ပုဂံ ရာဇဝင်ကို တုတ်ထမ်းပြီးတော့ပဲ ပြောရမလား၊ ဓားထမ်းပြီးတော့ပဲ ပြောရမလား၊ မရှင်းဂန်းတွေ အေကေ-၄၇တွေ ကိုင်ပြီးတော့ပဲ ပြောရမလားတော့ မသိပါဘူး။ ရေးထားတာ ကတော့ တစ်ယောက်တစ်မျိုး ပါပဲ။ အရည်းကြီးတွေ ဆိုးတယ်ဆိုပြီး ရာဇဝင်ထဲမှာ ရေးထားပေမယ့်လည်း ဒေါက်တာသန်းထွန်းကတော့ အရည်းကြီးဆိုတာ သမိုင်းထဲ ရေးထားသလောက် မဆိုးဘူးလို့ ပြောခဲ့ဖူး ပါတယ်။ ပန်းဦး လွှတ်တယ် ဆိုတာလည်း စိတ်ကူးယဉ်သက်သက် တကယ် မရှိဘူးလို့ ဆိုခဲ့ဖူးပါတယ်။ စဉ်းစား ကြည့်ရင်လည်း ဟုတ်နိုင်စရာပါ။ ဘယ်သူက ကိုယ့်မိန်းမကို အရည်းကြီးဆီ လွှတ်ပြီး ပန်းဦး ဆက်ချင်ပါ့မလဲ။ မယားထိ ဓားကြည့် ဆိုသလို ပန်းဦးပို့မယ့် အစား ဓားနဲ့ နုပ်နုပ်စင်း ကြလို့ အရည်းကြီးလည်း အနော်ရထာ မတိုင်ခင် ကတည်းက အရည်းကြီး တုတ်ထိုးဖြစ်တာ ကြာလှရောပေါ့။ ဒီတစ်ခါတော့ အနော်ရထာ မတိုင်ခင် ပုဂံရာဇဝင်ကို Express Edition အနေနဲ့ ပြန်ပြောပြချင် ပါတယ်။
ပုဂံမြို့ကို တည်တဲ့မင်း၊ သရပါတံခါးကို ဆောက်ခဲ့တဲ့မင်းကို ပျဉ်ပြားမင်း လို့ ခေါ်ကြပါတယ်။ ဘာလို့ ပျဉ်ပြားမင်းလို့ ခေါ်သလဲ ဆိုတာကို ရာဇဝင်ထဲမှာ ရှာကြည့်တာတော့ မတွေ့ပါဘူး။ ပျဉ်ပြားတွေ တရုတ်ကို အိတ်စပို့လုပ်လို့ ပျဉ်ပြားမင်းလို့ တွင်တာလည်း ဖြစ်ချင်ဖြစ်မှာပါ။ အဲဒီ ပျဉ်ပြားမင်းကို တစ်ချို့ကတော့ ပျဉ်ဖြားမင်း လို့ ပြောကြပါတယ်။ ပျဉ်ပြားမင်းကြီး နတ်ရွာစံတော့ သူ့ရဲ့သား တန်နက်မင်းနန်းတက် ပါတယ်။
မြန်မာပြည်မှာ ကျင့်သုံးနေတဲ့ ဥပဒေ တစ်စိတ်တစ်ပိုင်းက ပုဂံခေတ်က ဆင်းသက်လာသလား မပြောတတ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဖတ်ဖူး မှတ်ဖူးသလောက် မြန်မာနိုင်ငံ ဥပဒေထဲမှာ နိုင်ငံတော်ပုန်ကန်မှု အတွက် ပြစ်ဒဏ်က သေဒဏ် တစ်မျိုးတည်း ရှိပါတယ်။ ဒါပေမယ့် ခြွင်းချက်ကလေးတော့ ပါပါတယ်။ နိုင်ငံတော် ပုန်ကန်မှု အောင်မြင်ရင် ပြစ်ဒဏ်က လွတ်ကင်းခွင့် ရှိသည် ဆိုတာပါ။ ပုဂံခေတ်ကလည်း ဘုရင်ကို သေအောင် သတ်နိုင်ရင် ဘုရင် ဖြစ်ပါတယ်။ မသေမရှင် ဆိုရင်တော့ မဖြစ်ဘူး ထင်ပါတယ်။ တန်နက်မင်းလည်း မြင်းဇောင်းထဲမှာ သွားနေတုန်း မြင်းခံ ငခွေးက ဘုရင်ကို မြင်းချေးတွင်းထဲ တွန်းချပြီး ရှော့လိုက် ပါတယ်။ ဘုရင်ကို ရှော့လိုက်တဲ့ အတွက် မြင်းခံငခွေး ဘုရင် ဖြစ်လာပါတယ်။ အဲဒီဘုရင်ကို စလေငခွေးမင်းလို့ သိကြပါတယ်။
