Search This Blog

Sunday, November 30, 2008

ချိုမြိန်သော ဒီဇင်ဘာနေ့များကို ပိုင်ဆိုင်နိုင်ကြပါစေ

ဒီနေ့ညဆိုလျှင် ကျွန်တော်တို့ မြို့နယ်ရှိ လူငယ်များ စောစောစီးစီးမအိပ်ပဲ ကတ္တရာ လမ်းမဘေးတွင် ထိုင်၍ Sweet December ကို စောင့်ဆိုင်းကြမည်။ နှစ်သစ်ကူး ပွဲတော်လောက် မစည်ကားသော်လည်း ကျွန်တော်တို့ အရပ်ဒေသရှိ လူငယ်လူရွယ်များ လုပ်လေ့လုပ်ထ ရှိသော ထုံးစံတစ်ခု ပင်ဖြစ်သည်။ ည ၁၂ နာရီကျော်လျှင် လမ်းမပေါ်မှ Sweet December ဟု တစ်ယောက်နှင့် တစ်ယောက် အော်ဟစ် နှုတ်ဆက်သံများကို စတင်၍ ကြားရတော့မည်။ မနက်ခင်း မိုးလင်းလျှင်မူ ကတ္တရာလမ်းမ များပေါ်တွင် ဆေးအဖြူရောင် သို့မဟုတ် ထုံးဖြင့်ရေးထားသည့် Sweet December ဆိုသည့် စာလုံးကြီးများကိုတွေ့ရမည်။ မည်သည့် ယဉ်ကျေးမှု သို့မဟုတ် ဘာသာရေးနှင့် ဆက်စပ်နေသော ထုံးစံမှန်း မသိသော်လည်း ကျွန်တော် မြန်မာပြည်တွင် နေထိုင်ခဲ့စဉ်က နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာ ၁ရက်နေ့တွင် ကြုံတွေ့ခဲ့ရသော ထုံးတမ်းစဉ်လာတစ်ခုပင် ဖြစ်သည်။

ကျွန်တော့်အတွက်လည်း ဒီဇင်ဘာသည် အခြားသောလများထက် ပို၍ လှပသာယာသည် ဟုပင် ခံစားရသည်။ အထူးသဖြင့် ဒီဇင်ဘာမနက်ခင်း နှင့် ဒီဇင်ဘာညများသည် အခြားနေ့များထက် ပို၍ထူးခြားနေသည်ဟု ထင်ရသည်။

ဒီဇင်ဘာ နံနက်ခင်းတွင် ဖုံးလွှမ်းနေသော မြူမှုန်များ ကြားမှ ဓာတ်မီးတိုင်များ၏ အလင်းရောင် ဝိုးတိုးဝါးတားကို ကြည့်ရသည်မှာ စိတ်လှုပ်ရှားဖွယ်ကောင်းသည်။ နှင်းဟု မည်ကာမတ္တခေါ်နိုင်သော နှင်းရည်ကျဲကလေးများ သစ်ရွက်များ ပေါ်တွင် တင်ကျန် နေရစ်သည်ကို ကြည့်ရသည်မှာ ဆွတ်ပျံ့ လှိုက်မောဖွယ် ကောင်းသည်။ မိုးရွာသလောက် မဟုတ်ပဲ နှင်းရည်တို့ဖြင့် စိုစွတ်ရုံသာ ရှိနေသော မြက်ခင်းပြင် စိမ်းစိမ်းများကို ကြည့်ရသည်မှာ စိတ်ကြည်နူးဖွယ်ရာ ကောင်းသည်။ အရှေ့မြောက်ဖက် ကုန်းတွင်းမှ လေအေးများတိုက်ခတ်သော ဆောင်းရာသီ၏ ဒီဇင်ဘာ နံနက်ခင်းများသည် အေးချမ်းလှပ၍ နေချင်စဖွယ် ကောင်းလှပေသည်။

မနက်ခင်း ကျောင်းတက်ခေါင်းလောင်း မထိုးမီ သူငယ်ချင်းများနှင့်အတူ ထိုင်ဖြစ်ခဲ့သော အင်းလျားလမ်းထဲမှ လပြည့် လက်ဖက်ရည်ဆိုင် ၏ နံနက်ခင်းများကို သတိရမိသည်။ ချစ်မြတ်နိုးဖွယ် ကောင်းသော မိန်းကလေး တစ်ယောက် မနက်ခင်း ကျူရှင်အသွားကို လမ်းဘေး အုတ်ခုံပေါ်မှ ရင်ခုန်လှိုက်မောစွာ စောင့်ကြည့်ရသော နံနက်ခင်းများကို သတိရမိသည်။

ဒီဇင်ဘာ၏ မနက်ခင်းသည်သာ လွမ်းမောဖွယ်ရာ ကောင်းလှသည်မဟုတ်။ ဒီဇင်ဘာ၏ ညချမ်းများကလည်း လွမ်းဆွတ်ဖွယ်ရာ ကောင်းသည်။ ဒီဇင်ဘာ ညချမ်းများတွင် ခရစ်စမတ်တေးသံများက ကျွန်တော်တို့ အိမ်အနီးဝန်းကျင်တွင် လွင့်ပျံ့နေတတ်သည်။ မှောင်မိုက်နေသော ကတ္တရာလမ်းဘေး အုတ်ခုံပေါ်တွင် ထိုင်၍ဖြစ်စေ အိပ်ခန်းတွင်း လဲလျောင်းရင်း ဖြစ်စေ ခရစ်စမတ်တေး သီကျူးသည့် အဖွဲ့များ၏ သီချင်းသံများကို နားထောင်ရသည်မှာ စိတ်အတွင်းတွင် ငြိမ်းချမ်းခြင်းတစ်မျိုးကို ဖြစ်ပေါ်စေသည်။

အခုတော့ ဒီဇင်ဘာ၏ ဟားလေးလုယာ သီချင်းသံများကို မကြားရသည်မှာ ဆယ်စုနှစ် တစ်ခု နီးပါးမျှ ရှိခဲ့ပြီ။ အခုလည်း အခြားလများနှင့် အတူတူ ဘာမျှ မထူးခြားသော ဒီဇင်ဘာညတစ်ညကို ကွန်ပြူတာရှေ့တွင် အချိန်ဖြုန်းရင်း ဖြတ်သန်းရဦးမည်။ မနက်ဖြန်မနက် မိုးလင်းလျှင်တော့ မျက်နှာသစ်ပြီးသည်နှင့် ဘာမှ ထူးခြားခြင်းမရှိသော မနက်ခင်းတစ်ခုကို စတင်ရမည်။ အပူချိန် ပြောင်းလဲခြင်း နည်းပါးသော အီကွေတာ ရာသီဥတု၏ နံနက်ခင်း တစ်ခုက ကျွန်တော့်ကို ကဗျာမဆန်စွာ နှင့် ရင်ခုန်လှိုက်မောမှု ကင်းမဲ့စွာ စောင့်ကြိုနေပေလိမ့်မည်။

သို့သော် အားလုံးအတွက် ချိုမြိန်သော ဒီဇင်ဘာနေ့ရက်များကို ပိုင်ဆိုင်နိုင်ပါစေဟု ကျွန်တော် ဆန္ဒပြုရင်း

"Sweet December"


ဟု နှုတ်ခွန်းဆက်သ လိုက်ပါသည်။

Saturday, November 29, 2008

တယ်လီဖုန်းနဲ့ ချောက်ချတတ်သူများ

ကျွန်တော်တို့ ရန်ကုန်မှာ နေစဉ်တုန်းကတည်းက တယ်လီဖုန်းတစ်လုံးနဲ့ လူတစ်ကာကို လိုက်ကျပ်တတ်တဲ့ သူငယ်ချင်းတွေရှိပါတယ်။ ဥပမာဆိုရရင် ကောင်မလေးတွေ အိမ် ညသန်းခေါင်ကျော် ဖုန်းဆက်ပြီးတော့ တစ်ယောက်ယောက်က အိပ်ချင်မူးတူးနဲ့ ဖုန်းထကိုင်ပြီဆိုရင် တီဗွီကြော်ငြာထဲကလို “ဟေ့ အိပ်မပျော်ဘူးလား။ ရွှေပုပ္ပါး သွေးဆေးကိုစား။” လို့ပြောပြီး ဖုန်းချတတ်တာမျိုးပါ။ ဖုန်းကိုင်တဲ့သူက ညသန်းခေါင် အိပ်နေရာ ကလည်း ဖုန်းထကိုင်ရသေးတယ်။ ကိုင်ပြန်တော့လည်း အိပ်မပျော်ဘူးလား အမေး ခံရတယ်ဆိုတော့ ဘယ်လောက် ဒေါသထွက်မလဲ ဆိုတာ စဉ်းစားသာ ကြည့်ပါတော့။

စင်ကာပူမှာ နေတုန်း ကျွန်တော်တို့ ကြုံဖူးတဲ့ အဖြစ်အပျက် အချို့ရှိပါတယ်။ ပျော်စေ ပျက်စေပေမယ့် အတော်ထိအောင် ချောက်ချကြတာမျိုးပါ။

ကျွန်တော်တို့ ပေါ်လီမှာ နောက်ဆုံးနှစ်ရောက်တော့ ကျောင်းမှာ မြန်မာကျောင်းသား ၄၀၀ နီးပါးလောက် ဖြစ်နေပါပြီ။ ကျောင်းမှာ တရားဝင် မှတ်ပုံတင် မထားပေမယ့် အချင်းချင်း စုဖွဲ့ထားတဲ့ မြန်မာအသင်းရှိပါတယ်။ တစ်နေ့တော့ မြန်မာအသင်းရဲ့ ဥက္ကဌဆီကို ညသန်းခေါင်လောက် ဖုန်းလာပါတယ်။ တစ်ဖက်ကနေပြီး အခု ကလယ်မင်တီ (Clementi) ရဲစခန်းက ဆက်နေတာဖြစ်ပြီး ပေါ်လီက မြန်မာကျောင်းသားနှစ်ယောက် အဖမ်းခံထားရလို့ အခုလိုက်လာခဲ့ဖို့ ဆိုပြီးတော့ ပြောပါတယ်။ မြန်မာအသင်း ဥက္ကဌလည်း ချက်ချင်း သူနေတဲ့ အိမ်ကနေ ကားငှားပြီး ရဲစခန်းကို ပြေးပါတော့တယ်။ ရဲစခန်းရောက်လို့ စုံစမ်းကြည့်တော့ အိုဗာစတေး နေတာ မိလို့ ဖမ်းထားတဲ့ မြန်မာ ၂ ယောက်ပဲရှိပါတယ်။ ကျန်တဲ့ မြန်မာ ကျောင်းသား ဖမ်းထားတာ မရှိပါဘူး ဆိုမှ သူ့ကို ချောက်ချလိုက်မှန်း သဘောပေါက်ပါတယ်။ ဘယ်သူ့လက်ချက်လဲဆိုတာကိုတော့ ဒီနေ့ထက်ထိ လက်သည် မပေါ်ပါဘူး။

နောက်တစ်ခါကတော့ ကျွန်တော်နဲ့ တစ်အိမ်တည်းနေတဲ့ သူငယ်ချင်းတစ်ယောက် အကျပ်ခံရတာပါ။ အဲဒီတုန်းက သူတို့ အော့ချက် လမ်းမပေါ်က ဟိုတယ်တစ်ခုမှာ စားပွဲထိုး နေကြပါတယ်။ ဟိုတယ်မှာ စားပွဲထိုးဖို့ တစ်ပတ်တစ်ခါ လုပ်မယ့်အချိန်ကို ဘွတ်ကင် ကြိုပေးပြီး မှ သွားလုပ် ရပါတယ်။ အဲဒီနေ့ကတော့ သူ့ကို ဟိုတယ်က မန်နေဂျာက ဖုန်းဆက်ပါတယ်။ ဟိုတယ်မှာ အရေးကြီး ဧည့်ခံပွဲရှိလို့ ဒီနေ့ညနေ အလုပ်လာဆင်းဖို့ ဆိုပြီး ခေါ်တာပါ။ အဲဒါတင်မကသေးပါဘူး။ မင်းသူငယ်ချင်းထဲက ဘွတ်ကင် တင်မထားပေမယ့် လုပ်ချင်တဲ့သူရှိရင် ခေါ်လာခဲ့။ ငါတို့ လူ ၂၀ လောက်လိုနေတယ် ဆိုပြီးတော့လည်း ပြောပါသေးတယ်။ သူလည်း အဝတ်အစားလဲပြီး ဟိုတယ်မှာ အလုပ်ဆင်းဖို့ သွားပါတော့တယ်။ သူနဲ့အတူ အခြားသူငယ်ချင်း ၂ယောက် ၃ယောက်လည်း ဟိုတယ်ကို ပါသွားပါတယ်။ ဟိုတယ်ရောက်မှ သိရတာက အဲဒီနေ့က ရဲလာစစ်မယ်လို့ သတင်းရလို့ နိုင်ငံခြား ကျောင်းသားတွေ အားလုံး တစ်ယောက်မှ အလုပ်လာမဆင်းဖို့ မှာထားတယ် ဆိုတာပါပဲ။ အဲဒီတော့မှ သူတို့ အကျပ်ခံရမှန်းသိပါတယ်။ နှစ်နှစ်လောက်ကြာမှ အချင်းချင်း စကားစပ်မိလို့ ပြန်ပြောတော့ အလွန် အစသန်တဲ့ သူငယ်ချင်း တစ်ယောက်ရဲ့ လက်ချက်ဆိုတာ သိရပါတယ်။

နောက်ဆုံးတစ်ခေါက် သတိရတဲ့ အဖြစ်ကတော့ တော်တော်ကို ဆိုးပါတယ်။ နည်းနည်း ကြမ်းကြမ်းတမ်းတမ်း စကားလုံးတွေ ပါတာမို့ Offence ဖြစ်မယ်ထင်ရင် ဒီနေရာကနေပြီး ဆက်မဖတ်ကြပါနဲ့တော့။

အဲဒီတုန်းက ကျွန်တော်တို့ ပထမနှစ်တက်ခါစ အချိန်ပါ။ ကျွန်တော်နဲ့ အတူနေတဲ့ သူငယ်ချင်းထဲမှာ အရမ်းရိုးလွန်းတဲ့ သူငယ်ချင်းတစ်ယောက် ရှိပါတယ်။ ရိုးလွန်းတော့ များသောအားဖြင့် သူ့ကို ကျပ်ရင်တောင်မှ ကျပ်မှန်း မသိပါဘူး။ ကျောင်းတွေပိတ်တော့ ကျွန်တော်တို့ အားလုံး ကိုယ်စီ အလုပ်ရှာကြပါတယ်။ မြန်မာကျောင်းသား အများစု အလုပ်လုပ်လေ့ရှိတဲ့ နေရာက ဝပ်ဆင်လို့ ခေါ်တဲ့ စတိုးဆိုင်မှာပါ။ သူလည်း ဝပ်ဆင်မှာ အလုပ်သွားလျှောက်ပေမယ့် မရပါဘူး။ တစ်နေ့တော့ ကျွန်တော်တို့ အိမ်မှာ ရှိနေတုန်း ဖုန်းလာပါတယ်။ ကျွန်တော်တို့ကဖုန်းတစ်လုံးကို ကိုင်ပြီး ကျွန်တော့်သူငယ်ချင်းကတော့ တစ်ခြားဖုန်းကို ကောက်ကိုင်ပါတယ်။ အဲဒီမှာ ဟိုဘက်က သူ့နာမည်ကို အင်္ဂလိပ်လိုမေးပြီး သူနဲ့ပြောချင်လို့ပါလို့ ပြောပါတယ်။

ကျွန်တော်တို့မှာ ဖုန်းထဲက အဲဒီအသံကို ကြားတော့ အတော် ရယ်ချင်သွားပါတယ်။ ဟိုဘက်က ဖုန်းဆက်နေတာ သူနဲ့ တစ်ခန်းတည်း အတူနေတဲ့ သူ့အခန်းဖော် သူငယ်ချင်းရဲ့ အသံမှန်း ကျွန်တော်တို့က မှတ်မိလို့ပါ။ သူက တော့ မမှတ်မိဘဲ ပြောနေပါတယ် ဆိုပြီး ပြန်ပြောပါတယ်။ အောက်မှာ သူတို့ နှစ်ယောက် အင်္ဂလိပ်လို ပြောကြတဲ့ စကားတွေကို ကျွန်တော် မှတ်မိသလို ပြန်ရေးပြပါ့မယ်။

“မင်း ဝပ်ဆင်မှာ အလုပ်လျှောက်ထားတယ်ဆိုတာ တွေ့ရတယ်။ ဟုတ်သလား။”
“ဟာ။ ဟုတ်ပါတယ်။ ကျွန်တော် လျှောက်ထားပါတယ်။”
“အေး၊ ငါက ဝပ်ဆင်က မန်နေဂျာပါ။ မင်းကို ငါနည်းနည်း အင်တာဗျူးချင်လို့။ ရမလား။”
“ရပါတယ်။ မေးပါ။”
“မင်း Vagina ကို မြင်ဖူးလား။”
“ခင်ဗျာ။ မမြင်ဖူးပါဘူး။”
“ဟုတ်ပါ့မလားကွ။ ဒီအရွယ်ရောက်နေပြီ။ မမြင်ဖူးဘူး ဆိုတာ။”
“တကယ်ပါခင်ဗျာ။ ကျွန်တော် တစ်ခါမှကို မမြင်ဖူးပါဘူး။”
“ငါမယုံဘူး။ မင်းလိမ်တာပဲ ဖြစ်မယ်။”
“ကျွန်တော် မလိမ်ပါဘူး။ တကယ်ကို မမြင်ဖူးတာပါ။
“အေး၊ အဲဒါဆို မင်း Sexual Intercourse ကိုရော စိတ်ဝင်စားလား။”
“နည်းနည်းတော့ စိတ်ဝင်စားပါတယ်။”
“နည်းနည်းပဲလားကွ။”
“ဟုတ်ပါတယ်။ ကျွန်တော်နည်းနည်းပဲ စိတ်ဝင်စားတာပါ။”
“ဟုတ်ပြီ။ ဒီလောက်ဆိုရင် ရပြီ။ မင်းငါ့ကို တရုတ်လို ၁ ကနေ ၁၀ အထိ ရွတ်ပြစမ်းပါ။”

အဲဒီမှာ ဟိုကောင်က ၁ ကနေ ၁၀ ကို တရုတ်လို အိ၊အော့၊ဆန်း၊စွတ် နဲ့ ရွတ်ပါလေတော့တယ်။ ကျွန်တော်တို့ အားလုံးမှာ ဖုန်းခွက်ကို လက်နဲ့ပိတ်ပြီး ကြိတ်ရယ်နေကြပါတယ်။ နောက်တော့ သူ့ကို ကျပ်တဲ့သူက တစ်ခွန်းနှစ်ခွန်း ဆက်ကျပ်ပြီး “နောက်မှ အကြောင်းပြန်မယ်” ပြောပြီး ဖုန်းချသွားပါတော့တယ်။
သူက ကျွန်တော်တို့ရှိတဲ့ နေရာကိုလာပြီး-

“ဘာမှန်းလည်း မသိဘူးကွာ။ အတော့်ကို စားတယ်။ ငါ့ကို ဝပ်ဆင်က အင်တာဗျူးတာတဲ့။ Vagina မြင်ဖူးလား လည်းမေးတယ်။ Sexual Intercourse ကိုစိတ်ဝင်စားလားလည်း မေးတယ်။ ဘယ်လိုလူလဲ မသိပါဘူးကွာ။”

ဆိုပြီးတော့ ပြောပါတော့တယ်။ အဲဒီအချိန်မှာ ခုနက သူ့ကို ဖုန်းဆက်ပြီး ကျပ်တဲ့ သူငယ်ချင်းက ပြုံးစိစိနဲ့ အိမ်ထဲဝင်လာတာ တွေ့လိုက်ရပါတယ်။ ကျွန်တော်တို့ အားလုံး ဟက်ဟက်ပက်ပက် ဝိုင်းပြီး ရယ်နေကြတာတောင် သူက အမေးခံရတဲ့ မေးခွန်းတွေကို ရယ်ချင်လို့ ရယ်တယ်လို့ပဲ ထင်ပါတယ်။ သူကလွဲပြီး ကျန်တဲ့သူအားလုံး သူအကျပ်ခံရမှန်း သိလို့ ရယ်တယ်ဆိုတာတော့ သဘောမပေါက် ရှာပါဘူး။

ကျွန်တော်တို့ အားလုံး သူ့ကို ပြန်မပြောကြသလို သူလည်း ဒီနေ့အထိ သူ့အခန်းဖော် သူငယ်ချင်းက ကျပ်ခဲ့မှန်း တကယ်ကို မသိရှာပါဘူး။

