Search This Blog

Monday, March 30, 2009

ကြွေချိန်မတန်ခင်ကြွေ

စစ်သား စုဆောင်းရေး တပ်ကြပ်ကြီးက သူ့ရှေ့မှာ ထိုင်နေတဲ့ လူငယ်ကို သံသယ မျက်လုံးတွေနဲ့ စိုက်ကြည့်နေတယ်။ ပုံစံက လူရည်သန့်။ သနားကမား ရုပ်ကလေးနဲ့။ ဒါပေမယ့် သူ့မျက်နှာက တစ်စုံတစ်ခုကြောင့် အလွန်အမင်း စိတ်ဓာတ် ပျက်ယွင်းနေတဲ့ ပုံစံ။ ဘယ်လောက်တောင် စိတ်ဓာတ် ကျနေလို့ စစ်ထဲကို ဝင်ဖို့ ဆုံးဖြတ်ရတာလဲ။ ဘာအကြောင်းတွေ ရှိနေသလဲ။ တပ်ကြပ်ကြီးရဲ့ စိတ်ထဲက ကြိတ်ပြီး စဉ်းစားနေရင်း နောက်ကွယ်က အကြောင်းအရာကို ရအောင် ဖော်ထုတ်ဖို့ ဆုံးဖြတ်လိုက်တယ်။
“မင်းနာမည် ဘယ်သူလဲ။”
“----ပါ။”
“ပညာ အရည်အချင်းက”
“--- တက္ကသိုလ်မှာ ပထမနှစ် တက်နေပါတယ်။”
“ဘာကွ။ ဒါဆို မင်းကဘာလို့ စစ်ထဲဝင် ချင်ရတာလဲ။”
“ကျွန်တော် အခု ဖြစ်နေတာတွေ အားလုံးကို မေ့ပစ်လိုက်ချင်တယ်။ သေချင် သေပေ့စေ။ စစ်တိုက်ချင်တယ်။”
“မင်းက ဘာဖြစ်လာလို့လဲကွ။”
“ဒီလိုပါပဲ ဆရာကြီးရယ်။ ပြသနာက ပေါင်းစုံပါပဲ။”
“ငါ့ကို ပြောပြစမ်းပါ။”
“မပြောပါရစေနဲ့ ခင်ဗျာ။”
“ဒီလို လုပ်လို့ ဘယ်ရမလဲကွ။ မင်း အိမ်က ထွက်ပြေးလာတာလား။”
“အဲဒါတော့ ဟုတ်ပါတယ်။”
“တက္ကသိုလ် ကျောင်းသား အိမ်က ထွက်ပြေးလာပြီး စစ်ထဲဝင်တယ် ဆိုတာ နည်းနည်းတော့ ဆန်းတယ်။ မင်းရာဇဝတ်မှုတွေ ဘာတွေ ဖြစ်လာသလား။”
လူငယ်ရဲ့ မျက်နှာက ကွက်ကနဲ တစ်ချက် ပျက်သွားတယ်။ နောက် သူ့ဘာသာသူ ပြန်ထိန်းတယ်။
“မဟုတ်ရပါဘူး ခင်ဗျာ။”
တပ်ကြပ်ကြီး နည်းနည်းတော့ ရိပ်မိလိုက်ပါပြီ။ အဲဒါကြောင့် ဘေးက ရဲဘော်ကို အမိန့်ပေးလိုက်တယ်။
“ဟေ့ကောင်။ သူ့အိတ်ကို ရှာစမ်းကွာ။”
ရဲဘော်က မဆိုင်းမတွပဲ အမိန့်ပေးသလို လူငယ်ရဲ့ အိတ်ကို ဖွင့်ပြီး ရှာပါတော့တယ်။ လက်နက်တွေ ဘာတွေတော့ မတွေ့ရပါဘူး။ တွေ့ရတာက ရွှေထည်ပစ္စည်းတွေ ထည့်ထားတဲ့ အထုပ်တစ်ထုပ်ပါ။ သူတို့ ရွှေထုပ်ကို သေသေချာချာ ကြည့်ကြတယ်။ အထဲမှာ ပါတဲ့ ရွှေထည်တွေက ခေတ်ကာလ မိန်းကလေး တစ်ယောက် ဝတ်ဆင်တတ်တဲ့ ရွှေထည်ပစ္စည်းမျိုးတွေပါပဲ။ တပ်ကြပ်ကြီးရဲ့ စိတ်ထဲက သံသယတွေ အတော်ကို ကြီးထွားလာ ပါပြီ။ လူငယ်ရဲ့ နောက်ကွယ်က အကြောင်းက ရိုးရိုးရှင်းရှင်း ကိစ္စတော့ မဟုတ်ဘူး ဆိုတာ ရိပ်မိလိုက်ပါတယ်။ တပ်ကြပ်ကြီးက လူငယ်ကို ခြိမ်းခြောက်လိုက် ပါတယ်။
“ကဲ။ မင်းအမှန်အတိုင်း ပြောမလား မပြောဘူးလား။ မင်း ဓားပြတိုက်လာတာလား။ မိန်းကလေး တစ်ယောက်ကို သတ်ပြီး ပစ္စည်းယူလာတာလား။”
လူငယ်မှာ ဆက်လက်ပြီး ထိန်းချုပ်နိုင်တဲ့ စွမ်းအား ကုန်ဆုံးသွားသလိုပါပဲ။ ရှိုက်ကြီးတငင် ငိုချလိုက် ပါတယ်။
“ကျွန်တော် မသတ်ရပါဘူးဗျာ။ ကျွန်တော် သူ့ကို သေစေချင်တဲ့ စိတ်ဆန္ဒလည်း လုံးဝ မရှိရပါဘူး။ သူက ကျွန်တော့် ဘဝပါ။ ကျွန်တော့်ရဲ့ အချစ်ဆုံး မိန်းကလေးပါ။”
နောက်တော့ လူရွယ်က အခုလို သူ့ရဲ့ အဖြစ်အပျက် ကို ပြန်ပြောပြပါတယ်။

