Search This Blog

Thursday, March 19, 2009

တောင်နံရံမှာ ပန်းချီဆွဲကြသူများ

တစ်ခါတုန်းက မြင့်မားလှတဲ့ တောင်တွေရဲ့ အလယ်မှာ တည်ထားတဲ့ ရွာကလေး တစ်ရွာ ရှိတယ်။ အဲဒီရွာမှာ ရှိတဲ့ ရွာသူရွာသားတွေက တောင်ယာ စိုက်ခြင်းနဲ့ အသက်မွေး ကြတာပေါ့။ တောင်ယာသမားတွေထဲက တစ်ချို့ကတော့ အများနဲ့ မတူတဲ့ ဝါသနာတစ်မျိုး ရှိကြတယ်။ သူတို့ရဲ့ ဝါသနာကတော့ အားလပ်တဲ့ အချိန်တွေမှာ စိတ်ထွက်ပေါက် အနေနဲ့ တောင်နံရံတွေမှာ ပုံတွေ လျှောက်ဆွဲ တတ်ကြတာပါပဲ။

သူတို့ဆွဲတတ်ကြတဲ့့ ပုံတွေကတော့ အမျိုးမျိုးပါပဲ။ တစ်ချို့က ပတ်ဝန်းကျင် အလှကို သရုပ်ဖော်တဲ့ ပုံတွေဆွဲတယ်။ တစ်ချို့ကတော့ စိတ်ကူးတည့်ရာ တောင်ခြစ်မြောက်ခြစ် ခြစ်တတ်တယ်။ တစ်ချို့ကတော့ လမ်းညွှန်ဆိုင်းဘုတ်တွေ ဆွဲကြတယ်။ သူတို့လို ပုံဆွဲတဲ့သူတွေ ရှိသလို သူတို့ ဆွဲထားတဲ့ ပုံကို လာကြည့်တဲ့ တခြား ရွာသားတွေလည်း ရှိတာပေါ့။ အဲဒီထဲက တစ်ချို့ ရွာသားတွေ ကတော့ အားတဲ့အချိန် မင်းတို့ဆွဲတဲ့ ပုံတွေ လာကြည့်ရတာ စိတ်ချမ်းသာတယ်။ အပန်းပြေတယ် ဆိုပြီး အားပေးကြတယ်။ တစ်ချို့ကလည်း ဒီပုံကလေးကို ဒီနေရာမှာ ဒီလိုဆွဲလိုက်ရင်တော့ ပိုကောင်းမယ် ဆိုပြီး အကြံပေး တတ်ကြတယ်။ တစ်ချို့ကတော့ ဒီလို ပုံလေးတွေ သဘောကျတယ်။ နောက်ထပ် ဒီလိုပုံလေးတွေ ထပ်ဆွဲပါဦး ဆိုပြီး တောင်းဆိုတတ်ကြတယ်။ ဘယ်လိုပဲ ပြောပြော ပုံဆွဲတဲ့သူတွေကတော့ သူတို့ဆွဲထားတဲ့ ပုံတွေကို အရေးတယူ လာကြည့်တဲ့သူ ရှိရင် စိတ်ထဲမှာ ကြည်နူးနေကြတာပါပဲ။