Thursday, November 27, 2008

ချက်ရီပတ်ဘလစ် သို့ ပထမဦးဆုံးနေ့

ဟော်လန်မှ စက်ရုံတစ်ရုံရှိ ကျွန်တော်တို့ ကုမ္ပဏီမှ ရောင်းထားသော စက်တစ်လုံးတွင် ဆော့ဖ်ဝဲပြင်ရေးပေးရန် အတွက် ဥရောပသို့ သွားဖြစ်ဖို့ အကြောင်း ဖန်လာသည် ။ ကျွန်တော် သွားခါနီးအချိန်ထိ ဘာပြင်ရေးရမည်ကို မသိသေး။ အရောင်းမန်နေဂျာ တွေကလည်း သူတို့လည်း စက်ရုံမှ ဘာလိုအပ်သည်ကို နားမလည်။ တစ်ခါတည်းသာ လာပြီး စကားပြောလှည့်ပါ ဟုခေါ်သည်။ သို့သော် ထိုမျှနှင့်မပြီး။ သူတို့က အဆစ် တောင်းသေးသည်။ ဥရောပရှိ အခြား ဆော့ဖ်ဝဲပြသနာများကိုလည်း သူတို့ရုံးမှ အင်ဂျင်နီယာများနှင့် အတူတူ ဖြေရှင်းပေးဖို့ အကူအညီတောင်းကြသည်။

ခရီးမထွက်ခင်အထိ ဘယ်လောက်ကြာမည်ကို ရေရေရာရာမသိ။ အနည်းဆုံး ၂ ပတ် နှင့် အများဆုံး ၁ လဟုသာ ပြောလိုက်ကြသည်။ စင်ကာပူရုံးမှ အမ်စတာဒမ် အသွားအပြန် စင်ကာပူ လေကြောင်းလိုင်းဖြင့် လက်မှတ်တစ်စောင် ပေးလိုက်သည်။ ပထမဆုံးသွားရမည့် နိုင်ငံမှာ ချက်သမ္မတနိုင်ငံ (Czech Republic) ဖြစ်သည်။

ဥရောပတွင်း ကူးသန်းသွားလာရန် လေယာဉ်ခရီးစဉ်များကို စင်ကာပူတွင် လက်မှတ်ဝယ်ပါက အလွန်ဈေးကြီးသည်။ တစ်ခါတစ်ရံ ခရီးစဉ်တစ်ခုကို စင်ကာပူဒေါ်လာ တစ်ထောင်နီးပါးမျှပင် ကွာတတ်သည်။ ထို့ကြောင့် ကျွန်တော် ဥရောပနိုင်ငံများအတွင်း သွားလာရန် ကိစ္စရှိပါက စင်ကာပူရုံးမှ ဥရောပသို့ အသွားအပြန် လေယာဉ်ပျံလက်မှတ်သာ ဝယ်ပေးလေ့ရှိပြီး ကျန်သော ခရီးစဉ်များကို ဥရောပ ရုံးခွဲမှပင် စီစဉ်ပေးလေ့ရှိသည်။

အမ်စတာဒမ် ရောက်ပြီးနောက် ချက်သမ္မတနိုင်ငံပိုင် စီအက်စ်အေ လေကြောင်းလိုင်းကို ပြောင်းစီးရသည်။ ဥရောပရုံးမှနေ၍ အမ်စတာဒမ် မှ ချက်ရီပတ်ဘလစ်၏ မြို့တော် ပရက်ဂ်(Prague) အသွားအပြန် လေယာဉ်လက်မှတ်ကို အီးမေးလ်ဖြင့် လှမ်းပို့ပေးထားခြင်း ဖြစ်သည်။ စီအက်စ်အေ သည် ဘတ်ဂျက်လေကြောင်းလိုင်း မဟုတ်သော်လည်း လေယာဉ်ပေါ်တွင် ဘာမှ အလကားမကွေျးပါ။ ကော်ဖီကအစ ဝယ်သောက်ရသည်။ ကျွန်တော့်တွင် ယူရို ၅၀ တန်သာ အသေးဆုံး ပါလာသဖြင့် အမ်းစရာမရှိ၍ လေယာဉ်ပေါ်တွင် ကော်ဖီတော့ အလကားသောက်လိုက်ရသည်။

ပရက်ဂ်ဆိုသော နာမည်မှာ ကျွန်တော်နှင့် စိမ်းသောအမည်တော့ မဟုတ်ပါ။ ကမ္ဘာကျော် စာရေးဆရာ ဖရန့်ဇ်ကဖ်ကာ နှင့်ပတ်သက်ပြီး ထိုမြို့၏ အမည်ကို ကြားဖူးနေသည်။ သို့သော် ချက်သမ္မတနိုင်ငံ၏ မြို့တော်ဖြစ်ကြောင်းကိုတော့ မသွားမီကမှ သိခြင်းဖြစ်သည်။ ကျွန်တော် ရောက်သွားတော့ ပရက်ဂ်လေဆိပ် အဆောက်အဦးမှာ ဖွင့်ကာစ အသစ်စက်စက်ပင်ရှိသေးသည်။ ပရက်ဂ်လေဆိပ်တွင် ထူးခြားချက်တစ်ခုကို သတိပြုမိသည်မှာ စီအက်စ်အေ မှလွဲ၍ အခြားလေကြောင်းလိုင်းမှ လေယာဉ် သိပ်မရှိခြင်းပင်ဖြစ်သည်။ ဗြိတိသျှ အဲယားဝေး နှင့် အဲယားဖရန့် မှ လေယာဉ်အချို့ကိုတော့ လေဆိပ်ထဲတွင် ရပ်ထားသည်ကို တွေ့ရသည်။

ချက်ရီပတ်ဘလစ်မှာ ထိုစဉ်က ရှန်ဂန်နိုင်ငံ မဖြစ်သေးသဖြင့် ဗီဇာသတ်သတ် ထပ်ယူရသည်။ ကျွန်တော် ဗီဇာစောင့်နေသဖြင့် တစ်ရက် နှစ်ရက်ခန့် နောက်ကျပြီးမှ ရောက်လာခြင်းဖြစ်သည်။ ကျွန်တော်တို့ ဥရောပရုံးခွဲမှ ဒတ်ခ်ျအင်ဂျင်နီယာက ပါဒူဘီဆေး(Pardubice) က စက်ရုံမှာပင် စောင့်နေမည်။ ဌာနေကိုယ်စားလှယ် တစ်ယောက်ကို အကြိုလွှတ်လိုက်မည်ဟု ကျွန်တော့်ကို လှမ်းပြောထားသည်။ ဒေသခံကိုယ်စားလှယ်က ကျွန်တော့်အမည် ရေးထားသော ဆိုင်းဘုတ်ကို ကိုင်၍စောင့်နေသည်။ ကျွန်တော် သူနှင့်တွေ့ပြီး လက်ဆွဲနှုတ်ဆက်တော့ သူကျွန်တော့်အမည်ကို ပီသအောင် မခေါ်တတ်။ ကျွန်တော်ကလည်း နည်းနည်း အရွဲ့တိုက် တတ်သည်။ အချိန်ပိုင်း အလုပ်လုပ်တုန်းက အင်္ဂလိပ်အမည် ရှိသော်လည်း ကျွန်တော် ကျောင်းပြီးသည်နှင့် ထိုအမည်ကို ဖျောက်ပစ်လိုက်သည်။ ငါတို့တောင် သူတို့နာမည် လိုက်ခေါ်ရသေးတာ သူတို့လည်း ငါ့မြန်မာနာမည် ခေါ်တတ်အောင် ခေါ်ပေ့စေ ဆိုပြီး အရွဲ့တိုက်ခြင်း ဖြစ်သည်။

ကျွန်တော်တို့ နှစ်ယောက်သား လေဆိပ်မှ စထွက်သည်နှင့် ပြသနာ စကြုံရသည်။ ကျွန်တော့်ကို လာကြိုသော ချက်လူမျိုးက သူ၏ ယာဉ်ရပ်နား လက်မှတ် ပျောက်သွားသဖြင့် ကားကို လေဆိပ်အပြင်သို့ ပြန်ထွက်၍မရ။ ဂိတ်ဝရောက်မှ ကျွန်တော်တို့ ပျားတုတ်နေသည်။ နောက်ဆုံး ရှာမတွေ့သည့်အဆုံးတွင် ကားကို နောက်ပြန်ဆုတ်၍ အခြားကားတစ်စီး၏ နောက်မြီးကို ကပ်လိုက်ပြီး မောင်းတံ ပြန်မကျလာခင် လိုက်ထွက်ရသည်။ သူတို့လည်း ငါတို့လို ပေါက်တတ်ကရ လုပ်ကြတာပဲဟုတော့ တွေးမိသည်။

ပရက်ဂ်မှ ပါဒူဘီဆေးသို့ ၂ နာရီခန့်မျှ ကားမောင်းရသည်။ ပါဒူဘီဆေးတွင် လက်နက်စက်ရုံ နှင့် အီလက်ထရွန်းနစ် စက်ရုံများရှိသည်။ ချက်မှ ဌာနေကိုယ်စားလှယ်နှင့် ကျွန်တော် ကားပေါ်တွင် အတော်ပင် လေပေးဖြောင့် လာကြသည်။ သူက ကျွန်တော့်ကို ဥရောပသို့ ဒါပထမဆုံးအကြိမ် ရောက်တာလား ဟုမေးသည်။ ကျွန်တော်က အင်္ဂလန် နှင့် အိုင်ယာလန်တော့ ရောက်ဖူးကြောင်းပြောတော့ သူက အင်္ဂလန်နှင့် အိုင်ယာလန်မှာ ဥရောပမဟုတ် ကျွန်းတွေသာ ဖြစ်သည်ဟု ပြောသည်။ သူဘာလို့ အဲဒီလို ပြောသလဲတော့ နားမလည်ပါ။ ဘယ်လိုပဲပြောပြော ကမ္ဘာ့ပထဝီတွင်တော့ ယူကေသည် ဥရောပတိုက်အတွင်းမှာပင် ရှိပါသည်။

သူ့ထံမှ ချက်ကိုစလိုဗက်ကီးယားမှ ချက်သမ္မတနိုင်ငံ နှင့် စလိုဗက်ကီးယား နှစ်နိုင်ငံ ကွဲထွက်သွားသည့် အကြောင်းတွေ၊ သူတို့ ငယ်ငယ်တုန်းက ရုရှားစာကို ဆယ်စုနှစ်တစ်ခုမျှ သင်ခဲ့ရသည့် အကြောင်းတွေ စသည်ဖြင့် ချက်သမ္မတနိုင်ငံ အကြောင်းစုံစုံလင်လင် သိရသည်။ သူတို့သည် ကွန်မြူနစ်အစိုးရကို ၁၉၈၉ ခုနှစ်တွင် ဖြုတ်ချခဲ့သည်။ ယခုအခါ သူတို့နိုင်ငံသည် ဒီမိုကရေစီ၏ အသီးအပွင့်များကို ခံစားနေရပြီဖြစ်သည်။

ဒီမိုကရေစီ၏ အသီးအပွင့်သာ မဟုတ်။ သူတို့နိုင်ငံတွင် သာမန်အသီးအပွင့်များလည်း အများအပြား စားရန်ရှိသည်။ လမ်းဘေးဝဲယာတလျှောက်တွင် သစ်သီးပင်များ အများအပြားစိုက်ပျိုးထားသည်။ ပန်းသီးစိမ်းများ ၊ ပန်းသီးနီများ နှင့် အခြားအသီး ပေါင်းစုံတို့ဖြစ်သည်။ သူ၏ အပြောအရ ကွန်မြူနစ်အစိုးရ လက်ထက်က ပြည်သူတို့ ဆင်းရဲလွန်းသဖြင့် တစ်မြို့မှတစ်မြို့ လမ်းလျှောက်သွားကြရသည်။ လမ်းတွင် ဗိုက်ဆာလျှင် စားစရာမရှိသဖြင့် နောက်လူများ ခူးဆွတ်စားနိုင်ရန် သစ်ပင်များ စိုက်ပျိုးခဲ့ခြင်း ဖြစ်ကြောင်းပင် ဖြစ်သည်။

လမ်းတွင် ရဲတိုက်ကြီးတစ်ခုကိုလည်း တွေ့ရသည်။ ချက်မိတ်ဆွေ၏ အပြောအရ ၁၇ ရာစုမှ ဆောက်လုပ်ခဲ့သော ရဲတိုက်ကြီးဟု သိရသည်။ ဘာဖြစ်လို့မှန်းတော့ မသိ။ ရဲတိုက်ကြီးတွေကို မြင်လျှင် ကျွန်တော် အတော် သဘောကျတတ်သည်။ ကျွန်တော်လည်း ချက်လူမျိုး စကားဆို၍ မသင်ရဘဲ တစ်လုံးတော့ တတ်ခဲ့ပါသည်။ "ဘဲဘဲဘဲ" ဆိုသည်ကို ရေဒီယိုကြော်ငြာတွင် ခဏခဏကြားရတော့ နောက်တော့ "ဘဲဘဲဘဲ" ဆိုသည်မှာ "www" ကို ခေါ်ကြောင်း သဘောပေါက်သွားသည်။

လမ်းတွင် လမ်းနံဘေးက စားသောက်ဆိုင် တစ်ဆိုင်တွင် ရပ်နား၍ နေ့လည်စာ စားကြသည်။ သူတို့လည်း ထမင်းစားကြောင်း သိရသဖြင့်တော့ အံသြမိသည်။ ဆိုင်တွင် အသားကင် သို့မဟုတ် ငါးကင်ကို ထမင်း၊ အာလူးပြုတ် သို့မဟုတ် Dumpling ကြိုက်ရာဖြင့် မှာ၍ရကြောင်း ပြောသည်။ ကျွန်တော်လည်း စင်ကာပူက လာတဲ့ကောင်ပဲလေ။ ဘာရလိမ့် မလဲ။ Dumpling ဆိုတာ ဖက်ထုပ်ကို စင်ကာပူမှာ ခေါ်တာတော့ သိထားသည်ပေါ့။ အဲဒါကြောင့် Dumpling နဲ့ ဝက်သားကင် တစ်ပွဲဆိုပြီး မှာလိုက်သည်။

စားစရာတွေ ရောက်လာတော့ ဝက်သားကင်နှင့်အတူ ပြုတ်ထားသလား ကြော်ထားသလား ပြုတ်ကြော်ပဲလုပ်ထားသလား မသိသော အရွက်များ ပါလာသည်။ အဲဒါဘာလဲ ဟု ကျွန်တော့်အဖော်ကို မေးတော့ Dumpling ဆိုတာ အဲဒါပဲဟု သူကပြောသည်။ မှားတဲ့အခါလည်း မှားပေမပေါ့။ ရောက်လာမှ တော့လည်း မထူးပါဘူး သဘောပိုက်၍ ထိုအရွက်တွေကိုပဲ ကုန်အောင် စားရသည်။

ကျွန်တော် စက်ရုံကို ရောက်သွားတော့ နေ့လည် ၂ နာရီခွဲခန့်ရှိနေပြီ ဖြစ်သည်။ စက်ရုံမှ ကျွန်တော်တို့ စက်တွင် ဆော့ဖ်ဝဲက နည်းနည်း ဒုက္ခပေးနေသည်။ ပြသနာတစ်ခုကိုတော့ စင်ကာပူမှာ ကတည်းက ရှာတွေ့ပြီးဖြစ်သည်။ စက်မှာ ပစ္စည်းတစ်ခုကို လေဆာဖြင့် နံပါတ်ရိုက်ပြီး၍ စက်ထဲမှ ထွက်တော့မည်ဆိုတိုင်း ၁မိနစ်ခွဲ ၂ မိနစ်ခန့် အမြဲရပ်နေပြီးမှ ဆက်၍ အလုပ်လုပ်လေ့ရှိသည် ဆိုတာ စက်ရုံမှ ကြားရသည်။ ကျွန်တော် ဆော့ဖ်ဝဲကို ဖွင့်ကြည့်တော့ ကျွန်တော်၏ လုပ်ဖော်ကိုင်ဖက် ဆော့ဖ်ဝဲအင်ဂျင်နီယာတစ်ယောက်၏ ပညာစွမ်းများကို မြင်ရသည်။

ကျွန််တော်တို့ စက်မှာ စက်ရုံရှိ Oracle Database နှင့် ချိတ်ထားသဖြင့် ပစ္စည်းတစ်ခု တွင် နံပါတ်ရိုက်ပြီးတိုင်း ရိုက်ထားသမျှ နံပါတ်တို့ကို Oracle Database မှာ သွားရေးထားရသည်။ ပုံမှန်အားဖြင့် "Insert xxx" စသည်ဖြင့် SQL Statement ကို ရေးလေ့ရှိသော်လည်း သူက ထိုသို့မရေးပဲ "Select *" ဖြင့် ရှိသမျှ ဒေတာ အကုန်လုံးကို Recordset ပေါ်သို့ ဆွဲချသည်။ ထို့နောက်တွင်မှ နံပါတ်အသစ်များ ကို Recordset ထဲတွင် ထည့်၍ Recordset တစ်ခုလုံးကို ဒေတာဘေ့စ်ထဲသို့ Update လုပ်သည်။ အမှန်တကယ်ကတော့ ထိုနည်းမှာ VB6 စာအုပ် အတော်များများတွင် အလွယ်သင် ရေးထားသော နည်းဖြစ်သည်။ အခုအခါတွင် ဒေတာဘေ့စ်ထဲတွင် အချက်အလက် သောင်းချီပြီး ရှိနေသဖြင့် Select လုပ်ရသောအချိန်နှင့် RecordSet တစ်ခုလုံးကို ပြန်၍ Update လုပ်ရသော အချိန်မှာ မိနစ်ပိုင်းမျှ ကြာနေခြင်း ဖြစ်သည်။ ထိုပြသနာမှာ SQL Statement ကို "Select *" မှ "Insert xxx" ပြင်၍ ကုတ်ဒ်အနည်းငယ် ပြင်ရေးလိုက်သည်နှင့် အဆင်ပြေသွားသည်။

အခြားပြသနာများကတော့ အသေးအမွှားကလေးများသာ ဖြစ်သည်။ ထိုညနေတွင်ပင် ပြသနာ အချို့ကို ဖြေရှင်း၍ ပြီးသွားသည်။ ကျွန်တော်တို့ကို စက်ရုံမှ အင်ဂျင်နီယာ တစ်ယောက်က ညနေစာ စားရန်အတွက် ဆိုင်ကောင်းကောင်း တစ်ဆိုင် ညွှန်ပေးလိုက်သည်။ ထိုစားသောက်ဆိုင်က ကျွန်တော်တို့တည်းခိုသော ဟိုတယ်အနီးတွင် ပင်ဖြစ်သဖြင့် လမ်းလျှောက်၍သွားကြသည်။ ဆိုင်ရောက်တော့ ရေးထားသမျှ မီနူးတွေက အင်္ဂလိပ်လိုမရှိ။ ဂျာမန်ဘာသာ နှင့် ချက်ဘာသာ ၂ မျိုးဖြင့်သာရှိသည်။ ကျွန်တော့်ရုံးမှ ဒတ်ခ်ျအင်ဂျင်နီယာက ဂျာမန်လို ကောင်းကောင်းတတ်သဖြင့် သူက ကျွန်တော့်ကို ဖတ်ပြသဖြင့်သာ အဆင်ပြေသွားသည်။ ထိုနေ့က ပေါင်မုန့်အတွင်းတွင် အပေါက်ဖောက်၍ ထည့်ထားသော ဟင်းချိုကို ပထမဦးဆုံးအကြိမ် မြည်းစမ်းဖူးခြင်း ဖြစ်သည်။

ကျွန်တော်တို့ ပြန်လာတော့ လမ်းတွင် လမ်းလျှောက်နေသူများ ဘတ်စ်ကား စောင့်နေသူများကို တွေ့ရသည်။ ကျွန်တော်တို့အတွက် ဟိုတယ်က နီးသဖြင့် ကိစ္စမရှိသော်လည်း သူတို့ကိုတော့ သနားမိသည်။ အပြင်တွင် ဆောင်းရာသီက မေရိုးခိုက်အောင် အေးသည်မဟုတ်လား။ သို့သော် ဤနိုင်ငံမှာ ဆင်းရဲသော နိုင်ငံဖြစ်သဖြင့် အိမ်မဲ့ယာမဲ့များပင် အများအပြားရှိသေးသည်။ မြို့တော်ဖြစ်သော ပရက်ဂ်တွင်တော့ ဆောင်းရာသီတွင် အိမ်မဲ့ယာမဲ့များ နေနိုင်ရန် ယာယီတဲကြီးများကို စည်ပင်သာယာမှ စီစဉ်ပေးထားသည်ဟု သတင်းစာတွင် ဖတ်ရသည်။

ချက်ရီပတ်ဘလစ်မှ ကောင်မလေးများကို ကြည့်ရသည်မှာ အလွန်အဆင်ပြေပါသည်။ ကျွန်တော်တို့ အာရှမျက်စိဖြင့် ကြည့်ပါက ချောသည် ဟု မသတ်မှတ်နိုင်သောလည်း အခြားဥရောပသူများ နှင့် ယှဉ်ကြည့်ပါက ကြည့်လို့ အတော် အဆင်ပြေသည်ကိုတော့ သတိထားမိပါသည်။

ညဘက် ဟိုတယ်ပြန်ရောက်တော့ အခန်းထဲတွင် ဂြိုလ်တု တယ်လီဗွီရှင်း နှင့် ဝိုင်ယာလက်စ် အင်တာနက် ရှိသဖြင့် သိပ်တော့ မဆိုးလှပေ။ ဂြိုလ်တုတွင် လိုင်းပေါင်း ၈၀၀ ခန့် ပါသော်လည်း ဥရောပဂြိုလ်တုဖြစ်သဖြင့် လိုင်းတော်တော်များများက ကိုယ်နားမလည်သော ဘာသာစကားများနှင့်ပြောနေသည်။ Victoria Secret ၏ ဖက်ရှင်ရှိုး နှင့် တီဗွီတွင် ကိုယ့်ဘာသာကိုယ် ကြော်ငြာနေသော မိန်းကလေးများကတော့ ကျွန်တော့်အတွက် နည်းနည်းထူးဆန်းနေသည်။ ယခင်က ဒါမျိုး တစ်ခါမှမတွေ့ဖူး၍ ဖြစ်သည်။

