Search This Blog

Monday, November 24, 2008

ဘားဒေါ့ဖ် ရဲ့ ညနေ

ညရှစ်နာရီထိုးခါနီးပေမယ့် နေသာနေတုန်းပဲ။ မနက်ငါးနာရီကနေ ညကိုးနာရီကျော်အထိ နေသာတဲ့ နေရာကို ကျွန်တော်ပထမဆုံးအကြိမ်တွေ့ဖူးခြင်းပါ။ ကောင်းကင်မှာ တိမ်လည်းနည်းတော့ ကောင်းကင်တစ်ခုလုံး ကြည်လင်ပြီး တောက်ပနေတယ်။ သနပ်ခါးလိမ်းမထားတဲ့ မိန်းမပျိုကလေး တစ်ယောက်ရဲ့ ပါးပြင်လိုမျိုးပေါ့။ ကြည့်ရတာ အရမ်းကို ရှင်းလင်းပြီး ချောမွတ်နေတယ်။ ကောင်းကင်ပေါ်ကို ထိုးစိုက်တက်သွားတဲ့ ဒါမှမဟုတ် ထိုးစိုက်ဆင်းလာတဲ့ ဂျက်လေယာဉ်ပျံတွေရဲ့ မီးခိုးတန်းတွေကိုပဲ ဟိုတစ်စ သည်တစ်စ တွေ့နေရတယ်။

မိုးမျှော်တိုက်တွေ မရှိတဲ့ ပတ်ဝန်းကျင်ဟာ စိတ်ကို လန်းဆတ်စေတာ အမှန်ပါပဲ။ ကျွန်တော်အခုရောက်နေတဲ့နေရာက ဂျာမနီနိုင်ငံ ဟန်အိုဗာ (Hanover) မြို့နဲ့ မနီးမဝေးမှာရှိတဲ့ ဘားဒေါ့ဖ် (Burgdorf) လို့ခေါ်တဲ့ မြို့ငယ်ကလေး တစ်မြို့ပါ။ ဟန်အိုဗာမြို့ဆိုတာကတော့ ကမ္ဘာကျော် စကော့ပီယန် (Scorpion) တေးဂီတအဖွဲ့ စတင်သနေ္ဓတည်ခဲ့တဲ့ မြို့ကလေးတစ်မြို့ပါ။

လမ်းမကြီးပေါ်မှာ ကားတွေတစ်စင်းပြီး တစ်စင်းဖြတ်မောင်းသွားနေကြတယ်။ များသောအားဖြင့် ဘီအမ်ဒဗလျူ ၊ မာစီဒီး၊ ဗောက်စ်ဝက်ဂွန်နဲ့ အော်ဒီ ကားအမျိုးအစားတွေချည်းပါပဲ။သူတို့ဒေသက ထုတ်တဲ့ကားတွေမို့ ပေါပေါများများ မြင်ရတာ အထူးအဆန်းတော့ မဟုတ်ပါဘူး။ ထူးဆန်းနေတာက တစ်ချို့ကားတွေရဲ့ နောက်မှာချိတ်ထားတဲ့ ကုန်တင်တဲ့ နောက်တွဲတွေနဲ့ လူနေတဲ့ ကာရာဗင်တွေပါ။ ကာရာဗင်ဆိုတာက ခရီးသွားတဲ့အခါ ကားနောက်မှာချိတ်ဆွဲသွားပြီး ရောက်တဲ့နေရာမှာ ညအိပ်ရပ်နားလို့ရအောင် ဒါမှမဟုတ် ချက်ပြုတ်စားသောက်လို့ရအောင် တပ်ထားတဲ့ နောက်တွဲယာဉ်တစ်မျိုးပါ။ ဒီလိုနောက်တွဲယာဉ်တွေ ကျွန်တော်တို့ဆီမှာ သုံးလေ့သုံးထမရှိကြဘူး မဟုတ်လား။ ကျွန်တော် ပထမဆုံးအခေါက် ရောက်တုန်းကဆိုရင် ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကို သူ့ကားရဲ့နောက်က ချိတ်ကြီးက ဘာလုပ်ဖို့လဲလို့တောင် မေးဖူးပါသေးတယ်။

