ဒုတိယအကြိမ် ဥရောပခရီးတွင် ဟော်လန်မှာ သောကြာ၊ စနေ နှစ်ညလောက် အိပ်ရဖို့ အကြောင်းဖန်လာသည်။ ကျွန်တော်တည်းခိုသော နေရာမှာ ကျွန်တော့် ရုံးခွဲနှင့်နီးသော အုတ်စ်ဟောက် (Oosterhout) ကျေးရွာကလေးမှာပင် ဖြစ်သည်။ ရုံးမှ အရောင်းမန်နေဂျာတစ်ယောက်က အမ်စတာဒမ်သို့ သွားရမည့် လမ်းကြောင်းကို လမ်းညွှန်ပေးသည်။ အုတ်စ်ဟောက်မှ ဘရယ်ဒါ(Breda) သို့ ဘတ်စ်ကားစီးသွားရန် နှင့် ဘရယ်ဒါမှတဆင့် ရထားစီးပြီး အမ်စတာဒမ်သို့ သွားနိုင်ကြောင်း ပြောပြသည်။ ကျွန်တော့်စိတ်ထဲတွင် ထင်နေသည်မှာ ဘရယ်ဒါမှ နာရီဝက် ၄၅မိနစ်လောက် ရထားစီးလျှင် အမ်စတာဒမ်သို့ ရောက်လိမ့်မည် ဟူ၍ဖြစ်သည်။ အမှန်တကယ်တော့ ဘရယ်ဒါမှ အမ်စတာဒမ်အထိ ကီလိုမီတာ ၁၀၀ လောက်ဝေးမည် ထင်သည်။ ရထားစီးသောအခါတွင် ၂ နာရီခန့်မျှ စီးလိုက်ရသည်။
ထိုနေ့က အမ်စတာဒမ်မြို့လယ်ခေါင်ရောက်တော့ ညနေ ၄ နာရီထိုး ခါနီးနေပြီ ဖြစ်သည်။ ထို့ကြောင့် ဝေးဝေးလံလံ ဘယ်ကိုမှ သွားဖို့ အချိန်မရှိတော့။ အမ်စတာဒမ် ဗဟို ဘူတာရုံနှင့် မနီးမဝေးတွင် အမ်စတာဒမ်မြို့၏ နာမည်ကျော် မီးနီရပ်ကွက်ရှိသည်။ ဒေသန္တရ ဗဟုသုတရရန် အလို့ငှာ ကျွန်တော် မီးနီရပ်ကွက်ထဲတွင် တစ်ပတ်လောက် လမ်းပတ်လျှောက်လိုက်သည်။ ဆောင်းမကုန် သေးသဖြင့် ရာသီဥတုက လေတစ်ချက်ဝှေ့လိုက်တိုင်း စိမ့်နေအောင်အေးသည်။
အမ်စတာဒမ် မီးနီရပ်ကွက်က စင်ကာပူရှိ ဂေလန်း ငါးပြတိုက်နှင့် မတူပဲနည်းနည်းတော့ ကွဲပြားသည်။ စင်ကာပူ ငါးပြတိုက်ရှိ မှန်အိမ်ထဲမှ ရေဆေးငါးကြီးများလို လက်ယပ်ပြီးတော့ မခေါ်ကြပါ။ အမ်စတာဒမ်မှ ငါးများက အိမ်ရှေ့တွင် စာရေးစားပွဲနှင့် ထိုင်ပြီး စာရေးသလို အလုပ်လုပ်သလို လုပ်နေကြသည်။ နောက်ဖက်တွင် မီးနီထွန်းထားသည်။ ငါးကန်စောင့်များကသာ တစ်ခါတစ်ရံ အပြင်ထွက်၍ လက်ခုပ်တီးခေါ်ကြခြင်း ဖြစ်သည်။ (ဘုရားပေးပေး ကျမ်းပေးပေး ကျွန်တော် အမ်စတာဒမ်တွင် ငါးမဖမ်းခဲ့ကြောင်းကိုတော့ ရဲရဲကြီး ပြောရဲပါသည်။ :D )