စလေငခွေး ဘုရင် ဖြစ်တော့ တန်နက်မင်းရဲ့ မိဖုရား တစ်ပါးလည်း ကိုဝင်းကြည်နဲ့ နန်းတော်ကနေ တိတ်တိတ်ကလေး လစ်သွားပါတယ်။ အဲဒီလိုနဲ့ ကြောင်ဖြူ အရပ်မှာ ဇာတ်မြှုပ်နေရင်း သားကလေး မွေးပါတယ်။ တန်နက်မင်းက သားကလေး မွေးရင် ကိုယ့်နာမည် ပေးပါလို့ မမှာခဲ့တော့လည်း ကြောင်ဖြူအရပ်မှာ မွေးလို့ ကြောင်ဖြူလို့ နာမည်ပေးတယ်လို့ ဆိုပါတယ်။ (မိဖုရားကြီး စစ်ကိုင်းတိုင်းထဲက နာဂတွေနေတဲ့ ဟိုမြို့မှာသာ သွားပြီး ဇာတ်မြှုပ်နေခဲ့ရင်တော့ မတွေးရဲ စရာပါ။) စလေငခွေးကိုတော့ သတ်မယ့်သူ မရှိပါဘူး။ ဒီဘုရင် အပြင်သွားရင် ဆင်တန်းတွေ မြင်းတန်းတွေနဲ့ သွားလို့လားတော့ မသိပါဘူး။ အဲဒီလိုနဲ့ စလေငခွေး အချိန်တန်လို့ မာလကာပင် တက်သွားတော့ သူ့ရဲ့သား သိန်းခိုမင်း နန်းတက်ပါတယ်။
တစ်နေ့တော့ သိန်းခိုမင်းဟာ တောကစား သွားပါတယ်။ တောထဲမှာ ဘာသွားကစားလဲတော့ ရာဇဝင်ထဲမှာ ရေးမထား ပါဘူး။ ရှမ်းကိုးမီးတို့ ၂၁ပေါက်တို့လည်း ဖြစ်ချင်ဖြစ်မှာပါ။ တောကစားရာက ပြန်လာတော့ ဘုရင်လည်း ဗိုက်ဆာလာ ပါတယ်။ အဲဒီတော့ အနီးအနားမှာ ရှိတဲ့ သခွားခင်းထဲမှာ သခွားသီး ဝင်ခူးစားပါတယ်။ နိုင်ငံတော်ထဲ ရှိရှိသမျှ ဘုရင့်ဘဏ္ဍာ မှတ်နေလို့ နေမှာပါ။ ဒါပေမယ့်လည်း သခွားခင်း ပိုင်ရှင် တောင်သူကြီးက သူ့အခင်းထဲ ဝင်လာပြီး ဘာမပြော ညာမပြောနဲ့ သခွားသီး ဝင်စားတာတွေ့တော့ ဘာကောင်မှန်း မသိလို့ ကျွေးထည့်လိုက်ပါတယ်။ သခွားသီးတော့ မဟုတ်ပါဘူး။ ဘုရင်လည်း အစားမတော် တလုပ် ဆိုသလို တောင်သူကြီး လက်ချက်နဲ့ ဂိ သွားပါတယ်။