သူ တက္ကသိုလ်မှာ ပထမနှစ် စတက်တော့ သူ့ရဲ့ ချစ်သူနဲ့ ဆုံစည်းခဲ့ပါတယ်။ သူ့ချစ်သူက သူတို့မြို့က မြို့မျက်နှာဖုံး တစ်ယောက်ရဲ့ သမီးပါ။ အရွယ်ကလည်း ငယ်ကြသေးတော့ မိဘတွေကို အသိမပေးပဲ သူတို့ဘာသာ ခိုးကြောင်ခိုးဝှက်နဲ့ပဲ ပျော်စရာ ကြည်နူးစရာ ချစ်သူဘဝ နေ့ရက်တွေကို ကုန်လွန်ဖြတ်သန်း ခဲ့ကြပါတယ်။ တစ်နေ့မှာတော့ သူ့ချစ်သူက ပြောလာပါတယ်။
“မောင် ကျွန်မတို့တော့ ဒုက္ခရောက်ပြီ။”
“ဘာဖြစ်လို့လဲဟင်။“
“ကျွန်မ မသင်္ကာလို့ စစ်ကြည့်တာ အခု ကျွန်မမှာ ကိုယ်ဝန်ရှိနေပြီ။”
သူတို့တတွေ ခေတ်လူငယ်တို့ရဲ့ သဘာဝအတိုင်း ခြေလွန်လက်လွန်တွေ ဖြစ်ခဲ့ကြ ပါတယ်။
“အဲဒါ ဘယ်လို လုပ်ကြမလဲ။ လူကြီးတွေကို အသိပေးကြမလား။”
“အဲဒါတော့ မဖြစ်ဘူးထင်တယ်။ အဖေက သိတဲ့အတိုင်း သိပ်စည်းကမ်းကြီးတာ။ အဖေသိရင် ကျွန်မကို သတ်လိမ့်မယ်။”
“အဲဒါဆို ကိုယ်တို့ ထွက်ပြေးကြမလား။”
“ကျွန်မတို့ နှစ်ယောက်စလုံး အခုမှ တက္ကသိုလ် ပထမနှစ်ပဲ ရှိသေးတယ်။ ဘာအလုပ်အကိုင်မှလည်း ရှိတာမဟုတ်ဘူး။ အိမ်ကလည်း သိရင် ပြန်လက်ခံမှာ မဟုတ်ဘူး။ထွက်ပြေးရင် နှစ်ယောက်စလုံး ဘဝပျက် သွားမှာပေါ့။”
အဲဒီလိုနဲ့ သူတို့ နှစ်ယောက် ပြသနာကို ဖြေရှင်းဖို့ နည်းလမ်းတွေကို ခေါင်းပူအောင် ရှာကြပါတယ်။ နောက်ဆုံးတော့ သူတို့တစ်တွေ ဥပဒေ ပြင်ပက အလုပ်တစ်ခု ကို လုပ်ဖို့ ဆုံးဖြတ်လိုက် ကြပါတယ်။ အဲဒီ ကိုယ်ဝန်ကို ဖျက်ချဖို့ပါပဲ။

