Search This Blog

Friday, December 31, 2010

ဘလော့ခ်အသစ် မိတ်ဆက်

ဘလော့ခ်ရေးတာ ၂ နှစ်ကျော် ကြာလာတော့ အရင်ကထက် စာရင် ပိုပြီး ပြောရဲ ဆိုရဲ ရေးရဲ ရှိလာတာ အမှန်ပါပဲ။ ပထမတစ်ချက်ကတော့ ဘလော့ခ် လောကထဲမှာ ကိုယ့်ထက် အသက်အားဖြင့် ဒါမှမဟုတ် ပညာအားဖြင့် ကြီးတဲ့သူတွေက ပေါ်ပေါ်တင်တင် တစ်မျိုး သိုင်းလောကထဲက မျက်နှာဖုံးစွပ် သိုင်းသမားများလို အမည်မသိနဲ့ တစ်မျိုး ရေးချင်တာရေး လုပ်ချင်တာ လုပ်နေကြတာကြောင့်ပါ။ သူတို့တောင် အဲဒီလို လုပ်ကြတော့ ကျွန်တော့်လို ပါမွှားကောင်က ဘာမှ မလုပ်ရဲ စရာ မရှိပါဘူး။ အစကတည်းက "ငါသည် ဘာကောင်မှမဟုတ်။ ဘာမှ သိက္ခာကျစရာ မရှိ" ဆိုတဲ့ ခံယူချက် စွဲကိုင်ထားတာမို့ မျက်နှာဖုံး မစွပ်ပဲ ပေါ်ပေါ်တင်တင် ပေါက်တတ်ကရ ရေးလို့ ဖြစ်နေပါတယ်။

ဒါပေမယ့်လည်း ဖူးနုသစ်ရဲ့ စတိုင်လ်ကို သီးသန့်ကလေး ထားချင်ပါတယ်။ နည်းပညာပိုင်း သိပ်ဆန်တဲ့ ပို့စ်တွေ မတင်ချင်သလို တခြား လုပ်ချင်ရာလုပ်ထားတဲ့ ပို့စ်တွေလည်း မတင်ချင်ပါဘူး။ ဒါနဲ့ပဲ ဘလော့ခ် အသစ်တွေ ထပ်ဖွင့် ဖြစ်ပါတယ်။ အဲဒီထဲက ကျွန်တော့်ရဲ့ ဘလော့ခ် ၃ခုကို မိတ်ဆက်ပေးချင်ပါတယ်။

ပထမတစ်ခုကတော့ ဖူးနုသစ် အခန်းဆက် ဝတ္ထုရှည်များ ဆိုတဲ့ ဘလော့ခ်ပါ။ ဒီဘလော့ခ်ကို ကျွန်တော် သဘောကျတဲ့ ဝတ္ထုရှည်တွေကို ဘာသာပြန်ပြီး တင်ဖို့ အတွက် ရည်ရွယ်ထားပါတယ်။ အခု ပထမဆုံး အနေနဲ့ Ken Follet ရဲ့ Pillar of the Earth ဆိုတဲ့ ဝတ္ထုကို ဘာသာပြန်ပြီး တင်နေပါတယ်။ ၆လ လောက် အတွင်းမှာ (၃) ခန်းကြီးများတောင် ပြီးသွားပြီ ဆိုတော့ ကျွန်တော့်ရဲ့ ဘာသာပြန်နှုန်းကို ခန့်မှန်းနိုင်ပါတယ်။ အခုမှ ဝတ္ထုရဲ့ ၅ ရာခိုင်နှုန်းတောင်မှ မပြီးသေးပါဘူး။ အချိန်ရရင် ရသလိုတော့ ဆက်တင် သွားပါ့မယ်။ ဘယ်လောက်ကြာမယ်တော့ မပြောတတ်သေးပါဘူး။ စိတ်ရှည်မယ် ဆိုရင်တော့ လာဖတ်ကြပါလို့ ဖိတ်ခေါ်ချင်ပါတယ်။ အစက တော်တော်လေး ပြီးမှ ကြော်ငြာမယ် စဉ်းစားပေမယ့် Vista ရဲ့ ကောင်းမှုနဲ့ လူသိသွားတာကြောင့် စောစောစီးစီး ကြိုဖွင့်လိုက်ပါတယ်။ :D Adult Content Rate လုပ်ထားတာ ကတော့ တစ်ချို့ ဘာသာပြန်ထားတာတွေ နည်းနည်းကြမ်းတယ် ထင်လို့ပါ။