သတ်ပြီးမှ ဘုရင်မှန်းသိတော့လည်း တောင်သူကြီးက အော်တိုငုတ်တုပ် ဘုရင် ဖြစ်သွားပါတယ်။ အဲဒီ ဘုရင်ကို တောင်သူကြီးမင်း၊ ညောင်ဦးစောရဟန်း၊ မင်းအိုချမ်းသာ စတဲ့ နံမည် အမျိုးမျိုး ခေါ်ကြပါတယ်။ အဲဒီအချိန်မှာ ခုန ဇာတ်မြုပ်နေတဲ့ မင်းသား ပြန်ပေါ်လာပါတယ်။ ကြောင်ဖြူမှာ မွေးတဲ့ ကြောင်ဖြူမင်းသားဟာ တောင်သူကြီးမင်း လက်ထက်မှာ ရွိုင်ရယ် ကွမ်းယာသည် ရာထူးကို ရပါတယ်။ ဘုရင်ကို နိုင်တီတူးနဲ့ စားမလား၊ စင်ကနယ်နဲ့ စားမလား၊ ဖာလာထည့်မလား ဂုံခါးထည့်မလား စတာမျိုး မေးပြီး ကွမ်းယာဆက်ရတဲ့ ရာထူးပါ။ အဲဒီခေတ်ကတော့ တော်ဝင် ကွမ်းယာတဲ့သူကို ကွမ်းဆော်လို့ ခေါ်ကြပါတယ်။
တစ်နေ့တော့ တုရွင်းတောင်ခြေမှာ မင်းလောင်းပေါ်တယ် ဆိုပြီးတော့ ဝီကီလိခ်စ် ကနေတစ်ဆင့် ဘုရင်ဆီကို သတင်း ရောက်လာ ပါတယ်။ ဘုရင်လည်း မင်းလောင်းဆိုတာ ဘာကောင်ကြီးမှန်း မသိလို့ ကြောင်ဖြူမင်းသားကို သွားကြည့်စမ်းဆိုပြီး ခိုင်းလိုက် ပါတယ်။ ကြောင်ဖြူမင်းသားလည်း ဘုရင်ခိုင်းလိုက်လို့ တုရွင်းတောင်ခြေသွားတုန်း လမ်းမှာ ဘုရင်အဝတ်အစားတွေ လေဘေးထည် အနေနဲ့ ရောင်းနေတာ တွေ့တာနဲ့ ဝယ်ဝတ်ပါတယ်။ (ရာဇဝင်ထဲမှာတော့ သိကြားမင်းက ပေးတယ် ရေးထားသလို အဖိုးကြီးတစ်ယောက်က ပေးတယ်လို့လည်း ရေးထားပါတယ်။) ကြောင်ဖြူမင်းသား နန်းတော် ပြန်လာတဲ့အချိန် ဘုရင်အဝတ်အစား ဝတ်လာတာမို့ တောင်သူကြီးမင်းလည်း ပုလ္လင်ပေါ်ကနေ "နင်ထွက်သွားစမ်း။ ထွက်သွားစမ်း။ အခုပဲ ထွက်သွားလိုက်တော့။" လို့ အော်ရင်း ပြုတ်ကျလို့ ဂန့် သွားပါတယ်။ ထက်ထက်မိုးဦးလို ပါးတောင် မရိုက်လိုက်ရပါဘူး။ ကွမ်းဆော် ရာထူးကို ယူပြီး ကြောင်ဖြူ အရပ်မှာ မွေးတဲ့ မင်းသား ဘုရင် ဖြစ်တော့ ကွမ်းဆော်ကြောင်ဖြူလို့ တွင်ပါတယ်။
တောင်သူကြီးမင်းက ညီအစ်မ ၃ယောက်ကို ယူထားပါတယ်။ အဲဒီမိဖုရား ၃ပါးကို တောင်ပြင်သည်၊ အလယ်ပြင်သည်နဲ့ မြောက်ပြင်သည် လို့ ခေါ်ကြပါတယ်။ (ကျောက်ပျဉ်သည်တော့ မပါပါဘူး။) ကွမ်းဆော်ကြောင်ဖြူ ဘုရင်ဖြစ်တော့ ဘုရင် ရွေးထားတယ် ဆိုကတည်းက အကိတ်ကလေးတွေ နေမှာပဲ ဆိုပြီးတော့ အဲဒီ ၃ယောက်ကို ဆက်ပြီး မိဖုရား မြှောက်ထား လိုက်ပါတယ်။ ဒါပေမယ့်လည်း ကြောင်ဖြူမင်း ပိုက်ဘောမိသွားပါတယ်။ မြောက်ပြင်သည်နဲ့ အလယ်ပြင်သည်ကို တောင်သူကြီးမင်းက ဂိုးသွင်းပြီးသားပါ ။ အဲဒီလိုနဲ့ မြောက်ပြင်သည်က နေ ကျဉ်စိုး (အိုင်စီ အိမ်ဘုရင် နဲ့ နံမည် ခပ်ဆင်ဆင် :D) နဲ့ အလယ်ပြင်သည် ကနေ စုက္ကတေး ဆိုတဲ့ မင်းသား နှစ်ပါးကို မွေးပါတယ်။ အငယ်ဆုံး မိဖုရားကိုတော့ ကြောင်ဖြူမင်း ကိုယ်တိုင် ဂိုးသွင်းပြီး အနော်ရထာကို မွေးပါတယ်။
ကျဉ်စိုးနဲ့ စုက္ကတေး အရွယ်ရောက်လာတော့ ကျောင်းအဖြူတစ်ဆောင် ဆောက်ပြီးတော့ ဘုရင်ကို အတင်းအကျပ် ရဟန်းဝတ်ခိုင်းပါတယ်။ ဘယ်လို အကျပ်ကိုင်သလဲတော့ မပြောတတ်ပါဘူး။ ဘလက်မေးလ် လုပ်တာလား၊ အင်တာနက်ပေါ်မှာ ဗွီဒီယိုတွေ တင်လိုက်မယ်ဆိုပြီး ခြိမ်းခြောက်တာလား ဆိုတာတော့ ရာဇဝင်ထဲမှာ ရေးမထားပါဘူး။ ဒီလိုနဲ့ ကျဉ်စိုးက ဘုရင် ဖြစ်လာပါတယ်။ ကျဉ်စိုးလည်း သက်ဆိုး မရှည်ပါဘူး။ ခြောက်နှစ်အကြာမှာ ရှောဘရားသား ဖြစ်သွားပါတယ်။
ကျဉ်စိုး ပြီးတော့ စုက္ကတေးက ဆက်ပြီး နန်းတက်ပါတယ်။ တစ်နေ့တော့ စုက္ကတေးက အနော်ရထာကို "ညီသားနောင်မယ်" လို့ခေါ်ပါတယ်။ အနော်ရထာကလည်း ဘာအဓိပ္ပာယ်မှန်း မသိလို့ ရဟန်းဝတ်နေတဲ့ သူ့အဖေ ကြောင်ဖြူမင်းကို သွားမေးပါတယ်။ ကြောင်ဖြူမင်းက "ဟဲ့ကောင်။ အနော်ရထာ။ နင်အဲဒီလောက် ပိန်းရသလား။ အဲဒါ နင့်ကို ငါရိုးမကျား လို့ ဆဲတာနဲ့ အတူတူပဲ။ မင်းအမေကို သိမ်းပိုက်မယ် လို့ ပြောတာ။" ဆိုပြီး တစ်ပ် ပေးလိုက်ပါတယ်။ ကြောင်ဖြူမင်းက ကိုယ့်ဆံပင်ကိုယ် ညှပ်နေရတယ် ဘာညာ ပြောတယ်တော့ ရာဇဝင်ထဲမှာ ရေးမထားပါဘူး။
အဲဒါကြောင့် အနော်ရထာ နည်းနည်း တင်းသွားပါတယ်။ ဒါနဲ့ပဲ ပုပ္ပားကို သွားပြီး လူစုပါတယ်။ နောက်တော့ ပုဂံကို ပြန်တိုက်ဖို့ ချီတက်လာပါတယ်။ အဲဒါကို စုက္ကတေး ကသိတော့ ။ "ဟေ့ကောင်။ အနော်ရထာ။ စစ်တိုက်မနေနဲ့။ မဆိုင်တဲ့သူတွေ အကုန်သေကုန်မယ်။ သတ္တိရှိရင် မင်းနဲ့ ငါနဲ့ တပွေချင်း ဆွဲမယ်။" ဆိုပြီး စိန်ခေါ်ပါတယ်။ အနော်ရထာက သဘောတူတော့ သူတို့နှစ်ယောက် ပုဂံမြို့ တစ်နေရာမှာ ချိန်းပြီး ဖိုက်ကြပါတယ်။ စီးချင်းထိုးပွဲမှာ စုက္ကတေးကို အနော်ရထာက လှံနဲ့ထိုးလိုက်တာ မြင်းပေါ်မှာ လှံနဲ့အတူ ပါသွားလို့ အဲဒီအရပ်ကို မြင်းကပါ အရပ်လို့ ခေါ်တယ် ဆိုကြပါတယ်။ စုက္ကတေး ကြွသွားတော့ အနော်ရထာ ဘုရင် ဖြစ်လာပါတယ်။
ဒါကတော့ ပျဉ်ပြားမင်း လက်ထက်ကနေ အနော်ရထာ ဘုရင်ဖြစ်လာတဲ့ အချိန်အထိ ပုဂံရာဇဝင် Express Edition ပါပဲ။
တခြားဖတ်ရန်
ဗျတ်ဝိဗျတ္တ For Dummies
ဖောင်းကားစား Remix
မောင်ပေါက်ကျိုင်း Version 2009
Unofficial Guide to မင်းမဟာဂီရိ
22 comments:
ခေတ်သစ် နြူးဗားရှင်း စစ်ပါပေတယ်
လက်တလော အိဗန့်တွေ အကုန်ပါတာပဲ :D
အနော်ရထာဆိုလို့ ဒန်ပေါက်ဆိုင်တွေရှိတဲ့လမ်းလားလို့...
ဒန်ပေါက်အကြောင်းရေးတယ်ထင်နေတာ..
ပျဉ်ပြားဆိုလို့ အိတ်စ်ပို့အကြောင်းရေးတော့မယ် ထင်နေတာ။
ရာဇဝင်ကို ဒီလို ဗားရှင်းအသစ်နဲ့ တခါမှ မဖတ်ဖူးဘူး....။ စိတ်ဝင်စားစရာပဲ ဟဲဟဲ....:)
(မိဖုရားကြီး စစ်ကိုင်းတိုင်းထဲက နာဂတွေနေတဲ့ ဟိုမြို့မှာသာ သွားပြီး ဇာတ်မြှုပ်နေခဲ့ရင်တော့ မတွေးရဲ စရာပါ။) :think: ဘာမြို့လဲ ကိုယ်က ဝိဇ္ဇာဘာသာရပ်တွေ သိပ်ညံ့တယ်။ ဘာမြို့မှန်း စဉ်းစားလို့မရဘူး။
စစ်ကိုင်းတိုင်းထဲက မြို့နယ်စာရင်း။ :D
http://my.wikipedia.org/wiki/%E1%80%85%E1%80%85%E1%80%BA%E1%80%80%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8
ဦးကုလားသိရင် ငိုလိမ့်မယ်။
အဲဒီလို ခပ်မိုက်မိုက်စတိုင်နဲ့ ပြန်ရေးထားတာတွေ ကြိုက်ပါ့ :)
ကြိုက်တယ်ဗျာ
အချိန်ရတုန်း ပေးထားတဲ့လင့်တွေ ကုန်အောင်ဖတ်သွားမယ်
ရာဇ၀င်ကို ဒီလိုလေး ဟာသစွက်ပြီးရေးထားတာ တယ်ဖတ်လို့ကောင်းသကိုး
ရယ်လဲရယ်ရ စိတ်ဝင်စားဖို့လည်းကောင်း
မေ့နေတဲ့ ရာဇ၀င်တွေခေါင်းထဲပြန်ရောက်လာတယ်
ကျောင်းဆရာလုပ်စားပါလားဗျ
ကျောင်းသားတွေခေါင်းထဲဝင်အောင် ပြောနိုင်မယ်
ဒီလိုနည်းနဲ့ မြန်မာစာဦးမျိုးအောင် သင်ခဲ့ဖူးတယ်..
ခုတော့ ဇာတ်ညွှန်း ငြိမ်းမင်းပါ
သူ့ရဲ့မြန်မာစာကျူရှင်ဆို မန်းလေးမြို့မှာ လူကျိတ်ကျိတ်တိုးဘဲ.. ရယ်ရလွန်းလို့ အပျော်တက်သူတွေလည်းရှိရဲ့
ဘာဘဲဖြစ်ဖြစ် တစ်ခေတ်တစ်ခါကတော့ သိပ်ကိုနံမည်ကြီးခဲ့တာ..