အဲဒီအထဲမှာ အခြား လူတန်းစား တစ်မျိုးလည်း ရှိသေးတယ်။ သူတို့ကတော့ မင်းတို့ တောင်ခြစ်မြောက်ခြစ် လုပ်နေတာ အဓိပ္ပါယ်မရှိဘူး။ ပုံဆွဲရင်လည်း ပုံနဲ့တူအောင်ဆွဲ ဒါမှမဟုတ်ရင်လည်း အားလုံး အကျိုးရှိအောင် လမ်းညွှန်ဆိုင်းဘုတ် ရေးတာက ပိုကောင်းတယ်ဆိုပြီး အပြစ်ပြောတတ်ကြတယ်။ တစ်ချို့ကတော့ မင်းက ပုံလည်း မဆွဲတတ်ဘူး။ ဟိုဘက်က တောင်နံရံမှာ ဆွဲနေတဲ့သူကမှ မင်းထက်စာရင် အများကြီး ကြည့်လို့ ကောင်းသေးတယ်။ အဲဒီလို လိုက်ဆွဲပါလား။ ငါတို့မှာလည်း မင်းတို့ဆွဲတဲ့ ပုံတွေကို တမင်သက်သက် လာကြည့်ရတာ။ မင်းတို့က အဲဒီလို တောင်ခြစ် မြောက်ခြစ်တွေ လုပ်နေတော့ အလကား ငါတို့အတွက် အချိန်ကုန်တာပဲ ရှိတယ်။ ငါတို့လည်း အကျိုးမရှိဘူး ဆိုပြီး ပစ်ပစ်ခါခါ ပြောတတ်ကြပါတယ်။ ပန်းချီဆရာ တွေကတော့ အောင့်သက်သက်နဲ့ နားထောင်ရတာပေါ့။

ပန်းချီဆရာတွေရဲ့ စိတ်ထဲမှာတော့ မကြည့်ချင်ရင် ပုံဆွဲတဲ့ အနား မလာနဲ့ပေါ့ကွာ လို့ ပြန်ပြောချင်ပါတယ်။ ဒါပေမယ့် အဲဒီလို ပြောပြန်ရင်လည်း ရိုင်းတယ် ဆိုပြီး ဝိုင်းသမ ခံရမယ်။ အားတဲ့အချိန် စိတ်ထဲပေါ်လာတာ ဆွဲတာပဲ။ ဘယ်သူကြိုက်ကြိုက် မကြိုက်ကြိုက် ဂရုမစိုက်ဘူး လို့ ပြောမိပြန်ရင်လည်း မင်းတို့မှာ ပန်းချီဆရာ စိတ်ဓာတ် မရှိဘူး။ ငါတို့ကတော့ တကူးတက လာကြည့်ရတယ်။ ဒီကောင်တွေက ငါတို့ လာကြည့်တဲ့သူရဲ့ မျက်နှာကိုတောင် မထောက်ဘူး ဆိုပြီး အကွေျး ခံရတတ်ပါတယ်။

အဲဒီလို ရွာသားတွေနဲ့ တွေ့ရင်တော့ ပန်းချီဆရာတွေလည်း ဦးနှောက် စားပါတယ်။ ဆွဲလက်စ တောင်ခြစ် မြောက်ခြစ်ကိုပဲ ဆက်ခြစ် ရတော့မလို အားလုံးကြိုက်တဲ့ ပုံကိုပဲ လိုက်ဆွဲရတော့မလို ဖြစ်နေတတ် ပါတယ်။ ကိုယ်စိတ်မပါပဲ သူများကြိုက်တဲ့ ပုံ လိုက်ဆွဲ ရတာတော့ သိပ်မနိပ်ပါဘူး။ ဒါပေမယ့်လည်း ကိုယ့်ဆီ တကူးတက လာတဲ့ သူတွေကိုလည်း အားနာ ရပါသေးတယ်။

အဲဒီလိုနဲ့ ပန်းချီဆရာတွေ ဘာလုပ်ရမှန်း မသိ ဖြစ်နေတဲ့ အချိန်မှာ မုတ်ဆိတ်မွှေးဖြူဖြူနဲ့ တောင်ဝှေး တစ်ချောင်း ဆွဲထားတဲ့ အဖိုးအိုတစ်ဦး ရောက်လာပါတယ်။ ပန်းချီဆရာ တွေလည်း အဖိုးကြီးကို နေရာထိုင်ခင်း ကောင်းကောင်းပေးပြီး ခရီးကြို ပါတယ်။ စိတ်လက် မချမ်းမသာ ဖြစ်နေတဲ့ ပန်းချီဆရာတွေကို တွေ့တော့ အဖိုးကြီးက ဘာလို့ စိတ်မချမ်းသာတာလည်း မေးတယ်။ အဲဒီတော့ ပန်းချီဆရာတွေက အကြောင်းစုံ ရှင်းပြတယ်။ အဖိုးကြီးက ခပ်ပြုံးပြုံးနဲ့ ပန်းချီဆရာတွေနဲ့ အမေးအဖြေလုပ်တယ်။