လမ်းဘေးပလက်ဖောင်းပေါ်မှာ လမ်းလျှောက်နေတာက ကျွန်တော်တစ်ယောက်တည်း။ ကားပေါ်ကလူတွေက ကျွန်တော့်ကို အထူးအဆန်းအနေနဲ့ တစ်ချက်တစ်ချက် လှမ်းကြည့်သွားကြတယ်။ ဟုတ်မှာပေါ့လေ။ ဒီနေရာမှာ အာရှသား ဆိုတာကလည်း မြင်ရခဲမဟုတ်လား။ ကျွန်တော်သွားနေကြ တရုတ်စားသောက်ဆိုင် ကလွဲရင် တစ်ခြားနေရာမှာ အာရှသားကို တွေ့ရတာမှ မဟုတ်တာ။ အဲဒီတော့လည်း ထူးဆန်းလို့ကြည့်တာ သူတို့အလွန်တော့မဟုတ်ပါဘူး။

ကျွန်တော်အလုပ်သွားရတဲ့ စက်ရုံနားမှာ တရုတ်စားသောက်ဆိုင်တစ်ဆိုင်ရှိပါတယ်။ အဲဒီမှာ ခေါက်ဆွဲကြော်၊ ထမင်းကြော်၊ ဘဲကင်ကနေစပြီး တရုတ်ဟင်းအမျိုးမျိုးရပါတယ်။ ဆိုင်မှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးကြီးကတော့ ကန်တုန် တရုတ်စကား ပြောပါတယ်။ ကျွန်တော် တတ်သလောက်မှတ်သလောက် မန်ဒရင် တရုတ်စကားနဲ့သူ့ကို ပြောကြည့်တာ သူနားမလည်ပါဘူး။ တစ်ခြားတစ်ယောက် ကလည်း ဗီယက်နမ်က ဆိုတော့ တရုတ်လိုမတတ်ပါဘူး။ ဆိုင်က အစားအသောက်စာရင်းက အင်္ဂလိပ်လိုရေးထားတာ ကျွန်တော့်အတွက် ကံကောင်းပါတယ်။ တစ်ယောက်စာ ခေါက်ဆွဲကြော်တစ်ပွဲကို မြန်မာငွေနဲ့ တစ်သောင်းခွဲလောက်ပေးပြီးစားရတာ ကျွန်တော့်တစ်သက်မှာ ဒါပထမဆုံးပါပဲ။ အေးလေ၊ သူတို့ဒေသမှာ ကုန်ကြမ်း၊ နေရာနဲ့ အလုပ်သမားခက ဈေးကြီးတယ်မဟုတ်လား။

ကျွန်တော်လမ်းလျှောက်လာရင်း အနီးအနားတစ်ဝိုက်ကို မျက်စိကစားကြည့်မိတယ်။ ဘေးပတ်ဝန်းကျင်က လယ်ကွင်းတွေထဲမှာ လူသူအရိပ်အရောင်ကင်းမဲ့နေတယ်။ လယ်ကွင်းတွေက စိုက်ပျိုးဖို့ တာစူနေတုန်း ထင်တယ်။ ထွန်ကြောင်းတွေပဲမြင်ရတယ်။ မင်းခိုက်စိုးစန်ရဲ့ ကဗျာတစ်ပုဒ်ထဲက 'ရင်ဘတ်ကို သံဘရပ်ရှ်ကြမ်းကြမ်းနဲ့ ကုတ်ခြစ်ထားသလိုပ' ဆိုတဲ့ စာသားကို သွားသတိရမိသေးတယ်။ ဟုတ်တယ်။ ထွန်ကြောင်းတွေ ကြည့်ရတာ သံဘရပ်ရှ်နဲ့ ခြစ်ခံထားရတဲ့ ရင်ဘတ်တစ်ခုလိုပဲ။

လယ်ကွင်းတစ်ခုထဲမှာ အလိုအလျောက်ရေဖြန်းတဲ့စက်တစ်လုံးက ပတ်ပတ်လည်လှည့်ပြီး ရေဖြန်းနေတာပဲတွေ့ရတယ်။ အရပ်မျက်နှာစုံအောင် လှည့်ပြီးပစ်နေတဲ့ အမြောက်တစ်လက်လိုပဲ။ ရေပိုက်ခေါင်းထဲကရေက အဖက်ဖက်ကိုလှည့်ပြီး ပန်းထုတ်နေတယ်။ ပလက်ဖောင်းပေါ်ကနေ လှမ်းကြည့်ရင်း ကျွန်တော်နဲ့ ရင်နှီးတဲ့ မြန်မာနိုင်ငံက လယ်ကွင်းတွေကို သတိရမိသလိုပဲ။

