်ကွာ ဆိုပြီး ကျွန်တော့် အထက် အင်ဂျင်နီယာက ကျွန်တော့်ကို ခိုင်းလိုက်ပါတယ်။ သူလုပ်ခိုင်းတာက အဲဒီ Connector တွေရဲ့ တစ်ဖက် တစ်ချက်မှာ တပ်ထားတဲ့ ဝိုင်ယာတွေကို ဖြုတ်ပြီး ဟိုဖက်ဒီဖက် ဝိုင်ယာချင်း တေ့ပြီး အသေဆက် သွားအောင် ခဲဆော်ဖို့ပါ။

ကျောင်းတုန်းက စမ်းတဝါးဝါးနဲ့ ခဲဆော်လာခဲ့ပေမယ့် အလုပ်ထဲ ရောက်တော့ မလုပ်မဖြစ်မို့ ကိုယ့်ဘာသာကိုယ်ပဲ ခဲဆော် ရပါတယ်။။ ဒါပေမယ့် အဲဒီလို ဝိုင်ယာတွေကို တေ့ပြီး ဆက်ရမယ့် အလုပ်က အတော် လက်ပေါက်ကတ် ပါတယ်။ ဝိုင်ယာတွေက စက်ထဲမှာ ရှိတာဆိုတော့ အပြင်ကို ထုတ်ပြီး ခဲဆော်ဖို့ ဆိုရင် အကုန်လုံး တစ်စစီ လိုက်ဖြုတ်ရမယ့် သဘော ရှိပါတယ်။ အဲဒီတော့ ကျွန်တော် ဝိုင်ယာတွေကို ဖြုတ်မနေ တော့ပဲ စက်ရဲ့ အနောက်ဖက် တံခါးပေါက်ကနေ စက်ထဲကို ဝင်ပြီး ခဲဆော်ပါတယ်။ စက်ရဲ့ အတွင်းပိုင်းက လူတစ်ရပ်စာ မမြင့်တော့ အဲဒီအထဲမှာ တွန့်လိမ်ကောက်ကွေး ဝင်ထိုင်ပြီး ကားဝပ်ရှော့ ဆရာများ ကားအောက်ထဲဝင် စက်ပြင်သလိုမျိုး စက်ထဲမှာ ကတ်သီးကတ်သတ် ဝင်ပြီး ခဲဆော် ရတာပါ။ ကျွန်တော် ဝိုင်ယာကြိုး ၁၀ ချောင်းလောက် ခဲဆော်ပြီးတဲ့ အချိန်မှာတော့ စက်ရဲ့ အရှေ့ဖက် တံခါးပေါက်ကနေ မျက်နှာတစ်ခု ပေါ်လာပါတယ်။ ရုတ်တရက် ဆိုတော့ ကြောင်သွားပါတယ်။ ကျွန်တော် တွေ့လိုက်ရတဲ့ လူက စက်ရုံက ဂျင်နရယ် မန်နေဂျာ ဖြစ်နေလို့ပါ။ ကျွန်တော်သူ့ကို ကြောင်ပြီး ကြည့်နေတုန်း သူက မင်းရဲ့ စက်ထဲမှာ မီးလောင်နေသလား လို့ မေးပါတယ်။ ကျွန်တော်လည်း ခဲဆော် လက်စကို ရပ်ပြီး စက်အပြင်ကို ထွက်လိုက် ပါတယ်။ အပြင်ဖက် ရောက်တော့ ပိုပြီး ပြာသွားပါတယ်။ ကျွန်တော့်စက်ရဲ့ ဘေးပတ်ပတ်လည်မှာ ဝိုင်းနေကြတာ ဂျင်နရယ် မန်နေဂျာ တစ်ယောက်တည်း မဟုတ်ပဲ သူ့လက်အောက်က မန်နေဂျာ အင်ဂျင်နီယာတွေ အကုန်လုံး နီးပါးပါပဲ။ ၁၅ ယောက်လောက် ရှိမယ် ထင်ပါတယ်။ သူတို့ အားလုံးက ကျွန်တော့်စက်ကို ပြူးပြဲပြီး ဝိုင်းကြည့်နေ ကြ ပါတယ်။ ကျွန်တော်လည်း စက်ရဲ့ အရှေ့ဖက် လျှပ်စစ် ခလုပ်ခုံကို အမြန် ပြေးပြီး ကြည့်လိုက်မိ ပါတယ်။ တွေ့လိုက်ရတာ ကတော့ ကတ်ဒ်တစ်ကဒ်မှာ အိုင်စီတစ်လုံး အရည်ပျော် ကျပြီး မီးခိုးတွေ အူနေတာပါ။ ဘာများ ဖြစ်သွားပါလိမ့်လို့ စဉ်းစားတော့မှ ခုန ခဲဆော်တုန်းက စက်ကို ပါဝါပိတ်ဖို့ မေ့သွားတယ် ဆိုတာ သတိထားမိ ပါတယ်။ စက်မှာ ပါဝါ ဖွင့်ထားတဲ့ အချိန် Signal သွားနေတဲ့ ဝိုင်ယာတွေကို ဖြုတ်ပြီး ခဲဆော်တော့ သူတို့နဲ့ ဆက်ထားတဲ့ ကတ်ဒ်က လောင်သွားတာပါ။ အချက်ပြကြိုး မဟုတ်ပဲ ဓာတ်အားပေးတဲ့ ကြိုးဆိုလို့ကတော့ ဓာတ်လိုက်မှာ အမှန်ပါပဲ။ ကျွန်တော် ဓာတ်လိုက်ပြီး မသေတာပဲ ကံကောင်းတယ် ပြောရပါမယ်။

