Search This Blog

Thursday, March 5, 2009

တီဗွီ လက်နှိပ်စက် တွဲထားတာ အဲဒါ ကွန်ပြူတာ

ကျွန်တော်တို့ ပေါ်လီကျောင်းသားဘဝတုန်းက သင်္ကြန်သံချပ်ထဲမှာ
“မြန်မာကျောင်းသား အတော်ဆုံး အရာ
ကွန်ပြူတာ နဲ့ အင်္ဂလိပ်စာ
ကွန်ပြူတာဟာ ဘာလဲမေး
တီဗွီ လက်နှိပ်စက် တွဲရက်လေး။”
ဆိုပြီးတော့ ထည့်ရေးခဲ့ဖူးပါတယ်။ ကျွန်တော်တို့ မြန်မာ ကျောင်းသားတွေရဲ့ ကွန်ပြူတာနဲ့ အကျွမ်းတဝင် ဖြစ်ပုံလေးတွေကို အချင်းချင်း ပြန်ပြီး နောက်ထားတာပါ။

ပြောပြရင် ယုံချင်မှလည်း ယုံပါလိမ့်မယ်။ ပထမဆုံး ကျွန်တော့် အဖြစ်အပျက်ကနေ စပြောပြပါ့မယ်။ ကျွန်တော်တို့ ပထမနှစ်က ကျောင်းမှာ C Programming သင်ရပါတယ်။ ကျွန်တော်တို့က ရန်ကုန်မှာ ကတည်းက သင်တန်းတက် လာခဲ့ဖူးတော့ Programming စာမေးပွဲ ဆိုရင် အမြဲတမ်း အမှတ်ကောင်းတတ် ပါတယ်။ အတန်းထဲမှာ Programming စာမေးပွဲ ဖြေရင် အမှတ်များလို့ ဆရာကလည်း ကျွန်တော့်ကို သတိထားမိ နေပါတယ်။ တစ်နေ့တော့ ကွန်ပြူတာခန်း ထဲမှာ Programming စာမေးပွဲ ဖြေရင်းနဲ့ ကွိုင်တက် ပါတယ်။ ပရိုဂရမ်ကို ရေးပြီးသွားတဲ့ အချိန်မှာ ပြင်လို့ မရတာပါ။ စာကြောင်းထဲမှာ စာလုံး အသစ်တစ်လုံး ထပ်ထည့် လိုက်ရင် စာလုံးက ထပ်မတိုးသွားဘဲ နဂို ရှိပြီးသား စာလုံးကို ဖျက်ပြီး ထပ် ရိုက်နေပါတယ်။ အဲဒီတော့ စာလုံးတစ်လုံး ပြင်ချင်ရင် စာကြောင်း တစ်ကြောင်းလုံးကို ပြန်ပြီး ရိုက်နေရပါတယ်။ ပထမ တစ်လုံး နှစ်လုံးက သိပ်မသိသာ ပေမယ့် နောက်တော့ ခွေျးပြန်လာပါတယ်။ နောက်ဆုံး ကြံရာ မရတဲ့ အဆုံး ဆရာ့ကို လှမ်းခေါ် ရပါတယ်။ ဆရာက ဘာဖြစ်တာလဲ မေးတော့ ကျွန်တော့်ရဲ့ အဖြစ်အပျက်ကို ပြန်ပြောပြ ပါတယ်။ အဲဒီတော့မှ ဆရာက ရယ်ပြီး မင်းပရိုဂရမ်တွေ ဒီလောက် ရေးတတ်ပြီး ဒါတောင် မသိဘူးလား။ မင်းကွန်ပြူတာမှာ Insert နှိပ်ထားလို့ အဲဒီလို ဖြစ်နေတာ။ နောက်တစ်ချက် ထပ်နှိပ်လိုက် လို့ ပြောသွားပါတယ်။ အဲဒီတော့မှ Text Editor တွေထဲမှာ Insert ကို တစ်ချက်နှိပ်ထားရင် စာလုံးက အပိုထပ် ထည့်လို့ မရဘဲ ရှိပြီးသား စာလုံးပေါ် ထပ်ရိုက်တတ်တယ် ဆိုတာ သိသွား ပါတော့တယ်။

ကျွန်တော့်ထက် ဆိုးတဲ့သူတွေကို နောက်တော့ တွေ့ဖူးသွားပါတယ်။ ဒုတိယနှစ် စတက်ခါစ အချိန်တုန်းကပါ။ ကျောင်းက ကွန်ပြူတာခန်းထဲမှာ အင်တာနက် သုံးနေတုန်း အခုမှ ပထမနှစ် စတက်တဲ့ မြန်မာ ကျောင်းသား တစ်ယောက်က “ဟေ့လူ။ ဒီမှာ လာကြည့်စမ်းပါဦး။ ကျွန်တော် စာရိုက်တာ အင်္ဂလိပ်စာက စာလုံးအကြီး (Capital Letter) မပေါ်ဘူး ဖြစ်နေလို့။” ဆိုပြီး အကူအညီ လာတောင်းပါတယ်။ အဲဒီလို ကြားလိုက်ရတော့ စိတ်ထဲမှာ နည်းနည်း ထူးဆန်း သွားပါတယ်။ ဒါမျိုး ကျွန်တော်လည်း တစ်ခါမှ မကြားဖူးလို့ပါ။ အဲဒါနဲ့ သူကွန်ပြူတာ နှိပ်နေတဲ့ နေရာကို ထသွားပြီး ကြည့်ပါတယ်။ “ဘယ်လို ဖြစ်တာလဲ။ ပြစမ်းပါဦး။” လို့မေးတော့ သူက ကီးဘုတ်ကို ကြိုးစားပမ်းစား ဆောင့်ကြီးအောင့်ကြီးနဲ့ နှိပ်ပြပါတယ်။ ထွက်လာသမျှ စာလုံးတွေက အသေးတွေ ချည်းပါပဲ။ ဒါပေမယ့် ကျွန်တော် သတိထားမိ လိုက်တာက သူ Shift ကီးကို မနှိပ်ဘဲ ဒီအတိုင်း နှိပ်နေတာကိုပါ။ ကျွန်တော်က သူ့ကီးဘုတ်ပေါ်မှာ Shift ကီးကို နှိပ်ပြီး စာလုံးတစ်လုံး နှိပ်လိုက်တော့ Capital Letter ပေါ်လာပါတယ်။ အဲဒီတော့မှ သူက “သြော်။ စာလုံးအကြီး ပေါ်စေချင်ရင် ဒီခလုတ် နဲ့ တွဲပြီးနှိပ် ရတယ်လား။” ဆိုပြီး ပြောရှာပါတယ်။ ကျွန်တော်ကတော့ စင်ကာပူ လာတဲ့အထဲမှာ ကျွန်တော့်ထက် ပိုပြီး ကွန်ပြူတာ အခြေခံ ကောင်းတဲ့သူတွေ ရှိနေသေးတယ် ဆိုတာ သိလိုက်ရလို့ အားငယ်နေတာတွေ ပျောက်သွားပါတယ်။

နောက်သူငယ်ချင်း တစ်ယောက်ကတော့ တစ်မျိုး ဟာသ လုပ်ပြန်ပါတယ်။ ကျွန်တော်တို့ ကျောင်းစဝင်တဲ့ အချိန်မှာ ကျောင်းက အီးမေးလ်သုံး ဖို့နဲ့ အင်တာနက် သုံးဖို့အတွက် Password တစ်ခုစီ ထုတ်ပေးပါတယ်။ Password က ထုံးစံအတိုင်း ဂဏန်းနဲ့ အက္ခရာတွေ တွဲထားတဲ့ Password မျိုးပါ။ အဲဒါကို သူက ရှုပ်လိုက်တာကွာ ဆိုပြီး ကိုယ့်ဘာသာကိုယ် ပြန်ပြောင်းပါတယ်။ ဒါပေမယ့် သူ့မှာ Password ကို ဘယ်စာလုံး ပြောင်းရမလဲ စဉ်းစားလို့ မရရှာပါဘူး။ Password အသစ်ပြောင်းပြီးမှ မေ့သွားရင် ဒုက္ခဆိုပြီး သူ့အတန်းဖော် ကို တိုင်ပင် ပါတယ်။ သူ့အတန်းဖော်ကလည်း အကြံကောင်း ပေးလိုက်ပါတယ်။ Password မေ့မှာ စိုးရင် Q ၇ လုံးသာ ရိုက်ထည့်ထားလိုက် ဆိုပြီးတော့ပါ။ အဲဒီနေ့က စပြီး ကျွန်တော့် သူငယ်ချင်း အီးမေးလ် စစ်တိုင်း Q ၇ လုံး ရိုက်နေတာကို မြင်ရပါတော့တယ်။

နောက်ထပ် သူငယ်ချင်း နှစ်ယောက် ကတော့ တစ်မျိုးပါ။ နှစ်ယောက်သား အဆိုင်းမင့် တင်ဖို့အတွက် ကွန်ပြူတာခန်းထဲမှာ သွားပြီး စာရိုက်ကြပါတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်စလုံး ကီးဘုတ် လက်ကွက်နဲ့ အကျွမ်းတဝင် မရှိကြပါဘူး။ အဲဒီမှာ သူတို့ နှစ်ယောက် ဖြေရှင်းခဲ့တဲ့ နည်းက ကျောင်းမှာ ပြောစမှတ်တွင် ခဲ့ပါတယ်။ တစ်ယောက်က ဒီလို အကြံပေးပါတယ်။ “ကီးဘုတ်ကို ခလယ်ကနေ တစ်ဝက်ဝက်မယ်။ ငါတို့ ရိုက်ချင်တဲ့ စာလုံး မတွေ့ရင် မင်းက ညာဖက် အခြမ်းကို ရှာ ။ ငါက ဘယ်ဘက် အခြမ်းကို ရှာမယ်။” ဆိုပြီးတော့ပါ။ အဲဒီလိုနဲ့ သူတို့မှာ ရှာမတွေ့တဲ့ အင်္ဂလိပ် စာလုံးတိုင်းကို ကီးဘုတ်မှာ တစ်ယောက်က ညာဖက် နောက်တစ်ယောက်က ဘယ်ဖက် တွေ့အောင်ရှာပြီး အဆိုင်းမင့်ကို ပြီးအောင် ရိုက်ခဲ့ကြပါတယ်။

20 comments:

PAUK said...

ရီရတယ်..
ztဆိုတာ လားး
သြော်..အရင် လွိုင်လင်စာပေအနု ...
က တူတူပဲလား..

ZT said...

ဟုတ်ပါတယ်။ လွိုင်လင် ဘလော့ခ်ကနေ အိမ်ပြောင်းလာတာပါ။

May Moe said...

ဟားဟား ရယ်ရတယ် ကျောင်းသားဘဝ စီးရီး ရေးပါလား။ရန်ကုန် ကျောင်းမှာတော့ Programming ကို တပုဒ်မှမစမ်းရပဲ လက်တန်းရေးပြီးအောင်လာတာ :P

khin oo may said...

မေမိုးကတော်လိုက်တာ

khin oo may said...

စလုံးမာှ ကွန်ပြူတာ center ကို ဖုံးဆက်တော့ သူတို့ကကူညီဘို့ကြိုးစားပါတယ။် start ကိုသွားပါလို့ဆိုတယ်။
start ကဘယ်နားမှာလဲမေးလိုက်မိတယ်။ မင်းဘေးမှာ ဘယ်သူရှိသလဲ. အဲဒီလူနဲ့ပြောပရစေလို့ ဟိုဘက်က တောင်းပန်ရပါတယ်။

မိုးချိုသင်း said...

အော်..ကိုယ့်ထက်တောင် ဆိုးကြပါသေးလား :D

May Moe said...

ဟားဟား မမဂွိ ကတော့လုပ်ပြီ။တော်တာပြောတာမဟုတ်ဘူး ရန်ကုန်ကျောင်းမှာ ကွန်ပြူတာ မသုံးရတာကိုပြောချင်တာပါ :P

ဇနိ said...

ရန်ကုန်ကျောင်းတုန်းက ဆရာပြောတာ သွားသတိရတယ်..
ကွန်ပြူတာပျက်သွားလို့ ပြင်ဆိုင်ပို့မလို့လုပ်တာ... ကွန်ပြူတာ ပစ္စည်းတွေကို မဖြုတ်ရဲလို့... အိမ်အပေါ်ထပ်ကနေ အောက်ကို လှေကားအတိုင်းဆင်းတာ.. ကီးဘုတ်နဲ့ မောက်စ်ကိုင်တဲ့သူက တစ်ယောက်၊ မော်နီတာကတစ်ယောက်၊ စီပီယူ-ယူနစ်က တစ်ယောက် လှေးကားပေါ်က ဟန်ချက်ညီညီဆင်းရရှာသတဲ့...
း)

မီယာ said...

ပို့ရော ကော်မန့်တွေပါ ဖတ်ပြီး ရီသွားတယ်... ဟိုးအရင်က အကြောင်းတွေ သတိရမိတယ် အခုပြန်ပြောရင် တကယ် ရီစရာတွေ ချည်းပဲနေမှာ

sin dan lar said...

အားတက်သွားပါသည်...။ ငါ့ထက်ဆိုးသူတွေ အများသားပဲ....။
စီ ပရိုဂရမ်းမင်းကို စက်နဲ့ run ဖူးပဲစာမေးပွဲအောင်ခဲ့ပါသည်...(မြန်မာပြည်မှာ)

နွေးနေခြည် said...

Programming အားလုံးကို လက်ရေးနဲ့ရေးပြီး မျက်လုံးနဲ့ run ခဲ့တယ်။ (UCSY မှာ)

MANORHARY said...

အားတက်ရပါကြောင်း...း)

ဘာတွေတုန်း said...

Programming သင်တုန်းက အဲ့လိုမျိုးဖြစ်ဖူးတယ်။ လက်စသတ်တော့ insert နှိပ်မိထားလို့ကိုး။ ခုမှသိတယ်။ ဘဝကဆိုးပါတယ် ။

နေညိုရင့် said...

ဟီဟီ..ကျွန်တော်တော့ coding တွေ အော်ကျက်နေတဲ့ ကျောင်းသူတွေ ့ဖူးတယ်.. ဒီလိုပါပဲ..စ လုံးရေ စရင်တော့..

JuneOne said...

program တွေကို လက်တန်းအလွတ်ကျက်ခဲ့တဲ့ထဲမှာတို့လဲပါတယ်။:p

khin oo may said...

အော်။ ကြွားတတ်လိုက်ကြာတာ.

Phyo Maw said...

အဖြစ်တွေက ဒီလိုကိုး...

မြစ်ချေသူ said...

ထင်တော့ထင်တယ် စာအရေးသားတွေက လွိုင်လင်က zt နဲ ့တူပါတယ်လို ့
ခုတော့အိမ်ပြောင်းထားတာကိုး...
ဆက်လက်အားပေးနေပါတယ်။

Ko Boyz said...

Enter ဆိုရင် ခေါက်ပါတဲ့။
A, B, C, etc... ဆိုရင် နှိပ်ပါတဲ့။
Space Bar ဆိုရင် ပုတ်ပါတဲ့။
လုပ်ရတဲ့ အလုပ်ချင်းတူတူကို တစ်မျိုးနဲ့ တစ်မျိုး မတူရအောင် ပြောပြဖူးတဲ့ သူငယ်ချင်းတစ်ယောက် ကို သတိမိပါတယ်။ သူ့ကီးဘုတ်ဆို Shift တွေက လက်သည်းရာတွေကြောင့် ပဲ့နေတာ မြင်ဖူးတယ်။ လက်ဆီတွေ ပေနေလို့ သုံးခါနီးတိုင်း Aerosol လို ဆေးရည်နဲ့ သေချာ သုတ်ပြီးမှ သုံးဖြစ်တာ သတိရမိသေး..။

choco thazin said...

ဟားဟား
တူနေပြီဗျို ့
java တန်းတက်တုန်းက အဲလိုဖြစ်ဘူးတယ်
ဆရာမက ပြန်လုပ်ပေးမှ အိုကေတော့တယ်
ဟားဟား...