လမ်းရဲ့တစ်ခြားဘက်မှာတော့ လယ်ကွက်အလွတ်ထဲမှာ အလေ့ကျအပင်တွေ အပြိုင်းအရိုင်း ပေါက်နေတာ တွေ့ရတယ်။ ကျွန်တော်နဲ့ မရင်းနှီးတဲ့ ပန်းဝါဝါလေးတွေ အများကြီးပဲ။ အဲဒီလိုပဲ အပွင့်မရှိ အရွက်မရှိတဲ့ ရိုးတံပြိုင်းပြိုင်းနဲ့ အပင်တွေလည်း ဟိုတစ်စ သည်တစ်စ ထိုးထိုးထောင်ထောင်နဲ့ တွေ့နေရတယ်။ ကျိုးတိုးကျဲတဲ ပေါက်နေတဲ့ မုတ်ဆိတ်မွေး နှုတ်ခမ်းမွေးတွေလိုပဲ။

လယ်ကွင်းတွေကို ကျော်လာပြီးတော့ လူနေအိမ်တွေနားရောက်လာတယ်။ ဒီဒေသကလူနေအိမ်တွေက ဥရောပမှာ မြင်တွေ့နေကျ အိမ်ပုံစံမျိုးတွေပါပဲ။ အမိုးရှည်ရှည်နဲ့ တစ်ထပ်သို့မဟုတ် နှစ်ထပ်အိမ်ကလေးတွေ။ အမိုးရှည်ရှည် ဆောက်ထားတာက ခေါင်မိုးပေါ်မှာ နှင်းတွေ တင်မကျန်ရစ်အောင်လို့ ဆိုတာတော့ ကြားဖူးတယ်။ တစ်ချို့ အိမ်တွေရဲ့ နံရံမှာ ခေါင်မိုးအထိ နွယ်ပင်ကလေးတွေ အတန်းလိုက် အတန်းလိုက်တွယ်တက်နေကြတယ်။ အိမ်တိုင်းမှာ ခါးထက်နိမ့်တဲ့ သစ်သားခြံစည်းရိုး ပုပုကလေးတွေ ဒါမှမဟုတ်ပန်းရုံကလေးတွေနဲ့ ကာထားကြတယ်။

လမ်းမပေါ်မှာ ကျွန်တော်တစ်ယောက်တည်းမဟုတ်တော့ဘူး။လမ်းတစ်လျှောက်မှာ စက်ဘီးစီးနေတဲ့ ကလေးလူကြီးတွေ လမ်းလျှောက်ထွက်နေကြတဲ့ ယောကျာ်းမိန်းမတွေ မကြာခဏတွေ့လာရတယ်။ မနက်ဖြန်ရုံးပိတ်ရက်ဆိုတော့ တွေ့သမျှ လူတွေအားလုံးကို ကြည့်ရတာ လွတ်လပ်ပေါ့ပါးနေသလိုပဲ။ ဒီနိုင်ငံမှာ ဥပဒေအရ အစိုးရရုံးပိတ်ရက်နဲ့ တနင်္ဂနွေနေ့တွေမှာ ဘယ်စက်ရုံအလုပ်ရုံမှ အလုပ်လုပ်ခွင့်မရှိပါဘူး။ စနေနေ့မှာ အချိန်ပို အလုပ်လုပ်ချင်ရင်တောင်မှ အလုပ်သမားသမဂ္ဂရဲ့ ခွင့်ပြုချက်ရမှ အလုပ်လုပ်ခွင့်ရှိပါတယ်။
ဒီနေ့စနေနေ့ ဆိုတော့ စက်ရုံထဲမှာ ကျွန်တော်အပါအဝင် လူဆယ်ယောက်လောက်ပဲ ရှိပါတယ်။ ထုတ်လုပ်ရေးပိုင်းမှာ ကျွန်တော်နဲ့အတူ အခြားကုမ္ပဏီတစ်ခုက အလုပ်လာလုပ်တဲ့ အင်ဂျင်နီယာ ၃ယောက်ပဲရှိပါတယ်။ ကျွန်တော်တစ်ယောက်တည်း ကျွန်တော့်ကုမ္ပဏီက စက်နဲ့ လုံးပန်းနေရတာဆိုတော့ ကျွန်တော့်ရဲ့ လုံခြုံရေးအတွက် လူသေခလုတ် (Dead Man Switch) လို့ အမည်ရတဲ့ ကိရိယာတစ်ခု ပေးထားပါတယ်။ အဲဒီကိရိယာက ကျွန်တော့်ရဲ့ ရင်ဘတ်မှာ ချိတ်ထားရပြီး အမြဲတမ်း အတည့် အနေအထားမှာ ရှိနေရပါတယ်။ အကယ်၍ အဲဒီကိရိယာဟာ တစ်စောင်း အနေအထားမှာ စက္ကန့် ၃၀ ထက်ပိုပြီး ရှိမယ်ဆိုရင် စက်ရုံရဲ့ လုံခြုံရေးဌာနမှာ အချက်ပေးခေါင်းလောင်းမြည်ပါတယ်။ နှလုံးရောဂါကြောင့် ဒါမှမဟုတ် အကြောင်း တစ်စုံတစ်ခုကြောင့် လဲကျသွားခဲ့ရင် အကူအညီ အချိန်မီ ရာက်လာနိုင်ဖို့အတွက် စီစဉ်ပေးထားတာ ဖြစ်ပါတယ်။သူတို့နိုင်ငံတွေရဲ့ လူသားတစ်ယောက်အပေါ် အလေးထားမှုဟာ ကျွန်တော်တို့ အာရှနိုင်ငံတွေအတွက် အတုယူစရာပါ။