သူတို့ အရပ်ဒေသမှာ အဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီး နာမည်ကြီးတဲ့ အရပ်လက်သည် တစ်ယောက် ရှိပါတယ်။ ဒီလိုနဲ့ပဲ သူတို့နှစ်ယောက်သား အရပ်လက်သည် ရဲ့ အိမ်ကို ရောက်သွားကြပါတယ်။ အဲဒီ အရပ်လက်သည်က သူတို့မြို့ရဲ့ တစ်နေရာမှာ ခြံနဲ့ ဝင်းနဲ့ နေတာပါ။ သူတို့ လက်သည်ရဲ့အိမ်ကို ရောက်သွားတော့ အရပ်လက်သည်က သူ့ချစ်သူကို စမ်းကြည့်ပါတယ်။ နောက်တော့
“ရပါတယ်။ သိပ်ရင့်သေးတာမှ မဟုတ်တာ။ ထားခဲ့။ အကုန်လုပ်ထားလိုက်မယ်။ ညနေကျမှ လာပြန်ခေါ်။” လို့ ပြောပါတယ်။

အဲဒီလိုနဲ့ သူ့ချစ်သူကို အဲဒီအိမ်မှာ ထားခဲ့ပြီး တစ်နေရာကနေ ထိုင်စောင့်နေမိပါတယ်။ စိတ်ထဲမှာတော့ စိုးရိမ်ပူပန်နေ ပါတယ်။ ညနေစောင်းတော့မှ အရပ်လက်သည် ရဲ့ အိမ်ကို သူပြန်ရောက် သွားပါတယ်။ သူ့ချစ်သူကို မတွေ့ရပါဘူး။ အရပ်လက်သည်က စိတ်မကောင်းတဲ့ ပုံနဲ့ ပြောတယ်။
“ဟဲ့ ကောင်လေး။ နင့်ရည်းစားတော့ သွေးလွန်ပြီး တိမ်းပါးသွားပြီ။ ငါတို့လည်း အတတ်နိုင်ဆုံး ကြိုးစားတာပဲ။ ဒါပေမယ့် ဘယ်လိုမှ မကယ်နိုင် လိုက်ဘူး။”
“ဘာ။ ဘာပြောတယ်။ ခင်ဗျားတို့ ဘယ်လို လုပ်လိုက်တာလဲ။”
“ဒီကိစ္စက ဘယ်လိုပဲ ဖြစ်ဖြစ် အန္တရာယ်များတယ်။ ငါတို့လည်း ရအောင်တော့ ကယ်သေးတာပဲ။ ဒါပေမယ့် မကယ်နိုင်ဘူး။”
“ခင်ဗျားတို့ကို ရဲတိုင်ရမယ်။”
“တိုင်ချင်လည်း တိုင်ပေါ့။ ဒီကိစ္စမှာ မင်းလည်း ကြံရာပါပဲ။ မင်းတို့ လုပ်ချင်တယ် ဆိုလို့ ငါလုပ်ပေးတာပဲ။”
သူ နည်းနည်းတွေ သွားတယ်။ အဲဒီမှာ အရပ်လက်သည်က ဆက်ပြောတယ်။
“ကဲ မင်းလည်း ကိုယ့်ဒုက္ခကိုယ် မရှာနဲ့။ ရော့ ဟော့ဒီမှာ။ မင်းကောင်မလေးရဲ့ လက်ဝတ်လက်စားတွေ။ အဲဒါတွေ ယူပြီး မင်းဘာသာမင်း လွတ်ရာ ကျွတ်ရာသာ ရှောင်နေပေတော့။ ကောင်မလေး အလောင်းကို ငါတို့ ကောင်းကောင်းမွန်မွန် မြှုပ်လိုက်မယ်။ ဒီကိစ္စကို မင်းနဲ့ ငါတို့ အပြင် ဘယ်သူမှ မသိဘူး။ ပြသနာဖြစ်ရင် မင်းလည်း အမှုပတ်မယ်။ နောက်ပြီး ကောင်မလေး ပျောက်နေတယ် ဆိုရင် မင်းကို အရင်ဆုံး ရှာကြမှာပဲ။ မင်းပဲ ရှင်းရမှာ။အဲဒီတော့ အတွေးမမှားနဲ့။”
နောက်ဆုံးတော့ သူလည်း ကြံရာမရ ဖြစ်ပြီး ကောင်မလေးရဲ့ လက်ဝတ်လက်စားထုပ်ကို ယူပြီး ထွက်ခဲ့ပါတယ်။ တောင်ပေါ်ကို တက်တဲ့ ကားတစ်ကားနဲ့ လိုက်လာခဲ့ပြီး တောင်ပေါ်မြို့ကလေးကို ရောက်လာခဲ့ပါတယ်။ နောက်ဆုံးတော့ စစ်သားစုဆောင်းရေး တွေ့တာနဲ့ စိတ်ဓာတ်ကျနေတဲ့ အဆုံး သေချင် သေပေ့စေကွာ စစ်ထဲ ဝင်မယ် ဆိုပြီး ရောက်လာခဲ့တာပါ။