ဒုတိယတစ်ခုကတော့ ပန်းလောင် နည်းပညာ နယ်မြေသစ် ဆိုတဲ့ ဘလော့ခ်ပါ။ နည်းပညာဆန်တဲ့ ပို့စ်တွေကို သီးသန့်တင်ဖို့ ရည်ရွယ်ထားပါတယ်။ Telecommunications, Robotic, Automation နဲ့ Programming နဲ့ ဆိုင်တဲ့ ပို့စ်တွေ ဖြစ်ပါလိမ့်မယ်။ ဒီလထဲကမှ စရေးဖြစ်ပါတယ်။ ကိုယ်ရေးထားတဲ့ အတိုအစ Technical ပို့စ်တွေကို အချောသတ်ပြီး ပြန်တင်နေပါတယ်။ ပန်းလောင်ဆိုတဲ့ နာမည်ကတော့ ကျွန်တော့် အဘိုးအဘွားတွေ အခြေချခဲ့တဲ့ မြစ်သား ဒေသကို ရည်ညွှန်းထားပါတယ်။

တတိယ တစ်ခုကတော့ ဖွင့်ထားတာ ကြာပါပြီ။ ဒါပေမယ့်လည်း ဘလော့ခ် အသိုင်းအဝိုင်းက မိတ်ဆွေတွေပဲ သိကြပါတယ်။ Private လုပ်ထားလို့ပါ။ ဘာလို့ ပရိုက်ဗိတ် လုပ်ထားတာလဲ ဆိုရင်တော့ လူမြင်သူမြင် မပေါရဲ လို့ပါ။ ဒါပေမယ့်လည်း မမွန်နဲ့ မခင်ဦးမေတို့ရဲ့ အားပေးအားမြှောက်ပြုမှုကြောင့် ဒီဘလော့ခ်ကို Public ဖွင့်ဖို့ စဉ်းစား ဖြစ်ပါတယ်။ အခုတော့ အတော်လည်း ပေါရဲသွားပြီမို့ Public ဖွင့်လိုက်ပါတယ်။ ဒီဘလော့ခ်ကတော့ စာရေးတဲ့ ဘလော့ခ် မဟုတ်ပါဘူး။ စိတ်ကူးပေါက်ရင် ဂစ်တာတီး သီချင်းဆိုပြီး သီချင်းတွေကို တင်ထားတဲ့ ဘလော့ခ်ပါ။ ဂစ်တာက စတီးကတည်းက စနစ်တကျ သင်ခဲ့တာ မဟုတ်ဘဲ ဟို့လူဆီကနည်းနည်း ဒီလူ့ဆီကနည်းနည်း ရသလောက် ကပ်သင်ထားတာမို့ ကိုယ့်လက်သံကိုယ် စိတ်မချတာလည်း ပါပါတယ်။ အဲဒါကြောင့် ကြိုးတန်းကြွက်လျှောက် လက်သံများ စုစည်းမှု လို့ နာမည်ပေးထားပါတယ်။ နားထောင်ချင်ရင် ကိုယ့်ဒေါသနဲ့ကိုယ် နားထောင်ကြပါ။ နားမခံသာရင်လည်း စိတ်ထဲ ရှိတဲ့အတိုင်း ကွန်မန့်ရေးသွားလို့ ရပါတယ်။

၂၀၁၀ မှာ ဒီပို့စ်နဲ့ နှုတ်ဆက်လိုက်ပါတယ်။ အားလုံး အတွက် ပျော်စရာကောင်းတဲ့ ၂၀၁၁ ဖြစ်ပါစေ။