အဲဒီအချိန်က စပြီး ကျွန်တော် စက်ပြင်တိုင်း သတိထားမိတဲ့ အချက်တွေကတော့ စက်ထဲမှာ ဓာတ်အားပေးတဲ့ ဓာတ်ကြိုး (Power Cable) တွေကို လဲစရာ ရှိရင်ပဲ ဖြစ်ဖြစ်၊ နေရာ ရွှေ့စရာ ရှိရင်ပဲ ဖြစ်ဖြစ် Drawing ကို အမြဲ ပြန်လှန် ကြည့်တတ်တာရယ်၊ ဆော့ဖ်ဝဲကို ပြင်တော့မယ် ဆိုရင် ဘာများ ဖြစ်နိုင်သလဲ ဆိုတာကို သေသေချာချာ ပြန်ကြည့်တာရယ်၊ စက်ကို အကြီးစား ပြင်ဆင်မှု လုပ်တော့မယ် ဆိုရင် ရှိသမျှ ပါဝါ အကုန်လုံးကို လိုက်ပိတ် တတ်တာရယ် စတာတွေပဲ ဖြစ်ပါတော့တယ်။

6 comments:

Ko Paw said...

ပါဝါ မပိတ်ဘဲ ခဲဆော်မိလို့ လောင်သွားတာတော့ ကျနော်တို့လည်း မကြာခဏ ကြုံဖူးပါတယ်။ ကျနော်တို့လုပ်ရတာက ပါဝါဆပ်ပလိုင်းဒီဇိုင်းဆိုတော့ ဆားကစ်တွေကို စမ်းရင်း Modify လုပ်ချင်တဲ့အခါ ပစ္စည်းဖြုတ်လဲတာတော့၊ Jumper ထည့်တာတို့ လုပ်တတ်တယ်။ အဲသည်မှာ ခဲတို့ရင် တခါတလေ မေ့ပြီး ပါဝါမပိတ်မိလို့ကတော့ အိုင်စီ သို့မဟုတ် တခုခု လောင်သွားတော့တာပဲ။ အဲသည်မှာ နောက်တမျိုးမစမ်းသပ်နိုင်ခင်မှာ ကောင်းအောင်အရင်ပြန်ပြင်ရတာ စိတ်လေဖို့ကောင်းတယ်။

နောက်တခုက ကျနော်တို့က ပါဝါဆပ်ပလိုင်း ဒီဇိုင်းဆိုတော့ ပထမဦးဆုံးအကြိမ် ကိုယ့် ဆပ်ပလိုင်းလေးကို အပြည့်အစုံတပ်ဆင်ပြီး ပါဝါဖွင့်တော့မယ်ဆို အရမ်းရင်ခုန်ဖို့ကောင်းတယ်။ တခုခု မှားဆက်ထားလို့ကတော့ ဖောင်းကနဲ အသံပါ မြည်တယ်။ မီးခိုးထွက်တဲ့အခါလည်း ထွက်ပေါ့။

ကျနော်တို့အားလုံးမှာ မကောင်းတဲ့အကျင့်လဲ ရှိတယ်။ ဌာနထဲက အင်ဂျင်နီယာတယောက်ယောက် သူ့ပါဝါဆပ်ပလိုင်းကို စစမ်းတဲ့အချိန်ဆိုရင် နောက်ကနေ ခြေဖျားထောက်ပြီး အသာကပ်သွားတယ်။ သူပါဝါခလုတ်ကို စပြီး နှိပ်လိုက်တဲ့အချိန်မှာ နောက်ကနေ လက်ခုပ်ကို ဖြောင်းကနဲ မြည်အောင် တီးလိုက်ရင် ဟိုကောင် လန့်ပြီး တုန် သွားတာကို ကြည့်ပြီး အူတက်မတတ် ရယ်ကြရတယ်။ ကိုယ့်လာလုပ်ရင်လည်း ကိုယ်လန့်တာပဲ။ အဲဒါကြောင့် ပါဝါမဖွင့်ခင်ဆို နောက်မှာ ဘယ်သူရှိလဲ အရင် ကြည့်ရတယ်။

sin dan lar said...

ကို zt ရဲ့ တန်ဖိုးရှိတဲ့အတွေ့အာကုံတွေ သေချာဖတ်သွားတယ်..။
ကိုပေါ မန့်တာဖတ်ရတော့ အသံပါထွက်ရယ်မိပြန်ရော...။

nyimuyar said...

nice experience ,good post and awesome writing.

Yan Yan said...

သိပ်ကောင်းတာပဲ ခင်ညာ
ဆက်ပြီးရေပါနော်
အားပေနေမယ်

Moe Cho Thinn said...

အဲဒီစက်ရုံချည်း ခံနေရပါလား။ နောက်တခါ ZT လာပြင်ရင် သူတို့ အတော် လန့်ရှာမယ် :)
ပညာရပ်ဆိုင်ရာတွေ နားမလည်ပေမဲ့ ဖတ်လို့ကောင်းတယ်။ အတွေ့အကြုံက အလုပ်ကိုသင်တာပဲလေ။ အန္တရာယ်ကင်း အဆင်ပြေပါစေ။

ThuHninSee said...

ခဲဆော်နေရတယ်။ ကျုပ်လုပ်တာ ပိုဆိုးအုံးမယ်ဟယ်။
း(