ဒီကိစ္စက သေမှုသေခင်းဖြစ်တော့ ရဲကို လွှဲရပါတယ်။ လူငယ်ကို သက်ဆိုင်ရာ မြို့နယ်ရဲ့ ရဲစခန်းကို လွှဲပြောင်းပေးပြီး အရပ်လက်သည်ရဲ့ အိမ်ကို ဝင်ရှာကြပါတယ်။ သူမရဲ့ အိမ်ကို မြေလှန်ပြီး ရှာတဲ့အခါမှာတော့ အဲဒီမြို့တစ်မြို့လုံး အရမ်းကို တုန်လှုပ် ခြောက်ခြားသွား စေတဲ့ အမှုတစ်မှုကို ကြုံတွေ့ ရပါတော့တယ်။ သူမရဲ့ အိမ်ဝင်းထဲမှာ ကိုယ်ဝန် ဖျက်ချရာကနေပြီး သေဆုံးခဲ့တဲ့ အမျိုးသမီးအလောင်းတွေ မြှုပ်နှံထားတာကို အများအပြား ရှာတွေ့ရတာပါပဲ။

-------------------------------------------------------------------------------------------------

သူရဲ့ ဇာတိမြို့ကို အလည်သွားရာကနေ ပြန်လာတဲ့ သူငယ်ချင်းက ဇာတ်လမ်း အရှည်ကြီး ပြောပြလိုက်ရလို့ မောသွားတဲ့ ပုံနဲ့ ရေနွေးကြမ်း တစ်ခွက်ကို ကောက်မော့လိုက်ပါတယ်။
“အဲဒါ ငါမြို့ပြန်ရင်းနဲ့ ကြားခဲ့တဲ့ ဇာတ်လမ်းပဲကွ။ ငါတို့နားက ---မြို့မှာ ဖြစ်ခဲ့တာ။ တနယ်လုံးကို ဟိုးလေး တကျော်ကျော်ပဲ။ ကြားရတာတော့ တကယ့်ကို စိတ်မကောင်း စရာ ပဲကွာ။”
သူတို့ နှစ်ယောက်သား စကားဆက် မပြောနိုင်ပဲ အတော်ကြာ ငိုင်နေကြပါတယ်။ ခဏကြာမှ သူက စကားကို ပြန်စလိုက်မိတယ်။
“အေးကွ။ ကိုယ်ဝန်ဖျက်ချတယ် ဆိုတဲ့ ကိစ္စက အနောက်နိုင်ငံတွေမှာ တရားဝင် လက်ခံနိုင်ပေမယ့် တို့နိုင်ငံမှာတော့ ဘယ်လိုမှ လက်ခံလို့ မရတဲ့ ကိစ္စပဲကွ။ အနောက်နိုင်ငံတွေမှာတောင်မှ အယူအဆက အမျိုးမျိုး ကွဲကြသေးတယ်။ တစ်ချို့ ခရစ်ယာန် ဘာသာဝင်တွေက ကမ္ဗဇလေ လှုပ်ရှားတာ မဖြစ်မခြင်း အသက်မဝင်သေးဘူး လို့ ယူဆကြတယ်။ တစ်ချို့ ရဟူဒီ ဘာသာဝင်တွေက မမွေးမချင်း အသက်မရှိဘူးလို့ ယူဆကြတယ်။ အဲဒီတော့ သူတို့က အဲဒီအချိန်မှာ ကိုယ်ဝန်ဖျက်ချတာကို ဘာသာရေး အမြင်အရ အပြစ်မရှိဘူးလို့ ယူဆကြတယ်။ လူသားဆန်မှုနဲ့ ပတ်သက်ရင်လည်း အယူအဆ အမျိုးမျိုး ကွဲကြတာပဲ။ တစ်ချို့က ဒီကိစ္စကို လူမဆန်တဲ့ ကိစ္စလို့ ထင်ပေမယ့် လူတိုင်းက ထင်တာတော့ မဟုတ်ဘူး။ တစ်ချို့က လူတစ်ယောက်ရဲ့ အသက်ရှင်မှုကို ပိတ်ပင်တာ လူမဆန်တာလို့ ပြောကြတယ်။ တစ်ချို့ကလည်း မိခင်ရဲ့ ရှေ့ရေးအတွက် ဒီကိစ္စကို သူ့ဘာသာသူ ဆုံးဖြတ်ပိုင်ခွင့် ရှိတယ်လို့ ပြောကြတယ်။ ငါတို့နိုင်ငံမှာလည်း ဘာသာရေး အမြင်တစ်ခုတည်းနဲ့ ပိတ်ပင်ထားတယ်လို့ မထင်ဘူး။ ဘာလို့လဲ ဆိုတော့ မိခင်အတွက် ကိုယ်ဝန်လွယ်ရတာ အသက်အန္တရာယ် ရှိတယ်လို့ ယူဆရင် ကိုယ်ဝန်ဖျက်ချဖို့ ဥပဒေက တရားဝင် ခွင့်ပြုထား သေးတာပဲ။ အဲဒီတော့ လူ့အဖွဲ့အစည်းက လက်မခံနိုင်တဲ့ စံနှုန်းတစ်ခု အနေနဲ့ ပိတ်ပင်ထားတယ် လို့ပဲ ထင်တယ်။”
“အေးလေကွာ။ ဒါပေမယ့် ဒီကိစ္စက ဘယ်သူမှန်တယ် ဘယ်သူမှားတယ် ဆိုတာ ပြောရခက်တယ်။ ငါတို့ အမြင်မှာ မှားတယ်ထင်လို့ လူတိုင်းကို မှားတယ်လို့ ပြောလို့မရဘူး။ လူတိုင်းမှာ သူ့အကြောင်းပြချက်နဲ့ သူ ရှိနေကြ တာပဲကွ။ လူ့အဖွဲ့အစည်းတစ်ခုနဲ့ တစ်ခု နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံ အကြောင်းအရာ တစ်ခုကို မြင်တဲ့ အမြင်ချင်းမှ မတူတာ။ စင်ကာပူ၊ ယူကေနဲ့ အမေရိကန်မှာ ဥပဒေအရ တရားဝင် ခွင့်ပြုထားတဲ့ ကိစ္စပဲ။ သူတို့မှာလည်း ဥပဒေအရ ခွင့်ပြုဖို့ လုံလောက်တဲ့ အကြောင်း အချက်တွေတော့ ရှိမှာပေါ့။ ကိုယ့်အယူအဆ တစ်ခုတည်းကို မှန်တယ်လို့ စွဲပြီး မျက်စိမှိတ် ဆွေးနွေး နေရင်လည်း လိုရင်း ရောက်မှာ မဟုတ်ဘူး။”

သူတို့ စကားဆက်မပြောဖြစ်ဘဲ ခဏ ငြိမ်သွားကြတယ်။ နောက်တော့ သူတို့ စကားဝိုင်းက စကားလမ်းကြောင်း ပြောင်းသွားတယ်။ သူက စကားပြန်စတယ်။

“ဒီခေတ် လူငယ်တွေမှာ လက်မထပ်ခင် မစောင့်ထိန်းတာကို မဆန်းတဲ့ကိစ္စတစ်ခုလို ထင်နေကြတယ်ကွ။ မကောင်းဘူး ဆိုတာ သိပေမယ့်လည်း လူတိုင်းက မလိုက်နာ နိုင်ကြဘူး။ ဥပမာကွာ။ အရက်သောက်တာ မကောင်းဘူး ဆိုတာ လူတိုင်းသိနေတာပဲ။ ဒါပေမယ့် မကောင်းဘူး ပြောလို့ အရက်မသောက်ပဲ နေကြသလား ဆိုတော့ မနေကြဘူး။ အဲဒီလိုပဲ လူငယ်တွေကို လက်မထပ်ခင် စောင့်ထိန်းရမယ်လို့ သွန်သင်ကြတယ်။ အဲဒီလို သွန်သင် ပေမယ့်လည်း လူငယ်တိုင်းက မစောင့်ထိန်း နိုင်ကြဘူး။ ဝတ္ထုတွေ ရုပ်ရှင်တွေထဲမှာ လူ့အဖွဲ့အစည်းကြီးက ဘယ်လောက်ပဲ ကောင်းပါတယ်လို့ ရေးပြ ရိုက်ပြ နေပေမယ့် အပြင်လောကမှာက ရုပ်ရှင်တွေ ဝတ္ထုတွေထဲကလို မဟုတ်ဘူး။”