ကျွန်တော် အီးမေးလ်ဖွင့်၍ ရုံးသို့ ရီပို့တစ်စောင် လှမ်းရေး၍ပို့ပြီးနောက် အိပ်ယာပေါ်တွင် ခဏလှဲနေစဉ်ပင် အိပ်ပျော်သွားခဲ့သည်။ ထိုညက ဘယ်အချိန်အိပ်ပျော်သွားသလဲပင် သတိမထားမိလိုက်ပါ။

စင်ကာပူမှာ ကြုံခဲ့သမျှ အမှတ်တရများ

ကျွန်တော်တို့ ကျောင်းသားဘဝက စင်ကာပူတွင် ကြုံခဲ့ရသော ရယ်စရာများကို လက်ဆင့်ကမ်းချင်ပါသည်။

ရေအေးစက်

ကျွန်တော်တို့ ကျောင်းရှိ နေရာအတော်များများတွင် ကျောင်းသားများ ရေသောက်ရန်အတွက် ဝါတာကူလာ (Water Cooler) များ ထားပေးပါသည်။ ထိုနေ့က ကျွန်တော့်သူငယ်ချင်း ၂ယောက် အတန်းနားချိန်တွင် ရေသောက်ရန် ဝါတာကူလာသို့ သွားကြပါသည်။ တစ်ယောက်က ဝါတာကူလာ ကို တစ်ခါမျှ မမြင်ဖူးပါ။ ထိုအကြောင်းကို သိသော နောက်တစ်ယောက်က ကောင်းကောင်း ကျပ်ပါလေတော့သည်။

ဝါတာကူလာတွင် ရေထွက်ရန်အတွက် နှိပ်ရသော ခလုပ်တစ်ခု ရှိပါသည်။ သူက ထိုခလုပ်ကို ခန္ဓာကိုယ်ဖြင့် ကွယ်ထားပြီး ဘယ်လက်ဖြင့် မသိမသာနှိပ်ပါသည်။ သူ့သူငယ်ချင်းကို မူ ဝါတာကူလာတွင် Sensor ပါသဖြင့် ခေါင်းငုံ့လိုက်သည်နှင့် ရေထွက်သည် ဟုပြောသည်။ သူခေါင်းငုံ့ချိန်တွင် ဘယ်လက်ဖြင့် ခလုပ်ကို မသိမသာနှိပ်သဖြင့် ရေက ထွက်လာပါသည်။ သူရေသောက်ပြီးချိန်တွင် နောက်တစ်ယောက် က ရေသောက်ရန် ခေါင်းငုံ့သောအခါ ရေက ထွက်မလာပါ။ ထိုတစ်ယောက်မှာ ခေါင်းကို မော့လိုက် ငုံ့လိုက်ဖြင့် အကြိမ်ကြိမ် ကြိုးစားသော်လည်း ရေကတော့ တစ်စက်မျှပင် ထွက်မလာပေ။ သူ့ကိုကြည့်၍ ဘေးမှ ကောင်မလေးများက ရယ်သဖြင့် ရှက်ရှက်နှင့် လှည့်ထွက်ခဲ့ပါသည်။ ပထမတစ်ယောက်ကမူ မင်း ခေါင်းကို
Sensor မမိလို့ ရေမထွက်တာ ဟုပြောတော့ သူယုံနေပါသေးသည်။ နောက်နေ့မှ သူအကျပ်ခံရမှန်းသိသဖြင့် ဆဲလေတော့သည်။

သစ်သီးပလာတာ


တစ်နေ့ ကျွန်တော့်သူငယ်ချင်းသုံးယောက် စင်ကာပူမြို့ထဲအသွားတွင် ဗိုက်ဆာလာသဖြင့် စားစရာတစ်ခုခု စားရန် ဆိုင်လိုက်ရှာကြပါသည်။ ဆိုင်တစ်ဆိုင်တွင် Fruit Plater ဆိုပြီး ရေးထားတာကို တွေ့ရပါသည်။ အဲဒါကို သူတို့က သစ်သီးပလာတာ ဟု အဓိပ္ပါယ်ဖွင့်ပြီး စမ်း၍စားကြည့်မည်ဟု ဆိုကာ မှာကြပါလေသည်။ ဆိုင်ရှင်က ဘယ်နှစ်ပွဲယူမလဲ မေးတော့ ၃ ပွဲဟု မှာကြသည်။ ဆိုင်ရှင်ကတော့ ၃ ပွဲမှာ၍ အတော် အံသြနေပုံပေါက်သည်။ အမှန်တကယ်ကတော့ Fruit Plater ဆိုသည်မှာ သစ်သီးစုံကို ပန်းကန်ပြားတွင် ထည့်၍စားသော သစ်သီးစုံပွဲ ဖြစ်သည်။ ခဏအကြာတွင် ဆိုင်ရှင်က သစ်သီးပန်းကန်ကြီး ၃ ပန်းကန် လာချတော့မှ Fruit Plater ၏ အဓိပ္ပါယ်ကို သဘောပေါက်ပြီး အောင့်သက်သက်နှင့် အသီးတွေ ကုန်အောင် စားလိုက်ကြရပါသည်။

ရွှေခလုပ်ကို ပြောင်းပြန်နှိပ်သူ

ကျွန်တော်တို့ စင်ကာပူရောက်စက EZ-link ကတ်ဒ် မပေါ်သေးပါ။ ဘတ်စ်ကားပေါ်တက်လျှင် Transit Link ကတ်ဒ်ကို စက်ထဲတွင် ထည့်၍ ခလုပ်နှိပ်ပြီး လက်မှတ်ဝယ်ရပါသည်။ အတော်များများကတော့ ဘယ်သွားသွား ဘယ်ဘက်ဒေါင့် အပေါ်ဆုံး ပြား ၆၀ ခလုပ်ကိုသာ နှိပ်လေ့ရှိသဖြင့် ထိုခလုပ်ကို ရွှေခလုပ်ဟုပင် နာမည်ပြောင် ပေးထားကြပါသည်။ လက်မှတ်စစ ်လာစစ်သည်နှင့် ကြုံမှ ၂ ဆ ဒဏ်ဆောင်ကြပါသည်။ လက်မှတ်စစ်က တော်ရုံတန်ရုံ မလာသဖြင့် ဒဏ်ငွေ တစ်ခါတစ်လေ ဆောင်ရရင်တောင်မှ တွက်ခြေကိုက်တယ် ဟု ဆိုကြပါသည်။ ကျွန်တော်ကတော့ ရောက်ကတည်းက တစ်လစာ ကျောင်းသား တံဆိပ်ခေါင်း ဝယ်စီးလေ့ရှိသဖြင့် တွက်မကြည့်ဖူးပါ။

တစ်ရက်တော့ သူငယ်ချင်းများနှင့်အတူ ပင်နီဆူလာပလာဇာ မှ အိမ်ပြန်လာကြပါသည်။ အမ်အာတီ လက်မှတ်ကို ပြောင်းပြန်ထိုးသော ကျွန်တော့်အခန်းဖော်သူငယ်ချင်းက ရွှေခလုပ်ဆိုပြီး ပြား ၆၀ တန် ခလုပ်ကို နှိပ်ရာ ဘယ်ဘက်က ခလုပ်ကို မနှိပ်ပဲ ညာဘက်က ခလုပ်ကို နှိပ်မိသဖြင့် ၁ ကျပ် နှင့် ပြား ၃၀ တန် လက်မှတ်ထွက်လာပါသည်။ အတူပါလာသော သူငယ်ချင်းများက ဝိုင်းဟားကြပါသည်။ သို့သော် ထိုနေ့က လက်မှတ်စစ် တက်လာသဖြင့် သူတို့အားလုံး နှစ်ကျပ် နီးပါးမျှ ဒဏ်ငွေဆောင်လိုက်ရပြီး ရွှေခလုပ်ကို ပြောင်းပြန်နှိပ်သူ တစ်ယောက်သာ ဒဏ်ငွေမဆောင်ရပဲ လွတ်သွားပါသည်။

Wednesday, November 26, 2008

အမ်စတာဒမ် တစ်ခေါက် အလည်ရောက်ခြင်း

ဒုတိယအကြိမ် ဥရောပခရီးတွင် ဟော်လန်မှာ သောကြာ၊ စနေ နှစ်ညလောက် အိပ်ရဖို့ အကြောင်းဖန်လာသည်။ ကျွန်တော်တည်းခိုသော နေရာမှာ ကျွန်တော့် ရုံးခွဲနှင့်နီးသော အုတ်စ်ဟောက် (Oosterhout) ကျေးရွာကလေးမှာပင် ဖြစ်သည်။ ရုံးမှ အရောင်းမန်နေဂျာတစ်ယောက်က အမ်စတာဒမ်သို့ သွားရမည့် လမ်းကြောင်းကို လမ်းညွှန်ပေးသည်။ အုတ်စ်ဟောက်မှ ဘရယ်ဒါ(Breda) သို့ ဘတ်စ်ကားစီးသွားရန် နှင့် ဘရယ်ဒါမှတဆင့် ရထားစီးပြီး အမ်စတာဒမ်သို့ သွားနိုင်ကြောင်း ပြောပြသည်။ ကျွန်တော့်စိတ်ထဲတွင် ထင်နေသည်မှာ ဘရယ်ဒါမှ နာရီဝက် ၄၅မိနစ်လောက် ရထားစီးလျှင် အမ်စတာဒမ်သို့ ရောက်လိမ့်မည် ဟူ၍ဖြစ်သည်။ အမှန်တကယ်တော့ ဘရယ်ဒါမှ အမ်စတာဒမ်အထိ ကီလိုမီတာ ၁၀၀ လောက်ဝေးမည် ထင်သည်။ ရထားစီးသောအခါတွင် ၂ နာရီခန့်မျှ စီးလိုက်ရသည်။

ထိုနေ့က အမ်စတာဒမ်မြို့လယ်ခေါင်ရောက်တော့ ညနေ ၄ နာရီထိုး ခါနီးနေပြီ ဖြစ်သည်။ ထို့ကြောင့် ဝေးဝေးလံလံ ဘယ်ကိုမှ သွားဖို့ အချိန်မရှိတော့။ အမ်စတာဒမ် ဗဟို ဘူတာရုံနှင့် မနီးမဝေးတွင် အမ်စတာဒမ်မြို့၏ နာမည်ကျော် မီးနီရပ်ကွက်ရှိသည်။ ဒေသန္တရ ဗဟုသုတရရန် အလို့ငှာ ကျွန်တော် မီးနီရပ်ကွက်ထဲတွင် တစ်ပတ်လောက် လမ်းပတ်လျှောက်လိုက်သည်။ ဆောင်းမကုန် သေးသဖြင့် ရာသီဥတုက လေတစ်ချက်ဝှေ့လိုက်တိုင်း စိမ့်နေအောင်အေးသည်။

အမ်စတာဒမ် မီးနီရပ်ကွက်က စင်ကာပူရှိ ဂေလန်း ငါးပြတိုက်နှင့် မတူပဲနည်းနည်းတော့ ကွဲပြားသည်။ စင်ကာပူ ငါးပြတိုက်ရှိ မှန်အိမ်ထဲမှ ရေဆေးငါးကြီးများလို လက်ယပ်ပြီးတော့ မခေါ်ကြပါ။ အမ်စတာဒမ်မှ ငါးများက အိမ်ရှေ့တွင် စာရေးစားပွဲနှင့် ထိုင်ပြီး စာရေးသလို အလုပ်လုပ်သလို လုပ်နေကြသည်။ နောက်ဖက်တွင် မီးနီထွန်းထားသည်။ ငါးကန်စောင့်များကသာ တစ်ခါတစ်ရံ အပြင်ထွက်၍ လက်ခုပ်တီးခေါ်ကြခြင်း ဖြစ်သည်။ (ဘုရားပေးပေး ကျမ်းပေးပေး ကျွန်တော် အမ်စတာဒမ်တွင် ငါးမဖမ်းခဲ့ကြောင်းကိုတော့ ရဲရဲကြီး ပြောရဲပါသည်။ :D )

အမ်စတာဒမ်သည် စိတ်ဝင်စားစရာကောင်းသော မြို့တစ်မြို့ဖြစ်သည်။ မူးယစ်ဆေး အပျော့စားများကို မြို့လယ်ခေါင်ရှိ ကော်ဖီဆိုင်များတွင် တရားဝင် ဝယ်ယူသုံးစွဲနိုင်သည်။ နာမည်ကျော် ပန်းချီဆရာကြီး ဗင်းဆင့်ဗန်ဂိုး၏ ပြတိုက်ရှိသည်။ ဒုတိယကမ္ဘာစစ်အတွင်းက နာမည်ကျော်ခဲ့သော နေ့စဉ်မှတ်တမ်းရေးသားသူ ဂျူးမလေး အင်နာဖရန့်၏ နေအိမ်ကို ပြတိုက်ဖွင့်ထားသည်။ သို့သော် ကျွန်တော် ထိုနေရာ သုံးခုစလုံး တစ်ခုမျှ မရောက်ခဲ့။ ဘယ်လိုသွားရမှန်း မသိ၍လည်း ဖြစ်သည်။

မီးနီရပ်ကွက်ကို တစ်ပတ်ပတ်ပြီးတော့ ကျွန်တော် ဝမ်းထဲမှ ဟာလာပြီ ဖြစ်သဖြင့် ဝမ်းဗိုက်ဖြည့်တင်းရန် ဆိုင်လိုက်ရှာရသည်။
ကျွန်တော် အိန္ဒိယစားသောက်ဆိုင် တစ်ဆိုင်တွင် ညနေစာစားရန် ရွေးချယ်လိုက်သည်။ ဆိုင်ထဲတွင် ကျွန်တော်သည် တစ်ဦးတည်းသော စားသုံးသူဖြစ်သည်။ ထမင်းဖြူ နှင့် မဆလာ ကြက်သားဟင်း မှာပြီး ညနေစာကို အဝစားလိုက်သည်။ စပိန်ရှိ မက်ဒရစ်လေဆိပ်မှာ ကျွန်တော် ဖြတ်သန်းသွားပြီး နှစ်ပတ်ခန့်အကြာ ၂၀၀၆ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းတွင် ဗုံးပေါက်ခဲ့သည်။ ထို့ကြောင့် ဗုံးနှင့်ပတ်သက်၍ စိတ်ထဲတွင် နည်းနည်းဖျားနေသည်။ အခုလည်း ကျွန်တော်ထိုင်သောစားပွဲရှိ ကုလားထိုင် တစ်လုံးပေါ်တွင် အိတ်ကြီး အကြီးကြီးတစ်လုံး မြင်၍ စိတ်ထဲတွင် စနိုးစနောင့် ဖြစ်လာသည်။ ဆိုင်ထဲမှာလည်း တခြားစားသောက်သူက မရှိ။ ဆိုင်ရှင် ကို လှမ်းအော်ခေါ်ပြီး မေးတော့မှ ဆိုင်ရှင်က သူ့အိတ်ပါ။ စိတ်မပူပါနှင့်ဟု ပြောသည်။ ပြောပြောကစော ရောပေါ့ မွတ်တားရယ်ဟု ဆိုင်ရှင်ကို စိတ်ထဲတွင် ကြိတ်၍ မှတ်ချက်ပေးမိသည်။

ထမင်းစားပြီး ထွက်လာတော့ အမှတ်တရ လက်ဆောင်ပစ္စည်းရောင်းသော ဆိုင်ထဲသို့ ဝင်ခဲ့သည်။ “သင့်အိမ်တွင် အမှတ်တရ စိုက်ပျိုးရန် ဆေးခြောက်” ဟု စာရေးထားသည့် ဆေးခြောက် မျိုးစေ့ထုတ်ကို ကြည့်ရင်းနှင့်ပင် လည်ပင်းယားလာသည်။ စင်ကာပူ ပြန်သယ်သွား၍ မိလို့ကတော့ ချန်ဂီထောင်တွင် သွား၍ လည်ပင်း အယားဖျောက် ရနိုင်သည်။ ထို့ကြောင့် အမ်စတာဒမ် တံဆိပ်ပါသော ပက်ချင်ခွက်၊ သော့ကြိုး နှင့် တီရှပ် တစ်ထည်ကိုသာ အမှတ်တရအဖြစ် ဝယ်ခဲ့သည်။

ထိုဆိုင်မှ ထွက်ပြီး ခြေဦးတည့်ရာ လျှောက်လာခဲ့သည်။ စာအုပ်ဆိုင်တွေ့၍ ဝင်ကြည့်တော့ အပြာစာအုပ်များ ရောင်းသောဆိုင် ဖြစ်နေသည်။ ကျွန်တော့် တစ်သက်တွင် ဤမျှ များပြားသော အပြာစာအုပ်ကို တစ်ခါမှ မတွေ့ဖူးခဲ့။ အရင်တစ်ခေါက် ရွာပြန်တုန်းက မြန်မာပြည်ကို ဒီအချိန် ဘာသွင်းရင် ကိုက်မလဲ ဟုမေးသောအခါ ဘယ်အချိန်ပဲဖြစ်ဖြစ် အပြာစာအုပ်သာသွင်း။ ကိုက်စေရမယ် ဟု ပြန်ဖြေသော ရန်ကုန်မှ ကုန်သည်လုပ်နေသော သူငယ်ချင်းကိုပင် ပြေး၍သတိရမိသည်။

ဘရယ်ဒါသို့ ပြန်မည့်ရထားက ည ၁၁ နာရီခန့်အထိရှိသည် ဟုဆိုသည်။ အချိန်စောနေသေးသဖြင့် မြို့ထဲတွင် လမ်းပတ်လျှောက်နေမိသည်။ သွားရင်လာရင်းနှင့် ဘာညာသာရကာ ပြတိုက်ကို သွားတွေ့ရသည်။ ဖြစ်သည်။ အထဲ ဝင်ကြည့်တော့ စိတ်ဝင်စားစရာ ကောင်းသောအရာတွေ တွေ့ရသည်။ တရုတ်တို့ ရှေးခေတ်မှ ပြုလုပ်ခဲ့သော ကြွေထည်များ၊ ဂျပန်တို့ ထုလုပ်ခဲ့သော ပန်းပုရုပ်များ စသည်ဖြင့် တော်တော်ပင် ရှာရှာဖွေဖွေ စုဆောင်းထားသည်ကို တွေ့ရသည်။ ပြကွက်တစ်ခုမှာ အတော်ပင် ရယ်စရာကောင်းသည်။ ရှေ့တွင် စိတ်ဝင်စားစရာ ပြကွက်တစ်ခု ပြထား၍ ထိုရှေ့တွင် ရပ်လိုက်ပါက နောက်မှ ကိုယ်လုံးတီး မိန်းမ ဝဝ အရုပ်ဆိုးဆိုး အရုပ်ကြီးက ပြေးဖက်သော ပြကွက်ဖြစ်သည်။ ပြတိုက်ထဲတွင် မိန်းကလေးများရှိ၍ ကျွန်တော် မျက်နှာပူနေသော်လည်း သူတို့က မျက်နှာမပူသည့် အပြင် အရုပ်အမျိုးမျိုးတွင် ပို့စ်အမျိုးမျိုး ပေး၍ပင် ဓာတ်ပုံရိုက် နေကြသည်။

ပြတိုက်တွင် ခဏ အချိန်ဖြုန်းပြီးနောက် ၇ နာရီထိုးခါနီးသော အခါမှ ကျွန်တော် ဘူတာရုံသို့ ပြန်၍ရထားစီးခဲ့သည်။ ဘရယ်ဒါပြန်ရောက်တော့ ည ၁၀ နာရီခန့်ရှိပြီဖြစ်သည်။ ဘရယ်ဒါဘူတာရုံမှ ရမ်းသမ်း၍ ကားတက်စီးခဲ့ရာ အုတ်စ်ဟောက်သို့ ပြန်ရောက်သော်လည်း ကျွန်တော်နေထိုင်သော ဟိုတယ်ရှိသည့်နေရာကို အတော်ပင် ရှာလိုက်ရသေးသည်။ ဘာပဲဖြစ်ဖြစ် စိတ်ထဲတွင်တော့ လုပ်ချင်ရာတစ်ခု လုပ်လိုက်ရသည့်အတွက် ကျေနပ်မိသည်။

MRT ဇာတ်လမ်းစုံ

ကြုံတုန်းကြိုက်တုန်း ရယ်စရာပြောတာပါ။ ကာယကံရှင်တွေ ဖတ်မိရင်တော့ မသိချင်ယောင်ဆောင်နေလိုက်ကြပေါ့။

