နင်နွိုင်း အာကွီနိုလေဆိပ် လူဝင်မှု ကြီးကြပ်ရေး ကောင်တာက အမျိုးသမီးက ဘာမှ စစ်ဆေးမေးမြန်း မနေပဲ ကျွန်တော့် နိုင်ငံကူးလက်မှတ်ပေါ်မှာ သုံးပတ်နေထိုင်ခွင့် ရိုက်နှိပ်ပေးလိုက်ပါတယ်။ မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားတဲ့ သူတွေအတွက် ကမ္ဘာပေါ်မှာ ချစ်စရာ အကောင်းဆုံး အင်မီဂရေးရှင်း လို့ ပြောရင် ရလောက်ပါတယ်။ ဗီဇာမလို၊ ဘာစာရွက်စာတမ်းမှလည်း တောင်းမကြည့်၊ ယုတ်စွအဆုံး အပြန် လေယာဉ်လက်မှတ်တောင် တောင်းမကြည့်တဲ့ အင်မီဂရေးရှင်း ဆိုလို့ ဒီတစ်နေရာပဲ တွေ့ဖူးပါသေးတယ်။ ဒီတစ်ခေါက်ဟာ ၃ကြိမ်မြောက် ရောက်ရှိခြင်း ဖြစ်ပေမယ့် ဒီလေဆိပ်ကို ရောက်တဲ့ အခါတိုင်း အခုလို ချောချောမွေ့မွေ့ပါပဲ။
အပြင်မှာ ကျွန်တော့်ကို လာကြိုနေတဲ့ မနီလာ ရုံးက အင်ဂျင်နီယာနဲ့ အသင့်ပဲ တွေ့ပါတယ်။ နေ့လည်ခင်း ကွာလာလမ်ပူက လာတဲ့ လေကြောင်းလိုင်းနဲ့ မလေးရှားက အင်ဂျင်နီယာ ရာမက်ရှ် လာလိမ့်မယ်လို့ ကျွန်တော့်ကို ကြိုပြီး သတင်းပေးပါတယ်။ ကျွန်တော့် စိတ်ထဲမှာ နည်းနည်းတော့ အံ့သြသွားပါတယ်။ ဘာလို့လဲ ဆိုတော့ ကျွန်တော်သိထားသလောက် ရာမက်ရှ်က မလေးရှားက စက်တွေကိုပဲ ပြင်လေ့ရှိပြီး တစ်ခြားနိုင်ငံကို ခရီးထွက်ခဲ လို့ပါ။ ရာမက်ရှ် ဖိလစ်ပိုင် ရောက်လာတယ် ဆိုတော့ အခုလက်ရှိ ကျွန်တော်တို့ ဆင်နေတဲ့ စက်တွေမှာ ပြသနာ အကြီးအကျယ် ဖြစ်နေလို့ လူအင်အား လိုနေလို့လား ဆိုပြီး တွေးမိလိုက်လို့ပါ။
အဲဒီအချိန်က ဖိလစ်ပိုင်မှာ ရှိတဲ့ အမေရိကန်ပိုင် စက်ရုံတစ်ရုံမှာ ကျွန်တော်တို့ စက်တွေ ဆင်နေကြပါတယ်။ စက်က စုစုပေါင်း ၃ လုံးဖြစ်ပြီး အားလုံး အကြီးစားစက်တွေ ချည်းပါပဲ။ စင်ကာပူမှာ ရှိသမျှ အင်ဂျင်နီယာတွေ တစ်ယောက်ပြီး တစ်ယောက်လာပြီး ကိုယ်နဲ့ဆိုင်တဲ့ ပြသနာတွေ လာပြီး ရှင်းကြပါတယ်။ ကျွန်တော်နဲ့ စင်ကာပူရုံးက ဖိလစ်ပိုင်အင်ဂျင်နီယာ တစ်ယောက်ကတော့ ဖိလစ်ပိုင်မှာ ရေရှည် နေထိုင်ပြီး ပြသနာအားလုံးအတွက် တာဝန်ယူရပါတယ်။ ကျွန်တော်က ဆော့ဖ်ဝဲလ် တာဝန်ခံ ဖြစ်ပြီး ဖိလစ်ပိုင် အင်ဂျင်နီယာကတော့ စက်မှုနဲ့ လျှပ်စစ်ပိုင်းဆိုင်ရာ တာဝန်ခံပါ။
နေ့လည်ခင်းမှာတော့ ကျွန်တော့် မိတ်ဆွေကြီး ရာမက်ရှ် မလေးရှား လေကြောင်းလိုင်းနဲ့ ဖိလစ်ပိုင်ကို ရောက်လာပါတယ်။ သူ့ကို ဘာအတွက် လာတာလဲ မေးတော့မှ သူက ကျွန်တော်တို့ အခုစက်ဆင်နေတဲ့ စက်ရုံမှာ လွန်ခဲ့တဲ့ ၅ နှစ်လောက်က ဝယ်ထားတဲ့ စက်တစ်လုံးမှာ ပြသနာဖြစ်နေလို့ ရှင်းမရလို့ သူ့ကို လွှတ်လိုက်တာ လို့ ပြောပါတယ်။ အဲဒီစက်အမျိုးအစားမှာ ဆိုနီက ထုတ်တဲ့ စက်ရုပ်တစ်ရုပ်စီ ပါပါတယ်။ အခု ဖြစ်နေတဲ့ ပြသနာက စက်ရုပ်တစ်ရုပ်က စပြီး ခဏ အကြာမှ ရပ်သွားပြီး reset လုပ်လိုက်ရင်လည်း နောက် နာရီဝက်အကြာမှာ ပြသနာက ပြန်ပြန်တက်လာလို့ လို့ ပြောပါတယ်။
စက်ပြင်တဲ့ အခါမှာ စက်နဲ့ အကျွမ်းတဝင်မရှိသေးတဲ့ အင်ဂျင်နီယာတွေ လုပ်တတ်တဲ့ အလုပ်က တစ်ခုခြင်း ဖြုတ်လဲတာပါ။ ပျက်နေတဲ့စက်ကို မကောင်းမချင်း အစိတ်အပိုင်း တစ်ခုစီ ဖြုတ်လဲကြပါတယ်။ အခု ဒီတစ်ခါလည်း ဖိလစ်ပိုင်ရုံးက အင်ဂျင်နီယာတွေက အမြဲတမ်း တစ်ခုခု လွဲမှားနေကြောင်း သတိပေးနေတဲ့ စက်ရုပ်ရဲ့ ဆာဗိုထိန်းချုပ်ရေး ကိရိယာ (Servo Controller) တစ်ခုလုံးကို ဖြုတ်လဲမယ်ဆိုပြီး ပြောပါတယ်။ သူတို့မှာ အပိုပစ္စည်း အသင့်ရှိပေမယ့် စက်ရုံက လက်မခံပါဘူး။ ပြသနာကို အရင်တွေ့အောင် ရှာပါ လို့ ပြောပါတယ်။ အရင်တစ်ခါက ကျွန်တော်တို့ ရုံးက အင်ဂျင်နီယာတစ်ယောက် ဘုမသိ ဘမသိ ဖြုတ်လဲလို့ အဲဒီလို ကိရိယာ တစ်လုံး လောင်သွားပြီးပြီ။ နောက်တစ်ခေါက် ထပ်အဖြစ် မခံနိုင်ဘူး လို့ ပြောကြပါတယ်။
နောက်ဆုံးတော့ အဲဒီ အငြင်းပွားမှုတွေက စင်ကာပူရုံးက ဘော့စ် ရဲ့နားကို ရောက်သွားတာကြောင့် ဘော့စ်က ရာမက်ရှ်ကို လူစွမ်းကောင်းအနေနဲ့ လွှတ်လိုက်တာပါ။ ရာမက်ရှ်ရောက်လာပြီး မကြာခင်မှာပဲ ကျွန်တော်တို့ စက်ရုံထဲ ရောက်ခဲ့ကြပါတယ်။ ရာမက်ရှ်က ဆော့ဖ်ဝဲလ်နဲ့ ပတ်သက်ပြီး အကူအညီလိုရင် ကျွန်တော့်ကို လှမ်းခေါ်မယ် လို့ ပြောပြီး စက်ရုံထဲက အင်ဂျင်နီယာတွေနဲ့ အတူ သူ့စက်ကို စပြီး ပြင်နေပါ တော့တယ်။
ကျွန်တော်လည်း စက်အသစ်တွေရဲ့ အခြေအနေ လှည့်ပတ်ကြည့်ပြီး ဘာပြသနာရှိသလဲ ဟိုမေးဒီမေးနဲ့ စက်ရုံထဲ ပတ်နေပါတယ်။ ကျွန်တော်တို့ စက်အသစ် တွေထဲမှာ ၂ လုံးက အမှန်တကယ် ထုတ်လုပ်မှု အဆင့်မရောက်သေးပဲ စမ်းသပ်လည်ပတ်နေတဲ့ အချိန်ဆိုတော့ ကျွန်တော်ကတော့ အတော့်ကို အားနေပါတယ်။ ဒီစက်ရုံမှာ ၃ပတ်လောက် အလုပ်လုပ်ခဲ့ဖူးတော့ အသိအကျွမ်းကလည်း အများကြီး ရှိနေတော့ ဟိုလူနဲ့ စကားပြောလိုက် ဒီလူနဲ့ စကားပြောလိုက်နဲ့ပဲ အချိန်ကုန်ပါတယ်။
၂ နာရီ ၃ နာရီလောက် ကြာတော့ ရာမက်ရှ် စက်ပြင်နေတာ မတွေ့တော့ဘဲ စက်ရှေ့မှာ ဟိုလက်ညှိုးထိုးလိုက် ဒီလက်ညှိုးထိုးလိုက်နဲ့ လေပေးဖြောင့်နေတာပဲ တွေ့ရပါတယ်။ အဲဒါနဲ့ ကျွန်တော်သူ့ကို လှမ်းမေးပါတယ်။
“စက်က ဘယ်လိုလဲ ကောင်းသွားပြီလား။”
“အင်း။ ကောင်းသွားပြီ။”
“မြန်လှချည်လား။”
“မြန်မှာပေါ့။ ဘာမှ ကြီးကြီးကျယ်ကျယ် လုပ်စရာမှ မလိုတာ။”
“ဘာပျက်နေလို့လဲ။”
“ဘာမှ မပျက်ဘူး။ စက်ဆီမရှိလို့။”
“သူတို့ ပြောတော့ ဆာဗိုစနစ် ကပြသနာဖြစ်တာဆို။”
“မဟုတ်ဘူး။ အဲဒီစက်သွားမှာ စက်ဆီမရှိပဲ ကျပ်နေတော့ ဆာဗိုက သူ့ကို လိုသလို ထိန်းလို့မရဘူး။ အဲဒါကြောင့် တစ်ခုခုလွဲနေတယ် ဆိုပြီး အမြဲပြောနေတာ။”
“ကောင်းရော။ မလေးရှားကနေ ဖိလစ်ပိုင်အထိ တကူးတကန့်လေယာဉ်ပျံနဲ့လာပြီး စက်ဆီ လာထည့်ပေးရတယ် ဆိုတာ။”
“ဟားဟား။ ငါတို့ဘော့စ်တော့ အတော်ဒေါပွနေတယ်။ ဒါပေမယ့် ဒီက အင်ဂျင်နီယာတွေအတွက် ဖာဖာထေးထေးတော့ ပြောပေးလိုက်ပါတယ်။ အဲဒီ စက်သွားက စက်ရုပ် ရဲ့ အတွင်းပိုင်းမှာ ရှိတာမို့ အဖုံးတွေ အားလုံး ဖြုတ်ကြည့်မှ မြင်ရတာ။ ဒီအတိုင်းဆို မတွေ့ရဘူး ဆိုတဲ့ အကြောင်းပါ ပြောပြလိုက်ပါတယ်။”
“အဲဒါဆို ပြန်လို့ ရပြီပေါ့။”
“ပြန်လို့တော့ ရပြီ။ ဒါပေမယ့် ဘော့စ်ကတော့ လေယာဉ်ပျံလက်မှတ်ဖိုး ကုန်ထားရတာ နှမြောတယ် ထင်ပါတယ်။ ငါ့ကို နောက်တစ်ရက် ထပ်နေပြီး ဒီစက်ရုံက အင်ဂျင်နီယာတွေကို သင်တန်းပေးဦးလို့ လှမ်းပြောတယ်။”
အမှန်တကယ်ကတော့ ဖိလစ်ပိုင်က အင်ဂျင်နီယာတွေ အယူအဆလွဲ ကြတာပါ။ သူတို့မှာ ပြသနာကို ထဲထဲဝင်ဝင် ဖြေရှင်းဖူးတဲ့ အတွေ့အကြုံနည်းပြီး တစ်ခုခု ဖြစ်ရင် ဖြုတ်လဲမယ် ဆိုတဲ့ စိတ်ကပဲ စွဲနေကြပါတယ်။ အဲဒါကြောင့် မလိုလားအပ်တဲ့ အခြေအနေ တစ်ခုကို ရောက်သွားရတာပါ။ ကျွန်တော့်အတွက်လည်း ပြသနာဆိုတာ မထင်မှတ်ထားတဲ့ အသေးအဖွဲတစ်နေရာမှာ ရှိနေတတ်တယ် ဆိုတဲ့ သင်ခန်းစာတစ်ခုတော့ ရသွား ခဲ့ပါတယ်။
5 comments:
nice experience and lesson
ဖတ်သွားပါတယ်
ဟုတ်ပါ့
အသေးလေးကလည်း ပြဿနာက စတတ်တာကိုး
စာရွက်မထွက်ဘူး ဆိုပြီး ဟိုလူခေါ် ဒီလူခေါ်နေတာ နောက်ဆုံးတော့ ပရင်တာထဲ စာရွက်ကုန်နေတာ ဖြစ်နေတာမျိုးပေါ့။ ခရီးသွားလိုက်ရတာ အမြတ်လို့ပဲ မှတ်ရတော့မှာပေါ့။
ဟုတ်ပ.... ဖြစ်တတ်တယ်ဗျ... ဒါမျိုး..
ဟိုတစ်ခါ... စက်လိုက်ဝယ်ပေးလိုက်တဲ့ Customer က ဆိုင်မှာစမ်းပေးလိုက်တုန်းက စက်အကောင်းကြီးက... အိမ်လဲရောက်ရော... Screen အမဲချည်းပဲပေါ်နေတယ် Monitor မှာဘာမှမလာတော့ ဘူးဆိုပြီးဖုန်းဆက်တာ.. သေသေချာချာလည်းမေးကြည့် ပြီးတော့မှ... အစ်ကိုရေ.. စက်သုံးမယ်ဆိုရင်လည်း... Monitor ကပါဝါကိုဖွင့်မှ မြင်ရမယ်လို့ ပြောလိုက်ရတယ် ဗျ... အဟဲ...
Post a Comment