10 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

Happy New Year to you.
နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေနော်..
သူများတွေများ ဘလော့တစ်ခုတောင် အနိုင်နိုင် ခုတော့လူတစ်ယောက်တည်းက ဘလော့ ၄ခုလောက်တောင် လုပ်ထားတယ်ဆိုတော့ ချီးကျူးမိပါတယ်.. အတော်ကို အချိန်ပေးနိုင်တာဘဲ..း)
အချိန်ရရင် ကျန်တဲ့ဘလော့တွေလဲ လာလည်ပါဦးမယ်..
ဘာသာပြန်တွေဖတ်ရတာ သဘောကျတယ်.. ဒါကြောင့် ၆လ ၃ခန်းတော့ ၅ ခန်း ၆ခန်းလောက် တိုးပါဦး။
ဘယ်လိုဘဲဖြစ်ဖြစ် ပျော်ရွှင်သော နှစ်တစ်နှစ် ဖြစ်လာပါစေလို့...

ကြည်ဖြူပိုင် said...

ဘလော့ဂ် ၃ခုမှာ အပေါ်က ၂ခုကတော့မရောက်ဖူးသေးဘူး
အောက်ဆုံးက တစ်ခုကတော့လွှတ်ကောင်းတာပဲ
အဲဒါပေါတာလို့မပြောပါနဲ့ကိုဇက်တီရ
ဒီလောက်သီချင်းဆိုကောင်းတာကို ........

အဲဒိဘလော့ဂ်
တော်တော်ကောင်းကြောင်းအာမခံပါတယ်။


အနော်တောင်အလုပ်ရှုပ်နေလို့လာမလည်ဖြစ်တာ
လာသာလည်မိရင်အဲဒါတပုဒ်ပြီး
တပုဒ်နားထောင်နေဖြစ်ရော

ပျော်ရွှင်ပြီးလိုရာဆန္ဒမှန်သမျှပြည့်ဝစေမယ့်
နှစ်သစ်ဖြစ်ပါစေ

ရွှေရတုမှတ်တမ်း said...

အမလေး...သူတယောက်ထဲကို ဘလော့တွေ ပြည့်နေတာပဲ..နောက်ဆိုရင်...ဟို..ဘလော့တွေတောင် ဖွင့်ဦးမလားမသိဘူး..မလုပ်ရဲစရာမရှိဘူးလို့.ကြုံးဝါးထားသေးတယ် မဟုတ်လား...(တလွဲမတွေးနဲ့နော်..အချက်အပြုတ်..ဇာထိုးပန်းထိုး..အလှဖန်တီးတဲ့ ဘလော့ပြောတာ...အဟတ်...ဟတ်...)

PhotoVigor said...

Wish you and your family a very happy and prosperous new year, 2011.

khin oo may said...

တို့ကတော့အားလုံးစုလုပ်မယ်စိတ်ကူးတာဘဲ. hit တက်တာပေါ
ဟိုလိုလဲရေးတတ်တယ်။

Thinzar said...

ကိုဇက်တီက ဒေသနာမည်တွေ တော်တော် ကြိုက်တယ်နော်.. လွိုင်လင်.. ပန်းလောင်.. :) ကြိုးတန်း ကြွက်လျှောက် လက်သံတွေ နားထောင်သွားတယ်

ShwunMi- said...

ပျော်စရာ ၂၀၁၁ ဖြစ်ပါစေ ကိုဇက်တီ =)
အူနီကုဒ်နဲ့ စာရေးကျင့်နေပါပြီ.. နဲနဲတော့ လက်တုန်ပါသည်.. အသားကျသွားမည်ဟု မျှော် လင့်ပါ၏။

ချစ်ကြည်အေး said...

ကိုZT, ဖျား ဖျား...စူပါမန်းသေလို့များ ဝင်စားသလား၊ စူပါရေဘဝဲ ပေါလ်နဲ့များ ဆွေမျိုးနီးစပ်သလား... လက်တွေ များထှာ...။ ရှဲဒိုးနဲ့များ ပေါနေသလားထင်ရတယ်....အံ့ပါ့။

ဘယ်လိုဖြစ်ဖြစ် သွားရောက် ဖတ်ရှုပါမည်.....:)

Rita said...

အခန်းဆက်ကို မပြီးမချင်းတော့ ဖတ်လိမ့်မည်မဟုတ်ဘူးနော် ဒါပဲ။

pandora said...

အခန်းဆက်ကို သွားဖတ်နေပါတယ်။ အားထုတ်မှုကို ချီးကျုးပါတယ်။