ကျွန်တော့် သူငယ်ချင်းတစ်ယောက် စင်ကာပူရောက်ခါစက ဖြစ်ခဲ့တဲ့ ဇာတ်လမ်းပါ။ အဲဒီအချိန်က သူဘတ်စ်ကားပဲ စီးဖူးပါသေးတယ်။ MRT မစီးဖူးသေးပါဘူး။ အဲဒီနေ့ကတော့ သူ့သူငယ်ချင်းတွေနဲ့အတူ MRT စီးကြပါတယ်။ ဆင်းရမယ့် မှတ်တိုင်ရောက်တော့ သူ့သူငယ်ချင်းက ရှေ့မှတ်တိုင် ဆင်းကြမယ်လို့ လှမ်းပြောပါတယ်။ ဘတ်စ်ကားပေါ်မှာတော့ ရှေ့မှတ်တိုင် ဆင်းမယ်ဆိုရင် ခလုပ်နှိပ်ရတယ် မဟုတ်လား။ အဲဒီတော့ သူလည်း ဘာမပြောညာမပြောနဲ့ အပေါက်ဝနားမှာရှိတဲ့ အရေးပေါ်ခလုတ်ကို ကောက်ပြီး နှိပ်ထည့်လိုက်ပါတယ်။ သူ့စိတ်ထဲမှာတော့ ရထားကို နောက်မှတ်တိုင် ရပ်အောင် ခလုတ်နှိပ်ရမယ် လို့ထင်နေတာကိုး။

MRT လည်း ချက်ချင်း လှိုဏ်ခေါင်းထဲမှာ ရပ်သွားပါတယ်။ ဘေးနားက သူငယ်ချင်းတွေတော့ အားလုံး မျက်လုံးပြူး ကုန်ကြတာပေါ့။ အဲဒီနောက် မကြာခင်မှာ ရထားမောင်းသမားက ရောက်လာပါတယ်။ ဘာကိစ္စနဲ့ အရေးပေါ်ခလုတ်နှိပ်တာလဲ ဆိုတာကို စုံစမ်းဖို့ပါ။ သူတို့ သူငယ်ချင်း အုပ်စုတစ်စုလုံး ရူးချင်ယောင်ဆောင်နေကြပါတယ်။ ဘေးနားကလူတွေကလည်း ဘယ်သူနှိပ်တယ်ဆိုတာကို မပြောကြပါဘူး။ ရထားမောင်းတဲ့သူလည်း လက်သည်မပေါ်တာနဲ့ အောင့်သက်သက်နဲ့ ပြန်သွားပါတယ်။

နောက်အဖြစ်အပျက်တစ်ခုကတော့ ကျွန်တော်နဲ့ အတူနေခဲ့ဖူးတဲ့ အခန်းဖော်တစ်ယောက် ဖြစ်ခဲ့တာပါ။ သူလည်း စင်ကာပူရောက်ရောက်ချင်း ဖြစ်တဲ့ ဇာတ်လမ်းပါပဲ။ အဲဒီတုန်းက အခုလို EZ-Link ကတ်ဒ်တွေ မသုံးကြသေးပါဘူး။ Transit Link ကတ်ဒ်လို့ ခေါ်တဲ့ လန်ဒန် နဲ့ သြစတေးလျက ရထားတွေမှာ သုံးတဲ့ လက်မှတ်လိုပုံစံမျိုး ကတ်ဒ်ကလေးတွေ သုံးကြပါတယ်။ သူ့ကို သူ့သူငယ်ချင်းက ရထားလက်မှတ် တစ်စောင်ဝယ်ပေးပါတယ်။ ကျွန်တော့်သူငယ်ချင်းမှာ ခရီးဆောင်အိတ် တစ်လုံးပါလာတော့ အဲဒီအိတ်ကို ညာဘက်ကနေ ဆွဲလာပါတယ်။ MRT မှာ အထဲဝင်ရမယ့် အချိန်ရောက်တော့ သူ့မှာ ညာလက်မအားလို့ ဘယ်ဘက်ကနေ လက်မှတ်ကို ထိုးထည့်ပါတယ်။ ဘယ်ဘယ်ကနေ လက်မှတ်ထိုးထည့်တော့ ရှေ့တည့်တည့်က တံခါးက မပွင့်ပဲ ဘေးဘက် ဘယ်ဘက်ခြမ်းက တံခါးက ပွင့်သွားတာပေါ့။ အဲဒါကို တံခါးမပွင့်ရ ကောင်းလားဆိုပြီး ကျွန်တော့်သူငယ်ချင်းက တံခါးကို ကျော်ခွပြီး တက်ပါတယ်။ ဘာပြောကောင်းမလဲ။ Alarm တွေ ထမြည်ပါလေရော။ MRT က ဝန်ထမ်းရောက်လာတော့မှ သူ့ကို မသိလို့ ကျော်တက်တာမှန်းသိတော့ တံခါးဖွင့်ပေးလိုက်ပါတယ်။

မယုံရင် ပုံပြင်လို့ မှတ်ပါ။ စမ်းတော့ မကြည့်ကြပါနဲ့။

Monday, November 24, 2008

ထိုနေ့က နဂါးခေါင်း စင်ကာပူသို့ လှည့်သည်

ကျွန်တော်တို့ မြန်မာအယူတွင် နဂါးလှည့်ရာ အရပ်ကို ခရီးမသွားကောင်းဟု ကြားဖူးသည်။ ကျွန်တော် ထိုခရီးကိုသွားစဉ်က နဂါးများ အိပ်ချင်မူးတူးနှင့် စင်ကာပူဘက်ကို လှည့်နေသလားမသိပါ။ ပြသနာပေါင်း မြောက်မြားစွာကို ကြုံတွေ့ခဲ့ရသည်။

ထိုမနက်က မီချီဂန်ပြည်နယ်ရှိ ကာလာမာဇူးလေဆိပ်ကို ရောက်တော့ ကျွန်တော် စိတ်အတော်ပင် ကြည်လင်နေသည်။ အလုပ်အားလုံး ပြီးစီးသည့်အပြင် ၂ရက် ၃ရက် ခန့်ပင် အပိုနေခဲ့သည့်အတွက် ကျွန်တော့်တွင် နောက်ဆံငင်စရာ ဘာမှမရှိတော့ပါ။ စိတ်ချလက်ချပင် အိမ်ပြန်နိုင်ပြီဖြစ်သည်။

လေဆိပ်သို့ ရောက်သည်နှင့် ကျွန်တော့်အကျင့်အတိုင်း ဆေးလိပ်သောက်ရန် အပြင်ထွက်ခဲ့သည်။ ကျွန်တော်၏ ခရီးဆောင်ကွန်ပြူတာ အိတ်ထဲတွင်သာမက အိတ်ကပ်များထဲတွင်ပါ မီးခြစ်တစ်လုံးမျှ ရှာမတွေ့။ အနီးအနားရှိ အမျိုးသမီးကြီး တစ်ဦးထံမှ မီးခြစ်ငှား၍ ဆေးလိပ်မီးညှိရသည်။ ဆေးလိပ်တစ်လိပ် ကုန်အောင် သောက်ပြီးသောအခါမှ ကျွန်တော် လုံခြုံရေးဂိတ်ကို ဖြတ်သန်းခဲ့သည်။ သတ္တုရှာဖွေ ကိရိယာအောက်သို့ ကျွန်တော် ဖြတ်သန်းသော အခါတွင် မည်သည့်အသံမျှ မမည်ပါ။ သို့သော် လုံခြုံရေးများက အိတ်ဇ်ရေး ကိရိယာအောက်မှ ထွက်လာသော ကျွန်တော့်၏ ခရီးဆောင်ကွန်ပြူတာအိတ်ကို ဖွင့်၍ စေ့စေ့စပ်စပ် ရှာဖွေကြသည်။

အိတ်အတွင်းမှ ထွက်လာသည်မှာ ၈ လက်မခန့်ရှည်သည့် ဝက်အူလှည့်တစ်ချောင်းနှင့် ဂတ်စ်မီးခြစ် ၂လုံး။ ကျွန်တော် မျက်လုံးပြူးသွားသည်။ ဤအိတ်ကို အိတ်ဇ်ရေး ဖြတ်သည်မှာ အကြိမ်ပေါင်းများစွာပင်ရှိပြီ။ အလာခရီးတုန်းက စင်ကာပူ ချန်ဂီလေဆိပ်တွင် တစ်ခေါက်၊ တိုကျို နာရီတာလေဆိပ်တွင် တစ်ခေါက်၊ ရှီကာဂို အိုဟဲလေဆိပ်တွင် တစ်ခေါက် ၃ ခေါက်တိတိဖြတ်ခဲ့သည်။ မည်သူမျှ ထိုဝက်အူလှည့်ကို မတွေ့ခဲ့။ အခုမှ ထွက်လာခြင်းဖြစ်သည်။ ဂတ်စ်မီးခြစ် တစ်လုံးကတော့ မနက်ကမှ ကျွန်တော်အိတ်ထဲသို့ ထည့်လိုက်ပြီး ပြန်ရှာမတွေ့ခြင်းဖြစ်သည်။ ကျွန်တော်တော့ ပြသနာ အကြီးအကျယ် တက်ပြီ ဆိုပြီး ခေါင်းနားပန်း ကြီးသွားသည်။ ငါတော့ ဂွာတာနာမို ရောက်ပြီလား မသိဘူးဟုလည်း စိတ်ထဲမှ တွေးမိသည်။ သို့သော်လည်း တော်ပါသေးသည်။ သူတို့က ကားပါလာလျှင် ဝက်အူလှည့်ကို ကားထဲသွားထားပေးမည် ပြောသည်။ ကျွန်တော်က ကားပါမလာကြောင်း ပြောတော့ ဒါဆိုရင် သူတို့ လွှင့်ပစ်လိုက်မည်။ သဘောတူပါသလား ဟု မေးသည်။ သဘောမတူလည်း ယူသွားလို့ရတာမှ မဟုတ်သည်ပဲ။ အဲဒီတော့လည်း လွှင့်ပစ်လိုက်လို့ပဲ ပြောလိုက်ရသည်။ ဂွာတာနာမို မပို့တာပဲ ကျေးဇူးတင်လှပါပြီ။

ကျွန်တော့်ရုံးမှ အမေရိကန် အင်ဂျင်နီယာကတော့ ရယ်နေသည်။ သူလုံခြုံရေးဖြတ်စဉ်က ဒီနေ့တော့ သေသေချာချာစစ်မယ်ဟု သူတို့အချင်းချင်း ပြောနေသံကြားကြောင်း ကျွန်တော့်ကို ပြန်ပြောပြသည်။ ဒါဆို ပုံမှန်အတိုင်းဆိုရင် သေသေချာချာ မစစ်ကြဘူးလားဟု ကျွန်တော်က သူ့ကို ပြန်နောက်ခဲ့သေးသည်။ မကြာမီ လေယာဉ်ပျံ ဆိုက်လာ၍ ကျွန်တော်တို့ လေယာဉ်ပျံပေါ်တက်ခဲ့ကြသည်။



ကာလာမာဇူး လေဆိပ်မှာ လေဆိပ်ငယ်ကလေးတစ်ခု ဖြစ်ပြီး ကိုုယ်ပိုင်လေယာဉ် အများအပြားက အသုံးပြုလေ့ရှိကြသည်။ ကျွန်တော်တို့လေယာဉ်ပျံ ပြေးလမ်းပေါ် မတက်မီ ကိုယ်ပိုင်လေယာဉ်များ ပြေးလမ်းပေါ်တွင် ရှိသောကြောင့် သူတို့ကို ပျံတက်ရန် စောင့်ဆိုင်းပေးရသေးသည်။ တစ်နာရီကျော်မျှ လေယာဉ်စီးပြီးနောက်တွင် ကျွန်တော်တို့ ချီကာဂို အိုဟဲ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့တော့သည်။ အမေရိကန်အင်ဂျင်နီယာက ထိုမှတဆင့် ကျွန်တော်တို့ ရုံးစိုက်ရာဖြစ်သော ကော်လိုရာဒိုပြည်နယ်သို့ ပြန်မည်ဖြစ်သည်။ ကျွန်တော်ကတော့ ယူနိုက်တက် လေကြောင်းလိုင်းဖြင့် ဟောင်ကောင်မှ တဆင့် စင်ကာပူသို့ပြန်ရန် စီစဉ်ထားသည်။

ချီကာဂို အိုဟဲသို့ ရောက်တော့ ကျွန်တော်အပြင်သို့ထွက်၍ အင်တာနေရှင်နယ် တာမင်နယ် သို့ ကူးခဲ့သည်။ မိုးပျံရထားပေါ်မှ တံခါးခြောက်ပေါက် ကားကြီးများကို လှမ်းမြင်နေရသည်။



အင်တာနေရှင်နယ် တာမင်နယ်တွင် ကျွန်တော်၏ လေယာဉ်တက်လက်မှတ်ကို ပြသောအခါ လုံခြုံရေးစောင့်သည့် ကပ္ပလီမ ဝဝကြီးက “ဟန်နီရေ။ မင်းတော့ တာမင်နယ် မှားနေပြီ။ မင်းလေယာဉ်ပျံက တာမင်နယ် ၂ မှာ စီးရမှာ။ ” ဟုပြောသည်။ ကပ္ပလီမကြီးက ဟန်နီလို့ ခေါ်လိုက်သဖြင့် နည်းနည်းကျောချမ်းသွားမိသည်။ စိတ်ထဲတွင်လည်း သွားပြီဟုတွေးလိုက်မိသည်။ ကျွန်တော် ခုနထွက်လာသည်မှာ တာမင်နယ် ၂ ဖြစ်သည်။ ကိုယ့်ဘာသာကိုယ် မမေးမစမ်း လာခဲ့မိသဖြင့် အခု တကွေ့တပတ်ကြီး ပြန်သွားရတော့မည်။ ကျွန်တော့် ခရီးဆောင်အိတ်များ ကာလာမာဇူးမှာ ကတည်းက Check-in လုပ်ပြီး၍သာ တော်တော့သည်။

ကျွန်တော် နာရီဝက်လောက်ကြာအောင် တာမင်နယ် ၂ သို့ ပြန်သွားရသည်။ ကံကောင်းထောက်မ၍ လေယာဉ်ပျံမထွက်မီ အချိန်မီပင် ပြန်ရောက်သွားသည်။



ထို့နောက် လေယာဉ်ပျံပေါ်တက်သည့် အချိန်ထိ ဘာပြသနာမှ မတွေ့ရသေးပါ။ အားလုံး နေရာယူပြီးသော အခါတွင် ပြသနာက စ ပါတော့သည်။ လေယာဉ်ပျံ၏ အနောက်ဖက်မှ ကုန်တင်ပေါက်၏ တံခါးပိတ်မရသဖြင့် လေယာဉ်ပျံ မထွက်နိုင်သေးကြောင်း ကြေငြာသည်။ ခရီးသည်များ အားလုံးအစောပိုင်းတွင် ထိုင်စောင့်သော်လည်း တဖြည်းဖြည်း နှင့် စိတ်မရှည်နိုင်အောင် ဖြစ်လာကြသည်။ အားလုံး ခြေညောင်းလက်ဆန့်ဖြင့် လေယာဉ်ပေါ်တွင် ဟိုဟိုဒီဒီ လျှောက်သွားကြသည်။ လေယာဉ်မှာ ယူနိုက်တက် လေကြောင်းလိုင်းပိုင် ဘိုးအင်း ၇၄၇ လေယာဉ်ပျံဖြစ်သဖြင့် အတော်အတန်တော့ ကျယ်ဝန်းပါသည်။ ကျွန်တော်တို့အားလုံး အရေးပေါ် ထွက်ပေါက်နားတွင် ရပ်၍ စကားပြောသူကပြော နောက်ဖက်ရှိ အစားအသောက် ထားရာအခန်းတွင် ဝင်၍ ကော်ဖီ အအေးသောက်သူက သောက်နှင့် စိတ်မရှည်မှုများကို ဖြေဖျောက်နေကြရသည်။ တစ်နာရီ နီးပါးမျှ ကြာသော အခါတွင် ခရီးသည် အတော်များများက အောက်ဆင်းခွင့် တောင်းကြပါသည်။ သို့သော် လေယာဉ်မှာ အပြည်ပြည်ဆိုင်ရာ ခရီးစဉ်ဖြစ်သဖြင့် အောက်ဆင်းခွင့်တော့ မပေးနိုင်ကြောင်း လေယာဉ််အမှုထမ်းများက အကြောင်းပြန်သည်။ သို့နှင့် လေယာဉ်ပျံပေါ်တွင် တစ်နာရီခွဲကျော်မျှကြာသွားသည်။ ခဏအကြာတွင် လေယာဉ်၏ ကုန်တင်တံခါးပေါက်မှာ ပြင်ဆင်၍ အချိန်မီ မပြီးစီးနိုင်သောကြောင့် လေယာဉ်ပျံ နောက်တစ်စင်းနှင့် လဲလှယ်ပေးမည်ဖြစ်ကြောင်း၊ ခရီးသည်များ နောက်ထပ် တစ်နာရီခွဲအကြာတွင် ဂိတ်၌ ပြန်လည်သတင်းပို့ရန် ကြေငြာသည်။ ကျွန်တော်တို့ အားလုံး အိတ်ကိုယ်စီဆွဲ၍ လေယာဉ်ပေါ်မှ ဆင်းခဲ့ကြသည်။

ထိုအချိန်ထိ ကျွန်တော်နေ့လည်စာ မစားရသေးပါ။ အနီးအနားရှိ ဆိုင်တစ်ဆိုင်သို့ ပြေး၍ အာလူးကြော် နှင့် ကြက်ကြော်ဝယ်၍ အမြန်စားလိုက်ရသည်။ ရသော အချိန်ပိုင်းကလေးအတွင်း လေဆိပ်အပြင်သို့ ထွက်၍ ဆေးလိပ် ၂ လိပ်လောက် အမြန်သောက်လိုက်သေးသည်။ ကျွန်တော် ရောက်ခဲ့ဖူးသော အမေရိကန်ရှိ လော့အိန်ဂျယ်လိစ်၊ ဒင်န်ဗာ၊ ရှီကာဂို နှင့် ကာလာမာဇူး လေဆိပ် ၄ ခုစလုံးတွင် ဆေးလိပ်သောက်ခန်း လုံးဝမရှိပါ။ ဆေးလိပ်သောက်ချင် ပါက လေဆိပ်အပြင်သို့ ထွက်သောက်ရသည်။

တစ်နာရီခွဲခန့် ကြာတော့ လေယာဉ်ထွက်မည့် ဂိတ်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ လေယာဉ်ပျံက အဆင်သင့်မဖြစ်သေး။ နောက်ထပ် နာရီဝက်ခန့် ထပ်စောင့်ပြီးမှ လေယာဉ်ပေါ်သို့တက်ရသည်။ ဒီတစ်ခါ လေယာဉ်ပျံက ယူနိုက်တက်လေကြောင်းလိုင်းမှ လေယာဉ်များ၏ တွေ့နေကျအရောင် အညိုရောင်မဟုတ်ပဲ အဖြူရောင်ဖြစ်နေသည်ကတော့ နည်းနည်း ထူးခြားနေသည်။ ကျွန်တော်တို့ လေယာဉ်ပျံပေါ်တွင် ယခင်ခုံနေရာများအတိုင်း ပြန်လည်နေရာယူကြသည်။ မကြာမီ ခရီးသည်အားလုံး ပြန်ရောက်၍ လေယာဉ်က ဂိတ်မှ ထွက်ခွာခဲ့သည်။ မကြာမီပြေးလမ်းပေါ်သို့ရောက်သည်။ ပြေးလမ်းပေါ်ရောက်၍ တော်တော်ကြာသည်အထိ လေယာဉ်က မတက်နိုင်သေး။ အကြာကြီး ရပ်နေသည်။ ခဏအကြာတွင် လေယာဉ်မှူးမှ လေယာဉ်ပျံ၏ ရေဒါချို့ယွင်းသွားသဖြင့် ဂိတ်သို့ ပြန်လှည့်မည် ဖြစ်ကြောင်း ကြေငြာသည်။ ခရီးသည်အားလုံး စိတ်ပျက်လက်ပျက်ဖြင့် ဟား ဆိုပြီး ဝိုင်းအော်ကြသည်။ လေယာဉ်ဂိတ်သို့ ပြန်ရောက်ပြီးနောက် ရေဒါချို့ယွင်းမှုမှာ သာမန်လျှပ်စစ်ပိုင်း ဆိုင်ရာ ချို့ယွင်းမှုသာ ဖြစ်သဖြင့် ခဏအတွင်း ပြင်ဆင်နိုင်မည် ဖြစ်ကြောင်းကြေငြာသည်။ ခရီးသည်အားလုံးကမူ အယုံအကြည်ရှိပုံ မပေါ်ကြတော့ပေ။