အမ်စတာဒမ်သည် စိတ်ဝင်စားစရာကောင်းသော မြို့တစ်မြို့ဖြစ်သည်။ မူးယစ်ဆေး အပျော့စားများကို မြို့လယ်ခေါင်ရှိ ကော်ဖီဆိုင်များတွင် တရားဝင် ဝယ်ယူသုံးစွဲနိုင်သည်။ နာမည်ကျော် ပန်းချီဆရာကြီး ဗင်းဆင့်ဗန်ဂိုး၏ ပြတိုက်ရှိသည်။ ဒုတိယကမ္ဘာစစ်အတွင်းက နာမည်ကျော်ခဲ့သော နေ့စဉ်မှတ်တမ်းရေးသားသူ ဂျူးမလေး အင်နာဖရန့်၏ နေအိမ်ကို ပြတိုက်ဖွင့်ထားသည်။ သို့သော် ကျွန်တော် ထိုနေရာ သုံးခုစလုံး တစ်ခုမျှ မရောက်ခဲ့။ ဘယ်လိုသွားရမှန်း မသိ၍လည်း ဖြစ်သည်။
မီးနီရပ်ကွက်ကို တစ်ပတ်ပတ်ပြီးတော့ ကျွန်တော် ဝမ်းထဲမှ ဟာလာပြီ ဖြစ်သဖြင့် ဝမ်းဗိုက်ဖြည့်တင်းရန် ဆိုင်လိုက်ရှာရသည်။
ကျွန်တော် အိန္ဒိယစားသောက်ဆိုင် တစ်ဆိုင်တွင် ညနေစာစားရန် ရွေးချယ်လိုက်သည်။ ဆိုင်ထဲတွင် ကျွန်တော်သည် တစ်ဦးတည်းသော စားသုံးသူဖြစ်သည်။ ထမင်းဖြူ နှင့် မဆလာ ကြက်သားဟင်း မှာပြီး ညနေစာကို အဝစားလိုက်သည်။ စပိန်ရှိ မက်ဒရစ်လေဆိပ်မှာ ကျွန်တော် ဖြတ်သန်းသွားပြီး နှစ်ပတ်ခန့်အကြာ ၂၀၀၆ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းတွင် ဗုံးပေါက်ခဲ့သည်။ ထို့ကြောင့် ဗုံးနှင့်ပတ်သက်၍ စိတ်ထဲတွင် နည်းနည်းဖျားနေသည်။ အခုလည်း ကျွန်တော်ထိုင်သောစားပွဲရှိ ကုလားထိုင် တစ်လုံးပေါ်တွင် အိတ်ကြီး အကြီးကြီးတစ်လုံး မြင်၍ စိတ်ထဲတွင် စနိုးစနောင့် ဖြစ်လာသည်။ ဆိုင်ထဲမှာလည်း တခြားစားသောက်သူက မရှိ။ ဆိုင်ရှင် ကို လှမ်းအော်ခေါ်ပြီး မေးတော့မှ ဆိုင်ရှင်က သူ့အိတ်ပါ။ စိတ်မပူပါနှင့်ဟု ပြောသည်။ ပြောပြောကစော ရောပေါ့ မွတ်တားရယ်ဟု ဆိုင်ရှင်ကို စိတ်ထဲတွင် ကြိတ်၍ မှတ်ချက်ပေးမိသည်။
ထမင်းစားပြီး ထွက်လာတော့ အမှတ်တရ လက်ဆောင်ပစ္စည်းရောင်းသော ဆိုင်ထဲသို့ ဝင်ခဲ့သည်။ “သင့်အိမ်တွင် အမှတ်တရ စိုက်ပျိုးရန် ဆေးခြောက်” ဟု စာရေးထားသည့် ဆေးခြောက် မျိုးစေ့ထုတ်ကို ကြည့်ရင်းနှင့်ပင် လည်ပင်းယားလာသည်။ စင်ကာပူ ပြန်သယ်သွား၍ မိလို့ကတော့ ချန်ဂီထောင်တွင် သွား၍ လည်ပင်း အယားဖျောက် ရနိုင်သည်။ ထို့ကြောင့် အမ်စတာဒမ် တံဆိပ်ပါသော ပက်ချင်ခွက်၊ သော့ကြိုး နှင့် တီရှပ် တစ်ထည်ကိုသာ အမှတ်တရအဖြစ် ဝယ်ခဲ့သည်။
ထိုဆိုင်မှ ထွက်ပြီး ခြေဦးတည့်ရာ လျှောက်လာခဲ့သည်။ စာအုပ်ဆိုင်တွေ့၍ ဝင်ကြည့်တော့ အပြာစာအုပ်များ ရောင်းသောဆိုင် ဖြစ်နေသည်။ ကျွန်တော့် တစ်သက်တွင် ဤမျှ များပြားသော အပြာစာအုပ်ကို တစ်ခါမှ မတွေ့ဖူးခဲ့။ အရင်တစ်ခေါက် ရွာပြန်တုန်းက မြန်မာပြည်ကို ဒီအချိန် ဘာသွင်းရင် ကိုက်မလဲ ဟုမေးသောအခါ ဘယ်အချိန်ပဲဖြစ်ဖြစ် အပြာစာအုပ်သာသွင်း။ ကိုက်စေရမယ် ဟု ပြန်ဖြေသော ရန်ကုန်မှ ကုန်သည်လုပ်နေသော သူငယ်ချင်းကိုပင် ပြေး၍သတိရမိသည်။
ဘရယ်ဒါသို့ ပြန်မည့်ရထားက ည ၁၁ နာရီခန့်အထိရှိသည် ဟုဆိုသည်။ အချိန်စောနေသေးသဖြင့် မြို့ထဲတွင် လမ်းပတ်လျှောက်နေမိသည်။ သွားရင်လာရင်းနှင့် ဘာညာသာရကာ ပြတိုက်ကို သွားတွေ့ရသည်။ ဖြစ်သည်။ အထဲ ဝင်ကြည့်တော့ စိတ်ဝင်စားစရာ ကောင်းသောအရာတွေ တွေ့ရသည်။ တရုတ်တို့ ရှေးခေတ်မှ ပြုလုပ်ခဲ့သော ကြွေထည်များ၊ ဂျပန်တို့ ထုလုပ်ခဲ့သော ပန်းပုရုပ်များ စသည်ဖြင့် တော်တော်ပင် ရှာရှာဖွေဖွေ စုဆောင်းထားသည်ကို တွေ့ရသည်။ ပြကွက်တစ်ခုမှာ အတော်ပင် ရယ်စရာကောင်းသည်။ ရှေ့တွင် စိတ်ဝင်စားစရာ ပြကွက်တစ်ခု ပြထား၍ ထိုရှေ့တွင် ရပ်လိုက်ပါက နောက်မှ ကိုယ်လုံးတီး မိန်းမ ဝဝ အရုပ်ဆိုးဆိုး အရုပ်ကြီးက ပြေးဖက်သော ပြကွက်ဖြစ်သည်။ ပြတိုက်ထဲတွင် မိန်းကလေးများရှိ၍ ကျွန်တော် မျက်နှာပူနေသော်လည်း သူတို့က မျက်နှာမပူသည့် အပြင် အရုပ်အမျိုးမျိုးတွင် ပို့စ်အမျိုးမျိုး ပေး၍ပင် ဓာတ်ပုံရိုက် နေကြသည်။
ပြတိုက်တွင် ခဏ အချိန်ဖြုန်းပြီးနောက် ၇ နာရီထိုးခါနီးသော အခါမှ ကျွန်တော် ဘူတာရုံသို့ ပြန်၍ရထားစီးခဲ့သည်။ ဘရယ်ဒါပြန်ရောက်တော့ ည ၁၀ နာရီခန့်ရှိပြီဖြစ်သည်။ ဘရယ်ဒါဘူတာရုံမှ ရမ်းသမ်း၍ ကားတက်စီးခဲ့ရာ အုတ်စ်ဟောက်သို့ ပြန်ရောက်သော်လည်း ကျွန်တော်နေထိုင်သော ဟိုတယ်ရှိသည့်နေရာကို အတော်ပင် ရှာလိုက်ရသေးသည်။ ဘာပဲဖြစ်ဖြစ် စိတ်ထဲတွင်တော့ လုပ်ချင်ရာတစ်ခု လုပ်လိုက်ရသည့်အတွက် ကျေနပ်မိသည်။
No comments:
Post a Comment