ကျွန်တော့် အနောက်ဘက်ကနေ ကလေးနှစ်ယောက်စက်ဘီးနဲ့ ကျော်တက်သွားရင်း ကျွန့်တော့်ကို ဟေး လို့ အော်ပြီးနှုတ်ဆက်သွားတယ်။ ကျွန်တော်လည်း ဟေး လို့ ပြန်နှုတ်ဆက်ရင်း ပြုံးပြ လိုက်တယ်။ ကျွန်တော့်စိတ်ထဲမှာ ပျော်သွားသလိုပဲ။

ဥရောပသားတွေက ကျွန်တော်ဖတ်ဖူးကြားဖူးသလို ဟိတ်ကြီးဟန်ကြီးတွေ မဟုတ်ကြပါဘူး။ မနက်ခင်းမိုးလင်း မနက်စာစားတဲ့ အချိန်ကနေစပြီး တောက်လျှောက် သိသိမသိသိ တစ်ယောက်နဲ့ တစ်ယောက်နှုတ်ဆက်ကြတာ သူတို့ရဲ့ ယဉ်ကျေးမှုပါပဲ။ ဒါပေမယ့် အတော်များများက သူတို့ဘာသာစကားကိုပဲ ပြောကြတာဆိုတော့ စကားပြောရတာ အခက်အခဲတော့ ရှိတာပေါ့။ ကိစ္စမရှိပါဘူး။ ရောမရောက်တော့လည်း ရောမလိုကျင့်ရုံပေါ့။ ဥရောပရောက်တော့လည်းသူတို့စကားကို တတ်သမျှမှတ်သမျှ လိုက်ပြောရုံပေါ့။ သူက ဂွဒ်မော်ဂန် ဆိုတော့ ကိုယ်ကလည်း ဂွဒ်မော်ဂန်ပေါ့။ သူက ဘိုနာပတိ ဆိုတော့ ကိုယ်ကလည်း ဘိုနာပတိပေါ့။ သူက ဂရားဆိရ ဆိုတော့ ကိုယ်ကလည်း ဂရားဆိရပေါ့။

စက်ရုံကနေ ဟိုတယ်ကိုရောက်ဖို့ နာရီဝက်နီးနီးလောက်လျှောက်ရတယ်။ တက်စီငှားရင် သိပ်ဈေးမကြီးပေမဲ့ ညနေဖက်လမ်းလျှောက်ချင်လို့ တမင်လမ်းလျှောက်ပြန်လာတာပါ။ ဒါပေမယ့် ဝေါ့ကင်းရှူး စီးမထားတာက တစ်ကြောင်း ခရီးဆောင်ကွန်ပြူတာ ထည့်တဲ့အိပ်ကို ဆွဲနေရတာက တစ်ကြောင်းကြောင့် နည်းနည်းတော့ ပင်ပန်းတယ်။ ဒါပေမယ့် လမ်းလျှောက်နေရတဲ့ အရသာကို ၁၃နာရီလောက် မရပ်မနားပျံနေတဲ့ လေယာဉ်ပျံပေါ်မှာ ထိုင်နေဖူးတဲ့သူ ဒါမမဟုတ် ထိုင်ခုံမဲ့ခရီးသည်တွေ ပြည့်နေတဲ့ ရထားကို ရိုးရိုးတန်းက စီးဖူးတဲ့သူ ဆိုရင် ခံစားတတ်မှာပါ။