နောက်ထပ် ၄၅ မိနစ်လောက် အကြာတွင် လေယာဉ်က ဂိတ်မှ နောက်တစ်ကြိမ်ခွာသည်။ ခရီးသည်အားလုံး၏ စိတ်ထဲတွင်တော့ လေယာဉ်ပျံ ဘယ်အချိန် ပြန်လှည့်ဦးမလဲဟုသာ တွေးနေကြသည်။ လေယာဉ်ပျံ လေထဲရောက်သည်အထိ ကျွန်တော်လည်း ထိုနည်းအတိုင်းပင် တွေးနေသည်။ ကံကောင်းထောက်မစွာပင် ဒီတစ်ခါတော့ ပြန်မလှည့်တော့။ လေဆိပ်တွင် နှောင့်နှေးခဲ့သည်မှာ စုစုပေါင်း ၆ နာရီခန့်ကြာသည်။ ညနေ ၅ နာရီခန့် ဟောင်ကောင်သို့ ဆိုက်ရောက်ရမည့် လေယာဉ်သည် ည ၁၁ နာရီကျော်မှပင် ဟောင်ကောင် လေဆိပ်သို့ ဆိုက်ရောက်တော့သည်။ ဟောင်ကောင် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လေယာဉ်ပျံဆင်းလိုက် သည်နှင့် ကျွန်တော်တို့အားလုံး ကြိုတင်တိုက်မထားပဲ လက်ခုပ်တီး၍ ဟေးဆိုပြီး ဆူညံစွာအော်ဟစ် အောင်ပွဲခံကြတော့သည်။ အမှန်တကယ်တော့ ဇာတ်လမ်းက ဒီမှာ မပြီးသေးကြောင်း ကျွန်တော်တို့ မသိခဲ့။

စင်ကာပူသို့ သွားမည့်လေယာဉ်ပျံမှာ ကျွန်တော်တို့ လေယာဉ်မှ ခရီးသည် အများစု ပြောင်းလဲ စီးနင်းလိုက်ပါ ကြမည် ဖြစ်သဖြင့် မထွက်သေးဘဲ ကျွန်တော်တို့ လေယာဉ်ကို စောင့်နေသည်။ ထိုလေယာဉ်မှာလည်း ၄ နာရီမျှ အချိန်ရွှေ့ထားပြီး ဖြစ်သည်။ ဟောင်ကောင် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်တော့ ဆေးလိပ်သောက်ခန်း ရှိသဖြင့် လေယာဉ်တစ်စင်းမှ တစ်စင်းသို့ အကူးအပြောင်းတွင် ဆေးလိပ် ၂ လိပ်လောက် အမြန်ရှူသွင်း ခဲ့သေးသည်။ ဆေးလိပ်သောက်တတ်သူ တစ်ယောက်၏ ဒုက္ခက မသေးလှပေ။

လေယာဉ်ပျံပေါ်သို့ မတက်ခင် တံခါးဝတွင် လုံခြုံရေးများ စောင့်နေကြပြီး ခရီးသည်များထဲမှ ကျပန်းရွေးချယ်၍ ရှာဖွေရေးလုပ်နေကြသည်။ ကျွန်တော် လေယာဉ်ပျံပေါ်တက်တော့ ခရီးသည် တစ်ဝက်ပင် လေယာဉ်ပျံပေါ်သို့ မရောက်ကြသေးပေ။ ရှီကာဂိုမှနေ ဟောင်ကောင်အထိ အလယ်ခုံတွင် စီးလာရသော်လည်း ဒီတစ်ခါတော့ ပြတင်းပေါက်ခုံတွင် နေရာရသည်။ ခရီးသည်တွေက လေယာဉ်ပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် တက်လာကြသည်။ သို့သော် မကြာမီတွင်ပင် ဟောင်ကောင်လေဆိပ်မှ လုံခြုံရေးဝတ်စုံများဖြင့် လူတစ်စု လေယာဉ်ပေါ်တက်လာသည်ကို တွေ့ရသည်။ ထို့နောက် လေယာဉ်မယ်တစ်ဦးက ခရီးသည်တစ်ဦးအား လုံခြုံရေး စစ်ဆေးရာတွင် ထိုခရီးသည်က ဒေါသထွက်ထွက်ဖြင့် ငါ့မှာ ဗုံးပါလာတယ် ဟု ပြောသဖြင့် တာဝန်အရ လေယာဉ်ပျံကို အသေးစိတ် ရှာဖွေရမည် ဖြစ်ကြောင်း ကြေငြာသည်။ ဒေါသထွက်သူကိုလည်း အပြစ်မဆိုချင်ပါ။ ကျွန်တော်တို့ အားလုံးလည်း သူ့လိုပင် ကျွဲမြီးတိုနေပြီဖြစ်သည်။ လေယာဉ်ပျံ ၆နာရီ နှောင့်နေးပြီး တက်လိုက်ဆင်းလိုက် ကြုံလာခဲ့ရသော ဒုက္ခမှာ အတော်ပင် မသေးလှပါ။

ဟောင်ကောင်လုံခြုံရေးများ လေယာဉ်ပျံကို တစ်နာရီကျော်မျှ ရှာဖွေပြီး စိတ်ကျေနပ်မှုရမှ ဆင်းသွားကြသည်။ ကျွန်တော်တို့ ဟောင်ကောင်မှ ည ၈ နာရီထွက်ခွာရန် ပြင်ဆင်ထားသော လေယာဉ်သည် ည ၂ နာရီခန့်တွင် မှ ဟောင်ကောင်မှ ထွက်ခွာခဲ့ရသည်။ ကျွန်တော်နှင့် ကျွန်တော့် နံဘေးတွင် ထိုင်သော စင်ကာပူနိုင်ငံသူ တရုတ်မလေးတို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်သည် နှင့် ရယ်မိကြသည်။ သူလည်း ကျွန်တော့်လိုပင် ရှီကာဂိုကတည်းက စိတ်ပင်ပန်းခဲ့ရသည် မဟုတ်လား။

စင်ကာပူကို ညသန်းခေါင် ဆိုက်ရောက်ရမည့် လေယာဉ်သည် နောက်တစ်နေ့ မနက် ၆ နာရီခန့်တွင်မှ ဆိုက်ရောက်ခဲ့သည်။ ကျွန်တော်တို့ လေယာဉ်ပျံသည် ပုံမှန်ဆိုက်ရောက်ချိန် ရောက်ရှိခြင်းမဟုတ်သဖြင့် အကောက်ခွန်ဝန်ထမ်းများ အသင့်မရှိကြ။ အရသာမတူ၍ သောက်ချင်လွန်းလှသဖြင့် ရှီကာဂို လေဆိပ် အခွန်လွတ်ဆိုင်မှ ဝယ်လာခဲ့သော မာလ်ဘိုရို တစ်တောင့်မှာ အကောက်ခွန်မပေးလိုက်ရပဲ အိတ်အတွင်းပါလာခဲ့လေသည်။

Sunday, November 23, 2008

ဘားဒေါ့ဖ် ရဲ့ ညနေ

ညရှစ်နာရီထိုးခါနီးပေမယ့် နေသာနေတုန်းပဲ။ မနက်ငါးနာရီကနေ ညကိုးနာရီကျော်အထိ နေသာတဲ့ နေရာကို ကျွန်တော်ပထမဆုံးအကြိမ်တွေ့ဖူးခြင်းပါ။ ကောင်းကင်မှာ တိမ်လည်းနည်းတော့ ကောင်းကင်တစ်ခုလုံး ကြည်လင်ပြီး တောက်ပနေတယ်။ သနပ်ခါးလိမ်းမထားတဲ့ မိန်းမပျိုကလေး တစ်ယောက်ရဲ့ ပါးပြင်လိုမျိုးပေါ့။ ကြည့်ရတာ အရမ်းကို ရှင်းလင်းပြီး ချောမွတ်နေတယ်။ ကောင်းကင်ပေါ်ကို ထိုးစိုက်တက်သွားတဲ့ ဒါမှမဟုတ် ထိုးစိုက်ဆင်းလာတဲ့ ဂျက်လေယာဉ်ပျံတွေရဲ့ မီးခိုးတန်းတွေကိုပဲ ဟိုတစ်စ သည်တစ်စ တွေ့နေရတယ်။

မိုးမျှော်တိုက်တွေ မရှိတဲ့ ပတ်ဝန်းကျင်ဟာ စိတ်ကို လန်းဆတ်စေတာ အမှန်ပါပဲ။ ကျွန်တော်အခုရောက်နေတဲ့နေရာက ဂျာမနီနိုင်ငံ ဟန်အိုဗာ (Hanover) မြို့နဲ့ မနီးမဝေးမှာရှိတဲ့ ဘားဒေါ့ဖ် (Burgdorf) လို့ခေါ်တဲ့ မြို့ငယ်ကလေး တစ်မြို့ပါ။ ဟန်အိုဗာမြို့ဆိုတာကတော့ ကမ္ဘာကျော် စကော့ပီယန် (Scorpion) တေးဂီတအဖွဲ့ စတင်သနေ္ဓတည်ခဲ့တဲ့ မြို့ကလေးတစ်မြို့ပါ။

လမ်းမကြီးပေါ်မှာ ကားတွေတစ်စင်းပြီး တစ်စင်းဖြတ်မောင်းသွားနေကြတယ်။ များသောအားဖြင့် ဘီအမ်ဒဗလျူ ၊ မာစီဒီး၊ ဗောက်စ်ဝက်ဂွန်နဲ့ အော်ဒီ ကားအမျိုးအစားတွေချည်းပါပဲ။သူတို့ဒေသက ထုတ်တဲ့ကားတွေမို့ ပေါပေါများများ မြင်ရတာ အထူးအဆန်းတော့ မဟုတ်ပါဘူး။ ထူးဆန်းနေတာက တစ်ချို့ကားတွေရဲ့ နောက်မှာချိတ်ထားတဲ့ ကုန်တင်တဲ့ နောက်တွဲတွေနဲ့ လူနေတဲ့ ကာရာဗင်တွေပါ။ ကာရာဗင်ဆိုတာက ခရီးသွားတဲ့အခါ ကားနောက်မှာချိတ်ဆွဲသွားပြီး ရောက်တဲ့နေရာမှာ ညအိပ်ရပ်နားလို့ရအောင် ဒါမှမဟုတ် ချက်ပြုတ်စားသောက်လို့ရအောင် တပ်ထားတဲ့ နောက်တွဲယာဉ်တစ်မျိုးပါ။ ဒီလိုနောက်တွဲယာဉ်တွေ ကျွန်တော်တို့ဆီမှာ သုံးလေ့သုံးထမရှိကြဘူး မဟုတ်လား။ ကျွန်တော် ပထမဆုံးအခေါက် ရောက်တုန်းကဆိုရင် ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကို သူ့ကားရဲ့နောက်က ချိတ်ကြီးက ဘာလုပ်ဖို့လဲလို့တောင် မေးဖူးပါသေးတယ်။

လမ်းဘေးပလက်ဖောင်းပေါ်မှာ လမ်းလျှောက်နေတာက ကျွန်တော်တစ်ယောက်တည်း။ ကားပေါ်ကလူတွေက ကျွန်တော့်ကို အထူးအဆန်းအနေနဲ့ တစ်ချက်တစ်ချက် လှမ်းကြည့်သွားကြတယ်။ ဟုတ်မှာပေါ့လေ။ ဒီနေရာမှာ အာရှသား ဆိုတာကလည်း မြင်ရခဲမဟုတ်လား။ ကျွန်တော်သွားနေကြ တရုတ်စားသောက်ဆိုင် ကလွဲရင် တစ်ခြားနေရာမှာ အာရှသားကို တွေ့ရတာမှ မဟုတ်တာ။ အဲဒီတော့လည်း ထူးဆန်းလို့ကြည့်တာ သူတို့အလွန်တော့မဟုတ်ပါဘူး။

ကျွန်တော်အလုပ်သွားရတဲ့ စက်ရုံနားမှာ တရုတ်စားသောက်ဆိုင်တစ်ဆိုင်ရှိပါတယ်။ အဲဒီမှာ ခေါက်ဆွဲကြော်၊ ထမင်းကြော်၊ ဘဲကင်ကနေစပြီး တရုတ်ဟင်းအမျိုးမျိုးရပါတယ်။ ဆိုင်မှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးကြီးကတော့ ကန်တုန် တရုတ်စကား ပြောပါတယ်။ ကျွန်တော် တတ်သလောက်မှတ်သလောက် မန်ဒရင် တရုတ်စကားနဲ့သူ့ကို ပြောကြည့်တာ သူနားမလည်ပါဘူး။ တစ်ခြားတစ်ယောက် ကလည်း ဗီယက်နမ်က ဆိုတော့ တရုတ်လိုမတတ်ပါဘူး။ ဆိုင်က အစားအသောက်စာရင်းက အင်္ဂလိပ်လိုရေးထားတာ ကျွန်တော့်အတွက် ကံကောင်းပါတယ်။ တစ်ယောက်စာ ခေါက်ဆွဲကြော်တစ်ပွဲကို မြန်မာငွေနဲ့ တစ်သောင်းခွဲလောက်ပေးပြီးစားရတာ ကျွန်တော့်တစ်သက်မှာ ဒါပထမဆုံးပါပဲ။ အေးလေ၊ သူတို့ဒေသမှာ ကုန်ကြမ်း၊ နေရာနဲ့ အလုပ်သမားခက ဈေးကြီးတယ်မဟုတ်လား။

ကျွန်တော်လမ်းလျှောက်လာရင်း အနီးအနားတစ်ဝိုက်ကို မျက်စိကစားကြည့်မိတယ်။ ဘေးပတ်ဝန်းကျင်က လယ်ကွင်းတွေထဲမှာ လူသူအရိပ်အရောင်ကင်းမဲ့နေတယ်။ လယ်ကွင်းတွေက စိုက်ပျိုးဖို့ တာစူနေတုန်း ထင်တယ်။ ထွန်ကြောင်းတွေပဲမြင်ရတယ်။ မင်းခိုက်စိုးစန်ရဲ့ ကဗျာတစ်ပုဒ်ထဲက 'ရင်ဘတ်ကို သံဘရပ်ရှ်ကြမ်းကြမ်းနဲ့ ကုတ်ခြစ်ထားသလိုပ' ဆိုတဲ့ စာသားကို သွားသတိရမိသေးတယ်။ ဟုတ်တယ်။ ထွန်ကြောင်းတွေ ကြည့်ရတာ သံဘရပ်ရှ်နဲ့ ခြစ်ခံထားရတဲ့ ရင်ဘတ်တစ်ခုလိုပဲ။

လယ်ကွင်းတစ်ခုထဲမှာ အလိုအလျောက်ရေဖြန်းတဲ့စက်တစ်လုံးက ပတ်ပတ်လည်လှည့်ပြီး ရေဖြန်းနေတာပဲတွေ့ရတယ်။ အရပ်မျက်နှာစုံအောင် လှည့်ပြီးပစ်နေတဲ့ အမြောက်တစ်လက်လိုပဲ။ ရေပိုက်ခေါင်းထဲကရေက အဖက်ဖက်ကိုလှည့်ပြီး ပန်းထုတ်နေတယ်။ ပလက်ဖောင်းပေါ်ကနေ လှမ်းကြည့်ရင်း ကျွန်တော်နဲ့ ရင်နှီးတဲ့ မြန်မာနိုင်ငံက လယ်ကွင်းတွေကို သတိရမိသလိုပဲ။

လမ်းရဲ့တစ်ခြားဘက်မှာတော့ လယ်ကွက်အလွတ်ထဲမှာ အလေ့ကျအပင်တွေ အပြိုင်းအရိုင်း ပေါက်နေတာ တွေ့ရတယ်။ ကျွန်တော်နဲ့ မရင်းနှီးတဲ့ ပန်းဝါဝါလေးတွေ အများကြီးပဲ။ အဲဒီလိုပဲ အပွင့်မရှိ အရွက်မရှိတဲ့ ရိုးတံပြိုင်းပြိုင်းနဲ့ အပင်တွေလည်း ဟိုတစ်စ သည်တစ်စ ထိုးထိုးထောင်ထောင်နဲ့ တွေ့နေရတယ်။ ကျိုးတိုးကျဲတဲ ပေါက်နေတဲ့ မုတ်ဆိတ်မွေး နှုတ်ခမ်းမွေးတွေလိုပဲ။

လယ်ကွင်းတွေကို ကျော်လာပြီးတော့ လူနေအိမ်တွေနားရောက်လာတယ်။ ဒီဒေသကလူနေအိမ်တွေက ဥရောပမှာ မြင်တွေ့နေကျ အိမ်ပုံစံမျိုးတွေပါပဲ။ အမိုးရှည်ရှည်နဲ့ တစ်ထပ်သို့မဟုတ် နှစ်ထပ်အိမ်ကလေးတွေ။ အမိုးရှည်ရှည် ဆောက်ထားတာက ခေါင်မိုးပေါ်မှာ နှင်းတွေ တင်မကျန်ရစ်အောင်လို့ ဆိုတာတော့ ကြားဖူးတယ်။ တစ်ချို့ အိမ်တွေရဲ့ နံရံမှာ ခေါင်မိုးအထိ နွယ်ပင်ကလေးတွေ အတန်းလိုက် အတန်းလိုက်တွယ်တက်နေကြတယ်။ အိမ်တိုင်းမှာ ခါးထက်နိမ့်တဲ့ သစ်သားခြံစည်းရိုး ပုပုကလေးတွေ ဒါမှမဟုတ်ပန်းရုံကလေးတွေနဲ့ ကာထားကြတယ်။

လမ်းမပေါ်မှာ ကျွန်တော်တစ်ယောက်တည်းမဟုတ်တော့ဘူး။လမ်းတစ်လျှောက်မှာ စက်ဘီးစီးနေတဲ့ ကလေးလူကြီးတွေ လမ်းလျှောက်ထွက်နေကြတဲ့ ယောကျာ်းမိန်းမတွေ မကြာခဏတွေ့လာရတယ်။ မနက်ဖြန်ရုံးပိတ်ရက်ဆိုတော့ တွေ့သမျှ လူတွေအားလုံးကို ကြည့်ရတာ လွတ်လပ်ပေါ့ပါးနေသလိုပဲ။ ဒီနိုင်ငံမှာ ဥပဒေအရ အစိုးရရုံးပိတ်ရက်နဲ့ တနင်္ဂနွေနေ့တွေမှာ ဘယ်စက်ရုံအလုပ်ရုံမှ အလုပ်လုပ်ခွင့်မရှိပါဘူး။ စနေနေ့မှာ အချိန်ပို အလုပ်လုပ်ချင်ရင်တောင်မှ အလုပ်သမားသမဂ္ဂရဲ့ ခွင့်ပြုချက်ရမှ အလုပ်လုပ်ခွင့်ရှိပါတယ်။
ဒီနေ့စနေနေ့ ဆိုတော့ စက်ရုံထဲမှာ ကျွန်တော်အပါအဝင် လူဆယ်ယောက်လောက်ပဲ ရှိပါတယ်။ ထုတ်လုပ်ရေးပိုင်းမှာ ကျွန်တော်နဲ့အတူ အခြားကုမ္ပဏီတစ်ခုက အလုပ်လာလုပ်တဲ့ အင်ဂျင်နီယာ ၃ယောက်ပဲရှိပါတယ်။ ကျွန်တော်တစ်ယောက်တည်း ကျွန်တော့်ကုမ္ပဏီက စက်နဲ့ လုံးပန်းနေရတာဆိုတော့ ကျွန်တော့်ရဲ့ လုံခြုံရေးအတွက် လူသေခလုတ် (Dead Man Switch) လို့ အမည်ရတဲ့ ကိရိယာတစ်ခု ပေးထားပါတယ်။ အဲဒီကိရိယာက ကျွန်တော့်ရဲ့ ရင်ဘတ်မှာ ချိတ်ထားရပြီး အမြဲတမ်း အတည့် အနေအထားမှာ ရှိနေရပါတယ်။ အကယ်၍ အဲဒီကိရိယာဟာ တစ်စောင်း အနေအထားမှာ စက္ကန့် ၃၀ ထက်ပိုပြီး ရှိမယ်ဆိုရင် စက်ရုံရဲ့ လုံခြုံရေးဌာနမှာ အချက်ပေးခေါင်းလောင်းမြည်ပါတယ်။ နှလုံးရောဂါကြောင့် ဒါမှမဟုတ် အကြောင်း တစ်စုံတစ်ခုကြောင့် လဲကျသွားခဲ့ရင် အကူအညီ အချိန်မီ ရာက်လာနိုင်ဖို့အတွက် စီစဉ်ပေးထားတာ ဖြစ်ပါတယ်။သူတို့နိုင်ငံတွေရဲ့ လူသားတစ်ယောက်အပေါ် အလေးထားမှုဟာ ကျွန်တော်တို့ အာရှနိုင်ငံတွေအတွက် အတုယူစရာပါ။

ကျွန်တော့် အနောက်ဘက်ကနေ ကလေးနှစ်ယောက်စက်ဘီးနဲ့ ကျော်တက်သွားရင်း ကျွန့်တော့်ကို ဟေး လို့ အော်ပြီးနှုတ်ဆက်သွားတယ်။ ကျွန်တော်လည်း ဟေး လို့ ပြန်နှုတ်ဆက်ရင်း ပြုံးပြ လိုက်တယ်။ ကျွန်တော့်စိတ်ထဲမှာ ပျော်သွားသလိုပဲ။