သူ့သူငယ်ချင်းက သူ့စကားကို ထောက်ခံပါတယ်။
“အဲဒါတော့ ဟုတ်တယ်ကွ။ အခုခေတ်ကြီးမှာ သမီးရည်စား အတော်များများက ဒီကိစ္စကို ထမင်းစား ရေသောက်လို ဖြစ်နေကြပြီ။ ၅၀ ရာခိုင်နှုန်း မကျော်ရင်တောင်မှ ၁၀ ရာခိုင်နှုန်း မကတာတော့ သေချာတယ်။ ငါအခုတစ်ခေါက် ရန်ကုန်ဆင်းလာတော့ ဦးလေးအိမ်မှာ ဧည့်သည်တွေ များနေတာနဲ့ ဟိုတယ်မှာ တည်းမယ်ဆိုပြီး သွားတယ်။ ဟိုတယ်ရောက်တော့ ငါ့ကို ဧည့်ကြိုကောင်တာက အခန်းမရှိဘူးလို့ ပြောတယ်။ အဲဒီအချိန် ငါ့ရှေ့မှာပဲ စုံတွဲတစ်တွဲ နာရီပိုင်းနဲ့ အခန်းလာငှားတော့ သူတို့က အခန်း ထုတ်ပေးတယ်။ နှစ်ယောက်စလုံးက သနားကမားလေးတွေ ပဲကွ။ ငါလည်း ဧည့်ကြိုကို ပြသနာ ရှာတာပေါ့။ အဲဒီတော့ အဲဒီကောင်လေးက စိတ်မရှိပါနဲ့ အစ်ကိုရာ။ ကျွန်တော်တို့မှာ နာရီပိုင်းနဲ့ ငှားတဲ့ အခန်းတွေက တစ်နေကုန် ငှားတဲ့ အခန်းတွေထက် ပိုပြီး တွက်ခြေကိုက်လို့ တစ်ချို့ အခန်းတွေကို နာရီပိုင်း ငှားဖို့ သီးသန့်ဖယ်ထားလို့ပါ ဆိုပြီး ငါ့ကို တောင်းပန်တယ်။ ငါလည်း အဲဒါနဲ့ သူ့ကို စပ်စုကြည့်တယ်။ အဲဒီလို အကြံအဖန်တွေ ချည်းပဲလား ဆိုတော့ သူက အကြံအဖန် မဟုတ်ပါဘူး အစ်ကိုရယ်။ တစ်ဝက်လောက်က လွတ်ရာ ကျွတ်ရာ လာခိုတဲ့ အတွဲလေးတွေပါ ဆိုပဲ။ ငါလည်း အတော် အံ့သြသွားတယ်။”

သူတို့နှစ်ယောက် ရှေ့ဆက်စကားပြောဖို့ စဉ်းစားနေကြတယ်။ နောက်တော့ သူကပဲ စကား ပြန်စတယ်။

“ငါတို့ဘက်က မဖြစ်သင့်ဘူးချည်းပဲ နင်းကန်ပြောနေလို့တော့ မပြီးသေးဘူး။ အခု အပြင်လောက မှာ လက်ရှိ ဖြစ်နေတာကို အရင်ဆုံး လက်ခံနိုင်အောင် ကြိုးစားရမယ်။ ပြသနာတစ်ခု ကို ဖြေရှင်းဖို့အတွက် ပေးချက် မှန်မမှန် ဆိုတာက အရေးအကြီးဆုံးပဲ။ ပေးထားတဲ့ အချက်အလက်မှားရင် အဖြေလည်း မှားမှာပဲ။ ရှိနေတဲ့ ပြသနာကို မရှိပါဘူးလို့ ဇွတ်ငြင်းလို့ မရဘူး။ ကဲ အဲဒီတော့ အခုခေတ် သမီးရည်းစားတွေ အားလုံး စောင့်ထိန်းနိုင်ကြသလား မေးမယ်။ အဖြေက နိုးပဲ။ အားလုံးတော့ မစောင့်ထိန်း နိုင်ဘူး။ အဲဒီတော့ မစောင့်ထိန်း နိုင်ခဲ့ရင် ဘယ်လို ကြိုတင် တားဆီးမှုတွေ လုပ်သင့်သလဲ ဆိုတာ သိထား သင့်တယ်။ မလိုလားအပ်တဲ့ ကိုယ်ဝန် ရှိမှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်တွေကို နားလည်အောင် ရှင်းပြ ထားသင့်တယ်။”

သူ့သူငယ်ချင်းက သူ့စကားကို နားထောင်ရင်း စဉ်းစားနေတယ်။ သူကပဲ ဆက်ပြောတယ်။

“နောက်တစ်ခုက မတော်တဆ ကိုယ်ဝန် ရှိသွားခဲ့ရင်လည်း ပတ်ဝန်းကျင် အသိုင်းအဝိုင်းက ကဲ့ရဲ့တာတွေ အပြစ်တင်တာတွေ လုပ်နေကြမယ့်အစား အားပေးမှုတွေ နှစ်သိမ့်မှုတွေ ပေးဖို့ ပိုပြီး လိုအပ်တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် မိန်းကလေးတစ်ယောက် မရည်ရွယ်တဲ့ ကိုယ်ဝန်တစ်ခုကို လွယ်မိပြီ ဆိုကတည်းက သူ့မှာ စိတ်ဓာတ်ကျမှာ အမှန်ပဲ။ အဲဒီလို စိတ်ဓာတ်ကျနေတဲ့သူကို သွားပြီး အပြစ်ဖို့မယ် ဆိုရင် ပိုဆိုးသွားဖို့ပဲ ရှိမှာပေါ့။ လူဆိုတာ မှားတတ်တဲ့ အမျိုးချည်းပဲ လေကွာ။ နောက်ပြီး ဖြစ်ခဲ့တဲ့ ကိစ္စက ဖြစ်သွားပြီ။ နောက်ပြန်လှည့်လို့ ရတာမှ မဟုတ်တာ။ ဒါတွေက ငါတို့ အခု ဆွေးနွေးနေတာထက် အများကြီး ပိုပြီး ကျယ်ပြန့်တယ်။ အားလုံး ဝိုင်းပြီး အဖြေရှာရမယ့် ကိစ္စ။”

သူတို့တွေ အတော်ကြာကြာ စကားဆက်မပြောနိုင်ပဲ ငြိမ်နေကြပါတယ်။ လေကြမ်းကြမ်း တစ်ချက်က ဝှေ့လိုက်လို့ သူတို့ အထက် သစ်ပင်ပေါ်က ပန်းတွေ ဖွာကနဲ မြေပြင်ပေါ်ကို လွင့်ကျလာပါတယ်။ ကြွေချိန်မတန်ခင် ကြွေကျလာတဲ့ ပန်းပွင့်တွေကို ကြည့်ရင်း အဲဒီလို ပန်းပွင့်တွေ ဘယ်လောက်များ များနေပြီလဲလို့ သူ စဉ်းစားကြည့် မိပါတယ်။

Reference:
Massachusetts Institute of Technology: Justice Lecture Notes on "Justice at Life's Inception"

15 comments:

Wunna said...

Ko ZT,
I can't make a proper comment. We are not sure the subsequent problems in our society. We should allow to do it legally or not? Anyway, I feel so sad for pre mature shedding flowers.

မိုးခါး said...

ထိန်းသိမ်းနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပဲ ..

မိုးခါး said...

ကြားရတာစိတ်မကောင်းစရာကြီးနော် .. ကြောက်ဖို့လည်းကောင်းလိုက်တာ .. အပေါ်ကအကြောင်းအရာက တကယ်ဖြစ်ခဲ့တာလား ..

ZT said...

တကယ့် အဖြစ်အပျက်ပါ။ အဲဒါကြောင့် ကျွန်တော် မြို့နာမည်တွေ ဖျောက်ပြီး ရေးထားတာပါ။ ကြာတော့ ကြာပါပြီ။ လွန်ခဲ့တဲ့ ၅ နှစ် နဲ့ ၁၀ နှစ်ကြား လောက်က ဖြစ်ခဲ့တာပါ။

sin dan lar said...