ရှေ့ကို နောက်ထပ်ဆယ့်ငါးမိနစ်လောက် လျှောက်လာတော့ ကျွန်တော်နေတဲ့ ဟိုတယ်နားရောက်လာတယ်။ ဒီညကို ဘယ်လိုအချိန်ဖြုန်းရမလဲ ဆိုတာ မစဉ်းစားရသေးဘူး။ အင်တာနက်သုံးလို့မရတဲ့ ဟိုတယ်မှာနေရတဲ့အခါမှာ အချိန်ကိုဘယ်လိုကုန်အောင်သုံးမလဲ စဉ်းစားရတာကလည်း ပြသနာတစ်ခုပါပဲ။ ရုပ်မြင်သံကြားဖွင့်ကြည့်တော့လည်း သူတို့ဘာသာစကားကို တစ်လုံးမှနားမလည်တော့ ဘာမှမထူးပါဘူး။

ကျွန်တော် ဟိုတယ်ကနေ နာရီဝက်လောက်နားပြီး ပြန်ထွက်လာခဲ့တယ်။ ဘာမှ လုပ်စရာမရှိတာကတော့ အဓိကအကြောင်းရင်းပါ။ ကျွန်တော့်ဟိုတယ်ကနေ ဆယ့်ငါးမိနစ်လောက် လမ်းလျှောက်ရင် မြို့လယ်ခေါင်လို့ ပြောလို့ရတဲ့နေရာကို ရောက်တယ်။ မြို့လယ်ခေါင်လို့သာ ပြောရတာပါ။ ဆိုင်နည်းနည်းပါးပါးကလွဲရင် ဘာမှမရှိပါဘူး။ ဒီမြို့မှာ အမြင့်ဆုံးတိုက် ကမှ လေးငါးထပ်လောက်ရှိတာ။

မြို့လယ်မှာ ကော်ဖီဆိုင်တစ်ချို့တစ်လေတော့ ရှိတယ်။ ကပူရှီနို တစ်ခွက်လောက် သောက်ရင်း နာရီဝက် တစ်နာရီလောက် အချိန်ဖြုန်းရရင်လည်း မနည်းဘူးပေါ့။ ဒါပေမယ့် ဒီနေ့တော့ နည်းနည်းထူးခြားနေသလိုပဲ။ လူတွေ တော်တော်များများ တွေ့နေရတယ်။ ပုံမှန်အတိုင်းဆိုရင် ဒီနေရာမှာလည်း လူသွားလူလာ အတော်နည်းပါတယ်။ ခဏနေတော့ မြို့လယ်မှာ လူစည်ရတဲ့ အကြောင်းရင်းကို ကျွန်တော်သိလိုက်ရတယ်။

ဒီနေ့ အမေရိကန် အဆိုတော် ဂျွန်ဘွန်ဂျိုဗီကို ရည်စူးပြီးလုပ်တဲ့ ဂီတဖျော်ဖြေပွဲ ရှိတယ်လေ။ ဘွန်ဂျိုဗီ မသေသေးပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ဆီက စိုးလွင်လွင်အမှတ်တရတို့ ဗဒင်အမှတ်တရတို့လိုမျိုး အခွေထုတ်ပြီး ပိုက်ဆံရှာတဲ့ ပွဲလည်း မဟုတ်ပါဘူး။

ကျွန်တော် လမ်းထိပ်တစ်ခုကိုရောက်တော့ လမ်းထဲမှာ လူတွေ စုစုရုံးရုံးလှမ်းတွေ့လိုက်ရတယ်။ သီချင်းသံလည်း လမ်းထဲမှာ ကြားနေရတယ်။ ဒီနေရာဟာ ပွဲရှိတဲ့နေရာပဲဆိုတာ ကျွန်တော်တပ်အပ်သိလိုက်တယ်။ ဟင်းလင်းပြင်မှာ စင်တစ်ခုထိုးထားပြီး အခမဲ့ဖျော်ဖြေပွဲ လုပ်နေတာပါ။