ဥရောပသားတွေက ကျွန်တော်ဖတ်ဖူးကြားဖူးသလို ဟိတ်ကြီးဟန်ကြီးတွေ မဟုတ်ကြပါဘူး။ မနက်ခင်းမိုးလင်း မနက်စာစားတဲ့ အချိန်ကနေစပြီး တောက်လျှောက် သိသိမသိသိ တစ်ယောက်နဲ့ တစ်ယောက်နှုတ်ဆက်ကြတာ သူတို့ရဲ့ ယဉ်ကျေးမှုပါပဲ။ ဒါပေမယ့် အတော်များများက သူတို့ဘာသာစကားကိုပဲ ပြောကြတာဆိုတော့ စကားပြောရတာ အခက်အခဲတော့ ရှိတာပေါ့။ ကိစ္စမရှိပါဘူး။ ရောမရောက်တော့လည်း ရောမလိုကျင့်ရုံပေါ့။ ဥရောပရောက်တော့လည်းသူတို့စကားကို တတ်သမျှမှတ်သမျှ လိုက်ပြောရုံပေါ့။ သူက ဂွဒ်မော်ဂန် ဆိုတော့ ကိုယ်ကလည်း ဂွဒ်မော်ဂန်ပေါ့။ သူက ဘိုနာပတိ ဆိုတော့ ကိုယ်ကလည်း ဘိုနာပတိပေါ့။ သူက ဂရားဆိရ ဆိုတော့ ကိုယ်ကလည်း ဂရားဆိရပေါ့။

စက်ရုံကနေ ဟိုတယ်ကိုရောက်ဖို့ နာရီဝက်နီးနီးလောက်လျှောက်ရတယ်။ တက်စီငှားရင် သိပ်ဈေးမကြီးပေမဲ့ ညနေဖက်လမ်းလျှောက်ချင်လို့ တမင်လမ်းလျှောက်ပြန်လာတာပါ။ ဒါပေမယ့် ဝေါ့ကင်းရှူး စီးမထားတာက တစ်ကြောင်း ခရီးဆောင်ကွန်ပြူတာ ထည့်တဲ့အိပ်ကို ဆွဲနေရတာက တစ်ကြောင်းကြောင့် နည်းနည်းတော့ ပင်ပန်းတယ်။ ဒါပေမယ့် လမ်းလျှောက်နေရတဲ့ အရသာကို ၁၃နာရီလောက် မရပ်မနားပျံနေတဲ့ လေယာဉ်ပျံပေါ်မှာ ထိုင်နေဖူးတဲ့သူ ဒါမမဟုတ် ထိုင်ခုံမဲ့ခရီးသည်တွေ ပြည့်နေတဲ့ ရထားကို ရိုးရိုးတန်းက စီးဖူးတဲ့သူ ဆိုရင် ခံစားတတ်မှာပါ။

ရှေ့ကို နောက်ထပ်ဆယ့်ငါးမိနစ်လောက် လျှောက်လာတော့ ကျွန်တော်နေတဲ့ ဟိုတယ်နားရောက်လာတယ်။ ဒီညကို ဘယ်လိုအချိန်ဖြုန်းရမလဲ ဆိုတာ မစဉ်းစားရသေးဘူး။ အင်တာနက်သုံးလို့မရတဲ့ ဟိုတယ်မှာနေရတဲ့အခါမှာ အချိန်ကိုဘယ်လိုကုန်အောင်သုံးမလဲ စဉ်းစားရတာကလည်း ပြသနာတစ်ခုပါပဲ။ ရုပ်မြင်သံကြားဖွင့်ကြည့်တော့လည်း သူတို့ဘာသာစကားကို တစ်လုံးမှနားမလည်တော့ ဘာမှမထူးပါဘူး။

ကျွန်တော် ဟိုတယ်ကနေ နာရီဝက်လောက်နားပြီး ပြန်ထွက်လာခဲ့တယ်။ ဘာမှ လုပ်စရာမရှိတာကတော့ အဓိကအကြောင်းရင်းပါ။ ကျွန်တော့်ဟိုတယ်ကနေ ဆယ့်ငါးမိနစ်လောက် လမ်းလျှောက်ရင် မြို့လယ်ခေါင်လို့ ပြောလို့ရတဲ့နေရာကို ရောက်တယ်။ မြို့လယ်ခေါင်လို့သာ ပြောရတာပါ။ ဆိုင်နည်းနည်းပါးပါးကလွဲရင် ဘာမှမရှိပါဘူး။ ဒီမြို့မှာ အမြင့်ဆုံးတိုက် ကမှ လေးငါးထပ်လောက်ရှိတာ။

မြို့လယ်မှာ ကော်ဖီဆိုင်တစ်ချို့တစ်လေတော့ ရှိတယ်။ ကပူရှီနို တစ်ခွက်လောက် သောက်ရင်း နာရီဝက် တစ်နာရီလောက် အချိန်ဖြုန်းရရင်လည်း မနည်းဘူးပေါ့။ ဒါပေမယ့် ဒီနေ့တော့ နည်းနည်းထူးခြားနေသလိုပဲ။ လူတွေ တော်တော်များများ တွေ့နေရတယ်။ ပုံမှန်အတိုင်းဆိုရင် ဒီနေရာမှာလည်း လူသွားလူလာ အတော်နည်းပါတယ်။ ခဏနေတော့ မြို့လယ်မှာ လူစည်ရတဲ့ အကြောင်းရင်းကို ကျွန်တော်သိလိုက်ရတယ်။

ဒီနေ့ အမေရိကန် အဆိုတော် ဂျွန်ဘွန်ဂျိုဗီကို ရည်စူးပြီးလုပ်တဲ့ ဂီတဖျော်ဖြေပွဲ ရှိတယ်လေ။ ဘွန်ဂျိုဗီ မသေသေးပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ဆီက စိုးလွင်လွင်အမှတ်တရတို့ ဗဒင်အမှတ်တရတို့လိုမျိုး အခွေထုတ်ပြီး ပိုက်ဆံရှာတဲ့ ပွဲလည်း မဟုတ်ပါဘူး။

ကျွန်တော် လမ်းထိပ်တစ်ခုကိုရောက်တော့ လမ်းထဲမှာ လူတွေ စုစုရုံးရုံးလှမ်းတွေ့လိုက်ရတယ်။ သီချင်းသံလည်း လမ်းထဲမှာ ကြားနေရတယ်။ ဒီနေရာဟာ ပွဲရှိတဲ့နေရာပဲဆိုတာ ကျွန်တော်တပ်အပ်သိလိုက်တယ်။ ဟင်းလင်းပြင်မှာ စင်တစ်ခုထိုးထားပြီး အခမဲ့ဖျော်ဖြေပွဲ လုပ်နေတာပါ။

ကျွန်တော်လည်း စိတ်ဝင်တစ်စားနဲ့ လမ်းထဲကို ချိုးဝင်လိုက်တယ်။ ပထမဆုံး တွေ့ရတာကတော့ တိုင်ကွယ်ပြီး အပေါ့သွားနေတဲ့လူတစ်ယောက်ပါ။ သူတို့ဆီမှာလည်း ငါတို့ မြန်မာနိုင်ငံ မှာလိုပါပဲလားလို့တွေးပြီး ပြုံးလိုက်မိတယ်။ လမ်းထဲမှာတွေ့ရတာက နည်းတဲ့လူအုပ်ကြီး မဟုတ်ဘူး။ ညနေညနေ စည်တယ်လေ စည်တယ်လေပေါ့။ အခုကြားနေရတဲ့ သီချင်းသံကတော့ ဘွန်ဂျိုဗီရဲ့ နာမည်ကြီးသီချင်းဖြစ်တဲ့ 'အမြဲတမ်း' ဆိုတဲ့သီချင်းပါ။

'ငါလေမင်းကို ချစ်နေမယ် အမြဲတမ်း။ ငါအဲဒီနေရာမှာ ထာဝရထက် တစ်ရက်ပိုပြီးရှိနေမယ်။ အဲဒီနေရာမှာ ကြယ်တွေမလင်းတဲ့အထိ ကောင်းကင်ဘုံ ပေါက်ကွဲသွားတဲ့အထိ စကားလုံးတွေ ကာရန်မဲ့သွားတဲ့အထိ ငါမင်းကို အမြဲတမ်းချစ်နေမယ်။' ဆိုတဲ့စာသားဟာ အတော်ကို ပြောင်မြောက်လှပတဲ့ စာသားပါ။ဒါပေမယ့် သူများနောက်ပါသွားတဲ့ ရည်းစားကို တမ်းတပြီးဆိုတဲ့ သီချင်းမို့ ကျွန်တော့်အတွက်တော့ အပြည့်အဝ ခံစားလို့ မရတာ အမှန်ပဲ။ ဟုတ်တယ်လေ။ ကိုယ့်မကြိုက်လို့ သူများနောက်ပါသွားတဲ့ ရည်းစားကို စာဖွဲ့ပြီး လွမ်းပြနေစရာ ဘာအကြောင်းမှမရှိပါဘူး။

လူအုပ်ကြားထဲကနေ တိုးဝှေ့ရင်း ကျွန်တော်သီချင်းဆိုတဲ့ စင်မြင့်နားရောက်လာတယ်။ စင်ပေါ်မှာ သီချင်းဆိုနေတဲ့လူကတော့ ဆံပင်ကို ရွှေရောင်ဆိုးထားပြီး အလယ်ခွဲ ညှပ်ထားပါတယ်။ ဘွန်ဂျိုဗီနဲ့မတူတာက သူ့ရဲ့ဗလပါ။ ဘွန်ဂျိုဗီကတော့ သူ့လောက်ဗလမတောင့်ရှာပါဘူး။ စင်ရှေ့မှာ အသက် ၃၀ ကျော် ၄၀လောက်ရှိတဲ့ စုံတွဲတစ်တွဲက တွဲကနေကြပါတယ်။ တစ်ခြားမိန်းကလေးတွေလည်း စင်ရှေ့မှာ အပြီအပြင်ကနေကြပါတယ်။ ဥရောပနဲ့အာရှ အဓိကကွဲခြားချက်ကတော့ သူတို့ဟာ အလုပ်လုပ်ရင် အပြီအပြင်လုပ်ကြပြီး ကဲရင်လည်း အပြီအပြင်ကဲကြပါတယ်။ Work Hard Play Hard လို့ ပြောကြတာပေါ့။

တီးဝိုင်းက အကောင်းစားကြီးတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ဆီက သူရဲကောင်းလေးများ တေးဂီတရဲ့ ခြေဖျားတောင်မှီအောင်မတီးနိုင်ပါဘူး။ ဘာပဲပြောပြော အပျော်တမ်းတီးတဲ့သူတွေ ဆိုတော့ အသက်မွေးဝမ်းကြောင်းတီးတဲ့သူတွေလောက် မကောင်းတာတော့ နားလည်ပါတယ်။

အမြဲတမ်း သီချင်းကတော့ ပြီးသွားပါပြီ။ နောက်ထပ် ကျွန်တော်ထပ်ပြီး နားထောင်ခဲ့ရတဲ့ သီချင်းတွေကတော့ 'ယုံကြည်သက်ဝင်မှုကို ထိန်းသိမ်းထားပါ'၊ 'နှင်းဆီမွေ့ရာ'၊ 'ဒါငါ့ဘဝပဲ'၊ 'မင်းရဲ့လက်တွေနဲ့ ငါ့ကိုလွှမ်းခြုံထားပါ' အစရှိတဲ့ ဘွန်ဂျိုဗီရဲ့ နာမည်ကြီးသီချင်းတွေပါ။ သီချင်းတစ်ပုဒ်ဆိုရင် ဘွန်ဂျိုဗီရဲ့ သီချင်းမှန်း ကျွန်တော်မသိပါဘူး။ Rဇာနည် မြန်မာလိုဆိုထားတာတော့ ကြားဖူးပါတယ်။

ကျွန်တော်လည်း ဘီယာတစ်ခွက်ဝယ်ပြီး သီချင်းသံနဲ့အတူစီးမျောနေမိပါတယ်။ ဘီယာက အတော်က ိုပြင်းပါတယ်။ အလုပ်ပင်ပန်းလို့လဲ ဖြစ်နိုင်ပါတယ်။ တစ်ခွက်တည်းနဲ့ အတော်ကို ထိပါတယ်။ လူအုပ်ထဲမှာ လူတွေတော်တော်များများ ဘီယာခွက်ကိုယ်စီနဲ့ စကားပြောတဲ့သူကပြော သီချင်းလိုက်ဆိုတဲ့သူကဆို ကတဲ့သူက က နဲ့ အားလုံးပျော်နေကြတယ်။ ဒီမှာ အသက် ၄၀ ကျော် ၅၀ အရွယ်တွေလည်း ဘွန်ဂျိုဗီကို ရင်းနှီးကြပါတယ်။ အားလုံးလိုလို သီချင်းလိုက်ဆိုနေကြတာကို တွေ့ရတယ်။ ကျွန်တော့်ရှေ့က အသက်ငါးဆယ်ကျော် လူကြီးတစ်ယောက်ဆိုရင် လက်သီးလက်မောင်းတန်းပြီး လာသမျှသီချင်း အကုန်လိုက်ဆိုနေတာတွေ့ရပါတယ်။

အသက် ဆယ့်လေးငါးနှစ်အရွယ် ချာတိတ်မတွေလည်း စင်ရှေ့မှာ ကနေကြပါတယ်။ ယောကျာ်းလေး အများစုကတော့ သီချင်းလိုက်ဆိုတာကလွဲရင် မကကြပါဘူး။

ညဆယ့်နှစ်နာရီခွဲ မှ စတိတ်ရှိုးပြီးပါတယ်။ လူအများစုကတော့ မပြန်ကြသေးပါဘူး။ ဆက်ပြီး စကားပြောနေတုန်းပါပဲ။ ကျွန်တော့် အတွက်တော့ စကားပြောဖော်မရှိတော့ ဆက်နေလည်း မထူးပါဘူး။ အဲဒီလိုနဲ့ ဟိုငေးသည်ငေးလမ်းလျှောက်ရင်း ဟော်တယ်ကို ပြန်ရောက်လာပါတယ်။ ကျွန်တော့် စိတ်ထဲမှာတော့ စတိတ်ရှိုးကြည့်ပြီးတိုင်းဖြစ်တတ်တဲ့ ခံစားမှုတစ်ခုပါလာပါတယ်။ ဂစ်တာတီးပြီး သီချင်းအော်ဆိုချင်တာပါ။ ဒါပေမယ့် ကျွန်တော့်ရဲ့ ဂစ်တာနဲ့ ကျွန်တော်နဲ့က မိုင်ပေါင်းထောင်ချီပြီး ဝေးနေတယ်လေ။ ဘယ်တတ်နိုင်မလဲ။ အခန်းပြန်အိပ်ရုံပဲရှိတာပေါ့။

Saturday, November 22, 2008

ဘတ်ဂျက်အဲယားလိုင်းဖြင့် ခရီးသွားခဲ့စဉ်က

ဘတ်ဂျက်အဲယားလိုင်းများ အကြောင်းကြားဖူးနေသည်မှာ ကြာပြီဖြစ်သော်လည်း နှစ်အတော်ကြာသည်အထိ ကျွန်တော်တစ်ခါမှ မစီးဖြစ်ခဲ့ပါ။ ထိုအခါကတော့ ဘတ်ဂျက်လေကြောင်းလိုင်းကို စီးဖြစ်ဖို့ အကြောင်းကဖန်တီးလာပါသည်။

ကျွန်တော် တည်းခိုနေထိုင်သော နေရာမှာ ဟော်လန်နိုင်ငံမှ မြို့ငယ်ကလေးတစ်မြို့ ဖြစ်သည်။ ထိုမြို့မှတဆင့် အိုင်ယာလန်နိုင်ငံသို့ ခရီးဆက်ရမည်ဖြစ်သည်။ အမ်စတာဒမ်လေဆိပ်နှင့် အတော်အလှမ်းဝေးသော နေရာတွင် ရှိသည်ကတစ်ကြောင်း အမ်စတာဒမ်လေဆိပ်တွင် လေယာဉ်ပြေးလမ်း အလွန်ကျပ်သဖြင့် လေယာဉ်တက်ရမည့် အချိန်ကို ကြာမြင့်စွာ စောင့်ဆိုင်းရသည့် ဒုက္ခကို မခံလို်သည်က တစ်ကြောင်းတို့ကြောင့် ကျွန်တော်တို့ ကုမ္ပဏီမှ ခရီးစီစဉ်သူများက ဟော်လန်နိုင်ငံ အိုင်ဒိုဗင် လေဆိပ်မှတဆင့် အိုင်ယာလန်သို့ သွားရောက်ရန် ရွေးချယ်ပေးခဲ့ကြပါသည်။

အိုင်ဒိုဗင်ဆိုသည့်မြို့မှာ ချန်ပီယံလိခ် ဘောလုံးပွဲတွင် ပါဝင်ကစားလေ့ရှိသော ပီအက်စ်ဗွီ အိုင်ဒိုဗင် ( PSV Eindhoven) အသင်း အခြေစိုက်ရာမြို့ဖြစ်ပြီး အိုင်ဒိုဗင်လေဆိပ်မှာလည်း ဘတ်ဂျက်လေကြောင်းလိုင်း အများစုသာ ပျံသန်းလေ့ရှိသော လေဆိပ်ဖြစ်သည်။ ကျွန်တော်လေဆိပ်သို့ရောက်သွားသည်အထိ ကျွန်တော်တို့စီးရမည့် လေယာဉ်မှာ ဥရောပရှိ နာမည်ကြီး ဘတ်ဂျက်လေကြောင်းလိုင်းဖြစ်သော ရိုင်ယန်အဲယား (Ryan Air) မှ လေယာဉ်ဖြစ်ကြောင်းမသိခဲ့ပါ။

ကျွန်တော်တို့၏ ခရီးဆောင်အိတ်များကို Check-in လုပ်သော နေရာသို့ရောက်မှ စ၍ သတိပြုမိပါသည်။ ကျွန်တော်နှင့် အဖော်ပါလာသော ဥရောပရုံးခွဲမှ ဒတ်ခ်ျအင်ဂျင်နီယာတွင် ပစ္စည်းကိရိယာများထည့်ထားသော Toolbox တစ်ခုပါလာသည်။ ထို Toolbox အတွက် ဝန်ပိုကြေး ယူရို ၉၀ မျှ ပေးလိုက်ရသည်။ ထိုအင်ဂျင်နီယာက “ငါတို့လေယာဉ်ပျံလက်မှတ်က ဒီကနေ ဒပ်ဘလင်အထိ ယူရို ၃၀ ပဲပေးရတယ်ကွ။ အခု ငါ့အိတ်ကို ယူရို ၉၀ ပေးလိုက်ရပြီ။ ” ဆိုပြီး ရယ်ရယ်မောမောနှင့် ကျွန်တော့်ကို ပြောပြမှ လေယာဉ်လက်မှတ် အလွန်ပင် ဈေးပေါကြောင်း သတိထားမိပါသည်။

အားလုံး Check-in လုပ်ပြီးသော အခါ လေဆိပ်အဆောက်အဦးအတွင်းသို့ ဝင်ခဲ့ကြလေသည်။ ထိုနေရာတွင် Immigration မှာ ကောင်တာ ၂ ခုသာ ရှိသည်။ ကျွန်တော်၏ မြန်မာနိုင်ငံကူးလက်မှတ်ကို မမြင်ဖူး၍ အထူးအဆန်း အနေနှင့် ကြည့်ကြသည်မှအပ အခြားပြသနာ ကြီးကြီးမားမားမရှိပါ။ ထို့နောက် ကျွန်တော်တို့ ခရီးသည်များ စောင့်ဆိုင်းသော နေရာသို့ ဝင်ရောက်ခဲ့ကြပါတော့သည်။ ခရီးသည်များ စောင့်ဆိုင်းသော နေရာမှာ ကျဉ်းကျပ်သော အခန်းငယ်ကလေးတစ်ခုမျှသာ ဖြစ်၍ ထိုင်ခုံအနည်းငယ်သာ ရှိသည်။ အများစုမှာ ခရီးဆောင်အိတ်ကို အောက်ချ၍ ထိုင်သူကထိုင် မှန်နံရံကို မှီ၍ ရပ်သူကရပ်နှင့်သာ ရှိကြလေသည်။

မကြာမီ ကျွန်တော်တို့သွားမည့် လေယာဉ်ပျံ ဆိုက်ရောက်လာပါသည်။ ကျွန်တော့်မိတ်ဆွေ ဒတ်ခ်ျအင်ဂျင်နီယာက “တံခါးဖွင့်လိုက်တာနဲ့ ငါတို့ လေယာဉ်ပျံ နောက်ပေါက်ကို ရောက်အောင် ပြေးကြမယ်။ ဒီမှာ ဦးရာလူစနစ်ပဲ။ ခုံနံပါတ် ပေးမထားဘူး။” ဟု သတိပေးသည်။ လေဆိပ်မှ တံခါးဖွင့်ပေးလိုက်သည်နှင့် ကျွန်တော်တို့ကွင်းထဲသို့ ပြေးထွက်ခဲ့ကြသည်။ သူသတိပေးထားသည့်အတိုင်း နောက်တံခါးပေါက်သို့ ဦးတည်၍ ပြေးကြခြင်း ဖြစ်သည်။ ကျွန်တော်တို့ အရှေ့တွင် လူအနည်းငယ်သာရှိသည်။ လူအများစုမှာ ရှေ့တံခါးပေါက်သို့သာ ဦးတည်၍ ပြေးကြသဖြင့် ကျွန်တော်တို့အတွက် အလွန် အဆင်ပြေလေသည်။ လူအများစု လေယာဉ်ကွင်းထဲတွင် ပြေးလွှားနေကြသည်မှာ ပျော်စရာပင် ကောင်းသေးသည်။ လေယာဉ်ပျံပေါ်ရောက်တော့ ကျွန်တော် နှစ်သက်သော ပြတင်းပေါက်နေရာကိုပင် ဦးနိုင်လိုက်သေးသည်။