အဖိုးအို။ ။“မင်းတို့ ဒီပုံတွေ ဘာလို့ ဆွဲနေတာလဲ။”
ပန်းချီဆရာ။ ။“အားတဲ့ အချိန် စိတ်ထွက်ပေါက် အနေနဲ့ ဆွဲနေတာပါ။”
အဖိုးအို။ ။“ကောင်းပြီ။ မင်းတို့ လူသိများ ထင်ရှားချင်လို့ ဆွဲနေတာ မဟုတ်ဘူးလား။”
ပန်းချီဆရာ။ ။“ကျွန်တော်တို့ ဆွဲတဲ့ပုံကို အခြားသူတွေ ကြိုက်ရင်တော့ ပျော်တာပေါ့ အဘရယ်။ အပင်ပန်းခံ ဆွဲထားရတာမဟုတ်လား။ လူသိများရင်လည်း ပျော်တာပေါ့။ ကျွန်တော်တို့လည်း သာမန် ပုထုဇဉ်တွေပဲ။”
အဖိုးအို။ ။“ဒါဆို လူကြိုက်များတဲ့ ပုံချည်းပဲ ဆွဲလို့ရော မဖြစ်ဘူးလား။”
ပန်းချီဆရာ။ ။“အဲဒါဆိုရင် ကျွန်တော်တို့ စိတ်ထွက်ပေါက် ကို ကိုယ့်ဘာသာကိုယ် ပြန်ပိတ်သလို ဖြစ်သွားမှာပေါ့။ ကျွန်တော်တို့ရဲ့ အနုပညာ လွတ်လပ်ခွင့် (Artistic Freedom) ပျောက်သွားမှာပေါ့။”
အဖိုးအို။ ။“ဒါဆိုလည်း ကိုယ့်ဘာသာကိုယ် ဆွဲချင်တဲ့ပုံ ဆွဲပေါ့ကွာ။”
ပန်းချီဆရာ။ ။“အဲဒီလို လုပ်ပြန်တော့လည်း အဝေဖန်ခံရတယ် အဘရဲ့။”
အဖိုးအို။ ။“လူတိုင်းက ဝေဖန်တာလား။”
ပန်းချီဆရာ။ ။“လူတိုင်းတော့ မဟုတ်ပါဘူး အဘရယ်။ တစ်ချို့လူတွေပေါ့။ သူတို့က မျက်စိ စပါးမွှေး စူးကြတယ်။”
အဖိုးအို။ ။“လူတိုင်းက မင်းတို့ကို ဝေဖန်တာမှ မဟုတ်ပဲကွာ။ ဘာကိစ္စ ခေါင်းထဲထည့် နေရမှာလဲ။ လူ့အလို နတ်မလိုက်နိုင် ဆိုတဲ့ စကားလည်း ရှိတာပဲ။ လူတကာ ကြိုက်အောင် လုပ်ဖို့ဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး။ မြည်းတစ်ကောင်နဲ့ သားအဖ နှစ်ယောက် ပုံပြင်လည်း မင်းတို့ ကြားဖူးမှာပေါ့။ ဘယ်လိုပဲ လုပ်လုပ် လူတွေရဲ့ အပြောက လွတ်မှာ မဟုတ်ဘူး။ အဲဒီတော့ ငါမင်းတို့ကို အကြံပေးချင်တာက ကိုယ့်ဘာသာကိုယ် ဆွဲစရာ ရှိတာဆွဲ။ ဘေးက လာဝေဖန်လို့ ဘာမှ စိတ်မကောင်း မဖြစ်နဲ့။ ကြိုက်တဲ့သူ ကြည့်လိမ့်မယ်။ မကြိုက်တဲ့သူ ကျော်သွားလိမ့်မယ်။ မင်းတို့ ဆွဲနေတဲ့ နေရာက အများပိုင် လမ်းမဘေးမှာ ဆွဲနေတာမှ မဟုတ်ပဲ။ တကူးတက လာကြည့်မှပဲ မြင်ရတာ။ လာကြည့်ပြီးမှ မကြိုက်ရင်လည်း ပြန်ပေစေပေါ့ကွာ။ တားလို့မှ မရတာ။ ကြိုက်တဲ့သူ နောက်တစ်ခေါက် ပြန်လာလိမ့်မယ်။ မင်းတို့ဘာသာ မင်းတို့ ဆွဲချင်ရာဆွဲတာ မင်းတိုကလွတ်လပ်ခွင့်။ လာကြည့်တာ မကြည့်တာက ကြည့်တဲ့ သူတွေရဲ့ လွတ်လပ်ခွင့်။ နာမည်ကြီးဖို့ တစ်ခုတည်း အတွက်တော့ စိတ်အပင်ပန်း ခံရတာ မတန်ပါဘူးကွာ။ အရေးကြီးတာတော့ ဘယ်သူဘာပြောပြော လျစ်လျူရှု နိုင်တဲ့ စိတ်ကလေး မွေးဖို့ပဲ။ အဲဒါမှလည်း မင်းတို့ရဲ့ စိတ်ထွက်ပေါက် မပိတ်ပဲ လုပ်ချင်ရာ လုပ်လို့ရမယ်။”