ကျွန်တော်လည်း စိတ်ဝင်တစ်စားနဲ့ လမ်းထဲကို ချိုးဝင်လိုက်တယ်။ ပထမဆုံး တွေ့ရတာကတော့ တိုင်ကွယ်ပြီး အပေါ့သွားနေတဲ့လူတစ်ယောက်ပါ။ သူတို့ဆီမှာလည်း ငါတို့ မြန်မာနိုင်ငံ မှာလိုပါပဲလားလို့တွေးပြီး ပြုံးလိုက်မိတယ်။ လမ်းထဲမှာတွေ့ရတာက နည်းတဲ့လူအုပ်ကြီး မဟုတ်ဘူး။ ညနေညနေ စည်တယ်လေ စည်တယ်လေပေါ့။ အခုကြားနေရတဲ့ သီချင်းသံကတော့ ဘွန်ဂျိုဗီရဲ့ နာမည်ကြီးသီချင်းဖြစ်တဲ့ 'အမြဲတမ်း' ဆိုတဲ့သီချင်းပါ။

'ငါလေမင်းကို ချစ်နေမယ် အမြဲတမ်း။ ငါအဲဒီနေရာမှာ ထာဝရထက် တစ်ရက်ပိုပြီးရှိနေမယ်။ အဲဒီနေရာမှာ ကြယ်တွေမလင်းတဲ့အထိ ကောင်းကင်ဘုံ ပေါက်ကွဲသွားတဲ့အထိ စကားလုံးတွေ ကာရန်မဲ့သွားတဲ့အထိ ငါမင်းကို အမြဲတမ်းချစ်နေမယ်။' ဆိုတဲ့စာသားဟာ အတော်ကို ပြောင်မြောက်လှပတဲ့ စာသားပါ။ဒါပေမယ့် သူများနောက်ပါသွားတဲ့ ရည်းစားကို တမ်းတပြီးဆိုတဲ့ သီချင်းမို့ ကျွန်တော့်အတွက်တော့ အပြည့်အဝ ခံစားလို့ မရတာ အမှန်ပဲ။ ဟုတ်တယ်လေ။ ကိုယ့်မကြိုက်လို့ သူများနောက်ပါသွားတဲ့ ရည်းစားကို စာဖွဲ့ပြီး လွမ်းပြနေစရာ ဘာအကြောင်းမှမရှိပါဘူး။

လူအုပ်ကြားထဲကနေ တိုးဝှေ့ရင်း ကျွန်တော်သီချင်းဆိုတဲ့ စင်မြင့်နားရောက်လာတယ်။ စင်ပေါ်မှာ သီချင်းဆိုနေတဲ့လူကတော့ ဆံပင်ကို ရွှေရောင်ဆိုးထားပြီး အလယ်ခွဲ ညှပ်ထားပါတယ်။ ဘွန်ဂျိုဗီနဲ့မတူတာက သူ့ရဲ့ဗလပါ။ ဘွန်ဂျိုဗီကတော့ သူ့လောက်ဗလမတောင့်ရှာပါဘူး။ စင်ရှေ့မှာ အသက် ၃၀ ကျော် ၄၀လောက်ရှိတဲ့ စုံတွဲတစ်တွဲက တွဲကနေကြပါတယ်။ တစ်ခြားမိန်းကလေးတွေလည်း စင်ရှေ့မှာ အပြီအပြင်ကနေကြပါတယ်။ ဥရောပနဲ့အာရှ အဓိကကွဲခြားချက်ကတော့ သူတို့ဟာ အလုပ်လုပ်ရင် အပြီအပြင်လုပ်ကြပြီး ကဲရင်လည်း အပြီအပြင်ကဲကြပါတယ်။ Work Hard Play Hard လို့ ပြောကြတာပေါ့။

တီးဝိုင်းက အကောင်းစားကြီးတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ဆီက သူရဲကောင်းလေးများ တေးဂီတရဲ့ ခြေဖျားတောင်မှီအောင်မတီးနိုင်ပါဘူး။ ဘာပဲပြောပြော အပျော်တမ်းတီးတဲ့သူတွေ ဆိုတော့ အသက်မွေးဝမ်းကြောင်းတီးတဲ့သူတွေလောက် မကောင်းတာတော့ နားလည်ပါတယ်။