ဤလေယာဉ်မှာ အခြားလေယာဉ်များနှင့်မတူပါ။ အတော်ပင် ဝိတ်လျှော့ထားသည်။ လေယာဉ်ပျံထိုင်ခုံ၏ အရှေ့တွင် အခြားလေယာဉ်များတွင် ပါလေ့ရှိသော Seat Pocket ဟု ခေါ်သည့် ထိုင်ခုံအိတ်မရှိ၊ လေယာဉ်ပျံပြတင်းပေါက်များတွင်လည်း Window Shade ဟုခေါ်သည့် ပြတင်းပေါက်အကာ မရှိပါ။

မကြာမီ အချိန်အတွင်းတွင်ပင် လေယာဉ်ပျံသည် ပျံတက်လေတော့သည်။ နောက်မှ လေ့လာကြည့်သဖြင့် သိရသည်မှာ ဘတ်ဂျက်လေကြောင်းလိုင်းများသည် အခေါက်ရေများများဆွဲနိုင်ရန်အတွက် မိနစ် ၃၀ အတွင်း ခရီးသည် အတင်အချကို အပြီးလုပ်လေ့ရှိသည့် အကြောင်းပင်ဖြစ်သည်။ ဘတ်ဂျက်လေကြောင်းလိုင်းများ၏ ထုံးစံအတိုင်း ဘာမှ အလကားမကွေျးပါ။ အကုန်လုံး ဝယ်စားရပါသည်။ ကျွန်တော့်အနေနှင့်ကတော့ ညနေစာစားပြီးပြီ ဖြစ်သဖြင့် ဘာမှစားချင်စိတ်မရှိ၍ ဘာမှမစားတော့ပါ။ သူတို့ လေယာဉ်ပျံပေါ်တွင် စားစရာသောက်စရာများနှင့် ကံစမ်းရန် ခြစ်သည့် ကတ်ပြား (Scratch Card) ရောင်းချနေသည်ကိုတော့ တွေ့နေရပါသည်။ လေယာဉ်မောင်မယ်များမှာ အလွန်ပင်ပျော်ပါးနေကြပုံပေါက်ပြီး အန္တရာယ်ကင်းရှင်းရေး သရုပ်ပြ (Safety Demonstration) လုပ်ရန်ကို ပင်မေ့လျော့နေကြပါသည်။ ထိုခရီးစဉ်တွင် အန္တရာယ်ကင်းရှင်းရေး သရုပ်ပြ မလုပ်သည်ကိုလည်း သတိထားမိပါသည်။

ကျွန်တော် လေယာဉ်ပြတင်းပေါက်မှသာ အပြင်သို့ ကြည့်နေမိပါသည်။ အောက်တွင် မီးတွေထိန်ထိန်လင်းနေသော မြို့ကြီးတစ်မြို့ကိုတော့ သတိထားမိသည်။ ကျွန်တော့် စိတ်အထင် လန်ဒန်မြို့ဖြစ်သည်ဟု ထင်သော်လည်း မသေချာပါ။ ကောင်းကင်တွင် တိမ်ကင်းစင်နေသည်က တစ်ကြောင်း ပြတင်းပေါက်အကာများ မရှိသည်က တစ်ကြောင်းတို့ကြောင့် အားလုံးကို ရှင်းရှင်းလင်းလင်း မြင်နေရပါသည်။ ကျွန်တော့်ကို စိတ်အနှောက်အယှက်အပေးဆုံးအရာကတော့ လေယာဉ်ပျံ အတောင်ပံပင်ဖြစ်သည်။ လေယာဉ်ပျံအတောင်ပံ လှုပ်နေသည်ကို မကြာခဏ မြင်နေရသည်။ ကျွန်တော့်စိတ်ထဲတွင်တော့ ဒီလေယာဉ်ပျံ အတောင်ပံကိုပါ ဝိတ်လျှော့ထားသလား မသိဘူးဟု ကြံကြံဖန်ဖန် စဉ်းစားမိပါသည်။ အမှန်တကယ်ကတော့ ဘယ်လောက် လေယာဉ်ပျံကြီးသည်ဖြစ်စေ အတောင်ပံကတော့ လှုပ်သည်ပင်ဖြစ်သည်။

ဒီလိုနှင့် တစ်နာရီကျော်မျှ စိတ်မသက်မသာဖြစ်ပြီးသော အခါတွင်မှ အိုင်ယာလန်နိုင်ငံ ဒပ်ဘလင် လေဆိပ်သို့ ဆိုက်ရောက်ပါတော့သည်။ ထိုအခါတွင်မှ ကျွန်တော် စိတ်ပေါ့ပါးသွားသည်။ ကျွန်တော့်အဖော် ဒတ်ခ်ျအင်ဂျင်နီယာကို မေးကြည့်သော အခါ အပြန်ခရီးတွင် အမ်စတာဒမ်လေဆိပ်မှ စင်ကာပူသို့ တိုက်ရိုက်ပြန်နိုင်ရန်အတွက် ကျွန်တော့်အတွက် အိုင်ယာလန်ပိုင် အဲယား လင်းဂတ်စ် (Aer Lingus) လေကြောင်းလိုင်း ဖြင့် လက်မှတ်စီစဉ်ထားကြောင်း သိရသဖြင့် ပို၍စိတ်အေးသွားပါတော့သည်။

နောင်တွင် ကိုယ့်ဘာသာကိုယ်ခရီးသွားလျှင်တော့ ဘတ်ဂျက်အဲယားလိုင်းကို တတ်နိုင်သမျှ ကြည့်ရှောင်မည်ဟုတော့ စိတ်ထဲမှာ တေးထားလိုက်မိပါတော့သည်။

Friday, November 21, 2008

နော်မန်ဒီရဲ့ည

ကျွန်တော့် ရုံးမှ လုပ်ဖော်ကိုင်ဖက် ဒတ်ခ်ျအင်ဂျင်နီယာ ဟိုတယ်တွင် လာခေါ်သော အချိန်က ညနေစောင်းနေပြီ ဖြစ်သည်။ ထိုနေ့က တနင်္ဂနွေ ညနေခင်း ဖြစ်သဖြင့် အားလုံး တိတ်ဆိတ်နေဆဲဖြစ်သည်။ ဤအရပ်ဒေသတွင် တနင်္ဂနွေနေ့တိုင်းလိုလိုတွင် စားသောက်ဆိုင်မှ အပ မည်သည့်ဆိုင်မှ ဖွင့်လေ့မရှိသဖြင့် တိတ်ဆိတ်နေသည်မှာ အထူးအဆန်းတော့ မဟုတ်ပါ။

ကျွန်တော်ကားပေါ်သို့ရောက်တော့ သူက ကားပေါ်မှ တောမ်တောမ် (Tom Tom) ဟုခေါ်သော လမ်းကြောင်းပြကိရိယာပေါ်တွင် ကျွန်တော်တို့သွားရမည့် နေရာ ကို ရိုက်ထည့်သည်။ ထိုလမ်းကြောင်းပြကိရိယာမှာ ရှေ့မီတာ မည်မျှမောင်းပြီးလျှင် ကွေ့ရမည်။ နောက်ထပ် အချိန်မည်မျှ ကြာအောင် မောင်းရမည်။ ကီလိုမီတာ မည်မျှကြာအောင် မောင်းရမည် စသည်တို့ကို အချိန်နှင့်အမျှ ပြောင်းလဲ ညွှန်ပြပေးလေ့ရှိသည်။

ကျွန်တော်တို့ စတင်ခရီးထွက်ခွာလာသော နေရာမှာ ဟော်လန်တောင်ပိုင်းရှိ အုတ်စ်ဟောက် (Oosterhout) ဟုအမည်ရသည့် ကျေးရွာကလေးဖြစ်သည်။ ကျွန်တော်တို့ နိုင်ငံ၏ အနေအထားဖြင့် ကြည့်မည်ဆိုပါက မြို့ငယ်တစ်မြို့ပမာပင်ဖြစ်သော်လည်း သူတို့နိုင်ငံတွင်မူ ရွာ(Village) ဟုသာ ခေါ်ကြသည်။ ထိုနေရာမှ နေ၍ ကျွန်တော်တို့ ဘယ်လ်ဂျီယံ နိုင်ငံကို ဖြတ်သန်း၍ ကီလိုမီတာ ၇၀၀ မျှအကွာတွင် ရှိသော ပြင်သစ်နိုင်ငံရှိ လစ်ဖာ (Liffre) ဆိုသည့် မြို့ငယ်ကလေးသို့ ဦးတည်သွားနေခြင်းဖြစ်သည်။

ဟော်လန်နိုင်ငံ၏ အဝေးပြေးလမ်းမများနှင့်တော့ ကျွန်တော်သိပ်မစိမ်းတော့ပါ။ ထိုလပိုင်းများအတွင်း အကြိမ်ပေါင်းမြောက်များစွာ ဖြတ်သန်းသွားလာခဲ့ပြီး ဖြစ်သည်။ ဤအဝေးပြေး လမ်းမပေါ်တွင် ကျွန်တော်တို့ အာရှ အဝေးပြေးလမ်းမများတွင် တွေ့ရလေ့မရှိသော ကာရာဗင်ခေါ် လူနေထိုင်သည့် နောက်တွဲအိမ်များကို ဆွဲ၍သွားလာသော ကားများ၊ စက်ဘီးများကို ကားခေါင်မိုးပေါ်တွင် ချည်နှောင်ထားသော ကားများ နှင့် မြင်းများကို နောက်တွဲအိမ်တွင် ထည့်၍သွားလာသော ကားများကို တွေ့ရတတ်သည်။ ထိုနေ့က တနင်္ဂနွေညနေစောင်း ဖြစ်သဖြင့် ထိုသို့သော ကားများကို မတွေ့ရပါ။ တနင်္ဂနွေသည် အားလုံး အားလပ်ရက် ခရီးထွက်ရာမှ ပြန်လာသော နေ့ဖြစ်ပြီး နောက်တစ်ပတ် လုပ်ငန်းကိစ္စအတွက် မည်သူမျှ စတင်၍ ခရီးမထွက်သေးသော နေ့ဖြစ်သည်။ ကျွန်တော်တို့ နှစ်ယောက်အတွက်မူ နောက်တစ်ပတ် ခရစ်စမတ် ရုံးပိတ်ရက် မတိုင်မီ အလုပ်အားလုံးကို လက်စသပ်ချင်သောကြောင့် စောစောစီးစီး ခရီးထွက်ခဲ့ကြခြင်းဖြစ်သည်။

နာရီပိုင်းမျှ မောင်းနှင်လာခဲ့ပြီးနောက် ကျွန်တော်တို့ ဘယ်လ်ဂျီယံနိုင်ငံအတွင်းသို့ ဝင်ရောက်လာခဲ့ကြသည်။ ဘယ်လ်ဂျီယံနိုင်ငံရှိ အဝေးပြေးလမ်းမများ၏ ထူးခြားမှုမှာ မီးများကို လိုသည်ထက်ပို၍ လင်းထိန်နေအောင် ထွန်းညှိထားခြင်းပင်ဖြစ်သည်။ ကျွန်တော့်လုပ်ဖော်ကိုင်ဖက်က ထိုမီးလုံးများကို ညွှန်ပြ၍ ဘာလို့ဒီလိုဖြစ်နေတာလဲ သိလား ဟုမေးသည်။ ကျွန်တော်က မသိကြောင်းပြောသောအခါ ဘယ်လ်ဂျီယံ ဝန်ကြီးချုပ်တွင် လျှပ်စစ်မီးလုံးထုတ်လုပ်သော ကုမ္ပဏီတစ်ခုကို ပိုင်ဆိုင်ကြောင်းသူက ရယ်၍ပြောသည်။ မကြာခင် ကျွန်တော်တို့ Antwerp ဟုခေါ်သော နေရာသို့ ရောက်ခဲ့သည်။ ကျွန်တော့်မိတ်ဆွေက Antwerp ဆိုသည်မှာ ဒတ်ခ်ျဘာသာစကားဖြင့် Throw Hand ဟု အဓိပ္ပါယ်ရပြီး တစ်ချိန်က သူခိုးများ၏ လက်ကို ဖြတ်၍လွှတ်ပစ်သော နေရာဖြစ်သဖြင့် ဤအမည်တွင်ကြောင်းကို ရှင်းပြသည်။

မကြာမီကျွန်တော်တို့ ပြင်သစ်နိုင်ငံအတွင်းသို့ ရောက်ရှိခဲ့ကြပြီး ညစာစားသောက်ကြသည်။ ဥရောပဒေသတွင် ရှန်ဂန်သဘောတူညီချက် (Schengen Agreement) ကို လက်မှတ်ရေးထိုးထားသော နိုင်ငံများ၏ နယ်စပ်တွင် နယ်ခြားဂိတ်မရှိပေ။ ဟော်လန်၊ ဘယ်လ်ဂျီယံ နှင့် ပြင်သစ် ၃ နိုင်ငံလုံးမှာ ရှန်ဂန်နိုင်ငံများဖြစ်သဖြင့် နယ်ခြားဂိတ်များမရှိပါ။ ထို့နောက် ကျွန်တော်တို့ ပြင်သစ်နိုင်ငံ၏ အဝေးပြေး လမ်းမများပေါ်တွင် ဆက်လက်၍ ခရီးနှင်ခဲ့ကြသည်။

ပြင်သစ်နိုင်ငံအဝေးပြေးလမ်းမများတွင်မူ ကားများ ရှင်းလင်းလျှက်ရှိသည်။ အချို့နေရာများတွင် မီးပင်ထွန်းမထားပေ။ ပတ်ဝန်းကျင်ဒေသအားလုံးကို တိတ်ဆိတ်သော ပတ်ဝန်းကျင်နှင့် အမှောင်ထုကသာ လွှမ်းမိုးထားသည်။ ကျွန်တော်တို့ ကားထဲတွင်မူ ကျွန်တော့်မိတ်ဆွေဖွင့်ထားသော တက်ခနိုသီချင်းသံကသာ ဖုံးလွှမ်းထားသည်။ ထိုသီချင်းတော်တော်များများမှာ နားထောင်၍ကောင်းသော်လည်း ဥရောပ ဘာသာစကားများဖြင့် သီဆိုထား၍ တစ်ခုမှ နားမလည်ပါ။ ရိုမေးနီးယန်း အဆိုတော် Akcent ၏ Jokero၊ ဒတ်ခ်ျအဆိုတော်အဖွဲ့ Djumbo ၏ Boya Boya Bay ၊ အိုင်းရစ်အဆိုတော် Fonzerelli ၏ MoonLight Party၊ ဆွီဒင်အဆိုတော် Basshunter ၏ Botten Anna သီချင်းများမှာ ကျွန်တော်နားမလည်သော်လည်း ကြိမ်ဖန်များစွာ နားထောင်ပြီးဖြစ်သဖြင့် နားထဲတွင် စွဲလျှက်ရှိသည်။

ကျွန်တော်တို့ အလုပ်အကြောင်း ရယ်စရာများကို ပြောရင်း၊ လုပ်ငန်းအတွေ့အကြုံများကို ပြန်ပြောရင်း ညအတော်မိုးချုပ်သောအချိန်အထိ မှောင်မိုက်သော လမ်းမပေါ်တွင် ဆက်လက်ခရီးနှင်ခဲ့ကြသည်။ ကျွန်တော်၏ မိတ်ဆွေက “ညာဖက်ကို လှမ်းကြည့်လိုက်စမ်းပါ။ အဲဒါ နော်မန်ဒီကမ်းခြေပဲ။” ဟု တစ်နေရာအရောက်တွင် လှမ်းပြောသည်။ ဒုတိယကမ္ဘာစစ်အတွင်းက မဟာမိတ်တပ်များ ဂျာမန်တို့ကို ကမ်းတက်တိုက်ခိုက်ခဲ့သော နာမည်ကျော် နော်မန်ဒီကမ်းခြေကို ကျွန်တော်ကိုယ်တိုင်မြင်ခွင့်ရသဖြင့် ဝမ်းသာသွားသည်။ ပို၍သေချာအောင် ကျွန်တော်၏မိတ်ဆွေကို ထပ်မေးမိသည်။ “ဒုတိယကမ္ဘာစစ်တုန်းက ကမ်းတက်တိုက်ပွဲဖြစ်ခဲ့တာ ဒီနေရာပေါ့။” ဟု ကျွန်တော်ကမေးသောအခါ ကျွန်တော့်မိတ်ဆွေက “ဟုတ်တယ်။ မင်းမြေပုံကြည့်ချင်ရင် ကြည့်လို့ရအောင် ပြမယ်။” ဟုပြောပြီး ကားကို လမ်းဘေး ချရပ်လိုက်သည်။ ထို့နောက်ကားထဲမှ မီးကို ဖွင့်ပြီးသော အခါ သူက “ဒမ်” ဟု ဆဲရေးလိုက်သည်။ ကျွန်တော်က ဘာဖြစ်တာလဲဟု နောက်ကို လှည့်ကြည့်လိုက်သောအခါ ကျွန်တော်တို့ကားနောက်တွင် ခေါင်မိုးပေါ်မှ မီးများဖွင့်ထားသော ရဲကားတစ်စီးကို တွေ့လိုက်ရသည်။

ရဲကားက ကျွန်တော်တို့ကားကို ကျော်တက်၍ အရှေ့မှပိတ်ရပ်သည်။ ထို့နောက်ကားနောက်ဖက်မှ မီးဖြင့် စာတမ်းထိုးပြ၍ သူတို့နောက်ကို လိုက်ခဲ့ဖို့ခေါ်သည်။ ကျွန်တော်တို့ ရဲကားအနောက်မှ လိုက်သွားပြီး ရဲကားက ဓာတ်ဆီဆိုင် တစ်ဆိုင်အတွင်းသို့ချိုးဝင်သွားသောအခါ ကျွန်တော်တို့လည်း လိုက်၍ဝင်ခဲ့ကြသည်။ ရဲသားက ကားရပ်၍ကားပေါ်မှ ဆင်းလာသည်။ ကျွန်တော်ကြားဖူးထားသော ဥရောပနှင့် အမေရိကား၏ ထုံးစံမှာ ရဲဖမ်းပါက လက်ကို စတီယာရင်ပေါ်တင်၍ ရဲကိုစောင့်ဆိုင်းနေရန်ဖြစ်သည်။ ကားပေါ်မှ အလောတကြီး ဆင်းခြင်း လိုင်စင်ကိုထုတ်ပြရန် အိတ်ကို လက်နှိုက်ခြင်းတို့ပြုပါက ရဲက သူ့အားပြန်လည်တိုက်ခိုက်မည်ဟု အထင်မှားနိုင်သဖြင့် ထိုသို့မပြုလုပ်ရန် ကျွန်တော့်မိတ်ဆွေတစ်ဦးက သတိပေးဖူးသည်။ ပြင်သစ်ရဲသားက လက်နှိပ်ဓာတ်မီးဖြင့် ကျွန်တော်တို့ကို ထိုးကြည့်၍ ကျွန်တော့်မိတ်ဆွေအား ယာဉ်မောင်းလိုင်စင်ပေးရန် တောင်းသည်။

ထို့နောက်သူက “ပြင်သစ်နိုင်ငံရဲ့ ကန့်သတ်မိုင်နှုန်းက ကီလိုမီတာ ၁၂၀ ပဲမောင်းလို့ရတယ်။ မင်းတို့ကားကို ၁၄၅ ကီလိုမီတာနဲ့ မောင်းသွာတာ တွေ့လိုက်တယ်။” ဟုပြောသည်။ စင်ကာပူတွင် ကျွန်တော်တို့ကို ဆက်သွယ်ရေးဘာသာသင်သော ကထိကတစ်ယောက်ပြောဖူးသည်ကို ပြန်၍အမှတ်ရမိသည်။ ရဲကား၏ ရေဒါတွင် ကီလိုမီတာ ၂၀ နှုန်းမျှ အတိမ်းအစောင်း ဖြစ်နိုင်သဖြင့် ရဲများက သတ်မှတ်မိုင်နှုန်းထက် ကီလိုမီတာ ၂၀ ကျော်မောင်းမှ ဖမ်းလေ့ရှိကြောင်းဖြစ်သည်။ အမှန်တကယ်တော့ ထိုညက ကျွန်တော်တို့မောင်းနှင်ခဲ့သည့် နှုန်းမှာ တစ်နာရီလျှင် ကီလိုမီတာ ၁၆၀ သို့ ၁၇၀ ဝန်းကျင်မျှရှိသည်။

ထို့နောက်သူက စာရွက်တစ်ရွက်ထုတ်ပေးသည်။ ထိုစာရွက်တွင် နိုင်ငံခြားမှကားများကို ဖမ်းဆီးမိပါက ရဲများအနေနှင့် ဒဏ်ငွေကို ချက်ချင်းကောက်ခံနိုင်ကြောင်း ရေးသားထားသည့်စာဖြစ်သည်။ သူက အရှိန်ပိုမောင်းသည့် အတွက် ဒဏ်ငွေ ယူရို ၉၀ မျှ ပေးဆောင်ရန်ပြောသည်။ ကျွန်တော့်မိတ်ဆွေက သူ့တွင် ငွေသားထိုမျှပါမလာသဖြင့် ခရက်ဒစ်ကတ်ဖြင့် ပေးဆောင်၍ရနိုင်သလားဟု မေးသည်။ ထိုအခါရဲသားက သူတို့ ခရက်ဒစ်ကတ်ကို လက်မခံကြောင်းနှင့် ငွေသားထုတ်ယူနိုင်ရန် အေတီအမ်သို့ လိုက်ပို့ပေးမည်ဟုပြောသည်။

ထို့နောက် သူတို့ရဲကားက ဦးဆောင်၍ အေတီအမ်ရှိရာသို့ မောင်းနှင်သွားသည်။ ကျွန်တော်တို့လည်း နောက်က လိုက်သွားကြသည်။ အေတီအမ်ရှိရာ နေရာမှာ ဘဏ်အဆောက်အဦးတစ်ခုဖြစ်၍ အပြင်မှ မှန်တံခါးကို ပိတ်ထားသည်။ တံခါးဝတွင် ခရက်ဒစ်ကတ်ထိုးထည့်သော အခါတွင်မှ တံခါးကပွင့်လာသည်။ ကျွန်တော့်မိတ်ဆွေက ယူရို ၉၀ ထုတ်ယူပြီး ရဲသားကို ပေးလိုက်သည်။ ရဲသားက ငွေလက်ခံဖြတ်ပိုင်းတစ်ခု ရေးပေးပြီး ကျွန်တော်တို့ကို နှုတ်ဆက်၍ထွက်သွားလေတော့သည်။

ကျွန်တော့်မိတ်ဆွေက “ငါ့မိန်းမသာ မနက်ဖြန်မနက် ဘဏ်စာရင်းကို ဖွင့်ကြည့်ရင်တော့ ညကြီးသန်းခေါင် ငွေသားထုတ်ထားတယ်ဆိုရင် ငါ့ကို အထင်တော့ လွဲတော့မှာပဲ။ ” ဟုရယ်စရာပြောသည်။ ကျွန်တော်တို့ ထိုညက ည ၂နာရီခန့်မှ ကျွန်တော်တို့ တည်းခိုမည့် ဟိုတယ်သို့ရောက်ရှိခဲ့သည်။ ဟိုတယ်တွင် ဝန်ထမ်းတစ်ဦးတစ်ယောက်မှ မရှိတော့ပေ။ ကျွန်တော်တို့ကို တံခါးဖွင့်နိုင်ရန် စကားဝှက် တင်ကြို၍ပေးထားသဖြင့် သာ ကျွန်တော်တို့ ဝင်ရောက်နိုင်ခြင်းဖြစ်သည်။ ဧည့်ကြိုကောင်တာပေါ်တွင် ကျွန်တော်တို့ ၂ ဦးအတွက် တံခါးသော့ နှစ်ခုကို နာမည်ရေးထိုးပြီးတင်ထားသည်။

အခန်းထဲသို့ရောက်တော့ ပြန်စဉ်းစားရင်း ပြုံးမိသည်။ နောက်ဆိုလျှင် နော်မန်ဒီဟူသော နာမည်ကိုကြားပါက ကမ္ဘာကျော် သမိုင်းဝင်အဖြစ်အပျက် ဒီဒေးကိုုသာမကပဲ အခြားအမှတ်ရစရာတစ်ခုပါ တိုးလာပြီဆိုသည်ကို စဉ်းစားမိ၍ ဖြစ်သည်။

Thursday, November 20, 2008

ဓာတ်လှေကား

ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့ သိမ်ကြီးဈေးကုန်တိုက်ကို သွားရရင် သိပ်ပျော်တာပေါ့။ အဲဒီမှာ Escalator လို့ခေါ်တဲ့ စက်လှေကား စီးလို့ရတယ်လေ။ အဲဒီအချိန်တုန်းကတော့ သိမ်ကြီးဈေးကုန်တိုက်မှာရှိတဲ့ စက်လှေကားဟာ မြန်မာနိုင်ငံရဲ့ တစ်ခုတည်းသော စက်လှေကားလို့ ထင်ပါတယ်။ အခုတော့ ရန်ကုန်မြို့မှာလည်း စက်လှေကားတို့ ဓာတ်လှေကားတို့ဟာ ရှားပါးပစ္စည်းမဟုတ်တော့ပါဘူး။ အခုလိုအချိန် ရောက်တော့လည်း တစ်ချိန်တုန်းက ရွှေတိဂုံစေတီတော်မှာ တပ်ထားတဲ့ စက်လှေကားတွေကို ဒေဝါဝင်း ၊ ရာဇာဝင်းတွေ နဲ့ ရန်ကုန်ဆိပ်ကမ်းကနေ ဝင်းခင်းပြီး သယ်တာကို ပြန်သတိရရင် ပြုံးမိပါသေးတယ်။

စင်ကာပူမှာတော့ စက်လှေကား နဲ့ ဓာတ်လှေကားဆိုတာ မမြင်ချင်မှ အဆုံးပဲ။ အထပ်မြင့်တဲ့ တိုက်တွေအားလုံးမှာ ဓာတ်လှေကားရှိကြပါတယ်။ အခုဆိုရင် အရင်တုန်းကရှိနေတဲ့ ၅ ထပ်မှာမှ တစ်ခါရပ်တဲ့ ဓာတ်လှေကားတွေကိုတောင် အထပ်တိုင်းရပ်တဲ့ ဓာတ်လှေကားတွေနဲ့ လဲလှယ်ပြီးတပ်ဆင်နေကြပါပြီ။

ရန်ကုန် တို့ မန္တလေးတို့မှာလည်း အခုဆိုရင် ဓာတ်လှေကားဆိုတာ အတော်များနေပါပြီ။ ဒါပေမယ့် အချို့နေရာတွေမှာတော့ အခုအချိန်ထိ ဓာတ်လှေကားမောင်းသမား ဆိုတာ ရှိနေတုန်းပါပဲ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က ကျွန်တော့် အဖေ နေမကောင်းဖြစ်လို့ အစိုးရဆေးရုံတစ်ခုမှာ တက်ရပါတယ်။ အဲဒီတော့ နိုင်ငံခြားပြန် ကျွန်တော်က ဓာတ်လှေကားထဲ ဝင်ပြီး ခပ်တည်တည်ခလုပ်နှိပ်မိလို့ “ဟိုခလုပ် ဒီခလုပ်တွေ လျှောက်မနှိပ်ပါနဲ့” ဆိုပြီး ဓာတ်လှေကားမောင်းတဲ့ ဘွားတော်က ဟောက်တာ ခံခဲ့ရပါသေးတယ်။

ဓာတ်လှေကားနဲ့ ပါတ်သက်ပြီး ကျွန်တော်ကြားခဲ့ဖူးတဲ့ ဟာသလေးတွေကို သတိရမိပါတယ်။ ၂၀၀၀ ခုနှစ် ဝန်းကျင် လောက်ကပါ။ အဲဒီအချိန်က စင်ကာပူကို အလုပ်လာရှာတာ အခုလို သိပ်ပြီးခေတ်မစားသေးပါဘူး။ အများစုက အလုပ်ရမှ လာကြတာများပါတယ်။ မြန်မာနိုင်ငံက ပုဂ္ဂိုလ်တစ်ယောက် အလုပ်ရလို့ စင်ကာပူကို ရောက်လာပါတယ်။ ရောက်တဲ့ နေ့ကတော့ သူဟာ မိတ်ဆွေတစ်ယောက်ရဲ့ အိမ်မှာ တည်းပါတယ်။ သူ့မိတ်ဆွေနေတဲ့ တိုက်က အထပ်မြင့်တိုက်မဟုတ်တော့ ဓာတ်လှေကား မရှိဘူးပေါ့။ နောက်တစ်နေ့မနက်မှာရုံးကို သတင်းပို့ဖို့ သူရောက်သွားပါတယ်။ သူ့ရုံးက အထပ်မြင့်တဲ့ တိုက်ကြီးပေါ်မှာရှိတာပါ။

တိုက်တိုက်ဆိုင်ဆိုင် သူဓာတ်လှေကားရှေ့ ရောက်သွားတဲ့အချိန်မှာ ယူနီဖောင်းဝတ်ထားတဲ့ လုံခြုံရေးဝန်ထမ်းတစ်ယောက်က ဓာတ်လှေကားထဲကနေ ထွက်လာတာနဲ့ ကြုံပါတယ်။ အဲဒီပုဂ္ဂိုလ်ကတော့ ယူနီဖောင်းဝတ်နဲ့ ဓာတ်လှေကားထဲက ထွက်လာတယ်ဆိုတော့ ဓာတ်လှေကားမောင်းသမားလို့ ထင်တာပေါ့။ အဲဒီလုံခြုံရေးဝန်ထမ်းက ဓာတ်လှေကားထဲက ထွက်လာပြီးတဲ့နောက်မှာ အဆောက်အဦးအပြင်ကို ထွက်ပြီး ဆေးလိပ်သောက်နေပါလေတယ်။ ဟိုပုဂ္ဂိုလ်ကတော့ သူ့စိတ်ထဲမှာ ဓာတ်လှေကားမောင်းသမားလို့ ထင်လို့ ကြိတ်ပြီး ကျိန်ဆဲနေတော့တာပေါ့။ ဒီကောင် အတော် လူပါးဝတယ်။ ဧည့်သည်ရောက်တာတောင် ဓာတ်လှေကား လိုက်မောင်းမပေးဘူး ဆိုပြီးတော့ပေါ့။ အဲဒီမှာ သူစောင့်နေတာ အတော်ကြာပါတယ်။ နောက်မှ အမျိုးသမီးတစ်ယောက်က ဓာတ်လှေကားထဲ ဝင်ပြီး ကိုယ့်ဘာသာကိုယ် ခလုပ်နှိပ်တက်သွားတာ မြင်မှပဲ ဓာတ်လှေကားဆိုတာ ကိုယ့်ဘာသာကိုယ်မောင်းရတာပဲ ဆိုတာ သူသဘောပေါက် သွားပါတော့တယ်။

နောက်တစ်ခုကတော့ ကျွန်တော်တို့ ကျောင်းက မြန်မာကျောင်းသား ၂ယောက် ကြုံခဲ့တဲ့ အဖြစ်ပါ။ ကျွန်တော်တို့ကျောင်းက ကျောင်းဆောင် အတော်များများမှာ ဓာတ်လှေကားရှိပါတယ်။ တစ်နေ့တော့ မြန်မာကျောင်းသား ၂ ယောက် အပေါ်ထပ်မှာ သွားပြီး အတန်းတက်ရဖို့ ရှိပါတယ်။ အဲဒီမှာတစ်ယောက်က ဓာတ်လှေကားနဲ့ တက်မယ်ဆိုပြီး ဓာတ်လှေကား ရှေ့ရပ်ပါတယ်။ အဲဒီအချိန်မှာ နောက်တစ်ယောက်က သူ့ကို ဓာတ်လှေကားရှေ့မှာ ရေးထားတဲ့ သတိပေးစာတန်းကို လက်ညှိုးထိုးပြီး “ဟေ့ကောင်။ ဒီမှာ ရေးထားတယ်။ In Case of Fire တဲ့။ မီးလောင်မှ ဓာတ်လှေကားကို သုံးရမှာကွ။ ” ပြောလိုက်ပါတယ်။ ပထမတစ်ယောက်ကလည်း စာကို ဖတ်ကြည့်ပြီး “အေး ဟုတ်တယ်ကွ။ ဒါဆို လှေကားကနေပဲတက်ရအောင်။ ” လို့ပြန်ပြောပြီး သူတို့ နှစ်ယောက်စလုံး လှေကားကနေ အပေါ်တက်ကြပါတော့တယ်။ အမှန်တကယ် ရေးထားတဲ့ စာသား အပြည့်အစုံကတော့ ဒီလိုဖြစ်ပါတယ်။

In Case of Fire
Do Not Use Lift

Wednesday, November 19, 2008

တစ်ခါတုန်းက အင်တာပေါ်လီ ဘောလုံးပွဲ

လွန်ခဲ့တဲ့ အပတ်က နန်ယန်းပေါ်လီတက်ခနစ် နဲ့ တီမားဆက်ပိုလီတက်ခနစ် မြန်မာကျောင်းသားတွေရဲ့ အုပ်စုဘောလုံး ပြိုင်ပွဲဟာ ရန်ပွဲအဖြစ်နဲ့ အောင်မြင်စွာပြီးဆုံးသွားတယ်လို့ ကြားလိုက်ရပါတယ်။ မကြားဖူးတဲ့ သူတွေအတွက်တော့ အထူးအဆန်းဖြစ်ကောင်းဖြစ်နေပေမယ့် အင်တာပေါ်လီ ဘောလုံးပွဲအကြောင်း ကောင်းကောင်းသိတဲ့ သူတွေအဖို့တော့ အင်တာပေါ်လီ ဘောလုံးပွဲနဲ့ ရန်ပွဲဆိုတာ ၂ ချောင်းပေါင်းမှ တစ်ချောင်းဖြစ်တဲ့ အီကြာကွေးလို အမြဲတမ်းတွဲနေတယ် ဆိုတာ သိကြပါတယ်။

အင်တာပေါ်လီ မြန်မာဘောလုံးပြိုင်ပွဲဆိုတာ ကတော့ စင်ကာပူမှာရှိတဲ့ ပေါ်လီတက်ခနစ် အသီးသီးမှာ ပညာသင်ကြားနေတဲ့ မြန်မာကျောင်းသားတွေ အသင်းဖွဲ့ပြီး ဘောလုံးကန်ကြတဲ့ပွဲဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ်က စတင်ခဲ့ပါတယ်။ စင်ကာပူ ပေါ်လီတက်ခနစ်၊ နီအန်း ပေါ်လီတက်ခနစ်၊ နန်ယန်းပေါ်လီ တက်ခနစ်၊ တီမားဆက်ပေါ်လီတက်ခနစ်၊ ရီပတ်ဘလစ် ပေါ်လီတက်ခနစ် နဲ့ နန်ယန်း နည်းပညာ တက္ကသိုလ် ကျောင်းတွေထဲ က မြန်မာကျောင်းသား တစ်သင်းစာ လူစုလို့ရတဲ့ ကျောင်းမှန်သမျှ ပါဝင်ယှဉ်ပြိုင်လေ့ရှိပါတယ်။ အင်တာပေါ်လီနဲ့ပတ်သက်ပြီး ဟိုအရင်က ကြုံခဲ့ဖူးတဲ့ ရယ်စရာမောစရာ ကလေးတွေကို ပြန်ပြီး ဝေမျှချင်ပါတယ်။

လူကျွံဘော

အခု နန်ယန်း နဲ့ တီမားဆက် ဘောလုံးပွဲ အကြောင်းကြားရတော့ ၁၉၉၉ ခုနှစ်က ပထမဆုံး နန်ယန်း နဲ့ တီမားဆက်ရဲ့ ဘောလုံးပွဲအကြောင်း သတိရပြီး ပြုံးမိပါတယ်။ လူအတော်များများ မသိခဲ့တဲ့ ရယ်စရာ အဖြစ်အပျက်ကလေးတစ်ခု အကြောင်းပါ။ ကျွန်တော်တို့ တွေ အဲဒီအချိန်က ဘတ်ဂျက်က အခြေအနေ သိပ်မကောင်းကြပါ။ အဲဒီအတွက် ဘောလုံးပွဲမှာကြေးစားဒိုင်တွေကို ပိုက်ဆံပေးငှားဖို့ မတတ်နိုင်ကြတဲ့အတွက် ကျောင်း ၄ ကျောင်း ဘောလုံးကန်တဲ့ အခါမှာ ၂ ကျောင်းက ကစားရင် ကျန်တဲ့ ၂ ကျောင်းက ဒိုင်လုပ်ပေးရပါတယ်။ အဲဒီနေ့က ပွဲမှာတော့ ဒိုင်လုပ်ဖို့ လူအခက်အခဲ ဖြစ်နေပါတယ်။ ကွင်းလယ်ဒိုင်နဲ့ စည်းကြပ်ဒိုင် တစ်ယောက်ရှိပေမယ့် စည်းကြပ်ဒိုင် နောက်တစ်ယောက်ကို လုပ်ချင်တဲ့ သူရှာမရဘူး ဖြစ်နေပါတယ်။ ကံကောင်းချင်တော့ (အဲဒီတုန်းကတော့ ကံကောင်းချင်လို့ထင်တာပေါ့လေ။) ကျွန်တော့် သူငယ်ချင်းတစ်ယောက်က သူစည်းကြပ်ဒိုင်လုပ်ပေးမယ်ဆိုတာ နဲ့ အဆင်ပြေသွားပါတယ်။

မကြာခင်မှာပဲ ဘောလုံးပွဲစကန်ကြပါတော့တယ်။ ကျွန်တော်တို့ ပွဲကြည့်စင်ပေါ်ကနေကြည့်ရင်း စည်းကြပ်ဒိုင် နဲ့ပတ်သက်ပြီး တစ်ခုခုတော့ လွဲနေပြီလို့ ခံစားရပါတယ်။ ဘာလို့လဲဆိုတော့ စည်းကြပ်ဒိုင်က နောက်တန်း နောက်ဆုံးလူနဲ့ အညီ လိုက်မပြေးဘဲ အလံကြီးကိုင်ပြီး လျှောက်ပြေးနေလို့ပါ။ ကျွန်တော်တို့ စိတ်ထဲမှာတော့ သူလည်း ဘောလုံးပွဲကြည့်ချင်လို့ လျှောက်ပြေးနေတယ်လို့ပဲ ထင်ကြပါတယ်။ ဒီလိုနဲ့ပဲ အဲဒီနေ့က ဘောလုံးပွဲက အောင်မြင်စွာပြီးဆုံးသွားပါတယ်။

နောက်နေ့ မှာတော့ အဲဒီနေ့က ဘောလုံးပွဲ အတူသွားခဲ့ကြတဲ့ ကျွန်တော်တို့ သူငယ်ချင်းတစု တီဗွီကလာတဲ့ ဘောလုံးပွဲ အတူတူ ကြည့်ဖြစ်ကြပါတယ်။ တစ်နေရာရောက်တော့ ကျွန်တော့်သူငယ်ချင်းတွေက “ဟား။ လူကျွံတယ်ဟ။” ၊ “Off-side ဟ” နဲ့ ထအော်ကြပါတယ်။ အဲဒီမှာ စည်းကြပ်ဒိုင် လုပ်ခဲ့တဲ့ ကျွန်တော့်သူငယ်ချင်းရဲ့ မေးခွန်းကြောင့် ကျွန်တော်တို့အားလုံး အကြီးအကျယ် ပွဲကျခဲ့ရပါတယ်။ “ဟေ့။ လူကျွံတယ်ဆိုတာ ဘယ်လိုလဲ။ ငါမသိဘူး။ ” တဲ့။

Line-up ဆွဲကြမယ်

နောက်တစ်ခုကတော့ ကျွန်တော်တို့ ကျောင်း မြန်မာဘောလုံးအသင်းက မန်နေဂျာအကြောင်းပါ။ သူက ဘယ်အချိန်က ဘောလုံးဝါသနာပါခဲ့သလဲတော့ ကျွန်တော်မမေးမိပါဘူး။ ဘောလုံးပွဲမှာတော့ အတော်ကို တက်ကြွတဲ့သူပါ။ အစစအရာရာ သူ အကုန် လိုက်လုပ်ပေးပါတယ်။ တစ်နေ့တော့ ကျွန်တော်တို့ ကျောင်းက ဘောလုံးကွင်းမှာ Training ဆင်းဖို့ပြင်ကြပါတယ်။ ကျွန်တော်တို့ ကျောင်းမှာ ပွဲကြီးတွေ ကစားတဲ့ ဘောလုံးကွင်း တစ်ကွင်းနဲ့ အပျော်ကစားတဲ့ ကွင်းတစ်ကွင်း ရှိပါတယ်။ ပုံမှန် ကျွန်တော်တို့ကျောင်းအသင်းက Training ဆင်းရင် အပျော်ကစားတဲ့ ကွင်းမှာပဲ လုပ်လေ့ရှိပါတယ်။ အပျော်ကစားတဲ့ကွင်း ဆိုတဲ့ အတိုင်း ဘေးစည်းတွေက လည်း ဆွဲမထား၊ ဂိုးတိုင်ဆိုတာလည်း တစ်ခါတစ်လေ ကန်ခါနီးမှ ကွင်းထောင့်ကနေ ဝိုင်းမပြီး ကွင်းထဲရွှေ့ကန်ရတာမျိုးပါ။ အဲဒီနေ့က Training အတွက် နှစ်သင်းခွဲကန် ဖို့ ပြင်ကြပါတယ်။ အဲဒီအချိန်မှာ ဘောလုံးအသင်း ကပ္ပတိန်က စပြီး စေ့ဆော်ပါတယ်။ “ကဲ။ လာကြဟေ့။ Line-up ဆွဲပြီးရင် ကန်ကြမယ်။” လို့ ပြောပါတယ်။ အဲဒီအချိန် ဘောလုံးအသင်း မန်နေဂျာရဲ့ စကားကြောင့် အားလုံးပွဲကျသွားကြပါတယ်။ သူပြောတာကတော့ “ဟေ့ကောင်တွေ။ Training ဆင်းတာပဲ လိုင်းတွေဘာတွေ တားစရာမလိုပါဘူးကွာ။ ဒီအတိုင်းကန်လည်း ရပါတယ် တဲ့။”