အားပါးပါး.. တကယ့် အဖြစ်အပျက်တဲ့...

Shwe Bo Thar said...

I dont wanna keep control during lover's time..so, i upgrated it. :P

ဘာတွေတုန်း said...

တက္ကသိုလ်ပထမနှစ်ဆိုတော့ တော်တော်ငယ်သေးတာပဲ.. လှပတဲ့ အနာဂတ်တွေ ရှိနိုင်ရက်နဲ့ အမှားတစ်ခုကြောင့် လောကကြီးကနေ စောစောစီးစီးထွက်သွားရရှာတယ်။စိတ်မကောင်းစရာပဲနော်။

khin oo may said...

ဆွေးနွေးမယ်ဆိုရင်တော့အားကြီးဘဲ။

သီဟသစ် said...

ကိုZTရေ
ဖတ်ရတာ စိတ်မကောင်းစရာပါပဲဗျာ။ ကိုZT သူငယ်ချင်းပြောသွားတဲ့
"အားလုံး ဝိုင်းပြီး အဖြေရှာရမယ့် ကိစ္စ။” ကြီးပါပဲ။

Anonymous said...

ဂျာမနီနိုင်ငံမှာ ၄ပတ်မကျော်ရင် တရားဝင်ဖျက်ခွင့်ပေးတယ်လိုမှတ်ဖူးတယ်။ အဓိက လူတိုင်းလုပ်နေတဲ့ အလုပ်ကြီးတစ်ခုကို ပွင့်ပွင်လင်းလင်း သင်ကြားမှု မရှိနိုင်တဲ့ အခြေအနေပါပဲ။

Anonymous said...

Prevention is better than cure. I'm sure that they know these methods. However, the prevention materials are not also easily accessible. (10 yrs ago, I don't know now) Some drug store look at the customer, who buys these things, like a criminal.

Yan Yan said...

သိပ် ကောင်းတဲ့ Comment တွေပဲ ဗျာ

အကိုကြီးရေ ညီလေးအားပေနေတယ်နော် ဆက်ရေးပါ

နေ့တိုင်လာဖတ်ပါတယ် ။။

Comment ရေးသူအားလုံးလဲ ကျေးဇူးပါဗျာ

Phyo Maw said...

ပြောတော့ ပြောချင်တယ် ပြောလည်း မပြောချင်တော့ဘူး...
ဖြစ်သင့်တဲ့ အခြေအနေမှာ လုပ်သင့်တာကို လုပ်လိုက်ရင် ဘယ်သူဘာပြောပြော သိပ်မလိုအပ်ဘူး ထင်တာပဲလေ...
ပညာတတ်တွေ များလာတဲ့အလျှောက် တရားဝင် ဖြစ်ဖို့ ဆိုတဲ့ ဘက်ကိုပဲ အားပေးပါတယ်... လက်သည် တို့ nurse တို့ အပ်လို့ သေတာထက်စာရင် လက်ခံပြီး အကောင်းဆုံး ဆောင်ရွက်ပေးတာ ပိုကောင်းတယ် မဟုတ်ဘူးလား :D
အကယ်လို့ ငါ့ညီမသာ ကလိုဖြစ်ခဲ့ရင်ကော လို့လည်း တွေးကြည့်ပါတယ်။ သူ့ဘဝအတွက် သူရွေးချယ်ရာမှာ မဖြစ်သင့်တဲ့အချိန်ဆို ဖျက်ချချင်မှာပဲ။ ဖြစ်နိုင်တဲ့အချိ်န်ဆို မွေးမှာပဲ။
(ဘာတွေ ပြောမိမှန်းတောင် မသိတော့...)

ကြည်ဖြူပိုင် said...

တကယ်ကြီး? အဲဒိအဒေါ်ကြီးအိမ်မှာအလောင်းတွေ အများကြီး။ ကြောက်စရာပါလားဟရို့။ အကျိုးကြောင့်အကြောင်းဖြစ်တာပေါ့နော်

Mogok Thar said...

ဒီလို ကြေကွဲဖွယ် အဖြစ်တွေ ဘယ်လောက များများ ရှိမလဲ။
သွေးသားဆန္ဒနောက် လိုက်မိသူတွေ အပစ်လား။ အရပ်လက်သည်တွေ အပြစ်လား။
သေချာတာကတော့ တာဝန်ကိုယ်စီ ရှိကြသည်။