အဲဒီနေ့က စပြီး ပန်းချီဆရာတွေလည်း စိတ်ကူးတည့်ရာ ပုံပဲ ဆွဲပါတော့တယ်။ ကောင်းတဲ့ပုံ ရှိသလို မကောင်းတဲ့ပုံလည်း ရှိပါတယ်။ ဒါပေမယ့် ဘယ်သူ ဘာပြောပြော ဂရုမစိုက်တော့ပါဘူး။ အပြုသဘောနဲ့ ဝေဖန်တာတွေကို ကျေးဇူးတင် လက်ခံ ပေမယ့် အဖျက်သဘောနဲ့ ဝေဖန်တာတွေကိုတော့ အကုန် လျစ်လျူရှု ထားလိုက်ပါတယ်။ အဲဒီလို လုပ်တဲ့အတွက် ပန်းချီဆရာတွေကို ဝေဖန်တဲ့သူတွေ ပိုများလာပါတယ်။ ဒါပေမယ့် ပန်းချီဆရာတွေကတော့ ကိုယ်လုပ်ချင်ရာ လုပ်ရလို့ စိတ်ချမ်းသာ နေပါတော့တယ်။

(တောင်နံရံမှာ ပန်းချီဆွဲနေကြသော Blogsphere မှ မိတ်ဆွေသူငယ်ချင်းများနှင့် တကူးတက အချိန်ကုန်ခံ လာကြည့်ပြီး ဝေဖန်ကြသော စာဖတ်သူ များအတွက်)

7 comments:

sin dan lar said...

ကောင်းပါတယ်.. လောလောဆယ် မမကေအိုအမ်ကို ဒါဖတ်ဖို့ပြောရမယ်..။

နွေးနေခြည် said...

အခုမှပဲ စိတ်နည်းနည်းပေါ့သွားတော့တယ် ကျေးဇူးပါ ကိုzt

Nay Nay Naing said...

ရေးချင်ရာသာရေး...

apyonepan said...

ဒီစာကို ရေးတဲ့ အိုင်ဒီယာကောင်းလိုက်တာ၊
ကျေးဇူးတင်ပါတယ်။

nu-san said...

ဥပမာပေးပြီး ရေးပြသွားတာ ကောင်းလိုက်တာ.. အဖိုးအိုပြောတဲ့ စကားတွေကို အကြိုက်ဆုံးပဲ.. :)

သီဟသစ် said...

ကိုZTရေ
ရေးတတ်လိုက်တာဗျာ။
တောင်နံရံမှာ ပန်းချီဆွဲဖို့ ဆက်အားရှိသွားပြီ။

မီယာ said...

ဟုတ်တယ် ZT ရေ.. စိတ်ထဲ ရှိတာလေးတွေ ရေးခွင့်ရတာ ကိုပဲ ဝမ်းသာနေတာ...