စင်ပေါ်တက်ချင်တဲ့ ပိုးဆိုတာ မွေးကတည်းက ပါတတ်တာမျိုးလား မသိပါ။ ကျွန်တော့်မှာလည်း စင်ပေါ်တက်ချင်တဲ့ ပိုးက နည်းနည်းတော့ပါပါတယ်။ ဒါပေမယ့် ရှေ့ထွက်ရတဲ့ အခေါက်က နည်းပြီး စင်ပေါ်မှာ သူများတွေ ကနေတဲ့အချိန် နောက်ကနေ လူမုန်းခံ ဦးနှောက်စားနေရတဲ့ အလုပ်မျိုးနဲ့ပဲ ကြုံရတာ များပါတယ်။
ကျွန်တော် ကျောင်းကပွဲ တွေတုန်းက ကြုံခဲ့တဲ့ အဖြစ်အပျက် တစ်ချို့ကို ပြန်သတိရ မိပါတယ်။ ကျွန်တော်တို့ ပထမဆုံးနှစ်က ကျောင်းသင်္ကြန်မှာ ပြဇာတ်ကကြပါတယ်။ ပြဇာတ်ထဲမှာ အခန်းတစ်ခန်းက စင်ကာပူမှာ ကျောင်းတက်နေတဲ့ သားက အိမ်က မိဘတွေဆီကို ရေးတဲ့စာကို ဟာသလုပ်ထားတဲ့ အခန်းပါ။ “အမေရေ၊ ကျွန်တော်တို့ စင်ကာပူမှာ ကျောင်းတက်နေရတယ် ဆိုပေမယ့် စားပွဲထိုးလိုက် ပန်းကန် ဆေးလိုက် နဲ့ပါပဲ။” တို့၊ “ဒီမှာ ၄ လ သင်တဲ့ စာကို ၄ ရက်နဲ့ ကျက်ပြီး ဂုဏ်ထူးတွေ ထွက်ထွက် နေကြတယ်။” တို့ ပြောပြီး ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ ကျောင်းသားဘဝကို ဟာသလုပ် ထားတာပါ။ စီစဉ်တဲ့ အချိန်တုန်းက အဲဒီအချိန်က နာမည် ကြီးနေတဲ့ Eminem ရဲ့ Stan ဆိုတဲ့ သီချင်းကို ဖွင့်ပြီး တစ်ယောက်က စင်ပေါ်ကနေ သရုပ်ဆောင်၊ စင်ဘေးကနေ တစ်ယောက်က မိုက်ကရိုဖုန်းနဲ့ စာဖတ်ပြဖို့ စီစဉ်ထားကြပါတယ်။ ဒါပေမယ့် တကယ်ကတဲ့ နေ့မှာတော့ Control Room ထဲမှာ ထိုင်နေတဲ့သူက သီချင်းမှားပြီး Eminem သီချင်းအစား ထူးအိမ်သင် သီချင်းတစ်ပုဒ်ကို ဖွင့်ထည့်လိုက်ပါတယ်။ မိုက်ကရိုဖုန်းကလေးကိုင်ပြီး စင်ဘေးကနေ ပါးစပ်ပြင်နေတဲ့ ပုဂ္ဂိုလ်က သူ့လက်ထဲက မိုက်ကရိုဖုန်း ခလုတ်ဖွင့်ထားတာ မေ့ပြီး မအေနဲ့ ကိုင်ပြီး တုတ်ထည့်လိုက်ပါတယ်။ စပီကာထဲက နေ ဆဲသံ ရုတ်တရက် ထွက်လာတော့ ခန်းမတစ်ခုလုံး ပြက်လုံးမထုတ်ရပဲ ဝါးကနဲ ပွဲကျသွားရပါတယ်။
Control Room က တလွဲတချော် ဖြစ်တာ နောက်တစ်ခေါက် ကြုံဖူးပါသေးတယ်။ အဲဒီအခါက အသံကောင်းတဲ့ ကျောင်းသားတစ်ယောက်ကို သန်းမြတ်စိုးရဲ့ မြူမှောင်ဝေကင်းနဲ့ အဖွင့်သီချင်း ဆိုခိုင်းဖို့ စီစဉ်ထားကြပါတယ်။ ဒါပေမယ့် Control Room ထဲက ပုဂ္ဂိုလ်များက ကာရာအိုကေမှာ အဆိုတော်ရဲ့ အသံ မပိတ်လိုက်မိပါဘူး။ အဲဒီတော့ သီချင်းစဆိုတဲ့ အချိန်မှာ သန်းမြတ်စိုး ရဲ့ အသံနဲ့ ထွက်လာပါတယ်။ ပရိသတ်က မရိပ်မိတော့ အသံကောင်းတယ် ဆိုပြီး အားပါးတရ သြဘာပေးကြပါတယ်။ စင်ပေါ်မှာ ဆိုနေတဲ့သူကလည်း မသိချင်ယောင်ဆောင်ပြီး ဆက်ဆိုနေပါတယ်။ တစ်ဝက်တစ်ပျက် ရောက်မှ Control Room ကနေ ဘာမပြော ညာမပြောနဲ့ အဆိုတော်ရဲ့ အသံကို ပိတ်ထည့်လိုက်ပါတယ်။ အဲဒီမှာ သီချင်းဆိုနေတဲ့ အသံက ရုတ်တရက် ပြောင်းသွားပါတယ်။ ပရိသတ်က အစက ကြောင်သွားပေမယ့် နောက်တော့ သဘောပေါက်သွားပြီး ပွဲကျသွားပါတော့တယ်။
နောက်တစ်ခု မှတ်မိတာကတော့ မီးထိုးသမား ပညာပြတာပါ။ ကျွန်တော်တို့ ကျောင်းက ဇာတ်ရုံရဲ့ အနောက်ဖက် ထောင့်စွန်းနှစ်ခုမှာ မီးဆလိုက် တစ်ခုစီရှိပါတယ်။ အဲဒီ ဆလိုက်တွေက အရောင်မျိုးစုံ ပြောင်းပြီး ထိုးလို့ရပါတယ်။ ဘယ်ဖက်နဲ့ ညာဖက် ဝေါ့ကီတော့ကီနဲ့ ပြောပြီး ဘာရောင်ထိုးမယ် ဆိုတာ ညှိကြပါတယ်။ တစ်ခါတော့ ကျောင်းက ကောင်မလေးတစ်ယောက် တစ်ယောက်တည်း သင်္ကြန်သီချင်းနဲ့ ကနေတဲ့ အချိန် ဇာတ်ရုံထောင့်က ဆလိုက်သမားများ စိတ်ကူးပေါက်ပြီး လက်တည့်စမ်း ကြပါတယ်။ စင်ပေါ်ကို အရောင်တွေ တစ်ရောင်ပြီး တစ်ရောင် ပြောင်းပြီး ထိုးကြပါတယ်။ အစပိုင်းက ကြည့်ကောင်းသလိုရှိပေမယ့် အရောင်တစ်ရောင်ကို ထိုးလိုက်တဲ့ အချိန်မှာ ကောင်မလေး ဝတ်ထားတဲ့ အင်္ကျီအရောင် ပိတ်ကားအရောင်တွေနဲ့ အားလုံး ဟပ်သွားပြီး စင်ပေါ်မှာ ကနေတဲ့ ကောင်မလေး ရုတ်တရက် ပျောက်သွားပါတယ်။ ပရိသတ်ဆီက ရယ်သံကြီး ဝေါကနဲ ထွက်လာသလို ဝေါ့ကီတော့ကီထဲမှာလည်း ဆဲသံတွေ ညံသွားပါတော့တယ်။
ကျောင်းပွဲဆိုတော့လည်း တလွဲတချော်တွေက မျိုးစုံပါပဲ။ ပုံမှန် ကျောင်းထဲမှာ အရက်သောက်ခွင့် မရှိပေမယ့် ဇာတ်စင်ရဲ့ အနောက်ဖက်မှာ ပုလင်းကလေးတစ်လုံး ဒိုင်လျှိုထည့်ထားပြီး ရဲဆေးတင်ကြပါတယ်။ ကျောင်းသားတစ်ယောက်ကတော့ ရဲဆေးအတင် လွန်သွားလို့ ကောင်မလေးကဖို့ သင်္ကြန်သီချင်းဆိုရင်း တစ်ဝက်တစ်ပျက်မှာ စာသားမေ့သွားလို့ သူပါ ဝင်ကနေတာနဲ့ ပရိသတ်က အတော်ကို ပွဲကျသွားခဲ့ ပါတယ်။
ကျောင်းတုန်းက ကြုံခဲ့ဖူးတဲ့ အဖြစ်တွေကို သတိရလို့ ပြန်ရေးလိုက်တာပါ။
7 comments:
အားပေးပါတယ် ဆက်ပြီးရေးပါဦး ကျောင်းတုန်းကအတွ့အကြုံလေးတွေကို .......
တလွဲတချော်တွေ ရီရတယ်
အလွဲလေးတွေ ရှိသေးရင်ဆက်ရေးပါ
ဟဲဟဲ။
ပျော်စရာအတွေ့အကြုံလေးတွေပါဗျို့။
ဖတ်ပီးရီသွားတယ်ရှင်၊ရေးပါအုံးနော်
ကို zt ရေ ဘယ်နှစ်တုန်းကလဲဗျ။
ကျောင်းရောက်တာ နောက်ကျလိုက်လေခြင်းဆိုပြီး ဖတ်ပြီးတွေးမိသေးတယ်။ အဖြစ်ကလည်း ဆိုးပါ့။ :P
Post a Comment