အရည်းကြီးတွေနဲ့ ပတ်သက်ပြီး ဝေဖန်ချင်တာလေးတစ်ခု ကျန်သွားလို့ ဒီမှာပြောပါရစေ..
ပန်းဦးလွှတ်တဲ့ ဓလေ့ဟာ မဖြစ်နိုင်ဘူးလို့လဲ ပြောလို့မရပြန်ဘူး. မယားထိဓားကြည့်ဆိုတာမှန်ပေမဲ့ ကျွန်မတို့ မြန်မာလူမျိုးတွေဟာ တစ်စုံတစ်ခုကို ကိုးကွယ်ယုံကြည်မိပြီဆိုရင် ဘယ်အရာကိုမဆို ကြည်ဖြူတတ်ကြတယ်.. ယုံကြည်တတ်ကြတယ်..
ဒါကြောင့်လည်း ဘိုးတော်ဆိုတဲ့လူတွေ စားပေါက်ချောင်နေတာပေါ့..ခုခေတ်လို ပညာတွေ အသိပညာတွေ အတော်တိုးတက်နေတာတောင် ခုလို လွယ်လွယ်ကူကူ ယုံကြည်တတ်တဲ့ အကျင့်တွေက ရှိနေသေးတယ်လေ..
ဒါကြောင့် ပုဂံခေတ်တုန်းကလည်း အရည်းကြီးတွေကို တကယ့်ကို ကိုးကွယ်ယုံကြည်ခဲ့မယ်ဆိုရင် အစောက ကိစ္စကိုလည်း မကြည်ဖြူနိုင်စရာ ရှိမယ်မထင်ဘူး
ဒါက တွေးမိတာလေး သက်သက်ကို ချရေးသွားတာပါ.. ငြင်းတာ မဟုတ်ရပါ
စာရေးကောင်းလို့ အားကျပါတယ်..
များများရေးနိုင်ပါစေ
မချော-> လွတ်လပ်စွာ ငြင်းခုံနိုင်ပါတယ်။ :D
အရည်းကြီးကိစ္စ ဖြစ်နိုင်တယ်လို့ (ဦးသုခ - မေတ္တသုတ် ထဲမှာလားမသိ) ဖတ်ဖူးတယ်။ ဒါပေမဲ့ တစ်စုံတစ်ယောက်ကလည်း အဲဒါ သူထင်ရာ မြင်ရာတွေ စွတ်ရေးထားတာလို့ အချက်အလက်တော်တော်များများနဲ့ ပြောခဲ့ဖူးတယ်။
ထိတယ်..မိတယ်... ဖတ်တယ်.. ကြိုက်တယ်....
ဘယ်အချိန်ရေးရေး ဖတ်ကောင်းတယ်။ အဲသာမျိုး ရေးတတ်ချင်လိုက်တာဗျာ။
မိုက်တယ်....း))
I have deleted some comments. Have a peace.
Cheers!!! :D
no pblm
thank u
=)
အရည်းကြီးတွေလို မျိုးအာဖရိကတိုက်လူမျိုးတစုမှာ ခုထိရှိသေးတယ်တဲ့ ဖတ်ဖူးတာပဲ ရွာသူကြီးက အဲတာဝန်ယူရသတဲ့ .. မယူချင်လို့ လည်းမရဘူးတဲ့ .. သူတာဝန်မယူဘူးဆိုတဲ့မိန်းကလေးကို ဘယ်ယောကျာ်းကမှ မယူတော့ဘူးတဲ့း( ။
နိုး ပလုံပလုံ
သိုင်းကြူး
ချီးယား
ဟဲဟဲ
William Wallace တို့ခေတ်တုံးက အင်္ဂလိပ်တွေက စကော့တစ်တွေကို ဒါမျိုးကျင့်သုံးဖူးတယ် ဘာသာရေးအရမဟုတ်ဘူးနော် သိမ်းပိုက်သူက ကျင့်သုံးတာ
သမိုင်းကို version new နဲ့ဖတ်ရတာ..
ဂွတ်ပ
You forgot to mention King Anawrahta's other name : Anurhaddin
Post a Comment