အမြဲတမ်း သီချင်းကတော့ ပြီးသွားပါပြီ။ နောက်ထပ် ကျွန်တော်ထပ်ပြီး နားထောင်ခဲ့ရတဲ့ သီချင်းတွေကတော့ 'ယုံကြည်သက်ဝင်မှုကို ထိန်းသိမ်းထားပါ'၊ 'နှင်းဆီမွေ့ရာ'၊ 'ဒါငါ့ဘဝပဲ'၊ 'မင်းရဲ့လက်တွေနဲ့ ငါ့ကိုလွှမ်းခြုံထားပါ' အစရှိတဲ့ ဘွန်ဂျိုဗီရဲ့ နာမည်ကြီးသီချင်းတွေပါ။ သီချင်းတစ်ပုဒ်ဆိုရင် ဘွန်ဂျိုဗီရဲ့ သီချင်းမှန်း ကျွန်တော်မသိပါဘူး။ Rဇာနည် မြန်မာလိုဆိုထားတာတော့ ကြားဖူးပါတယ်။

ကျွန်တော်လည်း ဘီယာတစ်ခွက်ဝယ်ပြီး သီချင်းသံနဲ့အတူစီးမျောနေမိပါတယ်။ ဘီယာက အတော်က ိုပြင်းပါတယ်။ အလုပ်ပင်ပန်းလို့လဲ ဖြစ်နိုင်ပါတယ်။ တစ်ခွက်တည်းနဲ့ အတော်ကို ထိပါတယ်။ လူအုပ်ထဲမှာ လူတွေတော်တော်များများ ဘီယာခွက်ကိုယ်စီနဲ့ စကားပြောတဲ့သူကပြော သီချင်းလိုက်ဆိုတဲ့သူကဆို ကတဲ့သူက က နဲ့ အားလုံးပျော်နေကြတယ်။ ဒီမှာ အသက် ၄၀ ကျော် ၅၀ အရွယ်တွေလည်း ဘွန်ဂျိုဗီကို ရင်းနှီးကြပါတယ်။ အားလုံးလိုလို သီချင်းလိုက်ဆိုနေကြတာကို တွေ့ရတယ်။ ကျွန်တော့်ရှေ့က အသက်ငါးဆယ်ကျော် လူကြီးတစ်ယောက်ဆိုရင် လက်သီးလက်မောင်းတန်းပြီး လာသမျှသီချင်း အကုန်လိုက်ဆိုနေတာတွေ့ရပါတယ်။

အသက် ဆယ့်လေးငါးနှစ်အရွယ် ချာတိတ်မတွေလည်း စင်ရှေ့မှာ ကနေကြပါတယ်။ ယောကျာ်းလေး အများစုကတော့ သီချင်းလိုက်ဆိုတာကလွဲရင် မကကြပါဘူး။

ညဆယ့်နှစ်နာရီခွဲ မှ စတိတ်ရှိုးပြီးပါတယ်။ လူအများစုကတော့ မပြန်ကြသေးပါဘူး။ ဆက်ပြီး စကားပြောနေတုန်းပါပဲ။ ကျွန်တော့် အတွက်တော့ စကားပြောဖော်မရှိတော့ ဆက်နေလည်း မထူးပါဘူး။ အဲဒီလိုနဲ့ ဟိုငေးသည်ငေးလမ်းလျှောက်ရင်း ဟော်တယ်ကို ပြန်ရောက်လာပါတယ်။ ကျွန်တော့် စိတ်ထဲမှာတော့ စတိတ်ရှိုးကြည့်ပြီးတိုင်းဖြစ်တတ်တဲ့ ခံစားမှုတစ်ခုပါလာပါတယ်။ ဂစ်တာတီးပြီး သီချင်းအော်ဆိုချင်တာပါ။ ဒါပေမယ့် ကျွန်တော့်ရဲ့ ဂစ်တာနဲ့ ကျွန်တော်နဲ့က မိုင်ပေါင်းထောင်ချီပြီး ဝေးနေတယ်လေ။ ဘယ်တတ်နိုင်မလဲ။ အခန်းပြန်အိပ်ရုံပဲရှိတာပေါ့။

No comments: